← Chapters

ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအရာက သာမန်လူတစ်ယောက် ဖြစ်ရတာပဲ

Vol. 3 Ch. 26

ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအရာက သာမန်လူတစ်ယောက် ဖြစ်ရတာပဲ

Vol. 3 Ch. 26

"အမ်...."

"လျှို့ဝှက်ဆန်းကြယ်တဲ့ ဆုလာဘ်ဆိုပါလား..."

ကျုံးချင်သည် အမြဲတစေ စပ်စုတတ်သူဖြစ်သဖြင့် ဤလျှို့ဝှက်ဆန်းကြယ်သော ဆုလာဘ်က သူ့ကို ချက်ချင်း စိတ်ဝင်စားသွားစေသည်။

အဓိကအချက်မှာ မကြာသေးမီက ဤချီးထုတ်စနစ်သည် ပို၍စိတ်ချရပုံ ပေါက်လာခြင်းပင်။

“အိမ်တော်သခင်လင်း...ဒီနတ်ဆိုးသားရဲက လူပေါင်းများစွာကို ဒုက္ခပေးခဲ့တယ် အခု....ငါနဲ့ ကြုံတွေ့နေရပြီဆိုတော့ ပြည်သူတွေကို ဒီဘေးဆိုးကနေ လွတ်မြောက်အောင် လုပ်ပေးရမှာပေါ့”

ကျုံးချင်က လင်းဟန်ယီကို ကြည့်ပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။

“မနက်ဖြန် မနက်စောစော ငါ အဲဒီကို သွားလိုက်မယ်”

"အရမ်းကျေးဇူးတင်ပါတယ် စီနီယာကျုံး"

လင်းဟန်ယီသည် ထိုစကားကို ကြားချိန်၌ ဝမ်းသာအားရ ဖြစ်သွားပေ၏။

ကျုံးချင်ကို နှုတ်ဆက်ပြီးနောက် သူသည် ပိုင်ချန်ထံသို့ သတင်းကောင်းကို အလျင်အမြန် သယ်ဆောင်သွားသည်။

"စီနီယာကျုံးက ကူညီဖို့ သဘောတူလိုက်တာက ဝမ်းသာစရာပဲ"

ပိုင်ချန် စိတ်လှုပ်ရှားနေပုံရပြီး နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။

"ဒါဆိုရင် ကျွန်တော် ပြန်သွားပြီးတော့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားလိုက်ပါ့မယ် ....မနက်ဖြန် မနက်စောစော စီနီယာကျုံးကို လာကြိုပါ့မယ်"

လင်းဟန်ယီကို နှုတ်ဆက်ပြီးနောက် ပိုင်ချန်သည် ပြင်ဆင်မှုများ ပြုလုပ်ရန် မြို့စားအိမ်တော်သို့ ပြန်သွားတော့သည်။

နောက်တစ်နေ့ မနက်စောစော၌....

ပိုင်ချန် ဦးဆောင်သော မြို့စားအိမ်တော်အဖွဲ့သည် လူအင်အားအများအပြားဖြင့် လင်းအိမ်တော်သို့ စောစီးစွာ ရောက်ရှိလာကြသည်။

မြို့စားအိမ်တော်မှ စီစဉ်နေစဉ်၌ ကျုံးချင်သည် ယနေ့တွင် နတ်ဆိုးသားရဲများကို နှိမ်နင်းတော့မည်ဟူသော သတင်းသည် ဖုန်းထျန်းမြို့တခွင်လုံးကို တောမီးပမာ ပျံ့နှံ့သွားသည်။

ထို့ကြောင့် ပိုင်ချန်သည် လင်းမိသားစု၏ တံခါးဝသို့ ရောက်ရှိလာချိန်တွင် ဖုန်းထျန်းမြို့ရှိ အလွှာပေါင်းစုံမှ လူအမျိုးမျိုးသည် ထိုနေရာတွင် စုဝေးရောက်ရှိနေကြလေပြီ။

တခြားမိသားစုအကြီးအကဲများသည်လည်း ခြွင်းချက်မရှိပေ။

"လင်းမိသားစုက ကျွမ်းကျင်ပညာရှင်က ဒီနေ့ နတ်ဆိုးသားရဲကို နှိမ်နင်းဖို့ မြို့ပြင်ကို ထွက်မယ်လို့ ငါ ကြားထားတယ်"

