← Chapters

ဒီဆရာတပည့်နှစ်ယောက်က တကယ့်ကို ပါရမီရှင်တွေပဲ

Vol. 3 Ch. 21

ဒီဆရာတပည့်နှစ်ယောက်က တကယ့်ကို ပါရမီရှင်တွေပဲ

Vol. 3 Ch. 21

သို့ရာတွင်....

ရွှမ်ယွမ်ဟုန်သည် စိတ်လှုပ်ရှားစွာ ပြောဆိုပြီးသည်နှင့် တပြိုင်နက် ကျုံးချင်သည် သူ ထင်မှတ်ထားသလောက် စိတ်လှုပ်ရှားမနေကြောင်း တွေ့ရှိလိုက်ရသည်။

ထိုမျှမသာက ကျုံးချင်သည် မျက်မှောင်ပင် ကြုတ်ထားပေ၏။

ဤအရာက ရွှမ်ယွမ်ဟုန်ကို လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားစေသည်။

"ဘာဖြစ်လို့လဲ မင်းက ဒီလက်ဆောင်ကြောင့် စိတ်မလှုပ်ရှားဘူးလား"

ရွှမ်ယွမ်ဟုန်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"အင်း...."

ကျုံးချင်က သူ့နှာခေါင်းကို ပွတ်သပ်လိုက်မိသည်။

သူသည် အချိန်တခဏကြာမျှ စကားမပြောနိုင် ဖြစ်သွားခဲ့ရသည်။

အဘိုးအိုသည် သူ့ကို အချိန်ကြာမြင့်စွာ ရင်တမမဖြစ်အောင် လုပ်ထားပြီး ဇာတ်လမ်းများ ခင်းနေခဲ့သဖြင့် အမှန်တကယ်ကောင်းမွန်သည့် အရာတစ်ခု ဖြစ်မည်ဟု သူ ထင်မှတ်ကာ သူ့ထံ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

လက်တွေ့တွင်မူ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခုသာ ဖြစ်နေခဲ့ပြီး သူ့မျှော်လင့်ချက်များအားလုံး အချည်းနှီး ဖြစ်သွားခဲ့ရလေပြီ။

သို့ရာတွင် ရိုးရိုးသားသား ပြောဆိုရလျှင် ဤသည်မှာ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခု ဖြစ်နေဆဲပင်။

ဤပစ္စည်းသည် အမှန်တကယ်ကို ကောင်းမွန်သော်လည်း သူသည် ယနေ့မှ စာအုပ်ရှစ်အုပ်ကို စနစ်မှ ရယူထားပြီးဖြစ်ရာ သိပ်ပြီးစိတ်မလှုပ်ရှားမိတော့ချေ။

"ဟေ့ကောင်လေး....မင်း ဘာဖြစ်နေတာလဲ"

ကျုံးချင် စိတ်ဝင်စားမှု မရှိသည်ကို မြင်လိုက်ရချိန်၌ ရွှမ်ယွမ်ဟုန်က စိတ်မရှည်စွာဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။

"ဒါက ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်နော်.... မင်းအဆင့်နဲ့ မတန်ဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား"

"ကောင်စုတ်လေး...မင်းက သန်မာရုံနဲ့ ဘဝင်မမြင့်နဲ့အုံး.....မင်း သန်မာတာ မှန်ပေမယ့် မှန်ကန်တဲ့ နည်းစနစ်တွေကို အသုံးပြုမယ်ဆိုရင် အားစိုက်ထုတ်မှု တစ်ဝက်လောက်နဲ့ ရလဒ်နှစ်ဆ ရနိုင်တယ်ကွ"

"ကောင်းပါပြီ...ကောင်းပါပြီ...."

တခြားရွေးချယ်စရာ မရှိသဖြင့် ကျုံးချင်က ထိုကျောက်စိမ်းပြားကို လက်ခံလိုက်သည်။

"ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို ဒီကျင့်ကြံနည်းစနစ်ကိုယူဖို့ အတင်းအကြပ် တိုက်တွန်းနေမှတော့....ကျွန်တော်ကလည်း အပြန်အလှန်အနေနဲ့ ကျင့်ကြံနည်းစနစ်စာအုပ်နည်းနည်းလောက် ပြန်ပေးပါ့မယ်"

