← Chapters

ဂိုဏ်းပေါင်းစုံတိုက်ပွဲ စတင်ခြင်း

Vol. 15 Ch. 174

ဂိုဏ်းပေါင်းစုံတိုက်ပွဲ စတင်ခြင်း

Vol. 15 Ch. 174

​ထန်ထျန်းနှင့် ဝမ်ကျီယွီတို့က သန်းခေါင်ယံအချိန်အထိ စကားလက်ဆုံကျပြီးမှသာ ဆောင်ကြာမြိုင် ထဲမှ အတူတူ ထွက်လာခဲ့ကြသည်။

​မိန်းမလှလေး အချို့မှာ သူတို့ကို ကြည့်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေချေ၏။ ကျန်းမာသန်စွမ်းသည့် လူငယ်လေးနှစ်ယောက်မှာ ဤကဲ့သို့သောနေရာမျိုး ရောက်ပါလျက်နှင့် မိန်းမလှလေးများကို အဖော်မပြုဘဲ စကားတွေချည်းပဲ ဒီလောက်အကြာကြီး ထိုင်ပြောနေကြသည်မှာ တကယ်ပင် နားလည်ရခက်လှသည်ဟု တွေးနေကြပုံရသည်။

​ထွက်လာပြီးနောက်တွင်မူ ထန်ထျန်းက ဝမ်ကျီယွီကို ချင်းယွဲ့ ဂိုဏ်း တည်းခိုရာနေရာသို့ ခေါ်လာခဲ့ပေသည်။

သူက ဤမျှလောက်သော လုပ်ပိုင်ခွင့်မျိုးတော့ ရှိပေသည်။

​နောက်ရက်များတွင် ထန်ထျန်းက ဝမ်ကျီယွီ၊ ကြောင်ကလေးနှင့်အတူ တစ်ခါတစ်ရံ ချီယွမ်ပါ လိုက်ပါလျက် ဧကရာဇ်မြို့အတွင်း အနှံ့အပြား လည်ပတ်ခဲ့ကြသည်။

​ဂိုဏ်းပေါင်းစုံတိုက်ပွဲအတွက် ကိစ္စအဝဝကို ယွင်ခုံးက စီစဉ်ပြီး အသေးအဖွဲကိစ္စများကို လီဟုန်က ကိုင်တွယ်သဖြင့် သူ သိပ်ပြီး စိတ်ပူစရာမလိုပေ။

လုချန်းကျီ ပြောခဲ့သည့် အခြားဂိုဏ်းမှ အသုံးမကျသော သခင်လေးများ လာရောက်နှောင့်ယှက်မည့် ကိစ္စကိုလည်း ထန်ထျန်းက ဂရုမစိုက်အားပေ။

​သူနှင့် ဘာဆိုင်လို့လဲ။

လုချန်းကျီပဲ ခေါင်းကိုက်ပါစေတော့။

​မကြာမီ ငါးရက်တာ အချိန်မှာ ကုန်လွန်သွားခဲ့ချေပြီ။

ဂိုဏ်းပေါင်းစုံတိုက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဧကရာဇ်မြို့မှာလည်း သိသိသာသာ စည်ကားလာတော့သည်။

အင်အားကြီးဂိုဏ်းပေါင်း ရာကျော်မှ ပါရမီရှင် သောင်းနှင့်ချီ၍ ရောက်ရှိလာကြသလို မြို့တွင်းနှင့် မြို့အနီးတစ်ဝိုက်မှ ကျင့်ကြံသူများကလည်း လာရောက်အားပေးကြပေသည်။

​ဤသည်မှာ ငါးနှစ်မှ တစ်ကြိမ်သာ ကြုံရခဲသည့် ပွဲတော်ကြီး မဟုတ်ပါလား။

ပါရမီရှင်များစွာ စင်မြင့်တစ်ခု တည်း၌ ယှဉ်ပြိုင်ကြမည်ကို တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

