ထိတ်လန့်သွားသော ဝမ်ကျီယွီ
Vol. 15 Ch. 172
ဝမ်ကျီယွီနှင့် ဤကဲ့သို့သောနေရာမျိုးတွင် ပြန်လည်ဆုံတွေ့ရခြင်းမှာ ထန်ထျန်းအတွက် တကယ့်ကို အံ့သြစရာပင် ဖြစ်သည်။
မူလကပင် ဤကောင်က အရာအားလုံးကို သိနေသလိုလိုဖြင့် လျှို့ဝှက်ချက်များ ရှိနေသည်ဟု သူ ခံစားခဲ့ရသည်။
ယခု ပြန်ကြည့်လျှင် ဝမ်ကျီယွီက တကယ့်ကို သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားလှပေသည်။
"ဒါနဲ့ ငါတို့ဂိုဏ်းကလူတွေ အကုန်ရောက်လာကြပြီလား"
ဝမ်ကျီယွီက မေးလာသည်။
ထန်ထျန်းက ခေါင်းညိတ်ပြကာ "ဟုတ်တာပေါ့၊ ငါ သူတို့နဲ့အတူတူ လာခဲ့တာ"
"မင်းလိုမျိုး လမ်းမှာ တစ်နှစ်နီးပါး အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်မရှိဘူးလေ"
ဝမ်ကျီယွီက ဝိုင်တစ်ငုံသောက်ကာ ရယ်မောလိုက်ပြီး "ကြည့်ရတာ မင်းရဲ့လူယုံတွေကို သေချာပျိုးထောင်ထားနိုင်ပုံရတယ်၊ မဟုတ်ရင် ဒီလိုအခွင့်အရေးမျိုး ရမှာမဟုတ်ဘူး"
"အဲဒီကောင်မလေးကော အခု ဘယ်လိုလဲ မင်းတို့နှစ်ယောက်ကြားမှာ ထူးခြားတဲ့ တိုးတက်မှုတွေရော ရှိပြီလား"
သူက မျက်မှောင်ကုပ်ကာ နောက်ပြောင်မေးလိုက်သည်။
ထန်ထျန်းက နှုတ်ခမ်းမဲ့ကာ "မရှိပါဘူး၊ အရင်အတိုင်းပါပဲ"
"မင်း ထွက်သွားတဲ့ အတောအတွင်းမှာ ဂိုဏ်းထဲမှာ... တခြားကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါ ဂိုဏ်းပေါင်းစုံ တိုက်ပွဲက ငါ့အတွက်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
ဝမ်ကျီယွီက ပြုံးကာ "ယုံကြည်ချက် တော်တော်ရှိနေပါလား"
"ကြည့်ရတာ ဂိုဏ်းထဲမှာ မင်း တော်တော်လေး အခြေအနေကောင်းနေပုံပဲ"
"မိန်းကလေး မို ( မိုရှောင်းရှောင်း ) ရဲ့ ပေါင်ကိုများ အမိအရ ဖက်ထားတာလား"
ထန်ထျန်းက ဝိုင်ကို မြည်းစမ်းရင်း ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်၏။
ဝမ်ကျီယွီက ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှကို အမှန်တကယ် မသိခြင်းလား၊ သိရက်နှင့် ဟန်ဆောင်နေခြင်းလားဆိုသည်ကို သူ မဝေခွဲနိုင်သေးပေ။
"ဒါနဲ့ ဒီတစ်ခါ အဖွဲ့ကို ဘယ်သူဦးဆောင်တာလဲ"
ဝမ်ကျီယွီက ဆက်မေးသည်။ "မိန်းကလေး မိုလည်း လာမှာပဲ၊ ပြီးတော့ လုချန်းကျီတို့၊ ထျန်းယန်ရှန်း တို့လည်း ပါမှာပေါ့"
ထန်ထျန်းက သူ့ကို အေးအေးဆေးဆေး ကြည့်လိုက်ပြီးမှ ခေါင်းခါပြကာ "ငါတို့အဖွဲ့ကို အခုထိ ဂိုဏ်းချုပ်လေးကပဲ ဦးဆောင်နေတာ"
"သခင်လေးတွေထဲကဆိုရင်... လုချန်းကျီ တစ်ယောက်ပဲ ပါလာတယ်"
ဝမ်ကျီယွီမှာ ရုတ်တရက် မှင်တက်သွား၏။
"ဘာလို့လဲ"
"အရင်တုန်းကဆိုရင် သခင်လေး ငါးယောက်နဲ့ သခင်မလေး နှစ်ယောက်ထဲက အနည်းဆုံး လေးငါးယောက်လောက် ပါနေကျလေ "