ထိုစကားကိုပြောဆိုရင်း ကျုံးချင်က သူ၏သိုလှောင်လက်စွပ်ကို လှည့်လိုက်၏။

"အမ်.....မင်းကလည်း ငါ့ကို ကျင့်ကြံနည်းစနစ် စာအုပ်တွေ ပြန်ပေးမလို့လား"

ရွှမ်ယွမ်ဟုန် ကြက်သေသေသွားပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာ ပြောဆိုသည်။

"အဲဒါ့က မလိုပါဘူးကွာ.... ငါတို့က အပြန်အလှန် ကျေးဇူးဆပ်နေကြတာမှ မဟုတ်တာ....ဒါ့ပြင် ငါတို့ဂိုဏ်းရဲ့ ကျမ်းစာဆောင်မှာ ကျင့်ကြံနည်းစနစ်စာအုပ်တွေ အများကြီး ရှိပြီးသားပါ"

သို့ရာတွင်...

သူ၏စကားမဆုံးခင်မှာပင် သူ့ရှေ့ရှိ ကျုံးချင်ကို စိုက်ကြည့်ရင်း လည်ပင်းညှစ်ခံထားရသော ဘဲတစ်ကောင်ကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။

ကျုံးချင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ရှစ်အုပ်ကို ထုတ်ယူလိုက်သည်။ ဤဘုရင်အဆင့် ကျင့်ကြံနည်းစနစ် ရှစ်အုပ်သည် ကျုံးချင် စနစ်မှ ရရှိထားခြင်း ဖြစ်ပြီး သိုလှောင်ရုံထဲသို့ ထည့်ရန် အချိန်မရသေးခြင်းပင်။

"မင်း...မင်း...မင်း..."

ဤဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ရှစ်အုပ်ကို မြင်လိုက်ရချိန်၌ ရွှမ်ယွမ်ဟုန် ထိတ်လန့်တုန်လှုပ်သွားပြီး စကားမပြောနိုင် ဖြစ်သွားပေ၏။

"မလိုချင်ဘူးလား..."

ကျုံးချင်က မေးမြန်းလိုက်သည်။

"လိုချင်တာပေါ့....."

ရုတ်ချည်းဆိုသလိုပင် သူသည် ကျုံးချင်၏ လက်ထဲမှ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ် ရှစ်အုပ်ကို ဆွဲယူလိုက်ပြီး တစ်အုပ်ချင်းစီ စတင်၍ စစ်ဆေးလိုက်တော့သည်။

ထိုအရာများအားလုံးသည် ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်များ အမှန်တကယ် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရချိန်တွင် သူ၏အသက်ရှူသံများ မြန်ဆန်လာသည်။

ထိုအချိန်ကျမှသာ....

ကျုံးချင်သည် ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ကို မည်သည်ကြောင့် စိတ်ဝင်စားမှု မပြခဲ့သည်ကို သူ နောက်ဆုံး၌ နားလည်သွားခဲ့လေပြီ။

တစ်ဖက်လူသည် တစ်ကြိမ်တည်းနှင့် ထိုအဆင့် စာအုပ်ရှစ်အုပ်ကို ထုတ်ပေးနိုင်သည်ဖြစ်ရာ သူပေးသည့် တစ်အုပ်တည်းကို သိပ်စိတ်မဝင်စားခြင်းမှာ သဘာဝကျပေ၏။

အစပိုင်းတွင် သူ မည်မျှထိ လျှို့ဝှက်ဆန်းကြယ်ဟန် ဆောင်နေခဲ့သည်ကို ပြန်တွေးကြည့်မိသည်။ သူသည် လူအကြီးတစ်ယောက်သဖွယ် ဖြစ်နေခဲ့ပြီး တစ်ဖက်လူ လိုအပ်နေချိန်တွင် အကူအညီ ပေးနေသည်ဟုပင် ထင်မှတ်ခဲ့မိသည်။

"ရှစ်အုပ်တောင်...ဒါတွေက ဘုရင်အဆင့် ကျင့်ကြံနည်းစနစ် ရှစ်အုပ်တောင်နော်....ကောင်လေး မင်းက ဘယ်လိုလုပ်ပြီး ဒါတွေကို ရခဲ့တာလဲ"

ရွှမ်ယွမ်ဟုန်က သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်မိသည်။

"ဒါက လိုချင်ရင် ရနိုင်တာပဲ မဟုတ်လား...."

ကျုံးချင်က ပခုံးတွန့်ပြီး အေးဆေးတည်ငြိမ်စွာ ပြောဆိုသည်။

ဤသည်က လူစကား ဟုတ်ပါသလော....