ကျင့်ကြံသူအမြောက်အမြား မြို့ထဲသို့ ဝင်လာကြသဖြင့် တစ်မြို့လုံးမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပနေသကဲ့သို့ စည်ကားသိုက်မြိုက်နေတော့သည်။

​ဤကဲ့သို့သော အခြေအနေမျိုးတွင် ဂိုဏ်းပေါင်းစုံတိုက်ပွဲကြီးမှာ တရားဝင် စတင်ခဲ့ချေပြီ။

​မိုးမလင်းမီကတည်းက ချင်းယွဲ့ ဂိုဏ်းသားများမှာ စုဝေး နေကြပြီး လူတိုင်းမှာ တက်ကြွလန်းဆန်းကာ စိတ်ဓာတ်များ ထက်သန်နေကြသည်။ ထို့နောက် ယွင်ခုံး၏ အမိန့်ပေးမှုနှင့်အတူ လူအုပ် ကြီးမှာ ပြိုင်ပွဲကျင်းပရာနေရာသို့ ချီတက်ခဲ့ကြတော့သည်။

​ပြိုင်ပွဲကျင်းပရာနေရာမှာ အလွန်ကျယ်ဝန်းသည့် ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေသည်။

ချိုင့်ဝှမ်းအောက်ခြေတွင် ညီညာသော မြက်ခင်းပြင်ရှိပြီး ပတ်ပတ်လည် တောင်စောင်းများမှာလည်း မတ်စောက်ခြင်းမရှိဘဲ မြင်ဖို့အဆင်ပြေ လှရာ တကယ့်ကို ပြိုင် ကွင်းကျယ်ကြီးတစ်ခုနှင့် တူနေချေသည်။

ဤနေရာသည်ပင် ဂိုဏ်းပေါင်းစုံတိုက်ပွဲကို တရားဝင် ကျင်းပမည့် နေရာဖြစ်ပေသည်။

​ချင်းယွဲ့ ဂိုဏ်းသားများ ရောက်ရှိချိန်တွင် နေမင်းမှာ မိုးကုပ်စက်ဝိုင်းအောက်မှ ထွက်ပြူကာစသာ ရှိသေးသော်လည်း လူအများအပြားမှာ ချိုင့်ဝှမ်းအထက်ပိုင်းသို့ ကြိုတင် ရောက်ရှိနေကြပြီ ဖြစ်သည်။

ပွဲတာဝန်ခံများနှင့် ပိုင်တိမြို့ စီမံခန့်ခွဲသူများက နေရာများကို ခွဲဝေချထားပေးပြီး ဖြစ်ချေသည်။

​သူတို့၏ လမ်းညွှန်မှုအရ ထန်ထျန်းက အလယ် ဗဟိုနှင့် အတော်လေးနီးစပ်သည့် နေရာသို့ ရောက်လာခဲ့ပြီး ထိုနေရာတွင် ချင်းယွဲ့ ဂိုဏ်းအတွက် သီးသန့်ပြင်ဆင်ထားသော နေရာများ ရှိနေသည်။

နေရာယူပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဂိုဏ်းတစ်ဝက်ခန့်မှာ ရောက်ရှိနေကြပြီဖြစ်ပြီး အားလုံးမှာ ငြိမ်သက်စွာ ထိုင်ရင်း စိတ်ကို တည်ငြိမ်အောင် ထိန်းထားကြချေသည်။

​ချိုင့်ဝှမ်း၏ အပြင်ဘက် ပတ်ပတ်လည်တွင်မူ အရပ်ရပ်မှ ကျင့်ကြံသူများမှာ ကြိတ်ကြိတ်တိုး စောင့်ဆိုင်းနေကြသည်။

အချို့မှာ လွန်ခဲ့သည့် ရက်များကတည်းက ဤပွဲကြီးကို မလွတ်စေရန် ကြိုတင်စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေလိမ့်မည်။

​"အားလုံးပဲ ကိုယ့်အခြေအနေကို အမြန်ဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြ

ဒီကနေ့ တစ်ရက်တည်းမှာတင် လူတစ်ဝက်ကျော်က ပြိုင်ပွဲကနေ ထွက်ရလိမ့်မယ်

မလိုအပ်တဲ့ အကြောင်းပြချက်တွေကြောင့် ဒီတစ်သက်မှာ တစ်ကြိမ်ပဲရမယ့် အခွင့်အရေးကို အဆုံးရှုံးမခံကြနဲ့၊ အဲဒီကျမှ နောင်တရရင် မမီတော့ဘူး"

ယွင်ခုံးက အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြော သည်။

​ထိုစကားကြောင့် ပြိုင်ပွဲဝင်တပည့်များမှာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ကြိုးစားကြတော့သည်။ ဤမျှကြီးမားသော ပွဲမျိုးကို သူတို့တစ်ခါမျှ မကြုံဖူးကြသဖြင့် စိတ်လှုပ်ရှားနေကြသည်မှာ အဆန်းမဟုတ်ပေ။

ကိုယ့်အရည်အချင်းကိုယ် အကြွင်းမဲ့ ယုံကြည်မှုရှိမှသာ ဤအခြေအနေကို ကျော်လွှားနိုင်မည် ဖြစ်သည်။

​"မင်းတို့ကော အဆင်ပြေရဲ့လား"

ထန်ထျန်းက ဘေးမှ လန်ယွီ ညီအစ်မကို လှည့်မေးလိုက်သည်။

​သူတို့နှစ်ဦးစလုံးက ခေါင်းညိတ်ပြကြပြီး မျက်နှာတွင် စိုးရိမ်စိတ် လုံးဝမရှိဘဲ "သခင်လေး စိတ်ချပါ၊ ကျွန်မတို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။ သခင်လေးရဲ့ ပျိုးထောင်ပေးမှုတွေကို အလဟဿ မဖြစ်စေရ ပါဘူး" ဟု တိုးတိုးလေး ဖြေကြသည်။

​သူတို့၏ ကျင့်ကြံခြင်းအဆင့် မှာလည်း နတ်ဝိညာဉ်အသွင်ပြောင်းခြင်း နှောင်းပိုင်းသို့ ရောက်ရန် အတော်လေး နီးစပ်နေပြီဖြစ်ကာ အခြေခံမှာလည်း ခိုင်မာသဖြင့် အခက်အခဲ သိပ်ရှိမည်မဟုတ်ပေ။

လီဟုန်ဆိုလျှင်လည်း ပေါင်းစည်းခြင်း အလယ်အလတ်အဆင့် သို့ ရောက်နေပြီဖြစ်၍ ပြိုင်ပွဲအပြီးတွင် နတ်ဆိုးမျှော်စင် စမ်းသပ်မှုကိုပင် ကောင်းကောင်း ရင်ဆိုင်နိုင်မည် ဖြစ်သည်။

​အားလုံး အဆင်ပြေသည်ကို မြင်မှ ထန်ထျန်းက ရှေ့သို့ ပြန်လှည့်လိုက်သည်။

ထိုစဉ် သူ့နောက်ဘက်မှ တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာလေးဖြစ်သည့် ကုရှောင်းရွှယ်ကို တွေ့လိုက်ရပေသည်။

​သို့သော် ထန်ထျန်း ကြည့်လိုက်သည့်အခါတွင်မူ သူမက ခေါင်းကို ငုံ့သွားပြန်သည်။ ထန်ထျန်းမှာ ခေါင်းခါယမ်းမိ၏။ ဤမိန်းကလေးမှာ ဂိုဏ်းက ထွက်လာကတည်းက သူမကို တွေ့တိုင်း စိတ်နှင့်လူနှင့် မကပ်သလို ဖြစ်နေသည်မှာ အဆန်းပင်။

ဘာများ ဖြစ်နေတာပါလိမ့်။

​ထန်ထျန်းက သူမကို ခေါ်မေးရမလားဟု စဉ်းစားနေခိုက်တွင်ပင် ချီယွမ်၏ အသံက ဘေးမှ ထွက်ပေါ်လာသည်။

