ကောင်းကင်ဘုံက ငါတို့ရဲ့ ရှန်ကျန်းဂိုဏ်းကို ကောင်းချီးပေးတာပဲ
Vol. 3 Ch. 22
"မင်း အဲ့ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ"
အချိန်အတော်ကြာပြီးနောက် ရွှမ်ယွမ်ဟုန်က အသက်ပြင်းပြင်းရှိုက်ပြီး ကျုံးချင်ကို မေးမြန်းလိုက်သည်။
"အဓိကကတော့ ကျွန်တော့်ရဲ့တပည့်က ဉာဏ်ကောင်းပြီး ကြိုးစားလို့ပါ"
ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။
"မင်း မေ့မရနိုင်တဲ့ သင်ခန်းစာတစ်ခုလောက် ငါ သင်ပေးလိုက်ရမလား..."
ရွှမ်ယွမ်ဟုန်သည် သူ၏ကျိန်ဆဲစကားကို ထပ်မံ၍ ပြောထွက်လုနီးပါး ဖြစ်သွားသည်။ အချိန်တစ်လနှစ်လခန့်အတွင်းတွင် သုညကနေ ချန်ရွှမ်နယ်ပယ်အထိ ရောက်နိုင်အောင် မည်သို့သော ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လမျိုးက လုပ်ဆောင်ပေးနိုင်မည်နည်း။
ပင်ကိုယ်ပါရမီနှင့် ပတ်သက်လာလျှင်မူ ဤသည်က လုံးလုံးလျားလျား အဓိပ္ပာယ်မရှိသော စကားပင်။
ပါရမီစမ်းသပ်မှု၏ ရလဒ်များကို သူတို့ မမြင်ခဲ့လျှင်ဖြင့် ဤကိစ္စသည် ဟုတ်ကောင်းဟုတ်နိုင်ပေလိမ့်မည်။
သို့သော် ကျုံးချင်သည် ထိုအကြောင်းကို ပြောပြရန် ဆန္ဒမရှိကြောင်း သိသာနေသဖြင့် သူ ထပ်မံ၍ မမေးမြန်းတော့ပေ။
ယနေ့တွင် မူဖူတောင်သို့ လာရောက်သည့် ခရီးစဉ်က သူ့အား မရေရာသော ခံစားချက်ကို ကျန်ရစ်စေခဲ့သည်။
ဤအချက်က ကျုံးချင်အပေါ် သူ၏ သုံးသပ်ချက်ကို ပြန်လည်၍ ဆန်းစစ်စေခဲ့ပေ၏။
ဤအရာက သူ၏စိတ်ထဲတွင် ကျုံးချင်အပေါ် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကို ပေါင်းထည့်လိုက်သည့်အလား ဖြစ်နေသည်။
"ဂိုဏ်းချုပ်...ထမင်းစားပြီးမှ ပြန်ပါလား"
ကျုံးချင်က အကြံပြုလိုက်သည်။
"မစားတော့ဘူး....မစားတော့ဘူး....."
ရွှမ်ယွမ်ဟုန်က မတ်တတ်ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်ပြီး ကျုံးချင်၏ဖိတ်ခေါ်မှုကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
ဤနေရာတွင် သူ နောက်ထပ် တစ်မိနစ်ခန့် ဆက်နေလိုက်ပါက သူ၏ဘဝတစ်ခုလုံး အချည်းနှီး ဖြစ်သွားသကဲ့သို့ ခံစားချက်များ ပို၍ပြင်းထန်လာရုံသာ ရှိပေလိမ့်မည်။
ရွှမ်ယွမ်ဟုန်သည် အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ မူဖူတောင်မှ ထွက်ခွာသွားတော့သည်။
ရှန်ကျန်းပင်မတောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် သူသည် ဂိုဏ်း၏ တောင်သခင်များနှင့် အကြီးအကဲများကို ထပ်မံ၍ ဆင့်ခေါ်လိုက်၏။
သူတို့အားလုံး ထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။
"ဂိုဏ်းချုပ်...ကျုံးချင်ကို ဘုရင်အဆင့် ကျင့်ကြံနည်းစနစ် ပေးခဲ့လား"
မဟာအကြီးအကဲက ပထမဆုံး မေးမြန်းသည်။
ထိုအသံကြားသည်နှင့် လူများအားလုံးက ရွှမ်ယွမ်ဟုန်အား လှမ်းကြည့်လိုက်ကြသည်။
"မပေးခဲ့ဘူး"
ရွှမ်ယွမ်ဟုန်က ပြောဆိုသည်။
"မပေးခဲ့ဘူး ဟုတ်လား....."
