ဝမ်ကျန့်၏ တုန်လှုပ်မှု...
Vol. 3 Ch. 21
" သူက ငါ့ကို မိန်းကလေးတစ်ယောက်မှန်း တကယ်သိနေတာပဲ။ ငါ ဘာလို့စစ်မြေပြင်ကို လာခဲ့တာလဲဆိုတာကိုလည်း သူခန့်မှန်းမိပုံရတယ်။ " ဝမ်ယန်က အချိန်အတော်ကြာမှ ရေရွတ်လိုက်သည်။
" မိန်းကလေးတစ်ယောက်အနေနဲ့ ငါလည်း ဒီမှာ ရှိမနေချင်ပါဘူး။ ဒါပေမယ့် ငါသာ စစ်မြေပြင်ကို မလာရင် စစ်တပ်စွမ်းဆောင်မှုတွေ ယူပြီး ငါ့ရဲ့ အခြေအနေကို မပြောင်းလဲနိုင်ရင် ချင်စစ်သေနာပတိချုပ်ရဲ့ သမီးဖြစ်နေရင်တောင် ငါ့ရဲ့ ကံကြမ္မာက လူကြီးတွေပေးစားတဲ့ အိမ်ထောင်ရေးကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ မဟာမိတ်တစ်ခုအတွက် အနစ်နာခံရတဲ့ နယ်ရုပ်တစ်ခု ငါမဖြစ်ချင်ဘူး။ ငါ့ဘဝကို ငါကိုယ်တိုင်ပဲ ဆုံးဖြတ်ချင်တယ်။ " ဝမ်ယန်က သူမ၏ ရင်ထဲမှ စကားများကို ထုတ်ပြောလိုက်သော်လည်း ကျောက်ဖုန်းကတော့ မကြားနိုင်တော့ပေ။
မှူးမတ်မျိုးနွယ်များတွင် သားဖြစ်သူမှာ ဂုဏ်သိက္ခာအတွက် ဖြစ်သော်လည်း သမီးဖြစ်သူက မဟာမိတ်ဖွဲ့ရန်အတွက် အနစ်နာခံရသူများသာ ဖြစ်သည်။ ထိုခဏတွင် ကျောက်ဖုန်း၏ စကားများက ဝမ်ယန်၏ စိတ်ကို လှိုင်းထန်စေခဲ့သည်။
သူမ၏ အသက်ကို ကယ်တင်ခဲ့သည့်အတွက် ကျေးဇူးတင်စိတ်နှင့် ပွင့်ပွင့်လင်းလင်း ပြောခဲ့သောစကားများက သူမ၏ စိတ်ထဲတွင် တစ်ခါမှ မခံစားဖူးသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
ချင် ဟန် နယ်စပ်တွင် ဝမ်ကျန့်က သူ၏ ရှေ့မှ မြေပုံကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။ တံခါးပွင့်သွားပြီးနောက် ဝမ်ပင်းက ပြုံးရွှင်သော အမူအရာနှင့် အထဲသို့ ဝင်လာသည်။
" ဘယ်လိုဖြစ်သွားလဲ။ " ဝမ်ကျန့်က ချက်ချင်း မေးလိုက်သည်။
" အဖေ အကျပ်အတည်းကတော့ ပြေလည်သွားပြီ။ " ဝမ်ပင်းက စိတ်သက်သာရာရစွာဖြင့် ပြောလိုက်သည်။
" ဘယ်လိုပြေလည်သွားတာလဲ။ လီထန်က စစ်ကူခေါ်လိုက်တာလား။ ဒါပေမယ့် အဲ့ဒါဆိုရင် အချိန်မီမှာမဟုတ်ဘူး။ "ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
