← Chapters

ကိုယ်ပိုင်ကမ္ဘာငယ်လေး

Vol. 3 Ch. 29

ကိုယ်ပိုင်ကမ္ဘာငယ်လေး

Vol. 3 Ch. 29

"ကျွန်မတို့ကို အမိန့်ပေးပါ စီနီယာ...ကျွန်မတို့ညီအစ်မနှစ်ယောက် လုပ်နိုင်တဲ့အရာမှန်သမျှ လုပ်ပေးပါမယ်"

လန်နင်က အလျင်အမြန် ပြောဆိုသည်။

"ကျွန်တော် မှတ်မိသလောက်ဆိုရင် ခင်ဗျားတို့ရဲ့ ဝမ်တာအိုတောင်ကို ဝမ်တာအိုတောင်လို့ ခေါ်တာက ဂိုဏ်းသားတွေက ကျင့်ကြံတာအပြင် တခြားနည်းလမ်းတွေမှာပါ ကျွမ်းကျင်လို့ မဟုတ်လား...နည်းလမ်းတိုင်းက တာအိုတစ်ခုပဲမလို့ ဝမ်တာအိုတောင်လို့ နာမည်ပေးထားတာ မဟုတ်လား"

ကျုံးချင်က အပြုံးနှင့် မေးမြန်းသည်။

"စီနီယာက မြှောက်ပင့်လွန်းနေပြီ...ဒါပေမယ့် အဲ့ဒါက အမှန်ပါပဲ"

လန်နင်က နှိမ့်ချစွာ ပြောဆိုလိုက်သော်လည်း ဝမ်တာအိုတောင်အကြောင်း ပြောဆိုချိန်တွင် သူမ၏မျက်လုံးများထဲ၌ ဂုဏ်ယူဝံ့ကြွားမှုများ ရှိနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

"ပြီးတော့ မင်းတို့ အကျွမ်းကျင်ဆုံးက ဝင်္ကပါပညာရပ်ပဲ...ဝင်္ကပါအပြင် ဖုန်းရွှေနဲ့ ဆောက်လုပ်ရေးပိုင်းတွေမှာလည်း ပါဝင်ပတ်သက်နေတယ် မဟုတ်လား"

ကျုံးချင်က ထပ်မံ၍ မေးမြန်းလိုက်၏။

"အမှန်ပဲ"

အမျိုးသမီးနှစ်ယောက်က တုံ့ပြန်အဖြေပေးသည်။

"မင်းတို့ အခုသွားပြီး အဲ့ဒီမျက်လုံးတွေကို ယူလို့ရပြီ...ဒါပေမယ့် မင်းတို့ ဒီမှာနေပြီး နေရာတစ်ခုကို ဆောက်လုပ်ပြင်ဆင်ပေးရမယ်ဆိုတဲ့ အပေးအယူတစ်ခုတော့ရှိတယ်"

ကျုံးချင်သည် စနစ်မှ ဆုချီးမြှင့်လိုက်သော ကမ္ဘာငယ်လေးကို သတိရသွားပြီး တည်ငြိမ်အေးဆေးသော အပြုံးဖြင့် ပြောဆိုလိုက်သည်။

ဤပညာရပ်တွင် ကျွမ်းကျင်သော တစ်စုံတစ်ဦးကသာ စီစဉ်ပေးမည်ဆိုပါက ကမ္ဘာငယ်လေး၏ သက်တောင့်သက်သာရှိမှုအဆင့်သည် များစွာ မြင့်တက်လာပေမည်။

အပြင်အဆင်နှင့်ဆောက်လုပ်ရေးသည် ဝမ်တာအိုတောင်ဂိုဏ်းသားများ၏ အားသာချက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ ကျုံးချင်၏တောင်းဆိုမှုကို ကြားချိန်၌ အမျိုးသမီးနှစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် သဘောတူညီလိုက်ကြ၏။

"ကောင်းပြီလေ...မင်းတို့ အခုသွားယူလိုက်ကြတော့...ငါ ဒီနေရာမှာ စောင့်နေမယ်...ပြီးရင် ငါနဲ့အတူ လိုက်ခဲ့ပါ..."