သူတို့အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မနေနိုင်တော့ဘဲ မေးမြန်းလိုက်ကြသည်။
"တစ်ခုခု ဖြစ်ခဲ့လို့လား"
သူတို့အားလုံး စိုးရိမ်ပူပန်သွားပေ၏။
ကျောက်စိမ်းပြားတွင် တစ်စုံတစ်ရာ မှားယွင်းနေသဖြင့် ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်သည် မအောင်မြင်ခဲ့ခြင်း ဖြစ်သလောဟု သူတို့ ကူကယ်ရာမဲ့စွာဖြင့် တွေးတောလိုက်ကြသည်။
သူတို့ စိုးရိမ်ပူပန်နေကြချိန်တွင် ရွှမ်ယွမ်ဟုန်က ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"အားလုံးပဲ....မင်းတို့က အရမ်းစိုးရိမ်လွန်နေကြပြီ....အခုကစပြီးတော့ ငါတို့ရဲ့ရှန်ကျန်းဂိုဏ်းက သေချာပေါက် တိုးတက်လာပြီးတော့ မြင့်မြတ်နယ်မြေအဆင့်ထိ ရောက်ရှိတော့မယ်ဆိုတာကို ငါ ကြေညာလိုက်တယ်...."
ထိုစကားကိုပြောဆိုနေရင်း သူသည် ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်စာအုပ်ရှစ်အုပ်ကို ထုတ်ယူပြီး အော်ဟစ်လိုက်၏။
"ငါက အဲ့ဒီကျင့်ကြံနည်းစနစ်ကို မပေးခဲ့ရုံတင်မကဘူး.....အဲ့ဒီကောင်လေးက ငါ့ကို ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ရှစ်အုပ်တောင် ပြန်ပေးလိုက်သေးတယ်"
"ဒီဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ရှစ်အုပ်နဲ့ဆိုရင် မြင့်မြတ်နယ်မြေဖြစ်ဖို့က လက်တစ်ကမ်းမှာပဲ ရှိတော့တယ်လို့ မင်းတို့ မထင်ဘူးလား"
"ဘာ...."
"ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ရှစ်အုပ်တောင်လား...."
ထိုစကားကို ကြားလိုက်ရချိန်၌ ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် မျက်လုံးများ နီမြန်းလာပြီး မတ်တတ်ထရပ်လိုက်ကြသည်။ သူတို့သည် ရွှမ်ယွမ်ဟုန် စားပွဲပေါ်သို့ ပစ်တင်လိုက်သော ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ရှစ်အုပ်ကို ကြည့်ကာ အငမ်းမရ ဆွဲယူချင်နေသည်။
"ဂိုဏ်းချုပ်...ဒါက တကယ်လား....ခင်ဗျား ကျွန်တော်တို့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်"
တတိယအကြီးအကဲက တုန်တုန်ရီရီဖြင့် မေးမြန်းသည်။
"ဟုတ်တယ် ဂိုဏ်းချုပ်...ကျွန်တော်က အသက်ကြီးနေပြီ....လန့်အောင် မလုပ်ပါနဲ့ဗျာ"
မဟာအကြီးအကဲက ကယောင်ကတမ်းဖြင့် မေးမြန်းသည်။
"ငါက ဂိုဏ်းချုပ်ပဲ...မင်းတို့ကို လိမ်ပါ့မလား"
ရွှမ်ယွမ်ဟုန်က လက်ဝှေ့ယမ်းကာ ကျင့်ကြံနည်းစနစ်စာအုပ်ရှစ်အုပ်ကို ရှေ့သို့တွန်းပို့ပြီး ပြောဆိုလိုက်သည်။
"မင်းတို့ဘာသာ စစ်ဆေးကြည့်နိုင်တယ်"
ဤအချိန်တွင်....