ယန်မြို့တွင် ပုန်းအောင်းနေသော ဟန်တပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်မှုအကြောင်းကို ယမန်နေ့က သူသိခဲ့ရသည်။ အခြေအနေကို သိသိချင်း ဝမ်ကျန့်က ရိက္ခာပို့ဆောင်ရေးကို ရပ်တန့်စေခဲ့ပြီး ပင်မစစ်တပ်မှ စစ်သားများကို ပြန်လည်တုန့်ပြန်ရန် ဆင့်ခေါ်ခဲ့သည်။
ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်သကဲ့သို့ ဟန်နိုင်ငံကို ချေမှုန်းမည့် စစ်ဆင်ရေးတွင် တာဝန်ယူထားသော ဝမ်ကျန့်မှာ ပေါင်ယွမ်ထက် သာလွန်သော အရည်အချင်းများရှိသည်မှာ သေချာသည်။
" အဖေ ဒီတိုက်ပွဲရဲ့ အစီရင်ခံစာက တကယ်မယုံကြည်နိုင်စရာပဲ။ " ဝမ်ပင်းက အသေးစိတ်မပြောသေးဘဲ စကားစလိုက်သည်။
" ကျွန်တော်လည်း အသေးစိတ်တော့ မသိသေးဘူး။ ယန်အာတင်ပြထားတဲ့ အစီရင်ခံစာကို အရင်ကြည့်ပါဦး။ "
သူက အစီရင်ခံစာကို ဝမ်ကျန့်ဆီသို့ ပေးလိုက်သည်။ ဝမ်ကျန့်က အစီရင်ခံစာကို ဖတ်ပြီး စိတ်လှုပ်ရှားသွားသည်။ အခြေအနေကို သေချာနားလည်သွားသောအခါ သူကပြုံးလိုက်သည်။
" ဒါဆို ဟန်စစ်သားရှစ်ထောင်လုံး ချေမှုန်းခံလိုက်ရပြီပေါ့။ ပြီးတော့ သူတို့က ယန်မြို့က ထွက်ပြီး ငါတို့ ရိက္ခာလမ်းကြောင်းကို မတိုက်နိုင်ခဲ့တာက ငါတို့ ထောက်ပို့တပ်ဖွဲ့က သူတို့ကို တားဆီးနိုင်ခဲ့တာပေါ့။ ဒါကြောင့် ယန်အာက အချိန်မီရောက်လာပြီး သူတို့ကို ချေမှုန်းနိုင်ခဲ့တာပေါ့။ "
" မှန်ပါတယ်။ အဲ့ဒီထောက်ပို့တပ်က ကြီးမားတဲ့ အကျိုးကိုဆောင်ခဲ့တာပဲ။ " ဝမ်ပင်းက ပြောလိုက်သည်။ " ဒါပေမယ့် ထောက်ပို့စစ်သားတစ်သောင်းမှာ ခြောက်ရာကျော်ပဲ အသက်ရှင်ခဲ့တယ်။ "
" အဲ့ဒီထောက်ပို့တပ်ကို ရက်ရက်ရောရော ဆုချလိုက်ပါ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " သူတို့ရဲ့ မကြောက်မရွံ့ စိတ်ဓာတ်က ငါတို့ရဲ့ ပင်မတပ်ဖွဲ့တွေမကဘူး။ ထောက်ပို့တပ်ကလည်း သတ္တိရှိတဲ့ ယောကျာ်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သက်သေပြလိုက်တာပဲ။ "
" ငါ အရှင်မင်းကြီးဆီကို ဒီအစီရင်ခံစာ ပေးပို့ရမယ်။ ဒီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ထောက်ပို့စစ်သားတွေရဲ့ မိသားစုတွေကို ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုများတဲ့ ထောက်ပံ့ကြေးပေးရမယ်။ ဒါက သူတို့ရဲ့ သတ္တိရှိရှိ တိုက်ခိုက်ခဲ့တဲ့အတွက် ရသင့်တဲ့အရာပဲ။ "
