တိုက်ခိုက်ရေးစစ်သည်များ...
Vol. 3 Ch. 29
ကျောက်ဖုန်းက ဝမ်ယန်အား မည်သူဖြစ်သည်ကို ခန့်မှန်းမိခြင်းမှာ သူမ၏ မျိုးရိုးနာမည်က ဝမ်ဖြစ်နေခြင်းနှင့် ကိုယ်ရံတော်တပ်ဖွဲ့၏ စောင့်ရှောက်မှုကို ခံနေရသောကြောင့် ဖြစ်သည်။
ဝမ်မိသားစုမှာ ချင်နိုင်ငံတစ်ခုလုံးတွင် အရှိန်အဝါအကြီးဆုံးနှင့် အမြင့်မြတ်ဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သည်။ ဝမ်ယန်က နိုင်ငံရေးအတွက် အိမ်ထောင်ပြုရန် ကံကြမ္မာမှ လွတ်မြောက်ရန် ခက်ခဲလှသည်။
" မင်းရဲ့ စကားတွေက သာမန်အရပ်သားတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို မသိသေးဘူးဆိုတာ ပြနေတယ်။ မင်းက သာမန်မိသားစုမှာ မွေးဖွားချင်တယ်လို့ ဆုတောင်းနေပေမယ့် တကယ်ဆိုရင် အ့ဒီထက် ပိုတဲ့ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရဦးမှာ။ ဒီကမ္ဘာမှာ မင်းအထင်သေးတဲ့ အဆင့်မြင့်မျိုးနွယ်မှာ မွေးဖွားဖို့အတွက်ဆိုရင် လူပေါင်းများစွာက အသက်တောင် ပေးဝံ့ကြလိမ့်မယ်။ " ကျောက်ဖုန်းက သူမကို နှစ်သိမ့်နေခြင်းမဟုတ်ဘဲ အရှိတရားကိုသာ ပြောပြနေခြင်းဖြစ်သည်။
သူမက နိုင်ငံရေးအိမ်ထောင်ရေးကို ခုတုံးလုပ်ခံရမည့်အပေါ် ညည်းတွားနေနိုင်သော်လည်း သာမန်လူများက ထိုအခွင့်အရေးမျိုးပင် မရနိုင်ပေ။ သူတို့အလိုရှိသည်မှာ ဖရိုဖရဲဖြစ်နေသော ခေတ်တွင် အသက်ရှင်နိုင်ရန်သာ ဖြစ်သည်။
" ဖြစ်နိုင်ပါတယ်။ " ဝမ်ယန်က ငြင်းဆိုခြင်းမရှိပေ။
သူတို့နှစ်ယောက်က တစ်ယောက်နောက် တစ်ယောက် လိုက်ပြီး ဆက်လျှောက်လာကြသည်။ စခန်းတစ်ခုသို့ ရောက်သောအခါ ဝေးကွာသောနေရာမှ လေ့ကျင့်ရေးဆင်းနေသော အသံများကို ကြားလိုက်ရသည်။
" စစ်သူကြီးကို ဂါရဝပြုပါတယ်။ " စခန်းတံခါးဝသို့ ရောက်သောအခါ ကင်းစောင့်တာဝန်ကျနေသော စစ်သားများက ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
" နေပါ။ " ဝမ်ယန်က စခန်းအတွင်းသို့ လှမ်းဝင်သွားသည်။
ကျောက်ဖုန်းကလည်း စိတ်ဝင်တစားဖြင့် နောက်မှ ထပ်ကြပ်မကွာလိုက်ပါသွားသည်။ သူက ပင်မတိုက်ခိုက်ရေးစခန်းသို့ ယခုမှ ရောက်ဖူးခြင်းဖြစ်သည်။
စခန်းအတွင်း စစ်သည်သောင်းချီဝင်ဆံ့သော ကျယ်ပြန့်သည့် စစ်ရေးပြကွင်းကြီးက သူတို့ရှေ့တွင် ပေါ်လာသည်။ ထိုအချိန်တွင် စစ်ရေးပြကွင်း၌ လေ့ကျင့်ခန်းလုပ်ဆောင်နေကြသော စစ်သည်များရှိနေကြသည်။ ချင်နိုင်ငံ၏ စစ်တပ်ကို ကျားနှင့် ဝံပလွေစစ်တပ်အဖြစ် ခေါ်ဝေါ်ကြသည်။
