ကျောက်ဖုန်း၏ ဆုလာဘ်များ...
Vol. 3 Ch. 26
" သတင်းပို့ပါတယ်။ "နန်းတွင်းကိုယ်ရံတော်တပ်မှူး ရန်ရှောင်၏ အသံက ခန်းမအပြင်ဘက်မှ ထွက်ပေါ်လာသည်။ " သမားတော်ကြီး ရှဝူချယ် အခစားဝင်ဖို့ ခွင့်တောင်းနေပါတယ်။ "
ထိုနာမည်ကို ကြားသောအခါ ရင်ကျန့်၏ မျက်လုံးများက တောက်ပသွားပြီး သူ၏ လက်ကို ချက်ထျင်း ဝှေ့ရမ်းလိုက်သည်။ " ဝင်လာခိုင်းလိုက်။ "
ထို့နောက် ချင်သမားတော်ဝတ်စုံကို ဝတ်ဆင်ထားသော သက်ကြီးပိုင်း အမျိုးသားတစ်ယောက်က ခန်းမအတွင်းသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။ ခန်းမအတွင်းမှ မှူးမတ်များက သူ့ကို နွေးထွေးစွာ ကြည့်လိုက်ကြသည်။
" ကျွန်တော်မျိုး ရှဝူချယ် အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " သမားတော်ကြီးက ဝင်လာသည်နှင့် အနည်းငယ် ဦးညွှတ်လိုက်သည်။
ရင်ကျန့်၏ အကြည့်များက ပျော့ပျောင်းသွားပြီး သူ၏ လေသံကလည်း ပို၍ နူးညံ့သွားသည်။
" ဝန်ကြီးရှ ဘယ်လိုအရေးကြီးတဲ့ ကိစ္စများရှိလို့လဲ။ တကယ်အရေးကြီးတယ်ဆိုရင် နန်းတော်ထဲကို တိုက်ရိုက်ဝင်ပြီး ငါ့ကို အကြောင်းကြားလို့ရတာပဲ။ "
ထိုစကားကို ကြည့်ရုံနှင့် ရင်ကျန့်က ရှဝူချယ်ကို မည်မျှအထိ မျက်နှာသာပေးသည်ကို သိနိုင်သည်။
" အရှင်မင်းကြီး လန်ထျန်းစခန်းမှာ ဆေးပညာပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပါတယ်။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။
ရှဝူချယ် စိတ်လှုပ်ရှားနေပုံကို ကြည့်ပြီး ရင်ကျန့်နှင့် အခြားမှူးမတ်များကလည်း စိတ်ဝင်စားသွားကြသည်။ ထိုအဘိုးကြီးကို သူတို့ထဲက ဘယ်သူကမသိဘဲနေနိုင်မလဲ။ သူက ချင်နိုင်ငံ၏ အဓိကသမားတော်ကြီး ဖြစ်သကဲ့သို့ အရည်အချင်းအရှိဆုံး သမားတော်ကြီး ရှဝူချယ်ပင်ဖြစ်တော့သည်။
သူကိုယ်တိုင်က ဆေးပညာပါရမီရှင်ဟု ခေါ်ဆိုရန်အတွက် ထိုသူမှာ အမှန်တကယ် ထူးခြားသူဖြစ်ပေလိမ့်မည်။
" သမားတော်ကြီးရှက ပါရမီရှင်တပည့်တစ်ယောက် ထပ်ရတာလား။ " ယွီလျောင်က ပြုံး၍ မေးလိုက်သည်။
" သူက ကျုပ်တပည့်မဟုတ်ပါဘူး။ စစ်တပ်ထဲက ဆေးပညာပါရမီရှင်တစ်ယောက်ပါ။ " ရှဝူချယ်က ပြုံး၍ ပြန်ပြောလိုက်သည်။
" ဝန်ကြီးရှ အကျိုးအကြောင်းလေး ပြောပါဦး။ ဘယ်လိုပါရမီရှင်မျိုးမလို့ ဝန်ကြီးကိုယ်တိုင် နန်းတော်ထဲအထိလာပြီး အစီရင်ခံရတာလဲ။ " ရှဝူချယ်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ရင်ကျန့်က မေးလိုက်သည်။
" အရှင်မင်းကြီး စကားနဲ့တင် သက်သေပြဖို့ မလုံလောက်ပါဘူး။ " ရှဝူချယ်က သူ၏ ဝတ်ရုံထဲမှ ဝါးစာချပ်တစ်ခုကို ထုတ်ယူပြီး ဆက်သလိုက်သည်။