" အဖေက အမြော်အမြင်ရှိပါတယ်။ " ဝမ်ပင်းက သဘောတူလိုက်သည်။
ဝမ်ကျန့်က ခေါင်းညိမ့်လိုက်ပြီး အစီရင်ခံစာကို ဆက်ဖတ်လိုက်သည်။ သူက ရုတ်တရက် ဝါးစာချပ်များကို ပိတ်ပြီး ထရပ်လိုက်သည်။ ထို့နောက် သူက မယုံကြည်စွာဖြင့် ထပ်မံဖွင့်ကြည့်ရာ သူ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
" အဖေ ဘာဖြစ်လို့လဲ။ " ဝမ်ပင်းက အံ့ဩစွာ မေးလိုက်သည်။ သူကိုယ်တိုင် အစီရင်ခံစာကို မဖတ်ရသေးဘဲ ဟန်စစ်တပ်ကို ချေမှုန်းနိုင်ခဲ့သည့်အကြောင်းကိုသာ သိထားသည်။
" လူတစ်ယောက်က ဟန်စစ်သား သုံးရာနီးပါးကို သတ်ခဲ့တယ်။ " ဝမ်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " ပြီးတော့ ဖရိုဖရဲဖြစ်နေတဲ့ တိုက်ပွဲကြားထဲမှာ သူကိုယ်တိုင် ပေါင်ယွမ်ကို သတ်ပစ်ခဲ့တယ်။ "
" ဗျာ..." ဝမ်ပင်းကလည်း သူ၏ ဖခင်ကဲ့သို့ အံ့ဩတုန်လှုပ်သွားသည်။ " လူတစ်ယောက်တည်းက ဟန်စစ်သားသုံးရာနဲ့ ပေါင်ယွမ်ကို သတ်ခဲ့တာလား။ "
" မင်းဖတ်ကြည့်လိုက်။ " ဝမ်ကျန့်က အစီရင်ခံစာကို ဝမ်ပင်းအား ပေးလိုက်သည်။
ဝမ်ပင်းကလည်း သေချာဖတ်ပြီးနောက် သူ၏ မျက်နှာတွင် စိတ်ရှုပ်ထွေးသော အမူအရာ ပေါ်လာသည်။
" ဒီလိုတိုက်ခိုက်ရေးစွမ်းရည်မျိုးက... ဒီလူက လူရောဟုတ်ရဲ့လား။ " ဝမ်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ပြီးတော့ သူက ထောက်ပို့တပ်ကပဲ။ ပင်မတပ်ဖွဲ့မှာတောင် သူနဲ့ ယှဉ်နိုင်မယ့်သူ မရှိလောက်ဘူး။ "
" ပြီးတော့ အဲ့ဒီနာမည်က ရင်းနှီးနေတယ်မဟုတ်လား။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။
" ကျောက်ဖုန်း " ဝမ်ပင်းက ရေရွတ်လိုက်သည်။
" ဟိုတစ်နေ့က ပေါင်ယွမ်ရဲ့သား ပေါင်ချိုးကို သတ်ခဲ့တာလည်း အဲ့ဒီလူရဲ့ လက်ချက်ပဲ။ သူတစ်ယောက်တည်းနဲ့ ပေါင်ယွမ်တို့ သားအဖနှစ်ယောက်လုံးကို သတ်ခဲ့တယ်။ တကယ့်ကို ကံကြမ္မာဆက်နွယ်မှုပဲ။ " ဝမ်ကျန့်က ရယ်လိုက်သည်။
