ဂိုဏ်းပေါင်းစုံတိုက်ပွဲ စတင်ခြင်း
Vol. 15 Ch. 174
ထန်ထျန်းနှင့် ဝမ်ကျီယွီတို့က သန်းခေါင်ယံအချိန်အထိ စကားလက်ဆုံကျပြီးမှသာ ဆောင်ကြာမြိုင် ထဲမှ အတူတူ ထွက်လာခဲ့ကြသည်။
မိန်းမလှလေး အချို့မှာ သူတို့ကို ကြည့်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေချေ၏။ ကျန်းမာသန်စွမ်းသည့် လူငယ်လေးနှစ်ယောက်မှာ ဤကဲ့သို့သောနေရာမျိုး ရောက်ပါလျက်နှင့် မိန်းမလှလေးများကို အဖော်မပြုဘဲ စကားတွေချည်းပဲ ဒီလောက်အကြာကြီး ထိုင်ပြောနေကြသည်မှာ တကယ်ပင် နားလည်ရခက်လှသည်ဟု တွေးနေကြပုံရသည်။
ထွက်လာပြီးနောက်တွင်မူ ထန်ထျန်းက ဝမ်ကျီယွီကို ချင်းယွဲ့ ဂိုဏ်း တည်းခိုရာနေရာသို့ ခေါ်လာခဲ့ပေသည်။
သူက ဤမျှလောက်သော လုပ်ပိုင်ခွင့်မျိုးတော့ ရှိပေသည်။
နောက်ရက်များတွင် ထန်ထျန်းက ဝမ်ကျီယွီ၊ ကြောင်ကလေးနှင့်အတူ တစ်ခါတစ်ရံ ချီယွမ်ပါ လိုက်ပါလျက် ဧကရာဇ်မြို့အတွင်း အနှံ့အပြား လည်ပတ်ခဲ့ကြသည်။
ဂိုဏ်းပေါင်းစုံတိုက်ပွဲအတွက် ကိစ္စအဝဝကို ယွင်ခုံးက စီစဉ်ပြီး အသေးအဖွဲကိစ္စများကို လီဟုန်က ကိုင်တွယ်သဖြင့် သူ သိပ်ပြီး စိတ်ပူစရာမလိုပေ။
လုချန်းကျီ ပြောခဲ့သည့် အခြားဂိုဏ်းမှ အသုံးမကျသော သခင်လေးများ လာရောက်နှောင့်ယှက်မည့် ကိစ္စကိုလည်း ထန်ထျန်းက ဂရုမစိုက်အားပေ။
သူနှင့် ဘာဆိုင်လို့လဲ။
လုချန်းကျီပဲ ခေါင်းကိုက်ပါစေတော့။
မကြာမီ ငါးရက်တာ အချိန်မှာ ကုန်လွန်သွားခဲ့ချေပြီ။
ဂိုဏ်းပေါင်းစုံတိုက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဧကရာဇ်မြို့မှာလည်း သိသိသာသာ စည်ကားလာတော့သည်။
အင်အားကြီးဂိုဏ်းပေါင်း ရာကျော်မှ ပါရမီရှင် သောင်းနှင့်ချီ၍ ရောက်ရှိလာကြသလို မြို့တွင်းနှင့် မြို့အနီးတစ်ဝိုက်မှ ကျင့်ကြံသူများကလည်း လာရောက်အားပေးကြပေသည်။
ဤသည်မှာ ငါးနှစ်မှ တစ်ကြိမ်သာ ကြုံရခဲသည့် ပွဲတော်ကြီး မဟုတ်ပါလား။
ပါရမီရှင်များစွာ စင်မြင့်တစ်ခု တည်း၌ ယှဉ်ပြိုင်ကြမည်ကို တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
ကျင့်ကြံသူအမြောက်အမြား မြို့ထဲသို့ ဝင်လာကြသဖြင့် တစ်မြို့လုံးမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပနေသကဲ့သို့ စည်ကားသိုက်မြိုက်နေတော့သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဂိုဏ်းပေါင်းစုံတိုက်ပွဲကြီးမှာ တရားဝင် စတင်ခဲ့ချေပြီ။
မိုးမလင်းမီကတည်းက ချင်းယွဲ့ ဂိုဏ်းသားများမှာ စုဝေး နေကြပြီး လူတိုင်းမှာ တက်ကြွလန်းဆန်းကာ စိတ်ဓာတ်များ ထက်သန်နေကြသည်။ ထို့နောက် ယွင်ခုံး၏ အမိန့်ပေးမှုနှင့်အတူ လူအုပ် ကြီးမှာ ပြိုင်ပွဲကျင်းပရာနေရာသို့ ချီတက်ခဲ့ကြတော့သည်။
