← Chapters

ထိတ်လန့်သွားသော ဝမ်ကျီယွီ

Vol. 15 Ch. 172

ထိတ်လန့်သွားသော ဝမ်ကျီယွီ

Vol. 15 Ch. 172

​ဝမ်ကျီယွီနှင့် ဤကဲ့သို့သောနေရာမျိုးတွင် ပြန်လည်ဆုံတွေ့ရခြင်းမှာ ထန်ထျန်းအတွက် တကယ့်ကို အံ့သြစရာပင် ဖြစ်သည်။

​မူလကပင် ဤကောင်က အရာအားလုံးကို သိနေသလိုလိုဖြင့် လျှို့ဝှက်ချက်များ ရှိနေသည်ဟု သူ ခံစားခဲ့ရသည်။

ယခု ပြန်ကြည့်လျှင် ဝမ်ကျီယွီက တကယ့်ကို သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားလှပေသည်။

​"ဒါနဲ့ ငါတို့ဂိုဏ်းကလူတွေ အကုန်ရောက်လာကြပြီလား"

ဝမ်ကျီယွီက မေးလာသည်။

​ထန်ထျန်းက ခေါင်းညိတ်ပြကာ "ဟုတ်တာပေါ့၊ ငါ သူတို့နဲ့အတူတူ လာခဲ့တာ"

​"မင်းလိုမျိုး လမ်းမှာ တစ်နှစ်နီးပါး အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်မရှိဘူးလေ"

​ဝမ်ကျီယွီက ဝိုင်တစ်ငုံသောက်ကာ ရယ်မောလိုက်ပြီး "ကြည့်ရတာ မင်းရဲ့လူယုံတွေကို သေချာပျိုးထောင်ထားနိုင်ပုံရတယ်၊ မဟုတ်ရင် ဒီလိုအခွင့်အရေးမျိုး ရမှာမဟုတ်ဘူး"

​"အဲဒီကောင်မလေးကော အခု ဘယ်လိုလဲ မင်းတို့နှစ်ယောက်ကြားမှာ ထူးခြားတဲ့ တိုးတက်မှုတွေရော ရှိပြီလား"

သူက မျက်မှောင်ကုပ်ကာ နောက်ပြောင်မေးလိုက်သည်။

​ထန်ထျန်းက နှုတ်ခမ်းမဲ့ကာ "မရှိပါဘူး၊ အရင်အတိုင်းပါပဲ"

​"မင်း ထွက်သွားတဲ့ အတောအတွင်းမှာ ဂိုဏ်းထဲမှာ... တခြားကိစ္စတွေ အများကြီး ဖြစ်သွားခဲ့တယ်"

​"ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါ ဂိုဏ်းပေါင်းစုံ တိုက်ပွဲက ငါ့အတွက်တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"

​ဝမ်ကျီယွီက ပြုံးကာ "ယုံကြည်ချက် တော်တော်ရှိနေပါလား"

​"ကြည့်ရတာ ဂိုဏ်းထဲမှာ မင်း တော်တော်လေး အခြေအနေကောင်းနေပုံပဲ"

​"မိန်းကလေး မို ( မိုရှောင်းရှောင်း ) ရဲ့ ပေါင်ကိုများ အမိအရ ဖက်ထားတာလား"

​ထန်ထျန်းက ဝိုင်ကို မြည်းစမ်းရင်း ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်၏။

ဝမ်ကျီယွီက ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှကို အမှန်တကယ် မသိခြင်းလား၊ သိရက်နှင့် ဟန်ဆောင်နေခြင်းလားဆိုသည်ကို သူ မဝေခွဲနိုင်သေးပေ။

​"ဒါနဲ့ ဒီတစ်ခါ အဖွဲ့ကို ဘယ်သူဦးဆောင်တာလဲ"

