← Chapters

သူရဲကောင်းဆိုက ငယ်ငယ်ကတည်းက ပေါ်ထွက်လာတယ်....

Vol. 3 Ch. 28

သူရဲကောင်းဆိုက ငယ်ငယ်ကတည်းက ပေါ်ထွက်လာတယ်....

Vol. 3 Ch. 28

ယန်မြို့ မြို့တော်ဝန်ရုံး။

" စစ်သူကြီးလီ ထောက်ပို့တပ်ဖွဲ့က တပ်စုမှူးကျောက်ဖုန်းကို ခေါ်လာပါပြီ။ " ဝမ်ယန်က ကျောက်ဖုန်းကို ခေါ်လာပြီး ပြောလိုက်သည်။

" ဂါရဝပြုပါတယ် စစ်သူကြီးလီ။ " ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး ဦးညွှတ်လိုက်သည်။

ဘွဲ့ထူးမရှိသော ထောက်ပို့တပ်သားတစ်ယောက်က အထက်အရာရှိရှေ့တွင် ဒူးထောက်ရမည်ဖြစ်သော်လည်း ကျောက်ဖုန်းက ဘွဲ့ထူးရှိထားပြီဖြစ်သောကြောင့် မင်းကြီးရှေ့မှာပင် ရိုးရိုး ဦးညွှတ်ရုံနှင့် လုံလောက်ပြီဖြစ်သည်။

လီထန်က ကျောက်ဖုန်းကို ကြည့်ပြီး သေချာစစ်ဆေးလိုက်သည်။ " မင်းက ဒီလောက်ငယ်လိမ့်မယ်လို့ ငါမထင်ထားဘူး။ သူရဲကောင်းဆိုက ငယ်ငယ်ကတည်းက ပေါ်ထွက်လာတယ်ဆိုတာ အမှန်ပဲ။ "

" သမိုင်းမှာ ဟန်နိုင်ငံကို သိမ်းပိုက်ဖို့ ချင်ရှီဟွမ်လက်အောက်က နေးရှီထန်က ဦးဆောင်ခဲ့တယ်။ ဒီလူ့နာမည်က လီထန်ဆိုတော့ နောက်ပိုင်းမှာ နေးရှီဖြစ်လာမှာထင်တယ်။ ငါ့အတွက်တော့ ဒီလူက သမိုင်းစာအုပ်ထဲက အသက်ရှိနေတဲ့ လူတစ်ယောက်ပဲ။ "

" စစ်သူကြီးလီက ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။ " ကျောက်ဖုန်းက နှိမ့်ချစွာ ပြောလိုက်သည်။

" အစက ပေါင်ယွမ်ဆိုတဲ့ ခွေးကောင် ထွက်ပြေးသွားပြီထင်လို့ ငါက သူ့ကို လိုက်ဖမ်းဖို့ တပ်ဖွဲ့ကို ဦးဆောင်ပြီး လိုက်သွားခဲ့တာပဲ။ ဒါပေမယ့် အဲ့ဒီကောင်က ယန်မြို့ထဲမှာ ပုန်းနေလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး။ သူက အားလုံးကို ဖျက်ဆီးလုနီးပါးပဲ။ "

" မင်းသာမရှိရင် ငါ အခုလောက်ဆို စစ်သူကြီးရာထူးက ပြန်သွားလောက်ပြီ။ ငါ့ကြောင့်လည်း ထောက်ပို့တပ်ဖွဲ့တစ်ခုလုံး ဒုက္ခရောက်ခဲ့ရတယ်။ " လီထန်က အဖြစ်အပျက်များကို တွေးမိလျှင် သူ့ကိုသူ အပြစ်တင်နေမိသည်။

ကျောက်ဖုန်းက သူ့ကို နှစ်သိမ့်စကားမပြောခဲ့ပေ။ ထိုကိစ္စက အမှန်တကယ် လီထန်၏ တာဝန်သာဖြစ်သည်။

" တကယ်လို့ စစ်သူကြီးလီက တကယ်ပဲ နောင်တရတယ်ဆိုရင် နောက်နေ့မှာ အဲ့ဒီစစ်သည်တွေရဲ့ အုတ်ဂူတွေကို သွားပြီး ဂါရဝပြုနိုင်ပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း အကြံပေးလိုက်သည်။ " ဒါမှမဟုတ် သူတို့အတွက် နစ်နာကြေး ပိုပေးဖို့ အရှင်မင်းကြီးထံ တောင်းဆိုပေးနိုင်ပါတယ်။ "