" ဒါကတော့ လန်ထျန်းစခန်းက ကျွန်တော်မျိုးရဲ့ တပည့်တွေ ပြုစုထားတဲ့ ဒဏ်ရာရစစ်သည်တွေရဲ့ ရှင်သန်မှုနှုန်းပါ။ "
ရင်ကျန့်၏ ဘေးတွင် ရပ်နေသော ကျောက်ကောင်းက ချက်ချင်း ဆင်းလာပြီး ရှဝူချယ်၏ လက်ထဲမှ ဝါးစာချပ်ကို ယူ၍ ရင်ကျန့်ကို ဆက်သလိုက်သည်။ ရင်ကျန့်က စိတ်ဝင်စားစွာဖြင့် ဝါးချပ်စာလိပ်ကို ဖြန့်ကြည့်လိုက်သည်။ ချက်ချင်း သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
" ဝန်ကြီးရှ " ရင်ကျန့်က စာလိပ်ကို ပိတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။ " ဝန်ကြီးတင်ပြတဲဘ ဒီအစီရင်ခံစာထဲက အကြောင်းအရာတွေက တကယ်ပဲ မှန်ကန်ရဲ့လား။ "
" ဒီအစီရင်ခံစာကို ကျွန်တော်မျိုးရဲ့ တပည့်ဖြစ်သူ ဆရာချန်ကိုယ်တိုင်က ရေးသားပြီး တင်ပြခဲ့တာပါ။ " ရှဝူချယ်က ပြန်ပြောလိုက်သည်။
" ဒါက လုံးဝမှန်ကန်ပါတယ်။ ဒဏ်ရာချုပ်တဲ့ပညာနဲ့ ပိုးသတ်တဲ့ နည်းလမ်းတွေက တကယ်ထူးခြားပြီး ထိရောက်မှုရှိပါတယ်။ ဆရာချန်ရဲ့ လေ့လာမှုအရ ဒဏ်ရာပြင်းထန်တဲ့ စစ်သားသုံစရာမှာ ၂၇၅ ယောက် အသက်ရှင်ခဲ့ပြီး ၂၅ယောက်ပဲ ဒဏ်ရာပြင်းလွန်းလို့ သေဆုံးသွားခဲ့ပါတယ်။ "
" ဒါ့အပြင် အသက်ရှင်နေတဲ့သူတွေထဲက ဘယ်သူမှ ခုနှစ်ရက်ဖျား(မေးခိုင်ပိုး) မဖြစ်ခဲ့ကြပါဘူး။ ဒါက အတိတ်တုန်းက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။ " ရှဝူချယ်၏ အိုမင်းနေသော မျက်နှာက သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ပေ။
ရှဝူချယ်၏ စကားကို ကြားသောအခါ မှူးမတ်များက နန်းတော်သို့ လာခဲသော ထိုအဘိုးကြီးက ယနေ့မှ ရုတ်တရက် ရောက်လာသည့် အကြောင်းရင်းကို နားလည်သွားကြသည်။
ချင်စစ်တပ်အတွက် ၎င်းက အရေးကြီးသော ကိစ္စတစ်ခုဖြစ်သည်။ စစ်ပွဲတိုင်းတွင် စစ်တပ်က ဒဏ်ရာရစစ်သည်များကြား ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ရလေ့ရှိသည်။ ယခင် ဒဏ်ရာပြင်းထန်သူ ဆယ်ယောက်တွင် တစ်ယောက်နှစ်ယောက် အသက်ရှင်နိုင်လျှင် အလွန်ကံကောင်းသည်ဟု သတ်မှတ်ခဲ့သည်။
သို့သော် ယခု ထိုအရေအတွက်က ပြောင်းပြန်ဖြစ်သွားခဲ့သည်။ အသက်ရှင်နှုန်းက သိသိသာသာ တိုးမြင့်လာခဲ့သည်။
" ဝန်ကြီးရှက အတည်ပြုပြီးပြီဆိုတော့ အဲ့ဒီဆေးပညာက တကယ် အကျိုးရှိမှာပါ။ " ရင်ကျန့်က ပြောလိုက်သည်။ " ပြီးတော့ ဒါကိုလည်း လက်တွေ့အသုံးပြုနေတာပဲ။ တကယ်ကို ကောင်းကင်ဘုံက ချင်နိုင်ငံကို ကောင်းချီးပေးတာပဲ။ ဒီနည်းစနစ်နှစ်ခုကို ကြည့်ရုံနဲ့ ဒီလူငယ်ရဲ့ ဆေးပညာကို သိနိုင်တယ်။ "