ဝမ်ကျီယွီက ဆက်မေးသည်။ "မိန်းကလေး မိုလည်း လာမှာပဲ၊ ပြီးတော့ လုချန်းကျီတို့၊ ထျန်းယန်ရှန်း တို့လည်း ပါမှာပေါ့"

​ထန်ထျန်းက သူ့ကို အေးအေးဆေးဆေး ကြည့်လိုက်ပြီးမှ ခေါင်းခါပြကာ "ငါတို့အဖွဲ့ကို အခုထိ ဂိုဏ်းချုပ်လေးကပဲ ဦးဆောင်နေတာ"

​"သခင်လေးတွေထဲကဆိုရင်... လုချန်းကျီ တစ်ယောက်ပဲ ပါလာတယ်"

​ဝမ်ကျီယွီမှာ ရုတ်တရက် မှင်တက်သွား၏။

​"ဘာလို့လဲ"

​"အရင်တုန်းကဆိုရင် သခင်လေး ငါးယောက်နဲ့ သခင်မလေး နှစ်ယောက်ထဲက အနည်းဆုံး လေးငါးယောက်လောက် ပါနေကျလေ "

​"ပြီးတော့ အခုက အဲဒီရာထူးအတွက် အဆုံးအဖြတ်ပေးမယ့် အရေးကြီးဆုံးအချိန် မဟုတ်ဘူးလား မိန်းကလေး မိုနဲ့ ထျန်းယန်ရှန်းတို့က လုချန်းကျီ တစ်ယောက်တည်း လာတာကို စိတ်ချလက်ချ ခွင့်ပြုလိုက်ကြတာလား"

သူက အံ့ဩတကြီး မေးလာသည်။

​ထန်ထျန်းက ဝမ်ကျီယွီကို ခဏမျှ စိုက်ကြည့်နေမိ၏။ သူ၏ တုံ့ပြန်မှုမှာ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း တွေ့ရမှ "မင်း တကယ်ပဲ ဂိုဏ်းထဲမှာ ဘာတွေဖြစ်ခဲ့လဲ မသိတာလား"

​ဝမ်ကျီယွီက ခေါင်းခါကာ မျက်မှောင်ကုပ်လျက် "ဘာဖြစ်လို့လဲ"

​"မင်းပုံစံကြည့်ရတာ တစ်ခုခုတော့ အကြီးအကျယ် ဖြစ်သွားပုံပဲ"

​ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။ "အင်း...တော်တော်လေး ဖြစ်သွားခဲ့တာ"

​"အရင်က သခင်လေး ငါးယောက်နဲ့ သခင်မလေး နှစ်ယောက်ထဲမှာ..."

​"ကျင်းဟန်က အင်အားတွေ ချည့်နဲ့သွားပြီ၊ သခင်လေး အဆင့်အတန်းကို မထိန်းထားနိုင်တော့ဘူး"

​"တုယွမ်ချင်းနဲ့ ကွမ်းမုန့်တို့ကတော့ သေဆုံးသွားကြပြီ၊ သူတို့ရဲ့ မိသားစုတွေတောင် ပြိုကွဲပျက်စီးသွားခဲ့ပြီ"

​"မိုရှောင်းရှောင်းနဲ့ ချန်စစ်ရို တို့ကတော့ ပြိုင်ပွဲကနေ ထွက်သွားကြပြီ၊ သူတို့ ဝူဒင်နန်းတော် ကို ပြန်သွားကြပြီ"

​"ထျန်းယန်ရှန်း ဆိုရင် ပိုဆိုးတယ်၊ သူ အပြင်ထွက်ရင်းနဲ့ အမည်မသိရန်သူတွေရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရတယ်။ အခုထိ ဘယ်သူသတ်လဲဆိုတာ မသိရသေးတဲ့ ပဟေဠိဖြစ်နေတုန်းပဲ။"

​ထန်ထျန်း တစ်ခွန်းချင်းစီ ပြောပြနေစဉ် ဝမ်ကျီယွီ၏ ပါးစပ်နှင့် မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။

