စနစ်၏ ဆုလာဘ်များ... နှလုံးသားကို ထိခိုက်စေသော ဆုလာဘ်
Vol. 3 Ch. 28
သစ်ရွက်တစ်ရွက် လွင့်မျောသွားကာ...
ဟိန်းဟောက်နေသော ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေသည် ထိုသစ်ရွက်ကြောင့် ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားပြီး သစ်တောထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
ဤသည်က "အဆင့်တူပြိုင်ဘက်များကို အင်အားသုံးချေမှုန်းခြင်း"၏ ကြောက်မက်ဖွယ် စွမ်းအားပင်။
ကျင့်ကြံဆင့် တူညီသော သို့မဟုတ် နိမ့်သော မည်သူမဆို မည်သည့်သတ္တဝါမဆို မည်သည့်လုပ်ဆောင်ချက်ဖြင့်မဆို ချေမှုန်းခံရနိုင်သည်။
ထိုစွမ်းအား၏ အဓိကအားသာချက်မှာ အချိန်နှင့် လူအင်အားကို သက်သာစေခြင်းပင်။
ကျုံးချင်သည် အသက်စွမ်းအား ပျောက်ဆုံးသွားပြီဖြစ်သော ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေကို တည်ငြိမ်စွာကြည့်ပြီး သူ၏လက်ကို နောက်ပစ်ပြီး မတ်တတ်ရပ်နေသည်။
"ဂုဏ်ယူပါတယ် လက်ခံသူ...ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေကို သတ်ဖြတ်ခြင်းတာဝန် ပြီးမြောက်ခဲ့ပါပြီ"
"လက်ခံသူအား တစ်မိုင်ပတ်လည်ရှိသော ကမ္ဘာငယ်တစ်ခုကို ဆုချီးမြှင့်လိုက်သည်...ဤကမ္ဘာငယ်သည် သက်ရှိများ အပါအဝင် မည်သည့်ပစ္စည်းကိုမဆို ထည့်သွင်းထားနိုင်သည်...လက်ခံသူသည်လည်း ထိုအရာထဲသို့ ဝင်ရောက်နိုင်သည်...ဤကမ္ဘာငယ်ကို ကမ္ဘာစစ်ကဲ့သို့ အတိအကျတူညီအောင် ဖန်တီးနိုင်သည်"
"အိုး...ကမ္ဘာငယ်လေးလား"
စနစ်၏အသံကို ကြားချိန်၌ ကျုံးချင်၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ ဤချေးထုတ်စနစ်သည် အမှန်တကယ်ကို ပို၍ပို၍အားကိုးရလာလေပြီ။
ဤသယ်ဆောင်ရလွယ်ကူသော ကမ္ဘာငယ်လေးသည် အသုံးမဝင်သကဲ့သို့ ထင်ရသော်လည်း လက်တွေ့အကျိုးသက်ရောက်မှုများသည်လထူးခြားပေ၏။ အထူးသဖြင့် သက်ရှိများကို ထည့်သွင်းထားနိုင်ပြီး အသုံးပြုသူကို လွတ်လပ်စွာ ဝင်ထွက်ခွင့်ပြုသောကြောင့်ပင်။ ဤသည်က ကျုံးချင်၏စိတ်နှလုံးသားကို အမှန်တကယ်ပင် ထိတွေ့သွားစေသည်။
ဤကမ္ဘာငယ်လေးသည် သူ၏အိမ်နောက်ဖေး ခြံဝင်းလေးကဲ့သို့ ဖြစ်မနေသလော....