ထိုစကားများကို ကြားသောအခါ လီထန်က ကျောက်ဖုန်းကို အံ့ဩသော အရိပ်အယောင်များနှင့် ကြည့်လိုက်သည်။ ကျောက်ဖုန်းက စစ်သူကြီးတစ်ယောက်ကို မကြောက်ရွံ့ဘဲ ထိုမျှပွင့်လင်းစွာ ပြောဆိူလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

လီထန်က လေးနက်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

" တိုက်ပွဲပြီးရင် ငါသွားမယ်။ ထောက်ပို့တပ်က ကျဆုံးသားတဲ့ စစ်သားတွေအတွက် နစ်နာကြေးကိစ္စကိုတော့ စစ်သေနာပတိချုပ်ကိုယ်တိုင် အစီရင်ခံစာ တင်ပြီးသွားပြီ။ "

" နစ်နာကြေးက တကယ်ပဲ ထိုက်ထိုက်တန်တန် ရှိမယ်ဆိုရင် ကျဆုံးသွားတဲ့ စစ်သားတွေလည်း စိတ်အေးနိုင်မှာပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

ဤခေတ်ကာလတွင် စစ်ထဲဝင်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် သေဆုံးခြင်းတို့က မိမိ၏ ထိန်းချုပ်မှုအပြင်ဘက်တွင် ရှိနေလိမ့်မည်။ သို့သော် အရာအားလုံးမှာ ရည်ရွယ်ချက်တစ်ခုသာ ဖြစ်သည်။ ၎င်းက မိမိကိုယ်တိုင်ရှင်သန်ရန်နှင့် မိမိ၏ မိသားစု ရှင်သန်နိုင်ရန်သာ ဖြစ်သည်။

စစ်သားများ ကျဆုံးသွားသောအခါ သူတို့၏ နစ်နာပြေးက မိသားစုကို ပေးနိုင်သည့် နောက်ဆုံးလက်ဆောင်ပင် ဖြစ်သည်။

" စိတ်ချပါ။ " လီထန်က ကျောက်ဖုန်းကို ပြုံးပြီး ပြောလိုက်သည်။ " ချင်နိုင်ငံက အကျိုးဆောင်ခဲ့တဲ့သူတွေကို ဘယ်တော့မှ ဂုဏ်မပြုဘဲ မနေဘူး။ စစ်သေနာပတိချုပ်က မင်းနဲ့ ထောက်ပို့တပ်ဖွဲ့ရဲ့ စွမ်းဆောင်မှုတွေကို အစီရင်ခံပြီးသွားပြီ။ "

" ဆယ်ရက်အတွင်း အမိန့်တော်ကျလာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် မင်းက ထောက်ပို့တပ်ထဲမှာ ရှိနေမှာမဟုတ်ဘဲ ငါ့ရဲ့ ပင်မတပ်ဖွဲ့ထဲကို ရောက်လာလိမ့်မယ်။ စစ်သေနာပတိချုပ်ရဲ့ ရည်ရွယ်ချက်ကတော့ မင်းကို ငါ့ရဲ့ တိုက်ရိုက်အမိန့်အောက်မှာ ထားဖို့ပဲ။ "

" အမိန့်တော်ရောက်လာတာနဲ့ ကျုပ်တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါမယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" စိတ်မပူပါနဲ့။ " လီထန်က ပြုံး၍ ပြောလိုက်သည်။ " မင်းဒဏ်ရာမပျောက်သေးဘူးဆိုတာ ငါသိတယ်။ ဒါကြောင့် အခုချိန်မှာ ကောင်းကောင်းအနားယူလိုက်ပါ။ အခုအချိန်မှာ ငါတို့စစ်တပ်က ကျန်နေတဲ့ ရန်သူတွေကို လိုက်လံရှင်းလင်းနေပြီး မြို့တော်ကို တဖြည်းဖြည်း ချီတက်နေတယ်။ လတ်တလော တိုက်ပွဲကြီးတွေမရှိသေးဘူး။ ဒါကြောင့် စိုးရိမ်စရာမရှိပါဘူး။ "

" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" စစ်သူကြီးလီ " အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက ဝမ်ယန်ပင်ဖြစ်သည်။ " ကျွန်တော်မှာ တောင်းဆိုချက်တစ်ခုရှိပါတယ်။ "

" ပြောပါ တပ်မှူးဝမ် " လီထန်က သူမဘက်ကို လှည့်ပြီး ပြောလိုက်သည်။

" ကျောက်ဖုန်းကို ကျွန်တော် လက်အောက်ကို ပြောင်းရွှေ့စေချင်ပါတယ်။ " ဝမ်ယန်က ပြောလိုက်သည်။

