ချင်မင်းကြီးနှင့် ရှဝူချယ်...
Vol. 3 Ch. 27
" ဝမ်ကျန့်ကို ပြောလိုက်။ " ရင်ကျန့်က ပြောလိုက်သည်။ " ဒီလိုသူရဲကောင်းကို ဘယ်လိုအသုံးချပြီး နေရာချမလဲဆိုတာ သူ့ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ။ "
" နားလည်ပါပြီ။ အရှင်မင်းကြီး တင်ပြစရာ နောက်တစ်ခုရှိပါသေးတယ်။ " ယွီလျောင်က ရိုသေစွာ ပြောလိုက်သည်။
" ပြောပါ။ " ရင်ကျန့်က ကြည့်လိုက်သည်။
" ပေါင်ယွမ်ရဲ့ ချုံခိုတိုက်ခိုက်မှု အောင်မြင်သွားတာက လီထန် အဆင်ခြင်မဲ့ ရှေ့တိုးခဲ့လို့ပါ။ ထောက်ပို့တပ်ဖွဲ့က ထောက်ပံ့ပို့ဆောင်ရေးအတွက်ပဲ တာဝန်ရှိတာပါ။ ရှေ့တန်းမှာ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ဒါတောင်မှ သူတို့က ပြန်တိုက်ခိုက်ခဲ့လို့ ပေါင်ယွမ်ရဲ့ တပ်ဖွဲ့ကို ချေမှုန်းနိုင်ခဲ့တာပါ။ ဒါပေမယ့် ထောက်ပို့တပ်ဖွဲ့က ကျဆုံးသွားတဲ့ စစ်သားတွေအတွက် နစ်နာကြေးက တိုက်ခိုက်ရေးစစ်သည်တွေထက် အများကြီး နည်းနေပါတယ်။ "
" ဒီထောက်ပို့တပ်သားတွေက စစ်သူကြီးတစ်ယောက်ရဲ့ အမှားကြောင့် သေဆုံးခဲ့ရပေမယ့် သူတို့က ရဲရဲဝံ့ဝံ့ တိုက်ရင်း ကျဆုံးခဲ့ကြတာပါ။ ဒါကြောင့် အရှင်မင်းကြီး ကရုဏာထားတဲ့အနေနဲ့ ဒီကျဆုံးသွားတဲ့ ထောက်ပို့စစ်သားတွေကိုလည်း တိုက်ခိုက်ရေးစစ်သည်တွေအတိုင်း နစ်နာကြေးပေးသနားရန် ကျွန်တော်မျိုး ရိုသေစွာ တောင်းခံအပ်ပါတယ်။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
သူစကားပြောပြီးသည်နှင့် ရင်ကျန့်၏ အမူအရာက အနည်းငယ် လှုပ်ရှားသွားသည်။
" အရှင်မင်းကြီး " ထိုအချိန်တွင် အသံတစ်ခုက ကြားဖြတ်ဝင်ပြောလိုက်သည်။ " ဘွဲ့ထူးအဆင့်စနစ်ကို အပျက်ခံလို့မဖြစ်ပါဘူး။ တကယ်လို့ သူတို့အားလုံးကို တိုက်ခိုက်ရေးစစ်သည်တွေအတိုင်း နစ်နာကြေးပေးလိုက်ရင် နိုင်ငံတော်ဘဏ္ဍာနဲ့ ရိက္ခာတွေကို မလိုအပ်ဘဲ ဆုံးရှုံးစေပါလိမ့်မယ်။ "
" ကျွန်တော်မျိုးတို့ ချင်နိုင်ငံရဲ့ စစ်ဆင်ရေးတွေကြောင့် နိုင်ငံတော်ဘဏ္ဍာက နေ့တိုင်း သုံးစွဲနေရပါတယ်။ ဒီကိစ္စကြောင့် ဘွဲ့ထူးအဆင့်စနစ်ကို ရှုပ်ထွေးသွားအောင် လုပ်လို့မရပါဘူး။ " စကားပြောလိုက်သူက အရပ်ဘက်အရာရှိများဘက်မှ ဝန်ကြီးချုပ်ဝမ်ဝမ်ပင် ဖြစ်သည်။