ထို့ပြင် သူသည် အန္တရာယ်ရှိသော အရာတစ်ခုခုနှင့် ကြုံတွေ့ရပါက လောကကြီးပျက်သုဥ်းမည့် အခြေအနေမျိုး ဖြစ်နေလျှင်ပင် သူ၏ကမ္ဘာငယ်လေးထဲသို့ ဆုတ်ခွာနိုင်ပြီး ပြင်ပမှ ဖရိုဖရဲအခြေအနေများကို လျစ်လျူရှုထားနိုင်သည်။
ထိုကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် လက်နက်များတွင် ဤကမ္ဘာငယ်လေးထက် တခြားမည်သည့်အရာက ပိုကောင်းနိုင်မည်နည်း....
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင်သည် အစီအစဉ်များစွာ ချမှတ်ပြီးဖြစ်သည်။
တခြားအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ၏ မရေမတွက်နိုင်သော အိတ်များထဲရှိ သိုင်းပညာနည်းစနစ်များ အားလုံးအပြင် သူ၏ ဂိုဒေါင်တွင် မဆံ့တော့သော နတ်ဘုရားလက်နက်များကို သူ၏ကမ္ဘာငယ်လေးထဲတွင် လွယ်လင့်တကူ သိမ်းဆည်းထားနိုင်သည်။
ထို့ပြင် ဤကမ္ဘာငယ်လေးအတွင်း၌ အဆောက်အအုံငယ်လေးများ ဆောက်ပြီး သူ၏အိမ်နောက်ဖေးကဲ့သို့ လုပ်လိုက်လျှင် လုံးလုံးလျားလျား ပြီးပြည့်စုံသွားလေပြီ။
ကျုံးချင်သည် စနစ်၏ဆုလာဘ်တွင် နစ်မြောနေစဉ်၌....
အဝေးမှ ပိုင်ချန်နှင့်တခြားသူများသည် မော့ကြည့်ကာ တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြသည်။
အမျိုးသမီးနှစ်ယောက်သည်လည်း ချက်ချင်းထွက်မသွားကြချေ။
ထို့နောက် ကျုံးချင်သည် လက်ကိုဝှေ့ယမ်းကာ မြူခိုးများကို ရှင်းထုတ်လိုက်ပြီး ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေကို စိုက်ကြည့်နေသည်အား သူတို့ မြင်တွေ့လိုက်ရသည်။
ကျုံးချင်သည် ခေါင်းသုံးလုံးဝံပုလွေနှင့် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဆင်နွှဲကာ မိုးနှင့်မြေကို ပြိုလဲစေနိုင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်လာတော့မည်ဟု သူတို့အားလုံး တွေးထင်လိုက်ကြ၏။ ထိုအချိန်မှာပင် နောက်တခဏ၌ ခေါင်းသုံးလုံးဝံပုလွေသည် နှစ်ခြမ်းကွဲထွက်သွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ဤအရာအားလုံးသည် အသက်ရှူချိန် အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သဖြင့် သူတို့ ပြန်လည်တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ခေါင်းသုံးလုံးဝံပုလွေ ပျောက်ကွယ်သွားခဲ့သည်။
"စက္ကန့်ပိုင်းလား...စက္ကန့်ပိုင်းအတွင်း ပြီးသွားတာလား"
လူများအားလုံး ကြောင်အမ်းသွားကြသည်။
သူတို့၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး သူတို့၏ပါးစပ်များသည် ကြက်ဥတစ်လုံး ဝင်ဆံ့လောက်အောင်အထိ အဟောင်းသားဖြစ်သွားပေ၏။
ဒါက အရမ်းမြန်လွန်းတယ်....
လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်ရှိသော အစွမ်းထက်သည့် ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေပင်လျှင် ချက်ချင်းပျောက်ကွယ်သွားသည်။
တိုက်ပွဲသည် မစခင်မှာပင် ပြီးဆုံးသွားခဲ့သည်။
ဤသည်က လမင်းနက်နဲသိမ်မွေ့နယ်ပယ် အဆင့်ရှိသော နောက်လိုက်တစ်ယောက်ကို ပိုင်ဆိုင်ထားသော တည်ရှိမှုကြီး ဖြစ်သလော..