" ကျွန်တော်မျိုး အလေးအနက် တောင်းဆိုချင်တာကတော့ ဒီလူငယ်လေးကို စစ်ဘက်ဆေးတပ်ဖွဲ့ဆီ ပြောင်းရွှေ့ပေးဖို့ပါပဲ။ ကျွန်တော်မျိုးရဲ့ တပည့်က သူ့ကို ခဏသင်ကြားပေးနိုင်သလို နောက်ပိုင်း သူ ရှန်းယန်မြို့ကို ရောက်လာတဲ့အခါ ကျွန်တော်မျိုးကိုယ်တိုင် သင်ကြားပေးနိုင်ပါတယ်။ " ရှဝူချယ်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ရင်ကျန့်၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အပြုံးတစ်ခု ပေါ်လာသည်။ ပုံမှန်ဆိုလျှင် သူက ရှဝူချယ်၏ မည်သည့်တောင်းဆိုမှုကိုမဆို သဘောတူမည်ဖြစ်သည်။ သို့သော် သူက ကျောက်ဖုန်းကို ပင်မတပ်ဖွဲ့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ပြီးပြီဖြစ်သည်။
ထိုမျှ သတ္တိရှိသော သူရဲကောင်းတစ်ယောက်ကို ဆေးတပ်ဖွဲ့သို့ ပြောင်းရွှေ့လိုက်လျှင် တစ်ကမ္ဘာလုံးက ချင်နိုင်ငံကို လှောင်ကြပေလိမ့်မည်။
" ဝန်ကြီးရှ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " တကယ်လို့ ဝန်ကြီးရှက အခြားတစ်ယောက်ကို တောင်းဆိုတာဆိုရင် ငါ သဘောတူနိုင်ပေမယ့် ဒီလူကိုတော့ ငါမပေးနိုင်ပါဘူး။ "
" ဘာလို့လဲ။ " ရှဝူချယ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး နားမလည်နိုင်ဖြစ်သွား၏။ " ကျွန်တော်မျိုးရဲ့ တပည့် စကားအရ ဒီလူက ထောက်ပို့တပ်က စစ်သားတစ်ယောက်ပဲမဟုတ်ဘူးလား။ "
ထိုစကားများ အဆုံးတွင် မှူးမတ်များက ရင်ကျန့်နှင့် ရှဝူချယ်တို့ကို တစ်လှည့်စီ ကြည့်လိုက်ကြသည်။ ထိုခဏတွင် တူညီသော အတွေးတစ်ခုက သူတို့၏ စိတ်ထဲတွင် ပေါ်လာသည်။
" ထောက်ပို့တပ်ဖွဲ့... ပြီးတော့ မင်းကြီးက သမားတော်ကြီးရှကိုတောင် ငြင်းတယ်ဆိုတော့ အဲ့ဒီဆေးပညာအသစ်တွေကို ရှာတွေ့ခဲ့တဲ့သူက ကျောက်ဖုန်းများဖြစ်နေမလား။ "
" ဝန်ကြီးရှပြောတဲ့ ထောက်ပို့စစ်သားက သာမန်လူမဟုတ်ဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" ပေါင်ယွမ်က ယန်မြို့ကို တိုက်ခိုက်ချိန်မှာ ဒီလူက ထောက်ပို့တပ်ကို ဦးဆောင်ပြီး ရဲရဲဝံ့ဝံ့ မတိုက်ခိုက်ခဲ့ဘူးဆိုရင် ငါတို့ရဲ့ ရိက္ခာလမ်းကြောင်းက ပေါင်ယွမ်ရဲ့ လက်ထဲမှာ ပြတ်တောက်သွားလိမ့်မယ်။ "
" သူက တစ်ယောက်တည်း ရန်သူသုံးရာကို သတ်ခဲ့တဲ့အပြင် ပေါင်ယွမ်ရဲ့ခေါင်းကိုလည်း ကိုယ်တိုင်ဖြတ်ယူခဲ့တယ်။ ဝမ်ကျန့်က ဒီလူကို ပင်မတိုက်ခိုက်ရေးတပ်ကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားပြီးပြီ။ ငါကလည်း သဘောတူပြီးပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျောက်ဖုန်းက အဲ့လောက်တောင် အစွမ်းထက်တာလား။ " ရှဝူချယ်က အံ့အားသင့်သွားသည်။