" မင်းတပ်ထဲကို ပြောင်းရွှေ့ပေးရမယ်ဟုတ်လား။ " လီထန်က အနည်းငယ် အံ့ဩသွားသည်။ သို့သော် ဝမ်ယန်၏ အကြည့်နှင့် ဆုံတွေ့သောအခါ သူက တစ်စုံတစ်ခုကို နားလည်သွားသည်။ " မင်းဆုံးဖြတ်ပြီးပြီလား။ "

" ဟုတ်ကဲ့။ ဆုံးဖြတ်ပြီးပါပြီ။ " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။

" ကောင်းပြီ။ ငါဒါကို စစ်သေနာပတိချုပ်ဆီ အစီရင်ခံပေးမယ်။ " လီထန်က ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် စစ်သူကြီး။ " ဝမ်ယန်က ပြောပြီးနောက် ကျောက်ဖုန်းဘက်သို့ လှည့်လိုက်သည်။ " မင်းလည်း မကြာခင် ပင်မတပ်ထဲပြောင်းရွှေ့တော့မှာဆိုတော့ ဒီနေရာနဲ့ ရင်းနှီးသွားအောင် ငါလိုက်ပြပေးမယ်။ "

" ကောင်းပါပြီ။ " ကျောက်ဖုန်းက ငြင်းဆိုခြင်းမရှိပေ။ " ပင်မတပ်နဲ့ ထောက်ပို့တပ်က ဘယ်လိုကွာခြားလဲ ကျုပ်သိချင်နေတာ။ "

ထို့နောက် ဝမ်ယန်က ကျောက်ဖုန်းကို ခေါ်ပြီး ထွက်ခွာသွားသည်။

" ဒီကောင်လေး ငါ့ကို မကျေမနပ်ဖြစ်နေတာပဲ။ " လီထန်က ထွက်ခွာသွားသော ကျောက်ဖုန်းကို ကြည့်ပြီး တွေးလိုက်သည်။ ကျောက်ဖုန်း၏ စကားများမှ အေးစက်မှုကို သူခံစားမိလေသည်။

" ဒါက ငါ့အပြစ်ကြောင့်ပဲလေ။ ငါ့ရဲ့ လုပ်ရပ်ကြောင့် ထောက်ပို့တပ်က ထိခိုက်ခဲ့ရတာပဲ။ "

ဝမ်ယန်က ရှေ့က လျှောက်နေပြီး ကျောက်ဖုန်းက နောက်မှလိုက်ကာ သူတို့နှစ်ယောက်က တိတ်ဆိတ်စွာဖြင့် တပ်စခန်းဆီသို့ ဦးတည်သွားသည်။ ထိုအချိန်တွင် ဝမ်ယန်က ရုတ်တရက် ရပ်သွားသည်။ ကျောက်ဖုန်းကလည်း ရပ်တန့်သွားပြီး အံ့ဩသော အမူအရာ ပေါ်လာသည်။

" နင့်မှာ မေးစရာဘာမှမရှိဘူးလား။ " ဝမ်ယန်က လှည့်ပြီး မကျေမနပ်နှင့် ပြောလိုက်သည်။

" ကျုပ်က ဘာမေးရမှာလဲ။ " ကျောက်ဖုန်းက နားမလည်စွာဖြင့် ပြောလိုက်သည်။

" ငါက မိန်းကလေးဆိုတာ နင်ဘယ်လိုလုပ်သိသွားတာလဲ။ " ဝမ်ယန်က သူ့ကို စိုက်ကြည့်ပြီး မေးလိုက်သည်။

ကျောက်ဖုန်းက သူမကို ထူးဆန်းစွာ ကြည့်ပြီး ရယ်လိုက်သည်။ " မျက်စိရှိတဲ့သူတိုင်း သိတယ်မဟုတ်လား။ စစ်တပ်ထဲမှာ မင်းလို ချောမောတဲ့ ယောကျာ်းလေးဆိုတာ ရှားတယ်။ ပြီးတော့ မင်းရဲ့ အသံကို ဘယ်လိုပဲလုပ်လုပ် မိန်းကလေးအသံကို ဖုံးလို့မရဘူး။ "

" ပြီးတော့..." ကျောက်ဖုန်းက ဝမ်ယန်၏ ရင်ဘတ်ကို ကြည့်လိုက်သည်။ " မင်း ဘယ်လောက်တင်းတင်းကျပ်ကျပ် စည်းထားပါစေ။ ဘယ်ယောကျာ်းလေးမှ ဒီလောက်ကြီးတဲ့ ရင်အုပ်မရှိဘူး။ မင်းက ငါ့ကို အရူးလို့ထင်နေတာလား။ "