"ပြီးတော့ အခုက အဲဒီရာထူးအတွက် အဆုံးအဖြတ်ပေးမယ့် အရေးကြီးဆုံးအချိန် မဟုတ်ဘူးလား မိန်းကလေး မိုနဲ့ ထျန်းယန်ရှန်းတို့က လုချန်းကျီ တစ်ယောက်တည်း လာတာကို စိတ်ချလက်ချ ခွင့်ပြုလိုက်ကြတာလား"
သူက အံ့ဩတကြီး မေးလာသည်။
ထန်ထျန်းက ဝမ်ကျီယွီကို ခဏမျှ စိုက်ကြည့်နေမိ၏။ သူ၏ တုံ့ပြန်မှုမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း တွေ့ရမှ "မင်း တကယ်ပဲ ဂိုဏ်းထဲမှာ ဘာတွေဖြစ်ခဲ့လဲ မသိတာလား"
ဝမ်ကျီယွီက ခေါင်းခါကာ မျက်မှောင်ကုပ်လျက် "ဘာဖြစ်လို့လဲ"
"မင်းပုံစံကြည့်ရတာ တစ်ခုခုတော့ အကြီးအကျယ် ဖြစ်သွားပုံပဲ"
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။ "အင်း...တော်တော်လေး ဖြစ်သွားခဲ့တာ"
"အရင်က သခင်လေး ငါးယောက်နဲ့ သခင်မလေး နှစ်ယောက်ထဲမှာ..."
"ကျင်းဟန်က အင်အားတွေ ချည့်နဲ့သွားပြီ၊ သခင်လေး အဆင့်အတန်းကို မထိန်းထားနိုင်တော့ဘူး"
"တုယွမ်ချင်းနဲ့ ကွမ်းမုန့်တို့ကတော့ သေဆုံးသွားကြပြီ၊ သူတို့ရဲ့ မိသားစုတွေတောင် ပြိုကွဲပျက်စီးသွားခဲ့ပြီ"
"မိုရှောင်းရှောင်းနဲ့ ချန်စစ်ရို တို့ကတော့ ပြိုင်ပွဲကနေ ထွက်သွားကြပြီ၊ သူတို့ ဝူဒင်နန်းတော် ကို ပြန်သွားကြပြီ"
"ထျန်းယန်ရှန်း ဆိုရင် ပိုဆိုးတယ်၊ သူ အပြင်ထွက်ရင်းနဲ့ အမည်မသိရန်သူတွေရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရတယ်။ အခုထိ ဘယ်သူသတ်လဲဆိုတာ မသိရသေးတဲ့ ပဟေဠိဖြစ်နေတုန်းပဲ။"
ထန်ထျန်း တစ်ခွန်းချင်းစီ ပြောပြနေစဉ် ဝမ်ကျီယွီ၏ ပါးစပ်နှင့် မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။
နောက်ဆုံးတွင် သူက ကျောက်ရုပ်တစ်ခုကဲ့သို့ မှင်တက်ကာ ငြိမ်သက်သွားတော့သည်။
အတန်ကြာမှ သူက ဝုန်းကနဲ ထရပ်လိုက်ရာ ဘေးမှ မိန်းမလှလေးနှစ်ဦးမှာ မြေပြင်ပေါ်သို့ ထပ်မံ လဲကျသွားပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့ကို လုံးဝ အရေးမစိုက်နိုင်တော့ပေ။
" သောက်ကျိုးနည်း"
"ညီကိုထန် ... မင်း နောက်နေတာ မဟုတ်ဘူးလား"
"ဒါက နောက်စရာကိစ္စ မဟုတ်ဘူးနော်"
"ထျန်းယန်ရှန်းတောင် သေသွားပြီလား"
"သူ့ရဲ့ တကယ့်နောက်ခံက ဘာလဲဆိုတာ ငါ သိထားတယ်နော် "
ဝမ်ကျီယွီမှာ လုံးဝ တုန်လှုပ်ချောက်ချားသွားကာ အော်ဟစ်လိုက်သဖြင့် ဘေး မှ လူများက လှည့်ကြည့်လာကြသည်။
ထန်ထျန်းက လက်ကာပြကာ သူ့ကို စိတ်အေးအေးထားရန်နှင့် ပြန်ထိုင်ရန် ပြောလိုက်၏။
ထို့နောက်တွင်မှ ဖြစ်ပျက်သမျှကို အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
"ငါ ဒီလိုကိစ္စမျိုးနဲ့ မင်းကို နောက်စရာ အကြောင်းမရှိဘူး"
"မင်း ထွက်သွားတဲ့ အတောအတွင်းမှာ ဂိုဏ်းထဲမှာ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့တာ"
"အဲဒီထဲမှာ အကြီးမားဆုံးကတော့ တုယွမ်ချင်း သေဆုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းတံပိုးကြီးပဲ..."