ပြိုင်ပွဲကျင်းပရာနေရာမှာ အလွန်ကျယ်ဝန်းသည့် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေသည်။
ချိုင့်ဝှမ်းအောက်ခြေတွင် ညီညာသော မြက်ခင်းပြင်ရှိပြီး ပတ်ပတ်လည် တောင်စောင်းများမှာလည်း မတ်စောက်ခြင်းမရှိဘဲ မြင်ဖို့အဆင်ပြေ လှရာ တကယ့်ကို ပြိုင် ကွင်းကျယ်ကြီးတစ်ခုနှင့် တူနေချေသည်။
ဤနေရာသည်ပင် ဂိုဏ်းပေါင်းစုံတိုက်ပွဲကို တရားဝင် ကျင်းပမည့် နေရာဖြစ်ပေသည်။
ချင်းယွဲ့ ဂိုဏ်းသားများ ရောက်ရှိချိန်တွင် နေမင်းမှာ မိုးကုပ်စက်ဝိုင်းအောက်မှ ထွက်ပြူကာစသာ ရှိသေးသော်လည်း လူအများအပြားမှာ ချိုင့်ဝှမ်းအထက်ပိုင်းသို့ ကြိုတင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ပွဲတာဝန်ခံများနှင့် ပိုင်တိမြို့ စီမံခန့်ခွဲသူများက နေရာများကို ခွဲဝေချထားပေးပြီး ဖြစ်ချေသည်။
သူတို့၏ လမ်းညွှန်မှုအရ ထန်ထျန်းက အလယ် ဗဟိုနှင့် အတော်လေးနီးစပ်သည့် နေရာသို့ ရောက်လာခဲ့ပြီး ထိုနေရာတွင် ချင်းယွဲ့ ဂိုဏ်းအတွက် သီးသန့်ပြင်ဆင်ထားသော နေရာများ ရှိနေသည်။
နေရာယူပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဂိုဏ်းတစ်ဝက်ခန့်မှာ ရောက်ရှိနေကြပြီဖြစ်ပြီး အားလုံးမှာ ငြိမ်သက်စွာ ထိုင်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းထားကြချေသည်။
ချိုင့်ဝှမ်း၏ အပြင်ဘက် ပတ်ပတ်လည်တွင်မူ အရပ်ရပ်မှ ကျင့်ကြံသူများမှာ ကြိတ်ကြိတ်တိုး စောင့်ဆိုင်းနေကြသည်။
အချို့မှာ လွန်ခဲ့သည့် ရက်များကတည်းက ဤပွဲကြီးကို မလွတ်စေရန် ကြိုတင်စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေလိမ့်မည်။
"အားလုံးပဲ ကိုယ့်အခြေအနေကို အမြန်ဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြ
ဒီကနေ့ တစ်ရက်တည်းမှာတင် လူတစ်ဝက်ကျော်က ပြိုင်ပွဲကနေ ထွက်ရလိမ့်မယ်
မလိုအပ်တဲ့ အကြောင်းပြချက်တွေကြောင့် ဒီတစ်သက်မှာ တစ်ကြိမ်ပဲရမယ့် အခွင့်အရေးကို အဆုံးရှုံးမခံကြနဲ့၊ အဲဒီကျမှ နောင်တရရင် မမီတော့ဘူး"
ယွင်ခုံးက အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြော သည်။
ထိုစကားကြောင့် ပြိုင်ပွဲဝင်တပည့်များမှာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားကြတော့သည်။ ဤမျှကြီးမားသော ပွဲမျိုးကို သူတို့တစ်ခါမျှ မကြုံဖူးကြသဖြင့် စိတ်လှုပ်ရှားနေကြသည်မှာ အဆန်းမဟုတ်ပေ။
ကိုယ့်အရည်အချင်းကိုယ် အကြွင်းမဲ့ ယုံကြည်မှုရှိမှသာ ဤအခြေအနေကို ကျော်လွှားနိုင်မည် ဖြစ်သည်။
"မင်းတို့ကော အဆင်ပြေရဲ့လား"
ထန်ထျန်းက ဘေးမှ လန်ယွီ ညီအစ်မကို လှည့်မေးလိုက်သည်။