နောက်ဆုံးတွင် သူက ကျောက်ရုပ်တစ်ခုကဲ့သို့ မှင်တက်ကာ ငြိမ်သက်သွားတော့သည်။

​အတန်ကြာမှ သူက ဝုန်းကနဲ ထရပ်လိုက်ရာ ဘေးမှ မိန်းမလှလေးနှစ်ဦးမှာ မြေပြင်ပေါ်သို့ ထပ်မံ လဲကျသွားပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့ကို လုံးဝ အရေးမစိုက်နိုင်တော့ပေ။

​" သောက်ကျိုးနည်း"

​"ညီကိုထန် ... မင်း နောက်နေတာ မဟုတ်ဘူးလား"

​"ဒါက နောက်စရာကိစ္စ မဟုတ်ဘူးနော်"

​"ထျန်းယန်ရှန်းတောင် သေသွားပြီလား"

​"သူ့ရဲ့ တကယ့်နောက်ခံက ဘာလဲဆိုတာ ငါ သိထားတယ်နော် "

​ဝမ်ကျီယွီမှာ လုံးဝ တုန်လှုပ်ချောက်ချားသွားကာ အော်ဟစ်လိုက်သဖြင့် ဘေး မှ လူများက လှည့်ကြည့်လာကြသည်။

​ထန်ထျန်းက လက်ကာပြကာ သူ့ကို စိတ်အေးအေးထားရန်နှင့် ပြန်ထိုင်ရန် ပြောလိုက်၏။

ထို့နောက်တွင်မှ ဖြစ်ပျက်သမျှကို အေးအေးဆေးဆေး ရှင်းပြလိုက်သည်။

​"ငါ ဒီလိုကိစ္စမျိုးနဲ့ မင်းကို နောက်စရာ အကြောင်းမရှိဘူး"

​"မင်း ထွက်သွားတဲ့ အတောအတွင်းမှာ ဂိုဏ်းထဲမှာ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့တာ"

​"အဲဒီထဲမှာ အကြီးမားဆုံးကတော့ တုယွမ်ချင်း သေဆုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းတံပိုးကြီးပဲ..."

​ထန်ထျန်းက တုယွမ်ချင်းဖြစ်ရပ်မှစ၍ မိုရှောင်းရှောင်း ဂိုဏ်းမှ ထွက်သွားရပုံအထိကို အကျဉ်းချုံး ပြောပြလိုက်သည်။

နောက်ဆုံးတွင် ထျန်းယန်ရှန်း အသတ်ခံရသည့် ကိစ္စကိုလည်း ထည့်ပြောလိုက်၏။

​နားထောင်ပြီးနောက် ဝမ်ကျီယွီမှာ မျက်နှာပျက်သွားကာ အတော်ကြာအောင် စကားမဆိုနိုင်ဘဲ ဖြစ်နေရှာသည်။

​"တကယ်တော့ ဒီကိစ္စနောက်ကွယ်မှာ ကြိုးကိုင်သူ ရှိနေဦးမယ်လို့ ငါ အမြဲသံသယရှိခဲ့တယ်၊ ဒါပေမဲ့ ကံဆိုးတာက တိုက်ရိုက်သက်သေ မတွေ့ခဲ့ရဘူး"

​"မင်းကော ဘယ်လို ထင်သလဲ"

​ထန်ထျန်းက ဝမ်ကျီယွီကို ကြည့်ကာ တမင်တကာ မေးလိုက်သည်။

ဝမ်ကျီယွီ၏ တုံ့ပြန်မှုကို သူ မြင်ချင်၍ ဖြစ်၏။

​သို့သော် ယခုအချိန်တွင် ဝမ်ကျီယွီ၏ မျက်နှာထက်၌ ခံစားချက်ပေါင်းစုံ ရှုပ်ထွေးစွာ ဖြတ်သန်းနေသည်။