တောင်သခင်များနှင့် အကြီးအကဲများသည် သားကောင်ကို အုပ်လိုက်ဝိုင်းရံသော ဝံပုလွေဆိုးကြီးများအလား ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ရှစ်အုပ်ဆီသို့ ပြေးဝင်သွားကြသည်။
"ငါ့ကို ပြ...ငါ့ကို ပြစမ်း"
"လုမယူနဲ့လေ"
"ငါက မဟာအကြီးအကဲကွ...ငါ အရင်ကြည့်မယ်"
သူတို့အားလုံးသည် ဤစာအုပ်များကို အစစ်နှင့် အတု ခွဲခြားရန် ကြိုးစားနေကြ၏။
နောက်ဆုံးတွင် ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ရှစ်အုပ် အမှန်တကယ် ဖြစ်နေကြောင်း သူတို့ အတည်ပြုနိုင်ခဲ့သည်။ အကြီးအကဲများသည် အလွန်ဝမ်းသာနေသဖြင့် မျက်ရည်များ ကျလာကြပြီး သူတို့၏လက်များကို ဖြန့်ကာ မိုးကောင်းကင်သို့ မော့ကြည့်၍ အော်ဟစ်လိုက်ကြသည်။
"ကောင်းကင်ဘုံက ငါတို့ရဲ့ ရှန်ကျန်းဂိုဏ်းကို ကောင်းချီးပေးတာပဲ"
"အမှန်ပဲ...ဒီဘုရင်အဆင့်ကျင့်ကြံနည်းစနစ် ရှစ်အုပ်နဲ့ဆိုရင် ငါတို့ရဲ့ရှန်ကျန်းဂိုဏ်းက ဘယ်လိုလုပ် မတိုးတက်ဘဲ နေပါ့မလဲ"
ဤှလူအိုကြီးများ၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေကြသည်။
သူတို့သည် မျိုးဆက်ပေါင်းများစွာ ရှန်ကျန်းဂိုဏ်း၏အဖွဲ့ဝင်များ ဖြစ်ခဲ့ကြပြီး သူတို့ကိုယ်တိုင်လည်း ရှန်ကျန်းဂိုဏ်းတွင် မွေးဖွားကြီးပြင်းလာခဲ့သူများပင်။
ရှန်ကျန်းဂိုဏ်း၏ အနာဂတ် တိုးတက်မှုအတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်ကို မြင်ရသဖြင့် သူတို့ ဝမ်းသာပျော်ရွှင်နေကြခြင်း ဖြစ်သည်။
"ကောင်းပြီလေ.....အကြီးအကဲတွေနဲ့တောင်သခင်တွေအားလုံးက ရှန်ကျန်းဂိုဏ်းအပေါ် သစ္စာရှိကြတယ်....မင်းတို့အားလုံးက ဒီဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တွေကို အရင်ဆုံး လေ့ကျင့်နိုင်ပါတယ်"
ရွှမ်ယွမ်ဟုန်က တွန့်ဆုတ်မနေဘဲ ပြောဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...."