ထိုစကားကို ကြားသောအခါ ဝမ်ယန်က ငုံ့ကြည့်လိုက်ပြီး သူမ၏ မျက်နှာက နီရဲသွားသည်။

" လူယုတ်မာ " သူမက တိုးညှင်းစွာ ရေရွတ်လိုက်သည်။

" မင်းမေးတာလေ။ " ကျောက်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည်။

" နင် အိမ်ကို ဘာလို့ အဲ့လောက်ပြန်ချင်နေတာလဲ။ " ဝမ်ယန်က ရုတ်တရက် မေးလိုက်သည်။

" မင်းဘယ်လိုတွေမေးနေတာလဲ။ " ကျောက်ဖုန်းက သူမကို ကြည့်လိုက်သည်။ " မင်းရော အိမ်မပြန်ချင်ဘူးလား။ "

" မပြန်ချင်ဘူး။ " ဝမ်ယန်က နာကျင်စွာ ပြုံးပြီး ခေါင်းခါလိုက်သည်။

သူမ၏ အမူအရာကို မြင်သောအခါ ကျောက်ဖုန်းက ဘာပြန်ပြောရမှန်းမသိတော့ပေ။ ခဏစဉ်းစားပြီးနောက် သူက ထပ်ပြောလိုက်သည်။

" ကျုပ်က သာမန်လူတစ်ယောက်ပါ။ မင်းတို့လို အထက်တန်းလွှာ မိသားစုတွေရဲ့ ကိစ္စတွေကို ကျုပ်နားမလည်ဘူး။ မင်းတို့မှာ ဖြေရှင်းရမယ့် စိတ်ပျက်စရာကိစ္စတွေ အများကြီး ရှိလိမ့်မယ်လို့ ကျုပ်ထင်တယ်။ "

" ဟုတ်တယ်။ " ဝမ်ယန်က ခါးသီးစွာ ပြုံးလိုက်သည်။ " တကယ်လို့ ဖြစ်နိုင်ရင် နင်ပြောတဲ့ မိသားစုကြီးမှာ ငါမမွေးလာချင်ဘူး။ ဒါဆို ငါ့ဘဝက ငါ့လက်ထဲမှာပဲ ရှိနေလိမ့်မယ်။ "

ကျောက်ဖုန်းက ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွားသည်။

" ဒီမိန်းကလေးက နိုင်ငံရေးအိမ်ထောင်ဖက်အဖြစ် သတ်မှတ်ခံထားရတဲ့ပုံပဲ။ မဟုတ်ရင် စစ်တပ်ထဲကို ထွက်ပြေးပုန်းရှောင်နေမှာမဟုတ်ဘူး။ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနေတာက မဖြစ်နိုင်သလောက်ပဲ။ သူမရဲ့ မျိုးရိုးနာမည်က ဝမ်ဆိုတော့ ဝမ်ကျန့်သမီး ဖြစ်လိမ့်မယ်။ "

" အဲ့ဒါသာ အမှန်ဆိုရင် ချင်မင်းကြီးကိုယ်တိုင် သူမကို တော်ဝင်မိသားစုဝင်တစ်ယောက်နဲ့ လက်ထပ်ပေးဖို့ အမိန့်ထုတ်ထားတာထင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီခေတ်က မိန်းကလေးတွေရဲ့ အိမ်ထောင်ရေးက မိဘတွေရဲ့ ဆုံးဖြတ်မှုအောက်မှာ ရှိနေတာပဲ။ အဲ့ဒါက တွန်းလှန်ဖို့ ခက်ခဲတဲ့ ကံကြမ္မာတစ်ခုပဲ။ "

အနာဂတ်မှ သမိုင်းဗဟုသုတများကို နားလည်ထားသူဖြစ်ရာ ဤခေတ်တွင် လွတ်လပ်သော အချစ်ဆိုသည်မှာ မရှိကြောင်း ကျောက်ဖုန်းက ကောင်းစွာ နားလည်ထားသည်။

အရာရာတိုင်းက မိဘများ၏ ဆုံးဖြတ်ချက်နှင့် အောင်သွယ်များ၏ စကားကသာ ဆုံးဖြတ်ပေးသည်။ အမျိုးသမီးတစ်ယောက်အတွက် ရွေးချယ်ခွင့်မှာ အောင်သွယ်တစ်ယောက် သူမ၏ အိမ်တံခါးသို့ တောင်းရမ်းရန် ရောက်လာသည့်အချိန်ကို စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။

All Chapters