"ဟုတ်တယ်...ဒါက အမှန်ပဲ...အရင်တုန်းက အစေခံတွေက စားသောက်ဆိုင်မှာ သူ့ရဲ့နောက်လိုက်ဆီကနေ ထွက်လာတဲ့ အရှိန်အဝါကိုပဲ အာရုံခံမိကြတာ.....သူ တကယ်တမ်း လှုပ်ရှားတာ တစ်ခါမှ မမြင်ဖူးဘူး"

"ဟုတ်တယ်...သူ့နောက်လိုက်ရဲ့ အရှိန်အဝါက ငြင်းဆန်လို့မရပေမယ့် သူကိုယ်တိုင်က နဂါးလား တီကောင်လား ဆိုတာ ပြောရခက်တယ်"

"ခဏနေရင် တွေ့ရမှာပေါ့"

ကျုံးချင်သည် သဘောတူထားသည့်အတိုင်း လင်းမိသားစု၏အိမ်တံခါးဝသို့ ရောက်ရှိလာချိန်တွင် ပြင်ပရှိ ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့ပြီးနောက် အံ့အားသင့်သွားသည်။

လမ်းမများသည် ကြည့်ရှုသူများဖြင့် လုံးလုံးလျားလျား ပိတ်ဆို့နေလေပြီ။

ထိုကြည့်ရှုသူများအနက် သာမန်လူအမြောက်အများ ပါဝင်သည်။

ထိုအချိန်မှာပင် ခြင်းတောင်းကို ကိုင်ဆောင်ထားသော အဘွားအိုတစ်ဦး ထွက်လာပြီး ကျုံးချင်၏ရှေ့တွင် ဒူးထောက်လိုက်၏။

"မသေမျိုးအရှင်...မသေမျိုးအရှင်...ကျေးဇူးပြုပြီးတော့ ဖုန်းထျန်းမြို့ကို ဒီဘေးဆိုးကနေ လွတ်မြောက်အောင် ကူညီပေးပြီး ကျွန်မရဲ့သားအတွက် လက်စားချေပေးပါ..."

အဘွားအိုသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ထိန်းမနိုင်သိမ်းမရ ငိုရှိုက်နေသည်။

"ဟုတ်ပါတယ် မသေမျိုးအရှင်...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ဒီဘေးကပ်ဆိုးကနေ လွတ်မြောက်အောင် ကူညီပေးပါ"

“ကျွန်မရဲ့သမီးလည်း အဲဒီသားရဲကောင်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံခဲ့ရတယ်"

"ကျေးဇူးပြုပြီး မသေမျိုးအရှင်က ကျွန်တော်တို့ကို ကူညီပေးပါ"

အဘွားအို၏နောက်တွင် နောက်ထပ် သာမန်ပြည်သူ အမြောက်အများ ဒူးထောက်ကာ လေးလေးနက်နက် တောင်းပန်လိုက်ကြသည်။

ဤသာမန်ပြည်သူများသည် ဒူးထောက်တောင်းပန်ရင်း သူတို့ ကိုင်ဆောင်ထားသော ပစ္စည်းများကို ပေးအပ်လိုက်ကြ၏။

တချို့အရာများသည် အဝတ်ကြမ်းဖြင့် ထုပ်ထားသော ငွေအကျိုးအပဲ့များနှင့် ကြေးပြားများ ဖြစ်ပြီး တချို့က ငွေတုံးသေးများ တချို့ကမူ ငွေတုံးကြီးများ ဖြစ်ကြသည်။

တချို့သည် ကြက်ဥတစ်တောင်းပင်။

တချို့အရာများကမူ သက်ကြီးရွယ်အိုများ ကိုယ်တိုင် အပ်တစ်ချက်ချင်းထိုး၍ ချုပ်လုပ်ထားသော ဖိနပ်အောက်ခံပြားများ ဖြစ်သည်။

ထိုအရာများတွင် ပစ္စည်းအမျိုးအစား အစုံအလင် ပါဝင်သည်။

လူ့အဖွဲ့အစည်း၏ အောက်ခြေမှ ဤသာမန်လူတန်းစားများကို ကြည့်ပြီးနောက် သူတို့ ပေးအပ်လာသော သာမန်ပစ္စည်းများကို ကြည့်ရင်း ဤကျင့်ကြံခြင်းကမ္ဘာနှင့် တသားတည်း ဖြစ်နေပြီဖြစ်သော ကျုံးချင် အတွေးထဲသို့ အချိန်တခဏကြာခန့် နစ်မြောသွားသည်။