လူတွေက ထိုကဲ့သို့ ပြောတတ်ကြသလော....

ရွှမ်ယွမ်ဟုန် လုံးလုံးလျားလျား ကြက်သေသေသွားသည်။

"ကောင်းပြီ....ကောင်းပြီလေ....ဂိုဏ်းချုပ် ဒီကျင့်ကြံနည်းစနစ်ရှစ်အုပ်ကို ဘယ်က ရလဲဆိုတာ စိတ်မပူနဲ့တော့....ဒါတွေကို သိမ်းထားလိုက်ပါ"

ကျုံးချင်က ရွှမ်ယွမ်ဟုန်ကိုအလျင်အမြန် နှစ်သိမ့်ပြီး ပြန်ထိုင်ရန် ကူညီပေးလိုက်သည်။

"ဒီကျောက်စိမ်းပြားအတွက်ကတော့ ဂိုဏ်းရဲ့ စေတနာကို ကျေးဇူးတင်တယ်.....ဒါပေမယ့် ကျွန်တော် တကယ် မလိုအပ်ပါဘူး....ခင်ဗျားပဲ ပြန်ယူသွားလိုက်ပါ"

"ကောင်းပြီလေ"

ဤအချိန်တွင်မူ ရွှမ်ယွမ်ဟုန် စကားမပြောနိုင်တော့ချေ။

တစ်ဖက်လူသည် တူညီသောအဆင့်တွင်ရှိသည့် စာအုပ်ရှစ်အုပ်ကိုပင် ထုတ်ပေးနိုင်သည်ဖြစ်ရာ သူ၏ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တစ်အုပ်သည် ထိုလူအပေါ် အမှန်တကယ် သက်ရောက်မှု ရှိမည် မဟုတ်ချေ။

ရွှမ်ယွမ်ဟုန် မည်သည့်စကားမျှ ထပ်မပြောတော့သည်ကို မြင်လိုက်မှသာ ကျုံးချင် သက်ပြင်းချနိုင်ပြီး လက်ဖက်ရည်ကို ထပ်မံ၍ဖျော်စပ်လိုက်သည်။

အမှန်အားဖြင့် သူတို့၏ ဆက်ဆံရေးအရ ဧကရာဇ်အဆင့် စာအုပ်အနည်းငယ်ကို ရွှမ်ယွမ်ဟုန်အား ပေးလိုက်ခြင်းသည် ကိစ္စကြီးမဟုတ်ချေ။

သို့ရာတွင် သူ သေချာစဉ်းစားပြီးနောက် ကျုံးချင်က မေ့ထားလိုက်ရန် ဆုံးဖြတ်လိုက်၏။

သာမန်လူတစ်ယောက်သည် အပြစ်ကင်းစင်သော်လည်း ရတနာပိုင်ဆိုင်ထားခြင်းက ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်သည်။

အကယ်၍ ဤသတင်းသာ ပေါက်ကြားသွားပါက ရှန်ကျန်းဂိုဏ်းသည် မျိုးသုဉ်းမည့်ဘေးနှင့် ကြုံတွေ့ရနိုင်သည်။

ထို့ကြောင့် ဂိုဏ်းသို့ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်အနည်းငယ်ကိုသာ ပေးလိုက်ခြင်းက အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။

"ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ ကောင်လေး...မင်း ကျင့်ကြံနေတဲ့ထဲမှာ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ထက် ပိုပြီးမြင့်မားတာတွေ ရှိသေးလား"

ထိုင်ခုံ၌ ထိုင်ပြီးနောက် ရွှမ်ယွမ်ဟုန်သည် ဘုရင်အဆင့် ကျင့်ကြံနည်းစနစ် ရှစ်အုပ်ကို သိမ်းဆည်းလိုက်ပြီး မနေနိုင်တော့ဘဲ ကျုံးချင်ကို မေးမြန်းလိုက်သည်။

ကျုံးချင်က လက်ဖက်ရည် ငှဲ့ပေးရင်း ခေါင်းညိတ်ကာ တုံ့ပြန်အဖြေပေးလိုက်၏။

"အမှန်ပဲ...ကျွန်တော့် ကျင့်ကြံတာက ဘုရင်အဆင့် နည်းစနစ်ထက် နည်းနည်းလေး ပိုမြင့်တယ်"

"နည်းနည်းလေးဆိုတော့ အရှင်သခင်အဆင့်လား"

"ဧကရာဇ်အဆင့်ပါ...."