​"မင်း ဘာဖြစ်လို့လဲ"

ထန်ထျန်းက မျက်မှောင်ကုပ်ကာ မေးလိုက်သည်။

​ဝမ်ကျီယွီက ခေါင်းမော့ကာ ထန်ထျန်းကို ကြောင်တောင်တောင် ကြည့်လိုက်၏။

ရုတ်တရက် သူက စားပွဲကို ဘုန်းကနဲ လက်ဖြင့် ရိုက်လိုက်သဖြင့် ဝိုင်ခွက်များမှာ တုန်ခါသွားကြသည်။

​" သောက်ကျိုးနည်းပဲကွာ"

​"ဂိုဏ်းထဲမှာ ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စတွေ ဖြစ်နေတာကိုး"

​"ငါကတော့ အားလုံးကို လွဲချော်ခဲ့ရတယ်"

​"ဘယ်လောက်တောင် ပျော်စရာကောင်းမယ့် ကိစ္စတွေလဲ

ငါ ဘာလို့ ဂိုဏ်းကနေ ထွက်လာခဲ့မိတာလဲ ဒီဂိုဏ်းပေါင်းစုံ တိုက်ပွဲကို ကြည့်ဖို့ ငါ ဘာလို့ အသည်းအသန် လာခဲ့မိလဲ ဂိုဏ်းထဲက ကိစ္စတွေက ဒီတိုက်ပွဲထက် အဆပေါင်းများစွာ ပိုရင်ခုန်ဖို့ ကောင်းတာကိုကွာ"

​"ငါ နောင်တရလိုက်တာ..."

​ဝမ်ကျီယွီက ရင်ဘတ်ကို ထုကာ နောင်တရနေပုံမှာ ရှန့်ထန်းတာအိုကျောက်စိမ်း ငါးသန်း ဆုံးရှုံးသွားသည့်အလားပင်။

​ထန်ထျန်း ခေါင်းခါယမ်းကာ စိတ်ပျက်သွားမိ၏။ ဤကောင်မှာ ထိုမျှကြီးမားသော သတင်းများကို ကြားပြီးနောက် ပထမဆုံး တုံ့ပြန်မှုမှာ "စိတ်လှုပ်ရှားစရာ ပြဇာတ်ကြီးကို မကြည့်လိုက်ရလို့" ဆိုပါလား။

​သူက တကယ့်ကို ပျော်ရွှင်မှုကို ရှာဖွေသူ အစစ်ပင် ဖြစ်သည်။

ထိုပြင်းထန်သော ပဋိပက္ခများကြားတွင် သူကိုယ်တိုင်လည်း အသက်အန္တရာယ် ရှိနိုင်သည်ကို သူ စိုးရိမ်ပုံ မရပေ။

​ဝမ်ကျီယွီက ခဏမျှ နောင်တရနေပြီးမှ စိတ်ကို ပြန်ထိန်းလိုက်သည်။

​"ကျစ်... ဒီတစ်ခါ ဆုံးဖြတ်ချက်ကတော့ တကယ်ကို မှားသွားတာပဲ။ ငါ သေတဲ့အထိ နောင်တရနေမှာ သေချာတယ်။"

​သူက သက်ပြင်းရှည်ကြီးကို ချကာ ဆက်မေး၏။ "ဒါဆိုရင် ဂိုဏ်းထဲက သခင်လေးဆိုလို့ လုချန်းကျီ တစ်ယောက်ပဲ ကျန်တော့တာပေါ့"

​"ဒါဆိုရင် အဲဒီရာထူးက သူ့အတွက် သေချာသွားပြီပေါ့ ဟုတ်လား"

​ထန်ထျန်းက ခေါင်းခါပြကာ "မဟုတ်ဘူး"

​"သူ့မှာ မျှော်လင့်ချက် ကြီးမားတာ မှန်ပေမဲ့ အရှိဆုံးလူတော့ မဟုတ်ဘူး"