ဖုန်းထျန်းမြို့မှ လူများသည် လေထဲတွင် မတ်တတ်ရပ်နေသော ပုံရိပ်ကို ကြောက်ရွံ့လေးစားမှုဖြင့် ကြည့်နေကြသည်။
ယခင်က ထွက်ပြေးရန် အော်ဟစ်နေကြသော အိမ်တော်သခင်များသည် ဤစွမ်းအားကြောင့် ထိတ်လန့်နေကြ၏။
"လင်းမိသားစုက တကယ့်ကို ကံကောင်းတာပဲ"
"ကံကောင်းတာ ဟုတ်မဟုတ် ခဏထားလိုက်...လင်းဖုန်းက ဒီလိုတည်ရှိမှုကြီးရဲ့ တပည့်ဖြစ်သွားတယ်ဆိုတာ မုရုံမိသားစုသိရင် သူတို့ရဲ့အမူအယာတွေ ဘယ်လိုနေမလဲဆိုတာပဲ ငါ သိချင်တယ်"
"ကံကောင်းပြီးတော့ ငါ့ရဲ့သားက အဲဒီနေ့က စားသောက်ဆိုင်မှာ ပျော်ပါးနေခဲ့လို့ ငါ သတင်းကို အချိန်မီရပြီး လင်းမိသားစုကို တောင်းပန်နိုင်ခဲ့တာ...ဒါမှမဟုတ်ရင် ငါ့ရဲ့ဖန်းမိသားစု ဒီနေ့ သေချာပေါက်သွားပြီ..."
အိမ်တော်သခင်များသည် ထိုကိစ္စကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
လင်းဟန်ယီနှင့် လင်းမိသားစု အဆင့်မြင့်အဖွဲ့ဝင်များလည်း ရောက်ရှိနေသည်။ နတ်ဆိုးသားရဲကို နှိမ်နင်းရန် ကျုံးချင် လာရောက်ချိန်တွင် သူတို့သည် မည်သည်ကြောင့် လိုက်ပါမလာဘဲ နေမည်နည်း။
"ဒါက ငါ့သားရဲ့ ဆရာလား"
"မယုံနိုင်စရာ ကောင်းလောက်အောင် စွမ်းအားကြီးတာပဲ"
လင်းဟန်ယီသည် သူ၏ဂုဏ်ယူဝံ့ကြွားမှုကို ဖုံးကွယ်ထားရန် မကြိုးစားတော့ချေ။ အထူးသဖြင့် တခြားအိမ်တော်သခင်များက သူ့ကို ကြည့်နေသောအကြည့်ကို တွေ့ရှိချိန်၌ သူ၏ လင်းမိသားစုသည် ဤကိစ္စမှ အမှန်တကယ် အကျိုးအမြတ် ရရှိနေကြောင်း ခံစားမိလေ၏။
သို့ရာတွင် ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေ ချက်ချင်းအသတ်ခံလိုက်ရသည်ကို မြင်တွေ့ချိန်၌ အပြင်းထန်ဆုံးခံစားချက်ကို ခံစားနေရသူများမှာ ဤလူများမဟုတ်ဘဲ လေထဲတွင် ရပ်နေသော အဖြူရောင်နှင့်အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးနှစ်ယောက်ပင်။
အကြောင်းအရင်းမှာ ပိုင်ချန် လင်းဟန်ယီနှင့် တခြားလူများသည် ကျုံးချင်က နတ်ဆိုးဝံပုလွေကို ချက်ချင်းသတ်လိုက်သည် ဆိုခြင်းသာ ဖြစ်သည်။
အချိန်တစ်စက္ကန့်အတွင်း မည်သို့ ဖြစ်ပျက်သွားသည်ကို သူတို့ မသိကြချေ။