" ကျွန်တော်မျိုးလည်း သဘောတူပါတယ်။ "
" ဘွဲ့ထူးစနစ်နဲ့ နိုင်ငံတော် အသုံးစရိတ်တွေကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် နိုင်ငံအတွက် ထိခိုက်နိုင်ပါတယ်။ မင်းကြီးအနေနဲ့ ဒါကို ပြန်လည်စဉ်းစားသင့်ပါတယ်။ "
ဝမ်ဝမ်၏ နောက်တွင် အခြားအရပ်ဘက်အရာရှိများက တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောလိုက်ကြသည်။
" ဝန်ကြိးချုပ်ဝမ် တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သည်တွေကို နိုင်ငံတော်ဘဏ္ဍာရေးအသုံးစရိတ်ကြောင့် မျက်နှာသာမပေးဘူးဆိုရင် ဒါက စစ်တပ်တစ်ခုလုံးကို စိတ်ဓာတ်ပျက်ပြားစေလိမ့်မယ်။ " ယွီလျောင်က ဝမ်ဝမ်ဘက်သို့ လှည့်ပြောလိုက်သည်။
" ဘွဲ့ထူးစနစ်က စနစ်အတိုင်းပဲ ရှိတယ်။ ထောက်ပို့တပ်နဲ့ ပင်မတပ်ရဲ့ စနစ်ကလည်း သူ့ဟာနဲ့သူ ရှိပြီးသားပါ။ " ဝမ်ဝမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
" အရာရာကိုသာ အလိုရှိသလို ပြောင်းလဲနေမယ်ဆိုရင် အနာဂတ်မှာ စည်းမျဉ်းနဲ့ ဥပဒေတွေကို ဘယ်လိုထိန်းသိမ်းမလဲ။ "
ယွီလျောင်က ပြုံးလိုက်သည်။ " စည်းမျဉ်းတွေက အရေးကြီးတာ မှန်ပေမယ့် ထောက်ပို့တပ်ဖွဲ့ကလူတွေကလည်း စစ်သားတွေပါ။ သူတို့ရဲ့ တာဝန်က ထောက်ပံ့ပို့ဆောင်ရေးကိစ္စတွေဖြစ်ပေမယ့် တိုက်ပွဲထဲထိ ဝင်ရောက်ခဲ့ရတယ်။ "
" သူတို့က နိုင်ငံတော်အတွက် အသက်ပေးခဲ့ကြတာပဲ။ ဒါကြောင့် သူတို့က ကျဆုံးသွားတဲ့ တိုက်ခိုက်ရေးစစ်သည်တွေ ရသင့်တဲ့ နစ်နာကြေးနဲ့ ထိုက်တန်ပါတယ်။ ချင်နိုင်ငံရဲ့ အင်အားဆိုတာ လက်နက်တွေရဲ့ ထက်ရှမှုနဲ့ စစ်သည်တွရဲ့ စိတ်ဓာတ်အပေါ်မှာ မူတည်နေတာပါ။ "
" ဒါက စာနာမှုအရ ဖြစ်နိုင်ပေမယ့် နိုင်ငံတော် ဥပဒေအရဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ " ဝမ်ဝမ်က ပြောလိုက်သည်။
" စစ်တပ်စွမ်းဆောင်မှုနဲ့ အပြစ်ပေးမှုကို တာဝန်ယူထားတဲ့ တပ်မှူးဝေ မင်းကိုယ်တိုင် ဒါကို သိသင့်ပါတယ်။ "
" တော်ကြတော့။ " ရင်ကျန့်က ဝင်ပြောလိုက်သည်။
" အရှင်မင်းကြီး " ဝမ်ဝမ်နှင့် ယွီလျောင်တို့က ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