သူ့အတွက်မူ ဤသည်က စနစ်၏ဆုလာဘ်များ ကို ရယူရန်နှင့် သူ၏တပည့်ကို တောင်အောက်သို့ လိုက်ပို့ကာ လမ်းကြုံလိုက်ပါရင်း နတ်ဆိုးသားရဲများကို ပေါ့ပေါ့ပါးပါး ရှင်းလင်းပစ်ခြင်းထက် မပိုချေ။

သို့ရာတွင် ဤသာမန်ပြည်သူများအတွက်မူ ဤသည်က လက်စားချေခြင်း သို့မဟုတ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိခြင်းဟု အဓိပ္ပာယ်ရနိုင်သည်။

အမှန်အားဖြင့်....

ဤလောကကြီးတွင် အသက်ရှင်သန်ပြီး အဆင်ပြေစွာ ရပ်တည်နိုင်ရန် အခက်ခဲဆုံးလူများသည် သာမန်လူများပင်။

"ခင်ဗျားတို့ရဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဘူးလို့ ကျွန်တော် ကတိပေးပါတယ်"

ထို့နောက် ကျုံးချင်က သူ၏လက်ကို ညင်သာစွာမြှောက်ကာ သာမန်ပြည်သူများကို တွဲထူပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် မသေမျိုးအရှင်"

ကျုံးချင် သဘောတူလိုက်သည်ကို မြင်လိုက်ရချိန် သူတို့အားလုံး စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ လက်ဆောင်များကို ပေးကမ်းလိုကြသည်။

"အားလုံးပဲ...ဒီပစ္စည်းတွေကို မလိုပါဘူး.... ပြန်ယူသွားလိုက်ကြပါ"

ကျုံးချင်က ကမ်းလှမ်းမှုကို ငြင်းပယ်ကာ ပြောဆိုလိုက်၏။

"မသေမျိုးအရှင်...ကျေးဇူးပြုပြီး ဒါလေးကို ယူပါ"

"ဟုတ်တယ် ဟုတ်တယ်...မသေမျိုးအရှင် မယူရင် ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရလိမ့်မယ်"

စိတ်အားထက်သန်နေသော လူများကို မြင်လိုက်ရချိန်၌ ကျုံးချင်က ခါးသည်းစွာ ပြုံးလိုက်ပြီး ပထမဆုံး ထွက်လာသော အဘွားအို၏ ခြင်းတောင်းထဲမှ ပေါင်းထားသော ပေါက်စီဖြူဖြူလုံးလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

"ဒီပေါက်စီတစ်လုံးဆို လုံလောက်ပါပြီ"

ကျုံးချင်သည် ပေါက်စီကိုအနည်းငယ် ကိုက်စားလိုက်ပြီးနောက် အားပါးတရရယ်မောကာ သာမန်ပြည်သူများကို နှုတ်ဆက်ပြီး ပိုင်ချန်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။

"ကျွန်တော့်နာမည်က ပိုင်ချန်ဖြစ်ပြီးတော့ ဖုန်းထျန်းမြို့စားမင်းပါ..... စီနီယာကျုံးကို နှုတ်ခွန်းဆက်ပါတယ်"

ပိုင်ချန်က အလျင်အမြန် ရှေ့တိုးလာပြီး ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"မြို့စားမင်းပိုင်...ခင်ဗျားက သဘောကောင်းလွန်းနေပြီ"

ကျုံးချင်က ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုလိုက်သည်။

“စီနီယာက ကျွန်တော့်ရဲ့ ဖုန်းထျန်းမြို့ကို နတ်ဆိုးသားရဲတွေရန်ကနေ ရှင်းလင်းပေးချင်တာဆိုတော့ ကျွန်တော်တို့က လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ”

ပိုင်ချန်က ခေါင်းငုံ့ပြီး ပြောဆိုလိုက်သည်။

“ကျေးဇူးပြုပြီး ရထားလုံးပေါ်ကိုတက်ပါ စီနီယာ....”