ထန်ထျန်းက တုယွမ်ချင်းဖြစ်ရပ်မှစ၍ မိုရှောင်းရှောင်း ဂိုဏ်းမှ ထွက်သွားရပုံအထိကို အကျဉ်းချုံး ပြောပြလိုက်သည်။
နောက်ဆုံးတွင် ထျန်းယန်ရှန်း အသတ်ခံရသည့် ကိစ္စကိုလည်း ထည့်ပြောလိုက်၏။
နားထောင်ပြီးနောက် ဝမ်ကျီယွီမှာ မျက်နှာပျက်သွားကာ အတော်ကြာအောင် စကားမဆိုနိုင်ဘဲ ဖြစ်နေရှာသည်။
"တကယ်တော့ ဒီကိစ္စနောက်ကွယ်မှာ ကြိုးကိုင်သူ ရှိနေဦးမယ်လို့ ငါ အမြဲသံသယရှိခဲ့တယ်၊ ဒါပေမဲ့ ကံဆိုးတာက တိုက်ရိုက်သက်သေ မတွေ့ခဲ့ရဘူး"
"မင်းကော ဘယ်လို ထင်သလဲ"
ထန်ထျန်းက ဝမ်ကျီယွီကို ကြည့်ကာ တမင်တကာ မေးလိုက်သည်။
ဝမ်ကျီယွီ၏ တုံ့ပြန်မှုကို သူ မြင်ချင်၍ ဖြစ်၏။
သို့သော် ယခုအချိန်တွင် ဝမ်ကျီယွီ၏ မျက်နှာထက်၌ ခံစားချက်ပေါင်းစုံ ရှုပ်ထွေးစွာ ဖြတ်သန်းနေသည်။
"မင်း ဘာဖြစ်လို့လဲ"
ထန်ထျန်းက မျက်မှောင်ကုပ်ကာ မေးလိုက်သည်။
ဝမ်ကျီယွီက ခေါင်းမော့ကာ ထန်ထျန်းကို ကြောင်တောင်တောင် ကြည့်လိုက်၏။
ရုတ်တရက် သူက စားပွဲကို ဘုန်းကနဲ လက်ဖြင့် ရိုက်လိုက်သဖြင့် ဝိုင်ခွက်များမှာ တုန်ခါသွားကြသည်။
" သောက်ကျိုးနည်းပဲကွာ"
"ဂိုဏ်းထဲမှာ ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စတွေ ဖြစ်နေတာကိုး"
"ငါကတော့ အားလုံးကို လွဲချော်ခဲ့ရတယ်"
"ဘယ်လောက်တောင် ပျော်စရာကောင်းမယ့် ကိစ္စတွေလဲ
ငါ ဘာလို့ ဂိုဏ်းကနေ ထွက်လာခဲ့မိတာလဲ ဒီဂိုဏ်းပေါင်းစုံ တိုက်ပွဲကို ကြည့်ဖို့ ငါ ဘာလို့ အသည်းအသန် လာခဲ့မိလဲ ဂိုဏ်းထဲက ကိစ္စတွေက ဒီတိုက်ပွဲထက် အဆပေါင်းများစွာ ပိုရင်ခုန်ဖို့ ကောင်းတာကိုကွာ"
"ငါ နောင်တရလိုက်တာ..."