" နိုင်ငံတော်ရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေကို ချိုးဖောက်လို့မရပေမယ့် နိုင်ငံတော်အတွက် အသက်ပေးခဲ့တဲ့ စစ်သည်တွေကိုလည်း လျစ်လျူရှုလို့မရဘူး။ ကျဆုံးသွားတဲ့ တိုက်ခိုက်ရေးစစ်သည်တွေ ရရှိမယ့် နစ်နာကြေးရဲလ တစ်ဝက်ကို သူတို့ကို ပေးလိုက်ပါ။ ဒါက ငါသူတို့ကို ပေးရမယ့် ရှင်းပြချက်လို့ သတ်မှတ်လိုက်မယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားလှပါတယ်။ " ယွီလျောင်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
ဝမ်ဝမ်က တိတ်ဆိတ်နေသည်။
" ဝန်ကြီးချုပ်ဝမ် ငါပြောတာ ကြားရဲ့လား။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ဝမ်ဝမ်ကို စိုက်ကြည့်လိုက်သည်။
ရင်ကျန့်၏ အရှိန်အဝါ ရှေ့တွင် ဝမ်ဝမ်က ဦးညွှတ်ရုံသာ တတ်နိုင်ခဲ့သည်။ " ကျွန်တော်မျိုး နားလည်ပါပြီ။ "
" ကောင်းပြီ။ အခြားတင်ပြစရာမရှိရင် ဒီနေ့ ညီလာခံသိမ်းမယ်။ "
" သမားတော်ကြီးရှ ငါနဲ့ ကျန်းထိုင်နန်းဆောင်ကို လိုက်ခဲ့ပါဦး။ " ရင်ကျန့်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူက ခန်းမထဲမှ လှည့်ထွက်သွားသည်။
ရင်ကျန့်ထွက်သွားပြီးသောအခါ ဝမ်ဝမ်က ယွီလျောင်အနီးသို့ လျှောက်သွားပြီး မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
" ဝန်ကြီးယွီက အိမ်ထောင်မှုမစီမံရသေးတော့ ဆန်စျေး၊ ဆီစျေးကို မသိတာ မထူးဆန်းပါဘူး။ ချင်နိုင်ငံက ဟန်နိုင်ငံနဲ့ စစ်ဖြစ်နေတာ သုံးလရှိပြီ။ ငါတို့ရဲ့ စစ်သည်သုံးသိန်းက နေ့တိုင်း ရိက္ခာတွေ ဘယ်လောက်တောင် သုံးစွဲနေလဲဆိုတာ မင်းသိရဲ့လား။ "
" ငါက အိမ်ထောင်မှုကို မစီမံရပေမယ့် ချင်နိုင်ငံရဲ့ အင်အားကိုတော့ သိပါတယ်။ " ယွီလျောင်က လှောင်ပြောင်လိုက်သည်။
" ဟန်နိုင်ငံကို ဖျက်ဆီးတာက အင်အားအချို့ ကုန်ပေမယ့် မင်းပြောသလောက်တော့ မဆုံးရှုံးပါဘူး။ လက်ရှိဝန်ကြီးချုပ်က အရင်ဝန်ကြီးချုပ် စုဆောင်းထားခဲ့တဲ့ ရိက္ခာနဲ့ အထောက်အပံ့တွေ အားလုံးကို ကုန်အောင် သုံးလိုက်ပြီလား။ ဒါမှမဟုတ် လက်ရှိလူက အရင်လူထက် ညံ့နေလို့လား။ " ယွီလျောင်က သူ၏ အင်္ကျီလက်ကို ဝှေ့ရမ်းပြီး ထွက်ခွာသွားသည်။
ယွီလျောင်၏ စကားကြောင့် ဝမ်ဝမ်၏ မျက်နှာက ဒေါသကြောင့် နီရဲသွားသော်လည်း သူ့ကိုသူ ထိန်းချုပ်လိုက်သည်။ ၎င်းက အပေါ်ယံတွင် စည်းလုံးညီညွှတ်နေသည်ဟု ထင်ရသော နန်းတွင်းမှူးမတ်များ၏ ပဋိပက္ခပင် ဖြစ်သည်။