ချင်စစ်တပ်က ဆုပေးဒဏ်ပေးစနစ်ကြောင့်သာမက ပြင်းထန်သော လေ့ကျင့်မှုများကလည်း အခြားနိုင်ငံများထက် သာလွန်သည်။ အထူးသဖြင့် ချင်စစ်တပ်က ပူးပေါင်းတိုက်ခိုက်မှုများတွင် အားသာကြသည်။
ဝမ်ယန်၏ တပ်ရင်းမှ စစ်သည်များက ကွင်းတစ်ခုတွင် ဟိန်းဟောက်ပြီး လေ့ကျင့်နေကြသည်။ လှံရှည်တိုက်ခိုက်မှု၊ ဘေးပစ်လေ့ကျင့်မှု၊ စစ်ဗျူဟာလေ့ကျင့်မှု စသည်တို့ဖြစ်သည်။
ကျောက်ဖုန်းက စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေသည်။
" ဘယ်လိုထင်လဲ။ " ဝမ်ယန်က ခေါင်းလှည့်ပြီး မေးလိုက်သည်။ " ထောက်ပို့တပ်ဖွဲ့နဲ့ ဘာတွေကွာခြားလဲ။ "
" သူတို့ရဲ့ စိတ်ဓာတ်တွေပဲ။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
ရှေ့တန်းတိုက်ခိုက်ရေးစစ်သည်များနှင့် ထောက်ပို့တပ်သားများ၏ စိတ်ဓာတ်များက ကွာခြားလှသည်။
" ဒီလူတွေက သေခြင်းတရားကို မျက်နှာချင်းဆိုင်ဖူးကြသူတွေပဲ။ သူတို့တစ်ယောက်ချင်းစီကနေ သတ်ဖြတ်လိုစိတ်ကို ခံစားရတယ်။ "
ထိုလူများက ချင်နိုင်ငံ၏ တကယ့်စစ်သားများဖြစ်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထောက်ပို့တပ်ဖွဲ့မှ စစ်သားများက အချိန်ဖြုန်းနေသူများသာ ဖြစ်ပြီး ထိုကဲ့သို့ ထက်မြတ်ပြ ပြင်းထန်သည့် စိတ်ဓာတ်မျိုးမရှိကြပေ။
ယန်မြို့ကို စောင့်ကြပ်နေသော တိုက်ခိုက်ရေးစစ်သည်များက ရှေ့တန်းသို့ မထွက်ရသေးသော်လည်း သူတို့၏ လေ့ကျင့်မှုများက အဆက်မပြတ်ရှိနေသည်။ အခြားတစ်ဖက်တွင် ထောက်ပို့တပ်ဖွဲ့က အလောင်းများ ကောက်ယူခြင်းနှင့် ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းထက် ပိုမလုပ်ကြပေ။
" စိတ်ဓာတ်ဟုတ်လား။ " ဝမ်ယန်က အနည်းငယ် နားမလည်ဖြစ်သွားသည်။
" ဒီတိုက်ခိုက်ရေးစစ်သည်တွေရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေ ရှိနေသလို စစ်သည်တစ်ယောက်ရဲဘ ဟန်အမူအရာတွေလည်း ရှိကြတယ်။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။ " သူတို့က စိတ်အားထက်သန်မှုအပြည့်နဲ့ လေ့ကျင့်နေကြတာပဲ။ ထောက်ပို့တပ်ဖွဲ့က ပေါ့လျော့တယ်။ အဲ့ဒါက အဓိက ကွာခြားချက်ပဲ။ "
" နင်ပြောတာ မှန်တယ်။ " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။
" ကျုပ် လန်ထျန်းစခန်းမှာ ရှိနေတာကြာပြီ။ ဒါပေမယ့် မြင်းတပ်ကို တစ်ခါမှမတွေ့ဖူးသေးဘူး။ လန်ထျန်းမှာ မြင်းတပ်မရှိဘူးလား။ " ကျောက်ဖုန်းက စိတ်ဝင်တစား မေးလိုက်သည်။
" ငါတို့ ချင်နိုင်ငံမှာ အဓိကစစ်စခန်း ဘယ်နှစ်ခုရှိလဲဆိုတာ နင်သိလား။ " ဝမ်ယန်က ပြန်မေးလိုက်သည်။