သူတို့နှစ်ဦးစလုံးက ခေါင်းညိတ်ပြကြပြီး မျက်နှာတွင် စိုးရိမ်စိတ် လုံးဝမရှိဘဲ "သခင်လေး စိတ်ချပါ၊ ကျွန်မတို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ သခင်လေးရဲ့ ပျိုးထောင်ပေးမှုတွေကို အလဟဿ မဖြစ်စေရ ပါဘူး" ဟု တိုးတိုးလေး ဖြေကြသည်။
သူတို့၏ ကျင့်ကြံခြင်းအဆင့် မှာလည်း နတ်ဝိညာဉ်အသွင်ပြောင်းခြင်း နှောင်းပိုင်းသို့ ရောက်ရန် အတော်လေး နီးစပ်နေပြီဖြစ်ကာ အခြေခံမှာလည်း ခိုင်မာသဖြင့် အခက်အခဲ သိပ်ရှိမည်မဟုတ်ပေ။
လီဟုန်ဆိုလျှင်လည်း ပေါင်းစည်းခြင်း အလယ်အလတ်အဆင့် သို့ ရောက်နေပြီဖြစ်၍ ပြိုင်ပွဲအပြီးတွင် နတ်ဆိုးမျှော်စင် စမ်းသပ်မှုကိုပင် ကောင်းကောင်း ရင်ဆိုင်နိုင်မည် ဖြစ်သည်။
အားလုံး အဆင်ပြေသည်ကို မြင်မှ ထန်ထျန်းက ရှေ့သို့ ပြန်လှည့်လိုက်သည်။
ထိုစဉ် သူ့နောက်ဘက်မှ တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာလေးဖြစ်သည့် ကုရှောင်းရွှယ်ကို တွေ့လိုက်ရပေသည်။
သို့သော် ထန်ထျန်း ကြည့်လိုက်သည့်အခါတွင်မူ သူမက ခေါင်းကို ငုံ့သွားပြန်သည်။ ထန်ထျန်းမှာ ခေါင်းခါယမ်းမိ၏။ ဤမိန်းကလေးမှာ ဂိုဏ်းက ထွက်လာကတည်းက သူမကို တွေ့တိုင်း စိတ်နှင့်လူနှင့် မကပ်သလို ဖြစ်နေသည်မှာ အဆန်းပင်။
ဘာများ ဖြစ်နေတာပါလိမ့်။
ထန်ထျန်းက သူမကို ခေါ်မေးရမလားဟု စဉ်းစားနေခိုက်တွင်ပင် ချီယွမ်၏ အသံက ဘေးမှ ထွက်ပေါ်လာသည်။
"ကျီယန်ဂိုဏ်းကလူတွေ ရောက်လာပြီ"
ထန်ထျန်း သတိပြန်ဝင်လာကာ ချီယွမ် ပြသည့်ဘက်သို့ ကြည့်လိုက်သည်။
ချိုင့်ဝှမ်း၏ ဗဟိုတည့်တည့်ဆီသို့ ကျီယန်ဂိုဏ်းသား တစ်သိုက်မှာ တည်ငြိမ်စွာ လျှောက်လှမ်းလာကြသည်။
သူတို့တွင် ပြိုင်ပွဲဝင်ဦးရေ များများစားစား မရှိဘဲ ချင်းယွဲ့ ဂိုဏ်းထက်ပင် နည်းနေသေးသည်။
သို့သော် လူနည်းသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော အော်ရာ နှင့် ဖိအားမှာမူ အလွန်ပင် ပြင်းထန်လှပေသည်။
အဝေးက လှမ်းကြည့်လျှင်ပင် ထိုဖိအားကို ခံစားနေရချေသည်။
သို့သော် ထိုအရာမှာ သာမန်တပည့်များအတွက်သာ ဖြစ်ပေသည်။
"တကယ်ကို သန်မာတာပဲ"
ထန်ထျန်းက ခေါင်းညိတ်၍ မှတ်ချက်ပေးလိုက်သည်။
ချိုင့်ဝှမ်းအလယ်တွင် ကျီယန်ဂိုဏ်းကဲ့သို့ပင် အင်အားကြီးသည့် အခြားဂိုဏ်းကြီးအချို့လည်း ရှိနေသေးသည်။
ထိုသူများထဲတွင် ကျီယန်ဂိုဏ်းထက်ပင် ပို၍ ထိတ်လန့်စရာကောင်းသော ကျင့်ကြံသူများ ပါဝင်နေသေးသည်။
ထိုနေရာသည်ပင် ထိပ်ဆုံး ၁၀ နေရာကို အမြဲသိမ်းပိုက်ထားသည့် ဂိုဏ်းများ၏ နေရာဖြစ်ပေသည်။
"သန်မာတာပေါ့၊ သူတို့ရတဲ့ အရင်းအမြစ်တွေက ငါတို့ဂိုဏ်းနဲ့ ယှဉ်လို့တောင် မရဘူးလေ"