ဝမ်ကျီယွီက ရင်ဘတ်ကို ထုကာ နောင်တရနေပုံမှာ ရှန့်ထန်းတာအိုကျောက်စိမ်း ငါးသန်း ဆုံးရှုံးသွားသည့်အလားပင်။
ထန်ထျန်း ခေါင်းခါယမ်းကာ စိတ်ပျက်သွားမိ၏။ ဤကောင်မှာ ထိုမျှကြီးမားသော သတင်းများကို ကြားပြီးနောက် ပထမဆုံး တုံ့ပြန်မှုမှာ "စိတ်လှုပ်ရှားစရာ ပြဇာတ်ကြီးကို မကြည့်လိုက်ရလို့" ဆိုပါလား။
သူက တကယ့်ကို ပျော်ရွှင်မှုကို ရှာဖွေသူ အစစ်ပင် ဖြစ်သည်။
ထိုပြင်းထန်သော ပဋိပက္ခများကြားတွင် သူကိုယ်တိုင်လည်း အသက်အန္တရာယ် ရှိနိုင်သည်ကို သူ စိုးရိမ်ပုံ မရပေ။
ဝမ်ကျီယွီက ခဏမျှ နောင်တရနေပြီးမှ စိတ်ကို ပြန်ထိန်းလိုက်သည်။
"ကျစ်... ဒီတစ်ခါ ဆုံးဖြတ်ချက်ကတော့ တကယ်ကို မှားသွားတာပဲ။ ငါ သေတဲ့အထိ နောင်တရနေမှာ သေချာတယ်။"
သူက သက်ပြင်းရှည်ကြီးကို ချကာ ဆက်မေး၏။ "ဒါဆိုရင် ဂိုဏ်းထဲက သခင်လေးဆိုလို့ လုချန်းကျီ တစ်ယောက်ပဲ ကျန်တော့တာပေါ့"
"ဒါဆိုရင် အဲဒီရာထူးက သူ့အတွက် သေချာသွားပြီပေါ့ ဟုတ်လား"
ထန်ထျန်းက ခေါင်းခါပြကာ "မဟုတ်ဘူး"
"သူ့မှာ မျှော်လင့်ချက် ကြီးမားတာ မှန်ပေမဲ့ အရှိဆုံးလူတော့ မဟုတ်ဘူး"
"ဒါမှမဟုတ် အခုအချိန်မှာ မျှော်လင့်ချက် အရှိဆုံးလူက... ငါပဲ"
ဝမ်ကျီယွီမှာ နောက်တစ်ကြိမ် မှင်တက်သွားပြန်သည်။
သူက ထန်ထျန်းကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိ၏။
"ညီကိုထန်... "
"ငါ ပြောတဲ့ ရာထူးက ဘာလဲဆိုတာ မင်း သိတယ် မဟုတ်လား"
ထန်ထျန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် ဖုံးကွယ်မထားတော့ဘဲ ဆက်ပြော၏။ "ဒီပဋိပက္ခတွေကြားထဲမှာ တိုက်ဆိုင်မှုတွေကြောင့် ငါ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တယ်"
"အခုဆိုရင် ဂိုဏ်းအတွင်းပိုင်းက အင်အားစု အများစုက ငါ့ရဲ့ လက်ထဲမှာပဲ ရှိနေပြီ"
ဝမ်ကျီယွီမှာ လုံးဝ ဆွံ့အသွားတော့သည်။
ထန်ထျန်း ပြောပြခဲ့သော ပဋိပက္ခများထက် ဤသတင်းက သူ့ကို ပို၍ အံ့အားသင့်စေပုံရသည်။
အကြောင်းမှာ သူ ဂိုဏ်းမှ ထွက်လာစဉ်က ထန်ထျန်းသည် အစပျိုးကာစ အခြေအနေသာ ရှိသေးပြီး သခင်လေးများနှင့် ယှဉ်လျှင် အလှမ်းဝေးနေသေးသောကြောင့် ဖြစ်သည်။
သို့သော် တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် ထိုသူအားလုံးကို ကျော်ဖြတ်ကာ နောက်ဆုံး အောင်နိုင်သူ ဖြစ်လာခဲ့သည်ဆိုပါလား။
ဝမ်ကျီယွီအနေဖြင့် ဤအချက်ကို လက်ခံရန် ခက်ခဲနေသော်လည်း ထန်ထျန်းက ဤကဲ့သို့သော ကိစ္စမျိုးတွင် လိမ်ညာမည့်သူ မဟုတ်ကြောင်း သူ သိနေသည်။
အတန်ကြာမှ သူက စိတ်ကို အတတ်နိုင်ဆုံး ထိန်းကာ မေးလိုက်၏။ "ဒါဆိုရင် ငါတို့ဂိုဏ်းရဲ့ ဒီတစ်ခါ ခေါင်းဆောင်တွေက ဂိုဏ်းချုပ်လေး၊ လုချန်းကျီ... ပြီးတော့ မင်းပေါ့ ဟုတ်လား"
ထန်ထျန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ဝမ်ကျီယွီက ဆက်ပြော၏။ "ဆိုလိုတာက... မင်းက တခြားလူတွေကိုပါ တည်နေရာကူးပြောင်း အစီအရင် ကနေတစ်ဆင့် ဧကရာဇ်မြို့ကို ခေါ်လာပေးလို့ ရတယ်ပေါ့"
ထန်ထျန်းက ခိုင်မာသော အဖြေကို ပေးလိုက်သည်။
ဝမ်ကျီယွီက မျက်လုံးကို မှိတ်လိုက်ပြီးနောက် မတ်တတ်ထရပ်ကာ ထန်ထျန်းကို ကျောခိုင်းလျက် အနောက်ဘက်ရှိ ဝါးတောဆီသို့ လျှောက်သွားတော့သည်။
"ငါ ထင်တာကတော့ ..."
"ငါ ခဏလောက် ငြိမ်ငြိမ်လေး နေပြီး စဉ်းစားဖို့ လိုနေပြီ"