" ကျုပ်ကတော့ လန်ထျန်းနဲ့ လီရှန်းအကြောင်းပဲ ကြားဖူးပါတယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" အဲ့ဒီနှစ်ခုအပြင် မြောက်ပိုင်းနယ်မြေစခန်းလည်း ရှိသေးတယ်။ ချင်နိုင်ငံရဲ့ မြင်းတပ်အားလုံးနီးပါးက မြောက်ပိုင်းစခန်းမှာပဲ ရှိကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အဓိကတာဝန်က မြောက်ပိုင်းက တိုင်းတပါးသားမျိုးနွယ်စုတွေကို ရင်ဆိုင်ဖို့ပဲ။ " ဝမ်ယန်က ရှင်းပြလိုက်သည်။
" သူတို့က ငါတို့ရဲ့ မြောက်ပိုင်းနယ်သပ်ကို အမြဲတမ်း လာရောက်တိုက်ခိုက်နေကြတာ။ မြင်းတပ်သာမရှိရင် သူတို့ကို နှိမ်နင်းဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် လန်ထျန်းမှာလည်း မြင်းတပ်ရှိပါတယ်။ အင်အားငါးထောင်လောက်ပဲရှိတယ်။ သူတို့ကိုတော့ စစ်ကူပေးဖို့ပဲ တာဝန်ပေးလေ့ရှိတယ်။ "
" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
မြောက်ပိုင်းတပ်ဖွဲ့များက ရှုံးနူနှင့် အခြားတိုင်းတစ်ပါးမျိုးနွယ်စုများကို တန်ပြန်တိုက်ခိုက်ရခြင်းဖြစ်သည်။ တစ်ဖက်တွင် လန်ထျန်းစခန်းက နိုင်ငံခြောက်ခုကို သိမ်းပိုက်ရန်အတွက် ချင်နိုင်ငံ၏ ပင်မစစ်တပ်ဖြစ်သည်။
ဝူအန်းကျွင်း ပိုင်ချီပြီးနောက် ဝမ်ကျန့်က ချင်နိုင်ငံ၏ စစ်သေနာပတိချုပ် ဖြစ်လာခဲ့ပြီး အမြဲတမ်း အောင်ပွဲခံနိုင်သည့် မရှုံးနိမ့်သူဖြစ်လာခဲ့သည်။
" လူစုကြ။ " ဝမ်ယန်က လက်မြှောက်ပြီး အော်ဟစ်လိုက်သည်။
စစ်ရေးကွင်းပြင်ရှိ စစ်သည်အားလုံးက ချက်ချင်း စုရုံးလာကြသည်။
" ဘာလို့သူတို့ကို ခေါ်လိုက်တာလဲ။ " ကျောက်ဖုန်းက အံ့ဩစွာဖြင့် ပြောလိုက်သည်။
" နင်က ဟန်နိုင်ငံရဲ့ စစ်သေနာပတိချုပ်ကို သတ်ခဲ့တဲ့သူလေ။ စစ်တပ်ထဲက စစ်သားတွေက နင့်အကြောင်း အရမ်းသိချင်နေကြတာ။ အခု နင်ဒီကိုရောက်နေတာ သူတို့နဲ့ မတွေ့ခိုင်းဘဲ ဘယ်နေပါ့မလဲ။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်သည်။
" မဟုတ်တာ အဲလိုမလုပ်သင့်ဘူးလေ။ " ကျောက်ဖုန်းက အနည်းငယ် ကြောင်သွားသည်။
သို့သော် စစ်ရေးကွင်းပြင်မှ စစ်သည်များက လျင်မြန်စွာဖြင့် စုရုံးလာကြသည်။ ခဏအတွင်း တိုက်ခိုက်ရေးစစ်သည် လေးထောင်နီးပါးက စုဝေးနေကြပြီဖြစ်သည်။ ဝမ်ယန်က စစ်သည်ငါးထောင်ကို ကွပ်ကဲသော်လည်း ယန်မြို့တိုက်ပွဲပြီးနောက် ၃၆၀၀ သာကျန်တော့သည်။ အခြားသူများက တိုက်ပွဲတွင် ကျဆုံးသွားကြသည်။