"သောက်ကျိုးနည်း...."

လက်ဖက်ရည် တစ်ငုံသောက်လိုက်သော ရွှမ်ယွမ်ဟုန်သည် ပြန်ထွေးထုတ်လိုက်ပြီး ကျိန်ဆဲကာ ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

"ကောင်လေး...မင်းက ငါကျင့်ကြံတာထက်တောင် နည်းနည်းလေး ပိုမြင့်နေသေးတာလား"

ကျုံးချင်သည် သူ၏မျက်နှာပေါ်မှ လက်ဖက်ရည်များကို စိတ်ပျက်လက်ပျက် သုတ်လိုက်ပြီး မညည်းညူဘဲ မနေနိုင်တော့ပေ။

"ဂိုဏ်းချုပ်...ခင်ဗျားက ဂိုဏ်းတစ်ခုလုံးရဲ့ ခေါင်းဆောင်လေ... ကိစ္စတစ်ခုခု ဖြစ်လာရင် နည်းနည်းလောက် တည်ငြိမ်လို့ မရဘူးလား"

"တည်ငြိမ်ရမယ် ဟုတ်လား...မင်း ပြောစမ်းပါအုံး.... ငါက ဘယ်လိုလုပ် တည်ငြိမ်နိုင်မှာလဲ.... ဘယ်လိုလုပ်ပြီး တည်ငြိမ်နိုင်မှာလဲလို့..."

ကျုံးချင်က သူ့ကို ညင်သာစွာ ဆက်လက်၍ နှစ်သိမ့်ပေးပြီး ရွှမ်ယွမ်ဟုန်သည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားကာ ထိုင်လိုက်သည်အထိ အချိန်အကြာကြီး ပေးလိုက်ရသည်။

"ရော့...လက်ဖက်ရည်လေး သောက်လိုက်အုံး.... အများကြီး တွေးမနေနဲ့တော့"

ကျုံးချင်က ခပ်ဖျော့ဖျော့ရယ်မောလိုက်ပြီး ကြေးရေနွေးအိုးကို လှုပ်ကြည့်လိုက်ရာ ရေမလောက်တော့ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် နံဘေးတွင် မတ်တတ်ရပ်နေသော လင်းဖုန်းကို ညွှန်ကြားလိုက်၏။

"တပည့်ရေ...ဟိုဘက်တောင်ကို သွားပြီး စမ်းရေတစ်အိုးလောက် ထပ်ခပ်ချေ.... မြန်မြန်လုပ်နော်"

"ဟုတ်ကဲ့ပါ ဆရာ"

လင်းဖုန်းက ကြေးရေနွေးအိုးကို ရိုသေစွာ လက်ခံရယူပြီး လေထဲသို့ ချက်ချင်းပျံသန်းသွားသည်။

အသက်ရှုချိန် အနည်းငယ်အတွင်းမှာပင် သူတို့သည် တိမ်များ ဖုံးလွှမ်းနေသော ဘေးချင်းကပ်တောင်သို့ လင်းဖုန်း ရောက်ရှိသွားပြီး မကြာမီမှာပင် ရေအပြည့်ပါသော ကြေးရေနွေးအိုးဖြင့် ပြန်ရောက်လာသည်။

"ဆရာ...ဆရာမှာလိုက်တဲ့ ရေ ရပါပြီ"

လင်းဖုန်းက ရိုသေလေးစားစွာ ပြောဆိုသည်။

"အင်း...အဲ့ဒီမှာပဲ တည်ထားလိုက်...."

ကျုံးချင်က တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ ဆရာ"

လင်းဖုန်းက တုံ့ပြန်အဖြေပေးလေ၏။

"ဟိုဘက်တောင်ပေါ်က စမ်းရေက စိတ်ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝနေပြီးတော့ လူကို အေးမြလန်းဆန်းစေတယ်.... သေချာမြည်းစမ်းကြည့်ရင် ချိုမြိန်တဲ့အရသာ ရှိတယ်.... လက်ဖက်ရည် ဖျော်ဖို့ အကောင်းဆုံးပဲ"

"ဂိုဏ်းချုပ်က မရေမတွက်နိုင်တဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ ဒီနေရာကို ရောက်လာဖို့ဆိုတာ မလွယ်ဘူး....လက်ဖက်ရည် နှစ်ခွက်လောက် ထပ်သောက်ပြီးတော့ အနားယူလိုက်အုံး.....တချို့အရာတွေက ခင်ဗျားရဲ့ ကျင့်ကြံမှုအတွက်လည်း ကောင်းကျိုးဖြစ်စေမှာပါ"

"အမ်....."