ထိုသို့ပြောဆိုပြီးနောက် ပိုင်ချန်သည် ကျုံးချင်အား လမ်းညွှန်လိုက်၏။

ကျုံးချင်သည် ရထားလုံးကို မြင်တွေ့ချိန်၌ အနည်းငယ် အံ့အားသင့်သွားသည်။

ပိုင်ချန်သည် သူ့ကို ကြိုဆိုရန် နဂါးဦးချိုမြင်း ရှစ်ကောင်ကို ပြင်ဆင်ထားကြောင်း တွေ့ရှိလိုက်ရသည်။ ဤနဂါးဦးချိုမြင်းများအားလုံးသည် ရှန်ထျန်းနယ်ပယ် ကျင့်ကြံဆင့်၌ ရှိကြသည်။ ထိုမြင်းများကို စနစ်တကျ စီစဉ်ထားပြီး နောက်ဘက်တွင် အလွန်ခမ်းနားထည်ဝါသော ရထားလုံးတစ်စီးကို ဆွဲထားသည်။

ထိုရထားလုံး၏အလယ်တွင် ပန်းပွင့်ပုံစံများ ထိုးထားသော ပျော့ပျောင်းသည့် ညောင်စောင်းတစ်လုံးရှိပြီး ထိုအရာ၏ရှေ့တွင် အရသာရှိသော အစားအစာများနှင့် သစ်သီးဝလံ အမြောက်အများ ရှိနေသည်။

ထိုညောင်စောင်း၏နံဘေးပတ်လည်တွင် ဇီသာများနှင့်ပလွေများကို တီးမှုတ်နေသော လှပသည့် အမျိုးသမီးများ ရှိနေပေ၏။

ရထားလုံး၏နောက်ဘက်တွင် အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားပြီး လှံတံများကို ကိုင်ဆောင်ထားသော မြို့စောင့်တပ်ဖွဲ့ဝင်များ တန်းစီနေကြကာ အရေအတွက်အားဖြင့် နှစ်ရာခန့် ရှိသည်။

ကျုံးချင်သည် မူလက ဤမျှထိ လူအထင်ကြီးဖွယ်ကောင်းအောင် မလုပ်ချင်ခဲ့ချေ။

သူသည် ထိုနေရာသို့ တိုက်ရိုက်သွားပြီး နတ်ဆိုးသားရဲများကို သတ်ချင်ရုံသာ ဖြစ်ပေ၏။ သို့ရာတွင် ပိုင်ချန်၏စိုးရိမ်ပူပန်နေသော အမူအယာကို မြင်တွေ့ချိန်၌ ကျုံးချင်သည် သူ၏စေတနာကို အလဟဿ မဖြစ်စေလိုတော့ချေ။

သူက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလိုက်သည်။

"ကောင်းပြီလေ"

ကျုံးချင် ပြောဆိုလိုက်သည်နှင့် တပြိုင်နက် ကြီးမားပြီး ခမ်းနားထည်ဝါသော စီတန်းလှည့်လည်မှုကြီး မြို့ပြင်သို့ ဦးတည်သွားတော့သည်။

မကြာမီမှာပင် အဓိကတပ်ဖွဲ့သည် မြို့ပြင်နှင့် မိုင်ငါးဆယ်အကွာသို့ ရောက်ရှိသွားသည်။

ဤအချိန်၌ သံချပ်ကာဝတ်ဆင်ထားသော ပိုင်ချန်သည် ကျုံးချင်ထံသို့ ရောက်လာပြီး ရိုသေလေးစားစွာဖြင့် သူ၏လက်ကိုပူးဆုပ်ကာ ပြောဆိုသည်။

"စီနီယာ...အဲ့ဒီနတ်ဆိုးသားက ဒီနေရာတဝိုက်မှာ ထွက်ပေါ်လာတတ်ပါတယ်"

"အင်း....."

ကျုံးချင်က ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ခုန်ပေါက်ကာ ရထားလုံးပေါ်မှ ဆင်းလိုက်သည်။

ဤနေရာသို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲသွားကြောင်း သူ ခံစားမိသည်။

သစ်ပင်များတွင် အန္တရာယ်အငွေ့အသက်များရှိနေပြီး ကျောက်တုံးများသည် ထူးဆန်းသော ပုံသဏ္ဍာန်များ ရှိနေကြ၏။

လေထုထဲတွင် ရုန့်ရင်းကြမ်းတမ်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"အဲ့ဒီနတ်ဆိုးသားရဲရဲ့ ကျင့်ကြံဆင့်နယ်ပယ်က ဘယ်အဆင့်မှာ အတိအကျရှိနေလဲဆိုတာ ခင်ဗျား သိလား"

ကျုံးချင်က ထပ်မံ၍ မေးမြန်းသည်။

"တောင်းပန်ပါတယ်..."