" အဖေ ဒီလောက်သန်မာတဲ့သူက ဘယ်လိုလုပ် ထောက်ပို့တပ်ထဲ ရောက်နေတာလဲ။ " ဝမ်ပင်းက မေးလိုက်သည်။ " ပြီးတော့ ဒီလောက်သန်မာတဲ့သူ ဒီကမ္ဘာမှာ ရှိရောရှိနိုင်ပါ့မလား။ "
" ကမ္ဘာကြီးက ကျယ်ပြောလွန်းတယ်။ ထူးချွန်တဲ့သူတွေ နေရာတိုင်းမှာ ရှိနေနိုင်တာပဲ။ ထောက်ပို့တပ်ထဲ ရောက်ခဲ့တာက သူ စစ်သင်တန်းတုန်းက သူ့ရဲ့ စွမ်းအားကို ထုတ်မပြထဲ့လို့ ပင်မတပ်ထဲ မရောက်ခဲ့တာပဲ။ "
" ဖြစ်နိုင်တာက သူ့ရဲ့ အရည်အချင်းကို ဖုံးကွယ်ထားတာလား ဒါမှမဟုတ် အဲ့ဒီတုန်းက ဒီလိုခွန်အားမျိုး မရှိသေးတာလားဆိုတာ သူကိုယ်တိုင်ပဲ သိလိမ့်မယ်။ " ဝမ်ကျန့်က ရှင်းပြလိုက်သည်။
" အဖေ ဒီလူက ကျွန်တော်တို့ စစ်တပ်အတွက် အလှည့်အပြောင်းကို ဖန်တီးပေးခဲ့တာပဲ။ ဟန်စစ်တပ်ကို တားဆီးနိုင်ခဲ့တာ သူ့ကြောင့်ပဲ။ သူသာ ရဲရဲဝံ့ဝံ့နဲ့ ထိုးဖောက် မတိုက်ခိုက်ခဲ့ရင် ထောက်ပို့တပ်က ဘယ်သူမှ ဟန်စစ်သားတွေကို ပြန်တိုက်ရဲမှာမဟုတ်ဘူး။ ပြီးတော့ သူက ဟန်စစ်သားသုံးရာနီးပါးနဲ့ ပေါင်ယွမ်ကိုပါ ရှင်းလင်းခဲ့တာပဲ။ ဒီလိုစွမ်းဆောင်မှုက တကယ်ကြီးမားတယ်။ " ဝမ်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ချင်နိုင်ငံရဲ့ ဆုလာဘ်သတ်မှတ်ချက်တွေအရ သူက ရာထူးဘယ်နှစ်ဆင့်တိုးသင့်လဲ။ " ဝမ်ကျန့်က မေးလိုက်သည်။
" ရန်သူကို သတ်ခဲ့တာက သူ ရာထူးနှစ်ဆင့် တိုးနိုင်ပါတယ်။ ဟန်စစ်သေနာပတိချုပ်ကို သတ်ခဲ့တဲ့အတွက် ရာထူးသုံးဆင့် တိုးနိုင်ပါတယ်။ တကယ်လို့ ဘွဲ့ထူးပေးမယ်ဆိုရင်တော့ ရာထူးတိုးတာက လျော့သွားနိုင်ပါတယ်။ "
ချင်နိုင်ငံတွင် ရန်သူများကို သတ်ဖြတ်ခြင်းက ရာထူးနှင့် ဘွဲ့ထူးများ ရရှိနိုင်သည်။ သို့သော် ရာထူးတိုးခြင်းကတစ်ပိုင်း ဘွဲ့ထူးရရှိခြင်းက တစ်ပိုင်းဖြစ်သည်။ ရာထူးက အာဏာနှင့် စစ်သားမည်မျှအုပ်ချုပ်ရမည်ကို ကိုယ်စားပြုပြီး ဘွဲ့ထူးက နှစ်စဉ်လစာနှင့် မြေယာပိုင်ဆိုင်မှုကို ကိုယ်စားပြုသည်။
" ပေါင်ယွမ်ကို သတ်ခဲ့တဲ့အကြောင်း မင်းကြီးဆီ တင်ပြရမယ်။ ဒီလူ့အတွက် ဆုလာဘ်က မင်းကြီးဆီက တိုက်ရိုက်လာလိမ့်မယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ပေါင်ယွမ်ရဲ့ ခေါင်း ရောက်လာတာနဲ့ ငါကိုယ်တိုင် မင်းကြီးဆီ အစီရင်ခံစာ ရေးမယ်။ "
