ဆရာချန်၏ တောင်းဆိုမှု...
Vol. 3 Ch. 22
" မင်းညီမက ပေါင်ယွမ်လက်ထဲမှာ သေလုနီးပါးဖြစ်ခဲ့တာလား။ " ဝမ်ယန်၏ သတင်းကို ကြားလိုက်ရသောအခါ ဝမ်ကျန့်၏ အမူအရာက ပြောင်းလဲသွားသည်။
" အဲ့ဒီအစီရင်ခံစာက ယန်အာအကြောင်းမဟုတ်ဘူးလား။ " ဝမ်ပင်းက အနည်ူင်ယ စိုးရိမ်သွားသည်။
ဝမ်ယန်၏ သတင်းက သယမကို ကာကွယ်ရန် သူ စေလွှတ်ထားသော ကိုယ်ရံတော်တစ်ယောက်က သတင်ပို့ခဲ့ခြင်းဖြစ်သည်။ အကြောင်းမှာ ဝမ်ယန်နှင့် ပက်သက်သည့် မည်သည့်ကိစ္စမဆို သူ့ထံသို့ သတင်ပို့ရန် အမိန့်ပေးထားသောကြောင့်ဖြစ်သည်။
" ငါမင်းကို မေးနေတယ်။ " ဝမ်ကျန့်က မျက်မှောင်ကြုတ်ပြီး လေသံမာမာနှင့် မေးလိုက်သည်။ " မင်းညီမက ပေါင်ယွမ် လက်ချက်နဲ့ သေမလိုဖြစ်ခဲ့တာလား။ "
" အဖေ ယန်အာကို ကာကွယ်ဖို့ ကျွန်တော် လွှတ်ထားတဲ့သူက သတင်းပို့ခဲ့တာပါ။ " ဝမ်ပင်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ " တိုက်ပွဲက တကယ်အန္တရာယ်များခဲ့တယ်။ ယန်အာက စွမ်းဆောင်မှုကောင်းရချင်တာနဲ့ ပေါင်ယွမ်နောက် အတင်းလိုက်ခဲ့တော့ သတိမထားမိဘဲ ပေါင်ယွမ် ကိုယ်ရံတော်တွေရဲ့ အလစ်ငိုက်တိုက်ခိုက်ခံလိုက်ရတယ်။ ကံကောင်းချင်တော့ ကျောက်ဖုန်းက အချိန်မီရောက်လာပြီး ပေါင်ယွမ်ကို သတ်ပြီး ယန်အာကို ကယ်လိုက်နိုင်တယ်။ "
" အဲ့ဒီကောင်မလေးက စစ်မြေပြင်ရဲ့ အန္တရာယ်ကို တကယ် နားမလည်ဘူး။ စွမ်းဆောင်မှုကောင်းရချင်တာနဲ့ ဒီလောက်ထိ အဆင်ခြင်မဲ့ လုပ်ရလား။ " ဝမ်ကျန့်က စိုးရိမ်စိတ်၊ ဒေါသစိတ်များဖြင့် ပြောလိုက်သည်။
" အဖေ ဒါနဲ့ အစီရင်ခံစာထဲမှာ ဘာရေးထားတာလဲ။ " ဝမ်ပင်းက စကားလမ်းကြောင်းလွှဲလိုက်သည်။ " ဆရာချန်က လူနာတွေ ကုသဖို့ပဲ အာရုံစိုက်နေတာပါ။ သူက ဘယ်လိုလုပ် အစီရင်ခံစာရေးရတာလဲ။ "
" ဒီကျောက်ဖုန်းဆိုတဲ့လူကတော့..." ဝမ်ကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " တကယ်ထူးခြားတဲ့လူပဲ။ "
ဝမ်ပင်းက နားမလည်နိုင်သော ပုံစံဖြင့်သာ ကြည့်နေသည်။
" ဆရာချန်က ငါ့ဆီက လူတစ်ယောက်တောင်းနေတယ်။ သူ့လိုချင်တဲ့လူက ကျောက်ဖုန်းတဲ့။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" သူက ကျောက်ဖုန်းကို ဘာလို့တောင်းတာလဲ။ " ဝမ်ပင်းက ပို၍ နားမလည်နိုင်ဖြစ်သွားသည်။