သို့ရာတွင် သူမတို့၏စွမ်းအားသည် လင်းဟန်ယီတို့ထက် များစွာသာလွန်သဖြင့် တိုက်ပွဲအခြေအနေကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ ကျုံးချင်၏လက်မှ သစ်ရွက်တစ်ရွက် လွင့်မျောသွားပြီး ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေကို နှစ်ပိုင်းဖြတ်တောက်လိုက်သည်အား သူမတို့ မျက်မြင်တွေ့ရှိခဲ့ရသည်။
ထို့ပြင် သူမတို့သည် ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေနှင့် ယခုလေးတင် တိုက်ခိုက်ခဲ့ဖူးပြီး ထိုသားရဲ၏စွမ်းအားနှင့်ခုခံနိုင်စွမ်းကို ကောင်းစွာသိရှိထားကြသည်။
ထို့ကြောင့် အခြေအနေအရပ်ရပ်အရ ကျုံးချင်၏သစ်ရွက်တစ်ရွက်က အမျိုးသမီးနှစ်ယောက်အား ပေးစွမ်းသော ထိတ်လန့်တုန်လှုပ်မှုသည် ထူးခြားလွန်းပေ၏။
"အစ်မ...အစ်မရေ...ကျွန်မတို့က ဆရာကြီးတစ်ယောက်နဲ့ တွေ့လိုက်ရပုံပဲ"
လေထုထဲတွင် အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အံ့အားသင့်စွာဖြင့် မတ်တတ်ရပ်နေပြီး သူမ၏လှပသော မျက်နှာလေး နီမြန်းနေကာ မယုံကြည်နိုင်စွာ ပြောဆိုလိုက်သည်။
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးကမူ စကားမပြောချေ။
သို့ရာတွင် ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးနေတတ်သော သူမ၏လှပသည့် မျက်နှာလေးပေါ်တွင် ယခုအချိန်၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်မှာပင် ကျုံးချင်သည် လေထုထဲသို့ ခြေလှမ်းလှမ်းပြီး ပြန်လာခဲ့သည်။
"စီနီယာကျုံး...စီနီယာက တကယ့်ကို အရမ်းတော်တာပဲ"
ကျုံးချင် ပြန်ရောက်လာသည်ကို မြင်တွေ့ချိန်၌ ပိုင်ချန်နှင့်မြို့စောင့်တပ်ဖွဲ့ဝင်များသည် တညီတညွတ်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"ဖုန်းထျန်းမြို့က ပြည်သူတစ်သန်းကိုယ်စား နတ်ဆိုးသားရဲကို နှိမ်နင်းပေးတဲ့အတွက် စီနီယာကျုံးချင်ကို ကျေးဇူးတင်ပါတယ်"
အကယ်၍ ပိုင်ချန်နှင့် အခြားသူများသည် ယခင်က ကျုံးချင်ကို လေးစားမှုဖြင့် ဆက်ဆံခဲ့ကြသည်ဆိုလျှင်...