ကျုံးချင်က ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

အမျိုးသမီးနှစ်ဦးသည် ခေါင်းသုံးလုံးဝံပုလွေ၏ အလောင်းရှိရာသို့ လျှင်မြန်စွာ ပျံသန်းသွားကြသည်။

သူမတို့သည် ခေါင်းသုံးလုံးဝံပုလွေ၏ အလောင်းအထက်သို့ ရောက်ရှိသွားကြသည်။ နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်ကို ကြည့်ရင်း သူမတို့၏မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ လွှမ်းမိုးနေဆဲပင်။

ဤအလောင်းသည် လွန်ခဲ့သော အချိန်တခဏက သူမတို့ အနိုင်ယူ၍မရနိုင်သော လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း....

အမျိုးသမီးနှစ်ယောက်သည် အထူးနည်းလမ်းတစ်ခုကို အသုံးပြု၍ ခေါင်းသုံးလုံးဝံပုလွေ၏မျက်လုံးများကို လျှင်မြန်စွာ ဖယ်ရှားလိုက်ကြ၏။ သူမတို့၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

သူမတို့ တောင်ပေါ်မှ ဆင်းလာချိန်တွင် သူမတို့၏ ဘေးကင်းလုံခြုံမှုကို ဂရုစိုက်ပြီး အဆင့်မြင့်သော နတ်ဆိုးမျက်လုံးများကို ရှာဖွေကြရန် ဂိုဏ်းမှ မှာကြားလိုက်သည်။ အကြောင်းအရင်းမှာ ထိုနတ်ဆိုးမျက်လုံးများ အဆင့်မြင့်လေလေ ဝင်္ကပါ၏အသက်ဝင်မှု အောင်မြင်နိုင်ခြေ မြင့်မားလေလေ ဖြစ်သောကြောင့်ပင်။

လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိနေသော နတ်ဆိုးသားရဲ၏ မျက်လုံးများသည် အစပိုင်းတွင် သူတို့ အိပ်မက်ပင် မမက်ရဲသော အရာများ ဖြစ်သည်။

ထိုအရာကို ပြန်ယူသွားပြီးနောက် ဝမ်တာအိုဂိုဏ်းမှ အကြီးအကဲများ၏မျက်နှာအမူအယာများ မည်သို့ဖြစ်နေမည်ကို သူမတို့ တွေးတောကြည့်မိသည်။

"စီနီယာ...ကျွန်မတို့က စုစုပေါင်း မျက်လုံးခြောက်လုံး ယူလာတယ်...မျက်လုံးငါးလုံးပဲ လိုတာဆိုတော့ ပိုနေတဲ့တစ်လုံးကို စီနီယာ့အတွက်ပါ"

ချင်းနောင်သည် ဝံပုလွေနတ်ဆိုး၏မျက်လုံးပါရှိသော ကျောက်စိမ်းပုလင်းကိုကိုင်ပြီး ကျုံးချင်ကို ပြောဆိုသည်။

"ပိုတဲ့တစ်လုံးကို မင်းတို့ကိုပဲ ပေးလိုက်ပါ့မယ်"

ကျုံးချင်က လက်ဝှေ့ယမ်းပြပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

သူသည် ဤနတ်ဆိုးသားရဲမျက်လုံးများကို လုံးလုံးလျားလျား စိတ်မဝင်စားချေ။

"ကျေးဇူးတင်ပါတယ် စီနီယာ"

အမျိုးသမီးနှစ်ယောက်၏မျက်နှာများပေါ်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။

ဤတစ်ကြိမ်အတွက် နတ်ဆိုးသားရဲမျက်လုံးငါးလုံးသာ လိုအပ်သော်လည်း ပိုနေသော တစ်လုံးသည် ဝမ်တာအိုတောင်ကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းအတွက် အလွန်အသုံးဝင်သည်။

မကြာမီမှာပင်....