" ကျောက်ဖုန်းက ဆေးပညာမှာလည်း ကျွမ်းကျင်တယ်။ သူက ဒဏ်ရာချုပ်တဲ့ပညာနဲ့ ပိုးသတ်တဲ့ နည်းလမ်းတစ်ခုကို ဖန်တီးခဲ့တယ်လို့ ပြောတယ်။ အဲ့ဒီပညာတွေကြောင့် ကုသရေးစခန်းက စစ်သားတွေရဲ့ ရှင်သန်မှုနှုန်းက သိသိသာသာ မြင့်တင်လာခဲ့တယ်။ "
" အစက ဒဏ်ရာပြင်းထန်တဲ့ စစ်သားဆယ်ယောက်မှာ တစ်ယောက်လောက်ရှင်ရင် ကံကောင်းတယ်လို့ပဲ သတ်မှတ်ကြတယ်။ ဒါပေမယ့် ကျောက်ဖုန်းရဲ့ နည်းလမ်းနဲ့ဆိုရင် ဒဏ်ရာပြင်းထန်တဲ့ စစ်သားနှစ်ရာကျော်မှာ ဆယ်တစ်ယောက်၊ ဆယ့်နှစ်ယောက်လောက်ပဲ သေပြီး ကျန်တဲ့သူတွေအားလုံး အသက်ရှင်နိုင်ခဲ့တယ်။ " ဝမ်ကျန့်က အံ့ဩစွာ ပြောလိုက်သည်။
ချင်နိုင်ငံ၏ စစ်သေနာပတိချုပ်တစ်ယောက်အနေဖြင့် သူက ချင်တပ်ဖွဲ့များအကြောင်းနှင့် ဒဏ်ရာရသူများ၏ သေဆုံးနှုန်းကို ကောင်းစွာ နားလည်ထားသည်။ ဆရာချန်၏ အစီရင်ခံစာမှ ဆေးပညာဆိုင်ရာတိုးတက်မှုက စစ်တပ်အတွက်သာမက ချင်နိုင်ငံတစ်ခုလုံးအတွက် မည်မျှသက်ရောက်မှုရှိသည်ကို သူ ကောင်းကောင်း နားလည်ထားသည်။
" ဒီလောက် အံ့ဩစရာကောင်းတဲ့ ဆေးပညာမျိုး တကယ်ရှိတာလား။ " ဝမ်ပင်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
" အဲ့လိုသာမဟုတ်ရင် ဆရာချန်က ငါဆီကို အစီရင်ခံပြီး လူတောင်းမှာမဟုတ်ဘူး။ " ဝမ်ကျန့်က သိလိုစိတ်ဖြင့် ပြောလိုက်သည်။
" အဲ့ဒီကျောက်ဖုန်းဆိုတဲ့လူက တကယ်ထူးချွန်တဲ့လူပဲ။ သူ့ရဲ့ ခွန်အားက ကြောက်စရာကောင်းတဲ့အပြင် ဆေးပညာမှာလည်း ကျွမ်းကျင်နေတယ်။ " ဝမ်မင်းက ချက်ချင်း အသိဝင်လာပြီး ပြောလိုက်သည်။ " အဖေ ဒီလိုပါရမီရှင်မျိုးကို ကျွန်တော်တို့ ချင်နိုင်ငံက မှန်မှန်ကန်ကန် အသုံးချရမယ်။ "
" ဆေးပညာဆိုတာ လက်ဆင့်ကမ်းသင်ကြားပေးလို့ရတယ်။ ဆရာချန်က သူ့ကို ဒီလောက်ချီးကျူးနေပြီး လူတွေလည်း အများကြီး ကယ်လိုက်နိုင်ပြီဆိုတော့ သူလည်း ကျောက်ဖုန်းရဲ့ နည်းစနစ်တွေကို သိသွားလောက်ပြီ။ "