ပိုင်ချန်က ရှက်ရွံ့သောမျက်နှာဖြင့် ပြောဆိုသည်။

"အဲ့ဒီနတ်ဆိုးသားရဲရဲ့ မျက်နှာကို မြင်ဖူးတဲ့သူတိုင်း သေကုန်ကြပြီ .....ကျွန်တော်က အဝေးကနေပဲ လှမ်းကြည့်ခဲ့ရတာဆိုတော့ သူ့ရဲ့ အရှိန်အဝါကို လုံးဝမခွဲခြားနိုင်ခဲ့ပါဘူး"

"ကောင်းပြီလေ..."

ကျုံးချင်က ခေါင်းညိတ်လိုက်သည်။ ဤကိစ္စကို သူကိုယ်တိုင် စုံစမ်းရတော့မည့်ပုံ ပေါက်နေသည်။

သူ တစ်ယောက်တည်း ဝင်သွားမည့်အကြောင်းနှင့် ကျန်လူများကို နေရာမှာပင် စောင့်နေရန် ပြောဆိုတော့မည့်အချိန်မှာပင် အနီးနားရှိ တောင်များနှင့်တောအုပ်များဆီမှ နားကွဲလုမတတ် ကျယ်လောင်သော တုန်ခါသံကြီး ရုတ်တရက် ထွက်ပေါ်လာသည်။

လူများအားလုံး အလိုအလျောက် မော့ကြည့်လိုက်မိကြသည်။

ပေဆယ်နှင့်ချီရှည်လျားသော ခေါင်းသုံးလုံး နတ်ဆိုးဝံပုလွေတစ်ကောင်သည် မိုးကောင်းကင်ယံသို့ ပျံသန်းသွားသည်။ ထို့နောက် ထိုနတ်ဆိုးသားရဲသည် မိုးကောင်းကင်ယံရှိ မျက်စိကျိန်းလောက်အောင် စူးရှသော ဓားချီအလင်းတန်း နှစ်ခုနှင့် တိုက်ခတ်မိသွားသည်။

ရုတ်ချည်းဆိုသလိုပင် တောင်များနှင့် တောအုပ်များ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ထို့နောက် ငလျင်လှုပ်သကဲ့သို့ ကျယ်လောင်သော အသံများ ဆက်တိုက်ထွက်ပေါ်လာပေ၏။

"ကြောက်စရာကောင်းလိုက်တဲ့ အသံကြီး...."

"ဒါဆို တစ်ယောက်ယောက်က နတ်ဆိုးတွေနဲ့ အရင်တိုက်ခိုက်နေတာလား"

ပိုင်ချန်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

ကျုံးချင်သည် ခေါင်းညိတ်ပြပြီး အဝေးမှ တိုက်ပွဲကို တည်ငြိမ်အေးဆေးစွာ မော့ကြည့်နေဆဲပင်။

"ဘုန်း....ဘုန်း...ဘုန်း...ဘုန်း...ဘုန်း..."

တုန်ခါသံများ ဆက်လက်၍ ထွက်ပေါ်နေသည်။

သို့ရာတွင် ဓားချီအလင်းတန်းနှစ်တန်းသည် မျက်စိကျိန်းလောက်အောင် စူးရှတောက်ပနေသော်လည်း ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေအပေါ် များစွာသက်ရောက်မှု ရှိပုံမရချေ။ ထိုအစား နတ်ဆိုးဝံပုလွေ၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် သူတို့သည် ဆုတ်ခွာနေရပေ၏။

နောက်ဆုံးတွင် ထိတွေ့မှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် ဓားချီအလင်းတန်းနှစ်တန်း၏ ပိုင်ရှင်များသည် အလင်းတန်းနှစ်တန်းအဖြစ်ပြောင်းလဲကာ နောက်သို့ လွင့်ထွက်လာကြသည်။ သူတို့သည် ကြယ်ပျံများအလား တောအုပ်ထဲသို့ ပြုတ်ကျသွားကြသည်။

All Chapters