" သူက ငါ့ကို တကယ်အံ့ဩစေခဲ့တယ်။ " ရင်ကျန့်က ဝန်ခံလိုက်သည်။
" ဒီလူငယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက သူရဲကောင်းတစ်ယောက်လို့ ခေါ်ရလောက်အောင် ပြင်းထန်တယ်ဆိုတာ ငါအခုမှ သိရတာ။ ဝန်ကြီးရှ ရောက်လာမှ သူက ဆေးပညာလည်း ကျွမ်းကျင်ပြီး ငါတို့ရဲ့ ဒဏ်ရာရစစ်သည်တွေ အများကြီးကို ကုသပေးခဲ့တယ်လို့ ဘယ်သူက ထင်မိမှာလဲ။ " ရင်ကျန့်က ပြောလိုက်သည်။
" ဒီလူက သူရဲကောင်းတစ်ယောက်ဖြစ်ပြီး စစ်သေနာပတိချုပ် ဝမ်ကျန့်ကလည်း တောင်းဆိုထားပြီးသားဆိုတော့ ကျွန်တော်မျိုးရဲ့ တောင်းဆိုးမှုက လွန်ရာကျသွားပါပြီ။ "
" ဒါပေမယ့် ကျောက်ဖုန်း ဖန်တီးခဲ့တဲ့ ဒီဆေးပညာနည်းစနစ်တွေက အရင်က မရှိခဲ့ဖူးတဲ့အပြင် တကယ်ထိရောက်မှုရှိတယ်ဆိုတာ ကျွန်တော်မျိုး အသက်နဲ့ရင်းပြီး အာမခံနိုင်ပါတယ်။ ဒဏ်ရာရစစ်သည်တွေကိုယ်စား ကျောက်ဖုန်းကို ဆုလာဘ်ချီးမြှင့်ပေးဖို့ ကျွန်တော်မျိုး အရှင်မင်းကြီးထံတောင်းဆိုပါတယ်။ " ရှဝူချယ်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဝန်ကြီးရှ စိတ်ချပါ။ ငါတို့ ချင်နိုင်ငံကို အကျိုးပြုတဲ့ ဘယ်သူမဆို ထိုက်တန်တဲ့ ဆုလာဘ်ရရှိစေရမယ်။ "
" ယွီလျောင် အမိန့်တော်ကို ရေးသားပြီး လန်ထျန်းစခန်းကို ပို့လိုက်ပါ။ "
" ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ အမိန့်ကို နာခံဖို့ အဆင်သင့်ပါပဲ။ " ယွီလျောင်က ရှေ့တိုးလာပြီး ပြောလိုက်သည်။
" ထောက်ပို့တပ်က တပ်စုမှူး ကျောက်ဖုန်းက နိုင်ငံအတွက် ကြီးမားတဲ့ အမှူထမ်းခဲ့တယ်။ သူက ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ပြီး ရန်သူတွေကို တွန်းလှန်နိုင်ခဲ့တဲ့အပြင် ချင်စစ်သားတွေကို ကယ်တင်ဖို့ ဆေးပညာအသစ်တွေကို ဖန်တီးခဲ့တယ်။ ဒီစွမ်းဆောင်မှုတွေက ကြီးမားတဲ့ ဆုလာဘ်နဲ့ ထိုက်တန်တယ်။ "
" ဒါကြောင့် ငါကိုယ်တော် အမိန့်ချမှတ်လိုက်တယ်။ ကျောက်ဖုန်းကို ပင်မတပ်ဖွဲ့ကို ပြောင်းရွှေ့ပြီး ရာထူးလေးဆင့်တိုးမြှင့်တဲ့ စစ်သည်ငါးထောင်ကို ကွပ်ကဲရတဲ့ တပ်မမှူးအဖြစ် ခန့်အပ်စေ။ "
" ကျောက်ဖုန်းက ဘွဲ့ထူးငါးဆင့် တိုးမြှင့်ပေးပြီး သူ့ရဲ့ စစ်လစာ၊ နှစ်စဉ်ကြေးနဲ့ မြေယာချီးမြှင့်မှုတွေကို စစ်တပ်စွမ်းဆောင်မှုစနစ်နဲ့အညီ သတ်မှတ်ပြီး စစ်ပွဲအပြီးမှာ အပ်နှင်းမယ်။ " ရင်ကျန့်က အမိန့်တော် ချမှတ်လိုက်သည်။
" အမိန့်တော်မြတ်တိုင်းပါ အရှင်မင်းကြီး။ " ယွီလျောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။