ယခုအချိနိ၌ ရိုသေမှု နာခံရို့ကျိုးမှုတို့ဖြင့် ဖြစ်လာသည်။
"မြို့စားမင်းပိုင်...ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး...ဒါက အသေးအမွှား ကူညီမှုလေးပါ"
ကျုံးချင်က ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုသည်။
"လန်နင် ချင်းနောင်.... စီနီယာကို အရိုအသေပြုပါတယ်"
ဤအချိန်တွင် လေထဲမှ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးနှင့် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတို့သည်လည်း အလျင်အမြန်ဆင်းသက်လာပြီး ကျုံးချင်ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူမတို့က စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"ကျွန်မတို့ တောင်းပန်ပါတယ်...စီနီယာရဲ့စွမ်းအားကို တကယ် မသိခဲ့လို့ပါ...ဒါကြောင့် ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့မိတယ်...ကျွန်မတို့ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ"
အမျိုးသမီးနှစ်ယောက်က ရိုးသားစွာ တောင်းပန်လိုက်ကြသည်။
သူမတို့၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းနေဆဲပင်။
သူမတို့သည် ကျုံးချင်ကို ယခင်က မည်ကဲ့သို့အထင်သေးခဲ့ကြသည်ကို ပြန်လည်တွေးတောမိတိုင်း အမျိုးသမီးနှစ်ယောက်လုံး မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်နေကြသည်။
"မိန်းကလေးတို့...ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး...နတ်ဆိုးဝံပုလွေရဲ့စွမ်းအားကို ပြောပြပေးတဲ့အတွက် ငါကတောင် ကျေးဇူးတင်ရမှာပါ"
ကျုံးချင်က ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုလိုက်ပြီး အမျိုးသမီးနှစ်ယောက်၏ ယခင်ရိုင်းစိုင်းမှုများအပေါ် သူ ဒေါသထွက်ခြင်း မရှိချေ။
အမှန်အားဖြင့် ဤအမျိုးသမီးနှစ်ယောက်တွင် မကောင်းသော ရည်ရွယ်ချက် မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမတို့သည် သူ့အပေါ် စေတနာထားခဲ့ခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ...."
အမျိုးသမီးနှစ်ယောက်သည် ကျုံးချင်၏ ဖော်ရွေသော သဘောထားကြောင့် အလွန် ကျေးဇူးတင်နေပြီး အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောနေကြသည်။
"ကဲ...နတ်ဆိုးဝံပုလွေလည်း သေပြီဆိုတော့ ကျွန်တော် ပြန်တော့မယ်...ခင်ဗျားတို့က ကိုယ့်ဘာသာကိုယ် ဂရုစိုက်ကြပါ"
ဤအချိန်တွင် ကျုံးချင်က ပိုင်ချန်နှင့် တခြားလူများကို ညွှန်ကြားလိုက်သည်။ ဤအဆင့်ရှိသော နတ်ဆိုးသားရဲ၏အလောင်းတွင် ရတနာများဖြင့် ပြည့်နှက်နေသော်လည်း ကျုံးချင်က ထိုအရာကို စိတ်မဝင်စားချေ။
"ဟုတ်ကဲ့ စီနီယာကျုံး...."
ပိုင်ချန်က အလျင်အမြန် သဘောတူလိုက်ပြီး ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေ၏ အလောင်းကို ကိုင်တွယ်ရန်အတွက် မြို့စောင့်တပ်ဖွဲ့ကို ဦးဆောင်သွားရန် ဟန်ပြင်လိုက်သည်။
နတ်ဆိုးဝံပုလွေ အသက်ရှင်နေစဉ်တွင် သူ မည်သို့မျှ မလုပ်နိုင်ခဲ့သော်လည်း ဤသားရဲသည် ဖုန်းထျန်းမြို့ကို ကြာရှည်စွာ ဒုက္ခပေးခဲ့သည်။ ပိုင်ချန်သည် ထိုသားရဲသေဆုံးပြီးနောက် အလောင်းကို ခြေထောက်ဖြင့် ကန်ကျောက်ကာ အပိုင်းပိုင်းဆုတ်ဖြဲလိုပေ၏။
သို့ရာတွင် ကျုံးချင်သည် လင်းမိသားစုနှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်၌ လန်နင်နှင့်ချင်းနောင်တို့သည် သူ့ကို ကြည့်လိုက်ပြီး တစ်စုံတစ်ခု ပြောလိုသော်လည်း ရပ်တန့်သွားသည်။
ကျုံးချင်သည် ထိုမြင်ကွင်းကို သတိထားမိပြီး မေးမြန်းလိုက်သည်။
"မိန်းကလေးတို့မှာ တခြားကိစ္စ ရှိသေးလို့လား...."