ရင်ကျန့်က အာဏာကို ထိန်းချုပ်ပြီးနောက် ချင်နိုင်ငံတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။ ယခင် နန်းတွင်းကို မျိုးဆက်ဟောင်းများက လွှမ်းမိုးထားသော်လည်း ရင်ကျန့်က အစဉ်အလာများကို မကြည့်ဘဲ အရည်အချင်းရှိသူများကို နေရာပေးသည့် မူဝါဒကို ကျင့်သုံးခဲ့သည်။ ထို့ကြောင့် နန်းတွင်းတွင် လူဟောင်းနှင့် လူသစ်များကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။
ကျန်းထိုက်နန်းဆောင်က ချင်ဘုရင်အဆက်ဆက်၏ အိပ်ဆောင်ဖြစ်သည်။
" သမားတော်ကြီးရှ ရောက်လာပါပြီ။ " ကျောက်ကောင်းက အပြင်မှ အသိပေးလိုက်သည်။
ရှဝူချယ်က နန်းဆောင်အတွင်းသို့ လျှောက်ဝင်လာသည်။ သူဝင်လာသည်နှင့် ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ကျောက်ကောင်းကို ထွက်သွားခိုင်းလိုက်သည်။
" ယောက္ခမကြီး " ရင်ကျန့်က နွေးထွေးစွာ ပြောလိုက်သည်။
" အရှင်မင်းကြီး " ရှဝူချယ်က ဦးညွှတ်ပြီး ပြန်ပြောလိုက်သည်။
" ယောက္ခမကြီးနဲ့ နောက်ဆုံးတွေ့ခဲ့တာ တစ်လရှိပြီ။ ကျုပ်ကို တွေ့တာ ဒီလောက်တောင် စိတ်ပျက်စရာကောင်းနေလို့လား။ " ရင်ကျန့်က အားမလိုအားမရနှင့် မေးလိုက်သည်။
" အရှင်မင်းကြီးက အတွေးလွန်နေပါပြီ။ " ရှဝူချယ်က ပြုံး၍ ပြန်ပြောလိုက်သည်။
" ကျွန်တော်မျိုးရဲ့ စိတ်သဘောထားကိုလည်း အရှင်မင်းကြီးသိတာပဲ။ နန်းတွင်းကိုလည်း မကြိုက်ဘူး။ နန်းတော်ထဲမှာ နေရတာ ပိုတောင်မကြိုက်ဘူး။ ကျွန်တော်မျိုးရဲ့ တစ်ခုတည်းသော ဆန္ဒက ဆေးပညာကို လေ့လာဖို့ပါပဲ။ "
ထိုစကားကိုကြားသောအခါ ရင်ကျန့်က ပြုံးလိုက်ပြီး သူ၏ မျက်နှာတွင် စိတ်မကောင်းသော အရိပ်အယောင်များ ပေါ်လာသည်။
" ဖြစ်နိုင်ရင် ယောက္ခမကြီး နန်းတော်ကို ခဏခဏ လာပေးပါ။ ဒီနှစ်တွေမှာ ကျုပ်ဘေးမှာ ရင်ဖွင့်တိုင်ပင်စရာ လူတစ်ယောက်မှမရှိတော့ဘူး။ "
" ကောင်းပါပြီ။ " ရှဝူချယ်က ခေါင်းညိမ့်လိုက်သည်။
" ဆေးပညာနည်းစနစ်အသစ်တွေကို ဘယ်နှစ်ယောက်သိထားလဲ။ " သူက မေးလိုက်သည်။
" ကျောက်ဖုန်းက ဒဏ်ရာချုပ်တဲ့ပညာနဲ့ အပူပေးပိုးသတ်တဲ့ နည်းလမ်းကို ကျွန်တော်မျိုးတပည့် ဆရာချန်ကို သင်ပေးပါတယ်။ ကျွန်တော်မျိုး တပည့်ကမှတစ်ဆင့် အခြားဆေးဆရာတွေကို သင်ပေးခဲ့တာပါ။ " ရှဝူချယ်က ရှင်းပြလိုက်သည်။