​"ဒါမှမဟုတ် အခုအချိန်မှာ မျှော်လင့်ချက် အရှိဆုံးလူက... ငါပဲ"

​ဝမ်ကျီယွီမှာ နောက်တစ်ကြိမ် မှင်တက်သွားပြန်သည်။

သူက ထန်ထျန်းကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိ၏။

​"ညီကိုထန်... "

​"ငါ ပြောတဲ့ ရာထူးက ဘာလဲဆိုတာ မင်း သိတယ် မဟုတ်လား"

​ထန်ထျန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

​ထို့နောက် ဖုံးကွယ်မထားတော့ဘဲ ဆက်ပြော၏။ "ဒီပဋိပက္ခတွေကြားထဲမှာ တိုက်ဆိုင်မှုတွေကြောင့် ငါ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တယ်"

​"အခုဆိုရင် ဂိုဏ်းအတွင်းပိုင်းက အင်အားစု အများစုက ငါ့ရဲ့ လက်ထဲမှာပဲ ရှိနေပြီ"

​ဝမ်ကျီယွီမှာ လုံးဝ ဆွံ့အသွားတော့သည်။

​ထန်ထျန်း ပြောပြခဲ့သော ပဋိပက္ခများထက် ဤသတင်းက သူ့ကို ပို၍ အံ့အားသင့်စေပုံရသည်။

​အကြောင်းမှာ သူ ဂိုဏ်းမှ ထွက်လာစဉ်က ထန်ထျန်းသည် အစပျိုးကာစ အခြေအနေသာ ရှိသေးပြီး သခင်လေးများနှင့် ယှဉ်လျှင် အလှမ်းဝေးနေသေးသောကြောင့် ဖြစ်သည်။

သို့သော် တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် ထိုသူအားလုံးကို ကျော်ဖြတ်ကာ နောက်ဆုံး အောင်နိုင်သူ ဖြစ်လာခဲ့သည်ဆိုပါလား။

​ဝမ်ကျီယွီအနေဖြင့် ဤအချက်ကို လက်ခံရန် ခက်ခဲနေသော်လည်း ထန်ထျန်းက ဤကဲ့သို့သော ကိစ္စမျိုးတွင် လိမ်ညာမည့်သူ မဟုတ်ကြောင်း သူ သိနေသည်။

​အတန်ကြာမှ သူက စိတ်ကို အတတ်နိုင်ဆုံး ထိန်းကာ မေးလိုက်၏။ "ဒါဆိုရင် ငါတို့ဂိုဏ်းရဲ့ ဒီတစ်ခါ ခေါင်းဆောင်တွေက ဂိုဏ်းချုပ်လေး၊ လုချန်းကျီ... ပြီးတော့ မင်းပေါ့ ဟုတ်လား"

​ထန်ထျန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

​ဝမ်ကျီယွီက ဆက်ပြော၏။ "ဆိုလိုတာက... မင်းက တခြားလူတွေကိုပါ တည်နေရာကူးပြောင်း အစီအရင် ကနေတစ်ဆင့် ဧကရာဇ်မြို့ကို ခေါ်လာပေးလို့ ရတယ်ပေါ့"

​ထန်ထျန်းက ခိုင်မာသော အဖြေကို ပေးလိုက်သည်။

​ဝမ်ကျီယွီက မျက်လုံးကို မှိတ်လိုက်ပြီးနောက် မတ်တတ်ထရပ်ကာ ထန်ထျန်းကို ကျောခိုင်းလျက် အနောက်ဘက်ရှိ ဝါးတောဆီသို့ လျှောက်သွားတော့သည်။

​"ငါ ထင်တာကတော့ ..."

​"ငါ ခဏလောက် ငြိမ်ငြိမ်လေး နေပြီး စဉ်းစားဖို့ လိုနေပြီ"

All Chapters