​"ကျီယန်ဂိုဏ်းကလူတွေ ရောက်လာပြီ"

​ထန်ထျန်း သတိပြန်ဝင်လာကာ ချီယွမ် ပြသည့်ဘက်သို့ ကြည့်လိုက်သည်။

ချိုင့်ဝှမ်း၏ ဗဟိုတည့်တည့်ဆီသို့ ကျီယန်ဂိုဏ်းသား တစ်သိုက်မှာ တည်ငြိမ်စွာ လျှောက်လှမ်းလာကြသည်။

သူတို့တွင် ပြိုင်ပွဲဝင်ဦးရေ များများစားစား မရှိဘဲ ချင်းယွဲ့ ဂိုဏ်းထက်ပင် နည်းနေသေးသည်။

သို့သော် လူနည်းသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော အော်ရာ နှင့် ဖိအားမှာမူ အလွန်ပင် ပြင်းထန်လှပေသည်။

​အဝေးက လှမ်းကြည့်လျှင်ပင် ထိုဖိအားကို ခံစားနေရချေသည်။

သို့သော် ထိုအရာမှာ သာမန်တပည့်များအတွက်သာ ဖြစ်ပေသည်။

​"တကယ်ကို သန်မာတာပဲ"

ထန်ထျန်းက ခေါင်းညိတ်၍ မှတ်ချက်ပေးလိုက်သည်။

​ချိုင့်ဝှမ်းအလယ်တွင် ကျီယန်ဂိုဏ်းကဲ့သို့ပင် အင်အားကြီးသည့် အခြားဂိုဏ်းကြီးအချို့လည်း ရှိနေသေးသည်။

ထိုသူများထဲတွင် ကျီယန်ဂိုဏ်းထက်ပင် ပို၍ ထိတ်လန့်စရာကောင်းသော ကျင့်ကြံသူများ ပါဝင်နေသေးသည်။

ထိုနေရာသည်ပင် ထိပ်ဆုံး ၁၀ နေရာကို အမြဲသိမ်းပိုက်ထားသည့် ဂိုဏ်းများ၏ နေရာဖြစ်ပေသည်။

​"သန်မာတာပေါ့၊ သူတို့ရတဲ့ အရင်းအမြစ်တွေက ငါတို့ဂိုဏ်းနဲ့ ယှဉ်လို့တောင် မရဘူးလေ"

​"ပြီးတော့ ဒါက သူတို့ရဲ့ ဒုတိယအဆင့် ပါရမီရှင် တပည့်တွေပဲ ရှိသေးတာ။ အတော်ဆုံးလူတွေကတော့ သီးသန့်လမ်းကြောင်းကနေ ထျန်းဖူနန်းတော်ထဲ ရောက်ကုန်ကြပြီ။

မင်းကြည့်နေလိုက်၊ ဒီနေ့ ပထမဆုံး နေ့ မှာ သူတို့ဆီက လူသုံးယောက်လောက် ပြုတ်သွားရင်တောင် အဲဒါက သူတို့ညံ့လို့ပဲ ဖြစ်လိမ့်မယ်"

ချီယွမ်က ပြော သည်။

​ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။

၎င်းမှာ အမှန်ပင် ဖြစ်ပေသည်။

​ဂိုဏ်းပေါင်းစုံတိုက်ပွဲ၏ စည်းမျဉ်းမှာ ကျပန်းယှဉ်ပြိုင်ခြင်းနှင့် ရမှတ်တွက်ချက်ခြင်း စနစ်ဖြစ်ပေသည်။

လူတိုင်း၏ အစမှတ်မှာ သုည ဖြစ်သည်။ နိုင်လျှင် ၁ မှတ်ပေါင်းပြီး ရှုံးလျှင် ၁ မှတ် နုတ်မည်ဖြစ်သည်။ သရေကျလျှင်မူ မှတ်မရပေ။