" အဲ့ဒါဆိုရင် ကုသရေးစခန်းမှာ ကျောက်ဖုန်း ရှိရှိမရှိရှိ အရေးမကြီးတော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ချင်စစ်တပ်မှာတော့ ကျောက်ဖုန်းလို ရဲစွမ်းသတ္တိရှိတဲ့သူ မရှိလို့မဖြစ်ဘူး။ ဒီလောက် ရဲစွမ်းသတ္တိရှိတဲ့သူတစ်ယောက်ကို ဆေးတပ်သားလေးတစ်ယောက်အဖြစ် ဘယ်လိုလုပ်ခွင့်ပြုထားနိုင်မှာလဲ။ " ဝမ်ပင်း၏ အမြင်တွင် ကျောက်ဖုန်းက ပင်မစစ်တပ်နှင့်သာ ထိုက်တန်ပေသည်။
ဝမ်ကျန့်က ဝမ်ပင်းကို ကြည့်ပြီး ပြုံးလိုက်သည်။ " မင်းက ငါ့ကို လူအထင်နေတာလား။ ဒီလောက် ရဲစွမ်းသတ္တိရှိတဲ့သူကို ဆေးတပ်သားအဖြစ်ထားလိုက်တာကို မုန့်ဝူတို့သိသွားရင် ငါ့ကို လှောင်ကြမှာပေါ့။ "
" အဲ့ဒါဆို အဖေ..." ဝမ်ပင်းက ပြုံး၍ ဆက်ပြောလိုက်သည်။ " တကယ်လို့ ကျောက်ဖုန်းကို ပင်မတပ်ဖွဲ့ဆီ ရွှေ့ပြောင်းပေးရင် ကျွန်တော်လက်အောက်မှာ ထားပေးပါ။ "
ထိုစကားကို ကြားသောအခါ ဝမ်ကျန့်၏ နှုတ်ခမ်းများက တွန့်ကွေးသွားသည်။ " မင်းမှာလည်း ကိုယ်ပိုင်အစီအစဉ်တွေ ရှိနေတယ်ပေါ့။ ဒါပေမယ့် မင်းရဲ့ တပ်ဖွဲ့က အခု အရံတပ်ဖွဲ့ပဲရှိသေးတယ်။ အဓိကတိုက်ခိုက်ရေးတပ်ဖွဲ့မဟုတ်သေးဘူး။ ကျောက်ဖုန်းကို ပင်မတပ်ဖွဲ့ဆီ ရွှေ့ပြောင်းရင်တောင် လီထန်ရဲ့ လက်အောက်မှာ ထားရလိမ့်မယ်။ "
" ဒါဆို ဟန်နိုင်ငံကို သိမ်းပြီးရင်ရော " ဝမ်ပင်းက လက်မလျှော့ဘဲ ထပ်မေးလိုက်သည်။ သူက ထိုမျှ ရဲရင့်သော စစ်သားမျိုးကို မတွေ့ဖူးသောကြောင့် သူ၏ လက်အောက်တွင် ခေါ်ယူချင်နေသည်။
" အဲ့အချိန်ကျမှ ကြည့်ကြတာပေါ့။ " ဝမ်ကျန့်က ပြောလိုက်ပြီး သူ၏ အမူအရာက လေးနက်သွားသည်။
" ဟန်စစ်သားတစ်သောင်းနီးပါးက ယန်မြို့မှာ ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေခဲ့တာ ထောက်ပို့တပ်ဖွဲ့သာ အသက်ပေးပြီး မတိုက်ခိုက်ခဲ့ရင် ငါတို့ရဲ့ ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံရမှာသေချာတယ်။ ဒါဆို အကျိုးဆက်က မတွေးဝံ့စရာပဲ။ "
" ယန်မြို့က ခြုံခိုတိုက်ခိုက်ခံရတာ ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ။ လီထန်က အောင်မြင်မှုကို လောကြီးပြီး အလျင်စလို လုပ်ဆောင်ခဲ့တာပဲ။ သူ ဒီကိစ္စအတွက် တာဝန်ယူရမယ်။ "
" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ လီထန်ကို ပြင်းပြင်းထန်ထန် သတိပေးပြီး အခုလောလောဆယ် သူ့ကို အပြစ်မှတ်တမ်း တင်ထားလိုက်ပါ။ ဟန်နိုင်ငံကို အောင်နိုင်တဲ့အထိ အမှားမလုပ်ခဲ့ရင် ဒီအပြစ်ကို ပယ်ဖျက်ပေးနိုင်တယ်။ ဒါပေမယ့် သူ အမှားလုပ်ခဲ့ရင်တော့ အပြစ်ဟောင်းနဲ့အသစ်နဲ့ အားလုံးအတွက် ပြင်းပြင်းထန်ထန် အရေးယူခံရမယ်။ "
" အမိန့်အတိုင်းပါ။ " ဝမ်ပင်းက အမိန့်ကို ချက်ချင်း လက်ခံလိုက်သည်။
" သွားတော့ " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ပြီးတော့ ဒီအခြေအနေကို ရှန်းယန်မြို့ဆီ အစီရင်ခံစာပို့လိုက်ပါ။ စစ်ပွဲဘယ်လိုတိုးတက်နေလဲဆိုတာ မင်းကြီးသိပါစေ။ "
နှစ်ရက်ကြာပြီးနောက် ယန်မြို့ရှိ ကုသရေးစခန်းတွင် ကျောက်ဖုန်းက လန်ထျန်းစခန်း၏ အဓိကဆေးဆရာ ချန်နှင့် ပုခုံးချင်းယှဉ်ရပ်နေသည်။ ထိုအချိန်တွင် ဆရာချန်က အပ်နှင့် အပ်ချည်ကို အသုံးပြုပြီး ဒဏ်ရာပြင်းထန်သော စစ်သားတစ်ယောက်၏ ဒဏ်ရာကို ချုပ်ပေးနေသည်။
ဒဏ်ရာချုပ်ပြီးသောအခါ ကျောက်ဖုန်းက စစ်သား၏ ဒဏ်ရာကို ဆေးထည့်ပြီး ပတ်တီးစည်းပေးလိုက်သည်။
" လူတစ်ယောက်ကို ကုသပေးပြီး စွမ်းဆောင်မှုရမှတ် တစ်မှတ်ရရှိသည်။ "
"ဆရာချန်က အခုဆို ဒဏ်ရာချုပ်တဲ့ပညာကို တတ်မြောက်သွားပြီဆိုတော့ အခြားသူတွေကို လက်ဆင့်ကမ်းပေးဖို့က ဆရာချန်အပေါ်မှာပဲ မူတည်ပါတယ်။ အဲ့ဒါမှ ကျွန်တော်တို့ ချင်စစ်သားတွေ ပိုပြီး အသက်ရှင်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဟားဟား " ဆရာချန်က ရယ်မောလိုက်သည်။ " မင်းသင်ပေးတာ ကောင်းလို့ပါကွာ။ ပြီးတော့ မင်းရဲ့ ပါရမီက အံ့ဩစရာပဲ။ မင်း လူနာတွေကို ကုသတဲ့ နည်းစနစ်တွေက တစ်နေ့ထက် တစ်နေ့ ပိုပြီး ကျွမ်းကျင်လာတာပဲ။ "
ဒဏ်ရာချုပ်သည့် ပညာကို တတ်မြောက်သွားသည့်အတွက် ဆရာချန်က အလွန်ဝမ်းသာနေသည်။
" ဆရာချန် ကျွန်တော် ဆေးတပ်ဖွဲ့ထဲဝင်ချင်တယ်လို့ ပြောထားတာ ဘာထူးလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
ပေါင်ယွမ်နှင့် ဟန်စစ်သားများကို သတ်ဖြတ်ပြီးနောက် သူက ပို၍ သန်မာလာခဲ့သည်။ တိုက်ပွဲအပြီးတွင သူက အထက်လူကြီးများ၏ အာရုံစိုက်မှုခံနေရမည်ဖြစ်သည်ကို ကျောက်ဖုန်းက သိနေသည်။