"ပြီးတော့ ဒါက သူတို့ရဲ့ ဒုတိယအဆင့် ပါရမီရှင် တပည့်တွေပဲ ရှိသေးတာ။ အတော်ဆုံးလူတွေကတော့ သီးသန့်လမ်းကြောင်းကနေ ထျန်းဖူနန်းတော်ထဲ ရောက်ကုန်ကြပြီ။
မင်းကြည့်နေလိုက်၊ ဒီနေ့ ပထမဆုံး နေ့ မှာ သူတို့ဆီက လူသုံးယောက်လောက် ပြုတ်သွားရင်တောင် အဲဒါက သူတို့ညံ့လို့ပဲ ဖြစ်လိမ့်မယ်"
ချီယွမ်က ပြော သည်။
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
၎င်းမှာ အမှန်ပင် ဖြစ်ပေသည်။
ဂိုဏ်းပေါင်းစုံတိုက်ပွဲ၏ စည်းမျဉ်းမှာ ကျပန်းယှဉ်ပြိုင်ခြင်းနှင့် ရမှတ်တွက်ချက်ခြင်း စနစ်ဖြစ်ပေသည်။
လူတိုင်း၏ အစမှတ်မှာ သုည ဖြစ်သည်။ နိုင်လျှင် ၁ မှတ်ပေါင်းပြီး ရှုံးလျှင် ၁ မှတ် နုတ်မည်ဖြစ်သည်။ သရေကျလျှင်မူ မှတ်မရပေ။
ရမှတ် ၂ မှတ် ရသည်နှင့် နောက်တစ်ဆင့် တက်ခွင့်ရမည် ဖြစ်သည်။
ဆိုလိုသည်မှာ နှစ်ပွဲဆက်တိုက် နိုင်လျှင်ပင် နောက်တစ်ဆင့် တက်နိုင်ချေပြီ။
အကယ်၍ ကံမကောင်းဘဲ အစွမ်းထက်သည့် ပြိုင်ဘက်နှင့် တိုးခဲ့လျှင်လည်း ဆက်လက် ယှဉ်ပြိုင်ခွင့် ရှိနေသေးသည်။
အရည်အချင်းရှိလျှင်တော့ မှတ်ပြည့်အောင် စုဆောင်းနိုင်မည်သာ ဖြစ်သည်။
ကျီယန်ဂိုဏ်းကဲ့သို့ လူများအတွက်မူ ပထမရက်မှာပင် ရှုံးနိမ့်သွားဖို့ဆိုသည်မှာ အလွန်ခဲယဉ်းလှပေသည်။
ချင်းယွဲ့ ဂိုဏ်းအနေနှင့်မူ ပထမပွဲတွင် တပည့် လေးပုံတစ်ပုံခန့်သာ ပြုတ်သွားနိုင်ခြေ ရှိပေသည်။
အကြောင်းမှာ ပထမဆုံး အစပျိုးရုံသာ ရှိသေးပြီး ပွဲစဉ်မှာ နှစ်ပတ် ခန့် ကြာမြင့်ဦးမည် ဖြစ်သောကြောင့်ပင်။
ထန်ထျန်းက ပွဲစဉ်ဇယားကို ပြန်လည် စဉ်းစားနေစဉ် ရင်းနှီးသော အကြည့်တစ်ချက်ကို ထပ်မံ ခံစားလိုက်ရပြန်သည်။
စိတ်ပျက်လက်ပျက်ဖြင့် လှည့်ကြည့်လိုက်ရာ ကုရှောင်းရွှယ်နှင့် မျက်လုံးချင်း တည့်တည့်တိုးတော့သည်။
ကုရှောင်းရွှယ်က မျက်နှာလွှဲရန် ပြင်လိုက်စဉ်မှာပင် ထန်ထျန်းက တိုက်ရိုက် လက်လှမ်းခေါ်လိုက်တော့သည်။
"ဒီကို လာခဲ့"
"မင်းမှာ ပြောစရာရှိရင်လည်း ငါ့ရှေ့လာပြီးပဲ ပြော"
သူက ဤမိန်းကလေးအား အရေးကြီးသည့်အချိန်တွင် စိတ်မပါဘဲ ပွဲဖျက်သွားမည်ကို အမှန်ပင် စိုးရိမ်နေမိသည်။
ယနေ့ပွဲတွင် ထျန်းဖူနန်းတော် မှ လူ များကပါ ကိုယ်တိုင်ကြည့်ရှုနေသဖြင့် ကောင်းကောင်း စွမ်းဆောင်နိုင်လျှင် အကျိုးကျေးဇူးများ ရရှိနိုင်ပေသည်။
ထန်ထျန်း၏ ရုတ်တရက် ခေါ်ယူမှုကြောင့် ကုရှောင်းရွှယ်မှာ ကြောင်အသွားသည်။
သူမ၏ အကြည့်များမှာ စိုးရိမ်ထိတ်လန့်နေပုံရသော်လည်း ခဏမျှ တွန့်ဆုတ်နေပြီးနောက်တွင်မူ မတ်တတ်ထရပ်ကာ ထန်ထျန်း၏ ရှေ့သို့ လိမ်မာစွာဖြင့် ရောက်ရှိလာတော့သည်။
"ကဲ... ပြောပါဦး၊ ဘာတွေဖြစ်နေတာလဲ"
ထန်ထျန်းက မေးမြန်းလိုက်ပေတော့သည်။