ရမှတ် ၂ မှတ် ရသည်နှင့် နောက်တစ်ဆင့် တက်ခွင့်ရမည် ဖြစ်သည်။

​ဆိုလိုသည်မှာ နှစ်ပွဲဆက်တိုက် နိုင်လျှင်ပင် နောက်တစ်ဆင့် တက်နိုင်ချေပြီ။

အကယ်၍ ကံမကောင်းဘဲ အစွမ်းထက်သည့် ပြိုင်ဘက်နှင့် တိုးခဲ့လျှင်လည်း ဆက်လက် ယှဉ်ပြိုင်ခွင့် ရှိနေသေးသည်။

အရည်အချင်းရှိလျှင်တော့ မှတ်ပြည့်အောင် စုဆောင်းနိုင်မည်သာ ဖြစ်သည်။

ကျီယန်ဂိုဏ်းကဲ့သို့ လူများအတွက်မူ ပထမရက်မှာပင် ရှုံးနိမ့်သွားဖို့ဆိုသည်မှာ အလွန်ခဲယဉ်းလှပေသည်။

​ချင်းယွဲ့ ဂိုဏ်းအနေနှင့်မူ ပထမပွဲတွင် တပည့် လေးပုံတစ်ပုံခန့်သာ ပြုတ်သွားနိုင်ခြေ ရှိပေသည်။

အကြောင်းမှာ ပထမဆုံး အစပျိုးရုံသာ ရှိသေးပြီး ပွဲစဉ်မှာ နှစ်ပတ် ခန့် ကြာမြင့်ဦးမည် ဖြစ်သောကြောင့်ပင်။

​ထန်ထျန်းက ပွဲစဉ်ဇယားကို ပြန်လည် စဉ်းစားနေစဉ် ရင်းနှီးသော အကြည့်တစ်ချက်ကို ထပ်မံ ခံစားလိုက်ရပြန်သည်။

​စိတ်ပျက်လက်ပျက်ဖြင့် လှည့်ကြည့်လိုက်ရာ ကုရှောင်းရွှယ်နှင့် မျက်လုံးချင်း တည့်တည့်တိုးတော့သည်။

ကုရှောင်းရွှယ်က မျက်နှာလွှဲရန် ပြင်လိုက်စဉ်မှာပင် ထန်ထျန်းက တိုက်ရိုက် လက်လှမ်းခေါ်လိုက်တော့သည်။

​"ဒီကို လာခဲ့"

​"မင်းမှာ ပြောစရာရှိရင်လည်း ငါ့ရှေ့လာပြီးပဲ ပြော"

​သူက ဤမိန်းကလေးအား အရေးကြီးသည့်အချိန်တွင် စိတ်မပါဘဲ ပွဲဖျက်သွားမည်ကို အမှန်ပင် စိုးရိမ်နေမိသည်။

ယနေ့ပွဲတွင် ထျန်းဖူနန်းတော် မှ လူ များကပါ ကိုယ်တိုင်ကြည့်ရှုနေသဖြင့် ကောင်းကောင်း စွမ်းဆောင်နိုင်လျှင် အကျိုးကျေးဇူးများ ရရှိနိုင်ပေသည်။

​ထန်ထျန်း၏ ရုတ်တရက် ခေါ်ယူမှုကြောင့် ကုရှောင်းရွှယ်မှာ ကြောင်အသွားသည်။

သူမ၏ အကြည့်များမှာ စိုးရိမ်ထိတ်လန့်နေပုံရသော်လည်း ခဏမျှ တွန့်ဆုတ်နေပြီးနောက်တွင်မူ မတ်တတ်ထရပ်ကာ ထန်ထျန်း၏ ရှေ့သို့ လိမ်မာစွာဖြင့် ရောက်ရှိလာတော့သည်။

​"ကဲ... ပြောပါဦး၊ ဘာတွေဖြစ်နေတာလဲ"

ထန်ထျန်းက မေးမြန်းလိုက်ပေတော့သည်။

All Chapters