" ဒီလိုဆေးပညာတွေက ငါတို့ စစ်တပ်ရဲ့ ကျဆုံးမှုကို ဒီလောက်အထိ လျှော့ချပေးနိုင်တယ်။ တကယ် အရင်မဖြစ်ဖူးတဲ့ ကိစ္စပဲ။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အဲ့လိုသာမဟုတ်ရင် ကျွန်တော်မျိုးက သူ့အတွက် အရှင်မင်းကြီးဆီမှာ ဆုလာဘ်တောင်းပေးနေမှာမဟုတ်ပါဘူး။ "
" ပြီးတော့ အဲ့ဒီလူငယ်က ဒီပညာတွေကို သင်ပေးတဲ့အခါ ဘယ်လိုတောင်းဆိုမှုတွေရှိခဲ့လဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ကျွန်တော်မျိုးတပည့်က သူ့အကြောင်းကို စကားတစ်ခွန်းပဲ ပြောတယ်။ သမားတော်ရဲ့ ကရုဏာစိတ်နဲ့ ပြည့်ဝတယ်။ " ရှဝူချယ်က ရယ်မောပြီး ပြောလိုက်သည်။
" ယောက္ခမကြီးက သူ့ကို တပည့်အဖြစ် လက်ခံဖို့ စဉ်းစားနေတာလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" မှန်ပါတယ်။ ကျွန်တော်မျိုးရဲ့ ဆေးပညာက ထိပ်ဆုံးကို ရောက်နေပြီလို့ ထင်ခဲ့ပေမယ့် တကယ်တော့ ကျွန်တော်မျိုးထက် သာတဲ့သူတွေ အမြဲရှိနေခဲ့တယ်။ တကယ်လို့ ဒီကောင်လေးကိုသာ စနစ်တကျ လမ်းညွှန်ပေးမယ်ဆိုရင် သမားတော်ကြီးတစ်ယောက်ဖြစ်လာမှာပါ။ " ရှဝူချယ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" ဒီလူငယ်က အရမ်းသတ္တိရှိတဲ့သူပဲ။ ဝမ်ကျန့်ကိုယ်တိုင်က သူ့ကို နေရာတစ်ခုပေးဖို့ အစီရင်ခံထားတယ်။ သူ့ကို ဆေးတပ်ဖွဲ့မှာ ထားရင် သူ့ရဲ့ ပါရမီတွေကို ဖြုန်းတီးပစ်သလို ဖြစ်နေပါတယ်။ ယောက္ခမကြီး တစ်ခုခုတောင်းဆိုတာ ရှားတယ်။ ဒါပေမယ့် အခုတစ်ခါ ကျွန်တော်မဖြည့်ဆည်းပေးနိုင်သေးဘူး။ "
" အရှင်မင်းကြီးက အလေးအနက် ပြောနေပါပြီ။ " ရှဝူချယ်က ပြောလိုက်သည်။ " သတ္တိရှိတဲ့ စစ်သူကြီးတစ်ယောက်နဲ့ နှိုင်းယှဉ်ရင် သမားတော်တစ်ယောက် မွေးထုတ်ပေးဖို့ဆိုတာ သိပ်အရေးမကြီးပါဘူး။ "
" ယောက္ခမကြီး အခု ကျုပ်တစ်ကမ္ဘာလုံးကို စုစည်းဖို့ ခြေလှမ်းစနေပါပြီ။ ဟန်နိုင်ငံကို သိမ်းပိုက်တာက ပထမအဆင့်ပဲ။ ဒုတိယအဆင့်က ကျောက်နိုင်ငံပဲ။ ယောက္ခမကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင် ကျုပ်လုပ်ပေးပါမယ်။ " ရင်ကျန့်က ကတိပေးလိုက်သည်။