ကျုံးချင်သည် လန်နင်နှင့်ချင်းနောင်တို့ကို ခေါ်ဆောင်ပြီး လင်းမိသားစုထံ ပြန်လာခဲ့သည်။

ကျုံးချင် လင်းမိသားစုထံ ပြန်ရောက်သည့် အချိန်မှာပင် ဝံပုလွေနတ်ဆိုး သေဆုံးသွားသည့် သတင်းသည် မြို့ထဲသို့ ရောက်ရှိသွားလေသည်။

မြို့တစ်မြို့လုံးရှိလူများ ဝမ်းသာအားရ အောင်ပွဲခံလိုက်ကြတော့သည်။

အကြောင်းအရင်းမှာ ဤနတ်ဆိုးဝံပုလွေသည် လွန်ခဲ့သော နှစ်ဝက်က စတင်၍ ဖုန်းထျန်းမြို့မှ ပြည်သူများကို ဒုက္ခအကြီးအကျယ်ပေးခဲ့သောကြောင့်ပင်။

အချိန်တိုအတွင်းမှာပင်....

ကျေးဇူးတင်နေသော လူအမြောက်အများသည် လင်းအိမ်တော်သို့ စုရုံးရောက်ရှိလာကြ၏။

ကံကောင်းထောက်မစွာဖြင့် ကျုံးချင်သည် ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားပြီး စောစီးစွာ ပုန်းအောင်းနေခဲ့သဖြင့် လင်းဟန်ယီအတွက် အခက်အခဲ ဖြစ်စေခဲ့သည်။

လူအမြောက်အများ လင်းအိမ်တော်သို့ ဝင်ထွက်သွားလာလုပ်နေကြပြီး လက်ဆောင်များနှင့် ကျေးဇူးတင်စကားများ ပေးပို့နေကြသည်။ လင်းမိသားစုဝင်များသည် ထိုလူများကို ငြင်းပယ်၍ မရချေ။ ထိုသို့မဟုတ်ပါက သူတို့သည် ဒူးထောက်ပြီး မတ်တတ်ထရပ်ရန် ငြင်းဆန်ကြပေလိမ့်မည်။

တစ်ရက်အတွင်းမှာပင် လင်းမိသားစု၏သိုလှောင်ရုံသည် လက်ဆောင်ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်သွားပေ၏။

လင်းဟန်ယီသည် သူ၏အိပ်ခန်းထဲတွင် လယ်ယာထွက် ကြက်ဥများ ပုံနေပြီး ခြံဝင်းထဲတွင် ကြက်မအိုကြီးများ ပြည့်နှက်နေသည်ကို မြင်တွေ့ရချိန်၌ အလွန်စိတ်ပျက်သွားသည်။

သို့ရာတွင်....

ကျုံးချင်ကြောင့် လင်းမိသားစုသည် ရက်အနည်းငယ်အတွင်း ဖုန်းထျန်းမြို့၏ အစားထိုးမရနိုင်သော အာဏာပိုင်များ ဖြစ်လာခဲ့သည်။

မိသားစု၏စီးပွားရေးလုပ်ငန်းများသည် အလွန်အမင်း တိုးတက်လာပေ၏။

တခြားမိသားစုများမှာမူ မည်သည့်မကျေမနပ်မှုမျိုးကိုမျှ မပြသရဲကြချေ။

ကျုံးချင်သည် နတ်ဆိုးသားရဲကို ချက်ချင်း ချေမှုန်းလိုက်သည်အား မြင်တွေ့ပြီးနောက် ထိုမိသားစုများသည် အစပိုင်းတွင် လင်းမိသားစုကို လုံလောက်စွာ မမြှောက်ပင့်ခဲ့မိသဖြင့် နောင်တရနေကြသည်။ ထို့ကြောင့် မကြာမီမှာပင် တချို့မိသားစုများသည် လင်းမိသားစု၏ လက်အောက်ခံ ဖြစ်လိုကြ၏။