"ဂိုဏ်းချုပ်က ဘာလို့ ဘာမှမပြောတာလဲ"

ကျုံးချင်သည် စကားများစွာ ပြောဆိုလိုက်သော်လည်း ရွှမ်ယွမ်ဟုန်သည် သရဲတစ္ဆေ မြင်လိုက်ရသည့်အလား သူ၏နောက်တွင် မတ်တတ်ရပ်နေသော လင်းဖုန်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြောင်း တွေ့ရှိလိုက်ရသည်။

နောက်ဆုံးတွင် အချိန်အတော်ကြာပြီးနောက် ရွှမ်ယွမ်ဟုန်က လင်းဖုန်းကို လက်ညှိုးထိုးပြပြီး မေးမြန်းသည်။

"ဒီတပည့်က ပြီးခဲ့တဲ့အကြိမ်တုန်းက ရှန်ကျန်းပင်မတောင်ထိပ်မှာ မင်း လက်ခံခဲ့တဲ့ အဖြူရောင်အဆင့် ပါရမီရှိတဲ့ တပည့် မဟုတ်ဘူးလို့တော့ ငါ့ကို မပြောနဲ့နော်....."

"ဟုတ်တယ်လေ.... ဘာပြဿနာ ရှိလို့လဲ"

ကျုံးချင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်ပြီး တုံ့ပြန်မေးမြန်းလိုက်၏။

"သူ့မှာ ဘာပြဿနာရှိလို့လဲလို့ မင်းက မေးနေသေးတာလား"

ရွှမ်ယွမ်ဟုန်က အော်ဟစ်လိုက်သည်။

"လွန်ခဲ့တဲ့ တစ်လကျော်လောက်တုန်းက သူက ရုပ်ခန္ဓာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတောင် မဟုတ်သေးဘူး..... အခုတော့ သူက ပျံသန်းနိုင်ပြီးတော့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဟိုဘက်တောင်ကို အသွားအပြန် လုပ်နိုင်နေပြီလား"

"ငါ့ကို မြန်မြန်ပြောစမ်း.....အခု သူ့ရဲ့ ကျင့်ကြံဆင့်က ဘယ်အဆင့်မှာ ရှိလဲ"

ထိုစကားကို ကြားလိုက်ချိန်တွင် လင်းဖုန်း သူ၏လက်ကို အလျင်အမြန်ပူးဆုပ်၍ အရိုအသေပေးကာ ရှေ့သို့ တိုးလာပြီး ပြောဆိုသည်။

"ဂိုဏ်းချုပ်ကို တင်ပြပါတယ်...ဒီတပည့်က အရည်အချင်းမရှိပါဘူး.... အခုမှ ချန်ရွှမ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာပါ"

"သောက်ကျိုးနည်း"

ရွှမ်ယွမ်ဟုန်၏ ပါးစပ်မှ နောက်ထပ်ကျိန်ဆဲသံတစ်ခွန်း ထွက်ပေါ်လာသည်။

သူ သွေးတစ်လုတ် အန်ထွက်လုနီးပါး ဖြစ်သွားပေ၏။

ကျွန်တော်က ပါရမီမရှိပါဘူးတဲ့....

သောက်ကျိုးနည်း...

တစ်လကျော်ခန့် အချိန်အတွင်းတွင် သုညအဆင့်မှ ချန်ရွှမ်နယ်ပယ်အထိ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်ကို သူကိုယ့်သူ အရည်အချင်းမရှိဟု ပြောနေသလော....

သူ့၏ ရှန်ကျန်းဂိုဏ်းက တောင်သခင်များနှင့် အကြီးအကဲများပင်လျှင် သူတို့ဘဝ၏ အချိန်အများစုကို ကျင့်ကြံအားထုတ်ခဲ့ကြသော်လည်း ယခုမှသာ ချန်ရွှမ်နယ်ပယ်ကို ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

ဟူး....

ဒီဆရာတပည့်နှစ်ယောက်က တကယ့်ကို ပါရမီရှင်တွေပဲ....

All Chapters