မကြာမီ ထောင်ချီသော မျက်လုံးများက ကျောက်ဖုန်းနှင့် ဝမ်ယန်ပေါ်သို့ ကျရောက်လာသည်။ ကျော်ကြားသော စစ်သေနာပတိချုပ်၏ သမီးဖြစ်သကဲ့သို့ သူမကိုယ်တိုင်ကလည်း စစ်သူကြီးတစ်ယောက်ဖြစ်သဖြင့် ထိုသို့ အကြည့်ခံရခြင်းကို ကျင့်သားရနေပြီဖြစ်သည်။
ကျောက်ဖုန်းက ယုံကြည်မှုရှိပြီး ပွင့်လင်းသူဖြစ်သော်လည်း ထောင်ချီသော လူများ၏ အကြည့်များအောက်တွင် ထူးဆန်းမှုတစ်ခုကို ခံစားနေရသည်။ သို့သော် ၎င်းက ကြောက်ရွံ့မှုတော့မဟုတ်ပေ။
" ချင်နိုင်ငံရဲ့ တိုက်ခိုက်ရေးစစ်သည်တို့။ " ဝမ်ယန်က လက်မြှောက်ပြီး အော်ဟစ်လိုက်သည်။
" ဝေ့ ဝေ့ ဝေ့.... " စစ်သည်သုံးထောင်ကျော်ကလည်း လက်မြှောက်ပြီး ကြွေးကြော်လိုက်ကြသည်။
" လွန်ခဲ့တဲ့ ငါးရက်က တိုက်ပွဲမှာ ထောက်ပို့တပ်က တပ်စုမှူး ကျောက်ဖုန်းက သူ့လူတွေကို ဦးဆောင်ပြီး ရဲရဲဝံ့ဝံ့တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးမှာ ငါတို့စစ်တပ်နဲ့ ထောက်ပို့တပ်ဖွဲ့ ပူးပေါင်းပြီး ရန်သူတွေကို ချေမှုန်းနိုင်ခဲ့တယ်။ "
" ပြီးတော့ အခု ငါ့ဘေးမှာ ရပ်နေတဲ့သူကတော့ " ဝမ်ယန်က ကျောက်ဖုန်းကို ညွှန်ပြပြီး ပြောလိုက်သည်။ " ကျောက်ဖုန်းကိုယ်တိုင်ပဲ။ "
ထိုစကား၏ အဆုံးတွင် စစ်ရေးပြကွင်းရှိ စစ်သည်များအားလုံးက ကျောက်ဖုန်းက လေးစားမှု၊ ကျေးဇူးတင်မှုတို့ဖြင့် ကြည့်လိုက်ကြသည်။ ယန်မြို့ကို စောင့်ကြပ်နေသော သူတို့အတွက်မူ အကယ်၍ ပေါင်ယွမ်သာ အောင်မြင်သွားလျှင် လီထန်တစ်ယောက်တည်း တာဝန်ရှိသည်မဟုတ်ဘဲ စစ်တပ်တစ်ခုလုံး အပြစ်ရှိသွားမည်ဖြစ်သည်။ ကျောက်ဖုန်းက သူတို့ကို ကယ်တင်လိုက်ခြင်းသာ ဖြစ်သည်။
" ကျေးဇူးတင်ပါတယ် တပ်စုမှူးကျောက်။ " တပ်မှူးတစ်ယောက်က အော်လိုက်သည်နှင့် နောက်မှ စစ်သားများကလည်း လိုက်လံအော်ဟစ်လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျောက်ဖုန်း၏ စိတ်ထဲတွင် မဖော်ပြနိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
" ဒါက စစ်တပ်အတွင်းမှာပဲ တွေ့နိုင်တဲ့ သူရဲကောင်းစိတ်ဓာတ်ပဲ။ ငါ ဒါမျိုး တစ်ခါမှမမြင်ဖူးဘူး။ " ကျောက်ဖုန်းက တဖြည်းဖြည်း တည်ငြိမ်သွားပြီး ရှေ့သို့တိုးကာ ပြေလိုက်သည်။
" ဒါက ကျုပ်ရဲ့ တာဝန်ပါပဲ။ "
" အားလုံးအတွက် သတင်းကောင်းရှိတယ်။ " ဝမ်ယန်က ကြေညာလိုက်သည်။ " ကျောက်ဖုန်းက မကြာခင် ပင်မတိုက်ခိုက်ရေးတပ်ကို ရောက်လာတော့မှာပဲ။ "
စစ်သည်များအားလုံးက အံ့ဩခြင်းမရှိကြပေ။ ထိုမျှရဲစွမ်းသတ္တိရှိသူက ထောက်ပို့တပ်တွင် မဟုတ်ဘဲ ပင်မတပ်ဖွဲ့တွင်သာ ရှိရမည်ဖြစ်သည်။