သူတို့သည် ကျုံးချင်ကို မြှောက်ပင့်ဖားယားလိုကြသော်လည်း သူတို့၏အကန့်အသတ်ကို သိရှိထားသဖြင့် ထိုသို့လုပ်ဆောင်ရန် အရည်အချင်းမပြည့်မီချေ။

အတိုချုပ်ပြောရလျှင် မြို့တစ်မြို့လုံးကို လင်းမိသားစုမှ လွှမ်းမိုးနိုင်မည့်အချိန်သည် အလှမ်းကွာဟခြင်း မရှိတော့ချေ။

လင်းအိမ်တော်၏ သီးသန့်နေရာတစ်ခုတွင် ကျုံးချင်သည် လက်ဖက်ရည်စားပွဲတွင် ထိုင်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေသည်။

သူ၏ရှေ့တွင် လန်နင်နှင့်ချင်းနောင်တို့သည် ရိုသေလေးစားစွာ ထိုင်နေကြ၏။

"ဆောက်လုပ်ရေးတွေ ပြင်ဆင်ဖို့အတွက် ပစ္စည်းတွေအများကြီး စုဆောင်းဖို့ လိုလိမ့်မယ်...ပစ္စည်းတစ်ခုခု လိုအပ်ရင် စာရင်းကို အိမ်တော်သခင်လင်းဆီ ပေးလိုက်ပါ...ငါ သူ့ကို ပြောပြီးပြီ"

ကျုံးချင်က အမျိုးသမီးနှစ်ယောက်ကို ညွှန်ကြားလိုက်သည်။

"လူအင်အားအတွက်တော့ ငါက မင်းတို့ကို လူတစ်ယောက် ပေးမယ်"

ကျုံးချင်၏အသံဆုံးသွားသည်နှင့် အနက်ရောင် ဝတ်စုံဝတ်လူတစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်။

ဤသည်မှာ ဟေးပိုင်ပင်။

ဟေးပိုင် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ လန်နင်နှင့်ချင်းနောင်တို့သည် ချက်ချင်းဆိုသလိုပင် အံ့အားသင့်သွားကြ၏။

ဟေးပိုင် မည်သည့်နေရာမှ ရောက်လာသည်ကိုပင် သူမတို့ မမြင်လိုက်ရချေ။

ထို့ပြင် ဟေးပိုင်၏ကျင့်ကြံဆင့် အတိအကျကို သူမတို့ အာရုံမခံနိုင်သော်လည်း သူသည် အလွန်နက်နဲသိမ်မွေ့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။

သိသာထင်ရှားစွာဖြင့်....

ဤသည်မှာ နောက်ထပ် လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်။

"ဟေးပိုင်...အခုချိန်ကစပြီး မင်းက ဒီမိန်းကလေးနှစ်ယောက်ရဲ့ အမိန့်ကို ခြွင်းချက်မရှိ နာခံရမယ်"

ကျုံးချင်က ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်"

ဟေးပိုင်က ရိုသေလေးစားစွာ ပြောဆိုသည်။

သို့သော် ဤစကားများသည် အမျိုးသမီးနှစ်ယောက်ကို ထပ်မံ၍ အံ့အားသင့်သွားစေသည်။

လမင်းနက်နဲသိမ်မွေ့နယ်ပယ် အဆင့်တွင်ရှိသော နောက်လိုက်တစ်ယောက် ဖြစ်နေသလော....