" ဒီလောက်စွမ်းရည်မြင့်တဲ့သူကို ထောက်ပို့တပ်ထဲမှာ ထားလို့မရဘူး။ သူ့ကို ပင်မတပ်ဖွဲ့ထဲ ပြောင်းရွှေ့ပြီး ရန်သူတွေကို တိုက်ခိုက်ခိုင်းဖို့ အကြံပေးပါတယ်။ " ဝမ်ပင်းက သူ၏ အတွေးကို ပြောပြလိုက်သည်။
" မင်းပြောတာမှန်တယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။ " ဒီလိုထူးချွန်တဲ့သူမျိုးကို ပင်မတပ်ဖွဲ့ထဲ ပြောင်းရွှေ့ရမယ်။ "
ထောက်ပို့တပ်ဖွဲ့၏ ဖွဲ့စည်းပုံက ပင်မတပ်ဖွဲ့နှင့် တူညီနိုင်သော်လည်း သူတို့၏ အဆင့်အတန်းက ကွဲပြားသောအရာဖြစ်သည်။ ထောက်ပို့တပ်ဖွဲ့က အလောင်းများ သယ်ယူပို့ဆောင်ခြင်းကဲ့သို့ အထွေထွေကိစ္စများကို ကိုင်တွယ်ရသည်။
ကျောက်ဖုန်း၏ စွမ်းဆောင်မှုများအရ သူက ရာထူးနှင့် ဘွဲ့ထူးများ တိုးမြှင့်ခြင်းခံရမည်ဖြစ်သည်။ သို့သော် သူက ထောက်ပို့တပ်ဖွဲ့တွင်သာ ဆက်ရှိနေလျှင် ရာထူးတိုးခြင်းက အဓိပ္ပါယ်မရှိပေ။ သူက ပင်မတပ်ဖွဲ့သို့ ပြောင်းရွှေ့နိုင်မှသာ စစ်မှန်သော ရာထူးတိုးခြင်းဖြစ်ပေလိမ့်မည်။
" ဒီလိုထူးချွန်တဲ့သူကို ကျွန်တော် တကယ်ကဲ တွေ့ချင်မိတယ်။ " ဝမ်ပင်းက ပြုံး၍ ပြောလိုက်သည်။
ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။
" ဆရာချန်ဆီက အစီရင်ခံစာ ရောက်လာပါတယ်။ " ဝမ်ကျန့်၏ ကိုယ်ရံတော်တပ်မှူးက အစီရင်ခံစာကို ကိုင်ပြီး ဝင်ရောက်လာသည်။
" ဆရာချန်က ဆရာရှရဲ့ ထိပ်တန်းတပည့်တစ်ယောက်ပဲ။ ပြီးတော့ ကျွန်တော်တို့ လန်ထျန်းစခန်းရဲ့ အဓိကဆေးဆရာတစ်ယောက်ပဲ။ သူ့ဆီက အစီရင်ခံစာက အရေးကြီးလောက်တယ်။ " ဝမ်ပင်းက ပြောလိုက်သည်။
" မှန်တယ်။ " ဝမ်ကျန့်က အစီရင်ခံစာကို ယူလိုက်ပြီး ဖတ်ရှုနေစဉ် သူ၏ အမူအရာက ထူးဆန်းလာသည်။
" အဖေ ဘာဖြစ်လို့လဲ။ " ဝမ်ကျန့်၏ အမူအရာကို ကြည့်ပြီး ဝမ်ပင်းက စိုးရိမ်စွာ မေးလိုက်သည်။ " ကုသရေးစခန်းမှာ တစ်ခုခုဖြစ်လို့လား။ ယန်အာက ပေါင်ယွမ်ရဲ့ လက်ထဲမှာ သေလုနီးပါးဖြစ်ခဲ့တယ်လို့ ကြားတယ်။ အဲ့ဒါ ယန်အာအကြောင်းလားမသိဘူး။ "