ရန်သူစစ်သေနာပတိချုပ်ကို မပြောနှင့် ရန်သူစစ်သားများစွာကို သတ်ဖြတ်ခြင်းကပင် တုန်လှုပ်စရာကောင်းနေပြီဖြစ်သည်။ ထိုသို့သော စွမ်းဆောင်မှုက အလွန်ပင်ကြီးမားလှသည်။
သူ၏ စွမ်းအားအရ သူ့ကို ထောက်ပို့တပ်ဖွဲ့ထဲတွင် ထားမည်မဟုတ်ကြောင်း ကျောက်ဖုန်းက ယုံကြည်နေသည်။ ထို့ကြောင့် ဆရာချန်က သူ့ကို ကုသရေးစခန်းသို့ ခေါ်ချင်သည်ဟု ကြားသောအခါ ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားခဲ့သည်။
ကုသရေးစခန်းက စွမ်းဆောင်မှုရမှတ်များ စုဆောင်း၍ရသည့်အပြင် စစ်မြေပြင်သို့ မထွက်ရသောကြောင့် သက်သောင့်သက်သာရှိသော အလုပ်တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်ရက်အတွင်း ကျောက်ဖုန်းက အနားယူခြင်းမရှိဘဲ ကုသရေးစခန်းမှ ဆေးတပ်ဖွဲ့နှင့် ယန်မြို့အတွင်းမှ ဒဏ်ရာရသူများကို ဆက်လက်ကုသပေးနေခဲ့သည်။
ယခုအခါ ကျောက်ဖုန်း၏ စွမ်းဆောင်မှုရမှတ်က ၁၁၅မှတ် ရှိနေပြီဖြစ်သည်။ စွမ်းရည်အမှတ်များထက် စွမ်းဆောင်မှုရမှတ်များက သူ့အတွက် ပိုအကျိုးရှိသည်ဟု သူခံစားရသည်။
" အကြောင်းတော့မပြန်သေးဘူး။ ဒါပေမယ့် သေချာသလောက်ပါပဲ။ " ဆရာချန်က ပြုံး၍ ပြောလိုက်သည်။ " ငါ စစ်သေနာပတိချုပ် ဝမ်ကျန့်ဆီမှာ တစ်ခါမှ မတောင်းဆိုဖူးဘူး။ အဲ့ဒါကြောင့် သူငါ့ကို ငြင်းမှာမဟုတ်ဘူးထင်တယ်။ "
ထိုအချိန်တွင် ဝမ်ယန်က ကုသရေးစခန်း၏ ဝင်ပေါက်မှ လမ်းလျှောက်ဝင်လာသည်။
" တွေ့လား။ သတင်းရောက်လာပြီထင်တယ်။ " ဆရာချန်က ဝမ်ယန်ကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။
" ငါ ဆေးတပ်ဖွဲ့ထဲမှာ နေခွင့်ရရင်တော့ ကောင်းတာပေါ့။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် တွေးလိုက်သည်။
" ဆရာချန် ဒါက စစ်သေနာပတိချုပ်ဆီကလာတဲ့စာပါ။ " ဝမ်ယန်က ရောက်လာပြီး ဝါချပ်စာလိပ်ကို ကမ်းပေးလိုက်သည်။
" ကျေးဇူးပါ။ " ဆရာချန်က ၎င်းကို ယူပြီး ဖတ်လိုက်သည်။ သို့သော် ဝါးချပ်စာလိပ်အတွင်းမှ အကြောင်းအရာများကို ဖတ်ပြီးသောအခါ သူ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။