ဤသည်မှာ အမှန်တကယ်ကို ကြီးကျယ်ခမ်းနားသော အပြုအမူပင်။

"မိန်းကလေးတို့ ကြားတယ်နော်...လိုအပ်တာရှိရင် သူ့ကိုသာ ခိုင်းလိုက်ပါ"

ကျုံးချင်က အမျိုးသမီးနှစ်ယောက်ကို ပြောဆိုလိုက်သည်။

"ကျွန်မတို့ ဒါကို လက်မခံရဲပါဘူး...နောက်ပိုင်းကျမှ ဒီစီနီယာရဲ့အကူအညီ လိုအပ်လာရင် တောင်းခံပါ့မယ်"

အမျိုးသမီးနှစ်ယောက်က အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။

ဤသည်မှာ ကျုံးချင်၏နောက်လိုက်ဖြစ်သော်လည်း လမင်းနက်နဲသိမ်မွေ့နယ်ပယ် အဆင့်ရှိ သူ၏စွမ်းအားကို ငြင်းပယ်၍မရချေ။ လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးကို သူမတို့သည် မည်သို့ ခိုင်းစေရဲမည်နည်း။

"မင်းတို့ အဲ့ဒီလောက်ထိ အားနာနေဖို့ မလိုပါဘူး...လုပ်စရာရှိတာ လုပ်ကြပါ"

ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။

လန်နင်က ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်ပြပြီး မေးမြန်းသည်။

"ဒါပေမယ့် စီနီယာ...စီနီယာက ဘာကို အတိအကျ တည်ဆောက်ပြီး ပြင်ဆင်ချင်တာလဲဆိုတာ မေးခွင့်ပြုပါ"

"ငါ မင်းတို့ကို ခေါ်သွားပေးမယ်"

ကျုံးချင်က တည်ငြိမ်အေးဆေးသော အပြုံးဖြင့် ပြောဆိုသည်။

အမျိုးသမီးနှစ်ယောက်သည် သူမတို့ မည်သည့်နေရာကို သွားရမည်နည်းဟု တွေးတောနေစဉ်မှာပင် ကျုံးချင်က လက်ဝှေ့ယမ်းလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ်က သူမတို့ကို လွှမ်းခြုံသွားသည်။

"မခုခံနဲ့...."

ကျုံးချင်က သတိပေးလိုက်သည်။

ထိုအသံ အဆုံးသတ်သွားသွားသည်နှင့် အမျိုးသမီးနှစ်ယောက်သည် သူတို့၏ရှေ့မှ မြင်ကွင်း လုံးလုံးလျားလျား ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် သူမတို့သည် ကျုံးချင်၏ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိသွားကြ၏။

"ဘာ...ဘာကြီးလဲ"

အမျိုးသမီးနှစ်ယောက်သား အံ့အားတသင့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။

ဤအချိန်တွင် ကမ္ဘာငယ်လေးသည် ဗလာဟင်းလင်းဖြစ်နေပြီး ခြောက်သွေ့သောမြေပြင်သာ ရှိသည်။

"ဒါက ငါ့ရဲ့ကိုယ်ပိုင်ကမ္ဘာငယ်လေးပါ...ငါက မင်းတို့ကို ဒါကို ပြန်လည်စီစဉ်ပြီးတော့ ပြုပြင်မွမ်းမံစေချင်တယ်"

ကျုံးချင်က အမျိုးသမီးနှစ်ယောက်၏နံဘေးတွင် ထွက်ပေါ်လာပြီး တိုးညှင်းစွာ ပြောဆိုလိုက်၏။

"ဘာ...."

"စီနီယာ...စီနီယာရဲ့ကိုယ်ပိုင်...စီနီယာ့ရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးလား"

အမျိုးသမီးနှစ်ယောက်သည် သူမတို့၏နံဘေးမှ ကျုံးချင်ကို မျက်လုံးအပြူးသားဖြင့် ကြည့်လိုက်ကြပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။

သူမတို့၏စိတ်ထဲတွင် မိုးကြိုးပစ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားမိပေ၏။

All Chapters