"စီနီယာ...အမှန်အတိုင်း ပြောရရင် ကျွန်မမှာ တောင်းဆိုစရာတစ်ခု ရှိပါတယ်"
လန်နင်က သူမ၏လက်ကိုပူးဆုပ်ပြီး အလျင်အမြန်ပြောဆိုသည်။
"ကျွန်မတို့က အရှေ့ပိုင်းဒေသက ဝမ်တာအိုတောင်က လာတာပါ...လူတိုင်း သိကြတဲ့အတိုင်း ဝမ်တာအိုတောင်က ဝင်္ကပါပညာရပ်မှာ အကျွမ်းကျင်ဆုံးပါ...လက်ရှိမှာ ဂိုဏ်းက ဝင်္ကပါအသစ်တစ်ခုကို စူးစမ်းလေ့လာနေပြီးတော့ ဝင်္ကပါရဲ့ စိတ်ဝိညာဉ်ကို အသက်သွင်းဖို့ နတ်ဆိုးသားရဲတွေရဲ့ မျက်လုံးတွေ လိုအပ်နေတယ်...ဂိုဏ်းက ဒီတာဝန်ကို ကျွန်မနဲ့ ကျွန်မရဲ့ညီမဆီ ပေးအပ်ထားပြီး ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် အဆင့်ရှိတဲ့ နတ်ဆိုးသားရဲမျက်လုံး အနည်းဆုံး ငါးလုံး ပြန်ယူလာဖို့ မှာထားပါတယ်"
"ကျွန်မနဲ့ ညီမလေးက လမ်းတလျှောက်လုံး ရှာဖွေခဲ့ပြီးတော့ ဖုန်းထျန်းမြို့ပြင်က ဒီနတ်ဆိုးအကြောင်း သိခဲ့ရတယ်...တာဝန်ကို ပြီးမြောက်နိုင်ပြီး ပြည်သူတွေကို ဒီဘေးဆိုးကနေ ကယ်တင်နိုင်မယ်လို့ တွေးပြီး ကျွန်မတို့ ဒီကို အပြေးအလွှား ရောက်လာခဲ့တာပါ...ဒီနတ်ဆိုးသားရဲက ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် အဆင့်လောက်ပဲ ရှိပြီးတော့ ကျွန်မတို့ လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်မယ်လို့ တွေးထင်ခဲ့တယ်..ဒါပေမယ့် အဲ့ဒီသားရဲက လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့် ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ"
"စီနီယာ သိတဲ့အတိုင်း နောက်ဆုံးမှာ ကျွန်မတို့က နတ်ဆိုးကို မနှိမ်နင်းနိုင်ဘဲနဲ့ ဒီနေရာမှာပဲ အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်..."
"သဘောပေါက်ပြီ"
ထိုစကားများကို နားထောင်ပြီးနောက် ကျုံးချင်က ခေါင်းညိတ်လိုက်ပြီး အမျိုးသမီးနှစ်ယောက်ကို ကြည့်ကာ မေးမြန်းသည်။
"ဒါဆို မင်းတို့က ဒီခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေရဲ့မျက်လုံးတွေကို လိုချင်တာလား"
"အမှန်ပဲ...ကျွန်မတို့က ဒီအတိုင်းကြီး မတောင်းဆိုရဲပါဘူး...ဒါပေမယ့် ပစ္စည်းချင်း ဖလှယ်လို့ ရပါတယ်"
လန်နင်က သူမ၏လက်ကိုပူးဆုပ်ပြီး အလျင်အမြန်ပြောဆိုသည်။
"ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးပါ စီနီယာ"
"ဒီကိစ္စအတွက် ပစ္စည်းချင်း ဖလှယ်စရာ မလိုပါဘူး...ဒါပေမယ့် မင်းတို့က ဝမ်တာအိုတောင်က လာတယ်ဆိုတော့ ငါက မင်းတို့ကို အကူအညီတစ်ခု တောင်းစရာရှိတယ်"
ကျုံးချင်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး သူ၏မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါသော အကြည့်မျိုး ထင်ဟပ်လာသည်။