လူများအားလုံး ကျေးဇူးတင်စကား ပြောဆိုလိုက်ကြပြီး သူတို့၏စိတ်လှုပ်ရှားမှုသည် ကလေးများအလား ဖြစ်နေသည်။ ဤဘုရင်အဆင့်ကျင့်ကြံနည်းစနစ်များဖြင့် သူတို့၏ အနာဂတ်အလားအလာသည် အနည်းဆုံး နယ်ပယ်ကြီးတစ်ခု ပို၍မြင့်မားလာပေလိမ့်မည်။
“ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး ..ကျုံးချင်ကိုပဲ ကျေးဇူးတင်လိုက်ပါ”
ရွှမ်ယွမ်ဟုန်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဟုတ်တယ်...ကျွန်တော်တို့က ကျုံးချင်ကို တကယ် ကျေးဇူးတင်ရမယ်"
လူများအားလုံး သဘောတူညီကာ ခေါင်းညိတ်လိုက်ကြသော်လည်း သူတို့၏စိတ်ထဲတွင် မေးခွန်းတချို့ ကျန်ရှိနေသေးသည်။
"ဒါပေမယ့် ဂိုဏ်းချုပ်...ကျုံးချင်က ဒီဘုရင်အဆင့်ကျင့်ကြံနည်းစနစ် ရှစ်အုပ်ကို ဘယ်လို ရခဲ့တာလဲ"
"ဟုတ်တယ်...ဒါတွေက ဘုရင်အဆင့် ကျင့်ကြံနည်းစနစ် ရှစ်အုပ်တောင်နော်...ဂေါ်ဖီထုပ်တွေလို ပေါများနေတာမှ မဟုတ်တာ"
"ငါလည်း မသိဘူး"
ရွှမ်ယွမ်ဟုန်က အံ့အားသင့်နေသောလေသံဖြင့် ပြောဆိုလိုက်၏။
အကြောင်းအရင်းမှာ သူသည် အကြီးအကဲအများစုထက် ပို၍ဗဟုသုတကြွယ်ဝသူ ဖြစ်သည့်အတွက် သူ၏သံသယများသည် သူတို့ထက် ပို၍ကြီးမားနေသောကြောင့်ပင်။
ပါရမီအရဆိုလျှင်.....
ကျုံးချင်သည် အသက် ၁၈ ၁၉ ခန့်ဖြင့် လမင်းနက်နဲသိမ်မွေ့နယ်ပယ်ရှိ လူတစ်ယောက်ကို ချက်ချင်းသတ်ဖြတ်ပစ်ရန် လုံလောက်နေလေပြီ။
ဟန်ပန်အနေအထားနှင့် ပိုင်ဆိုင်မှုအရဆိုလျှင်....
သူသည် ဘုရင်အဆင့် ကျင့်ကြံနည်းစနစ် ရှစ်အုပ်ကို တပြိုင်နက်တည်း ထုတ်ပေးလိုက်၏။
သင်ကြားပြသမှုအရဆိုလျှင်....
တစ်လတည်းနှင့် အဖြူရောင်အဆင့် တပည့်ဖြစ်သည့် လင်းဖုန်းကို သုညအခြေအနေမှ ချန်ရွှမ်နယ်ပယ်အထိ ရောက်အောင် လေ့ကျင့်ပေးခဲ့သည်။
မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ ဤသည်မှာ သာမန်အသိဖြင့် ရှင်းပြ၍ မရနိုင်သော အရာတစ်ခု ဖြစ်နေပုံရသည်။
တစ်ချိန်တည်းမှာပင် ထိုအချိန်၌ မူဖူတောင်တွင်...
လင်းဖုန်းသည် နေ့စဉ်အိမ်မှုကိစ္စများကို လုပ်ဆောင်ပြီးစီးခဲ့ပြီး ကျုံးချင်အတွက် စောင်ကို ခေါက်ပေးပြီးမှ သူ့ကို လာရှာလေသည်။
“ဆရာ...ကျွန်တော် ချန်ရွှမ်နယ်ပယ်ကို ရောက်ရင် တောင်အောက်ဆင်းဖို့ ခွင့်တောင်းထားတာဆိုတော့ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ”
လင်းဖုန်းက ရိုသေလေးစားစွာ ပြောဆိုသည်။
“ရတာပေါ့....”
ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။
ဤတပည့်လေးကို လက်ခံလိုက်စဥ်မှစ၍ လင်းဖုန်း၏စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေကြောင်း သူ သိခဲ့သည်။ ယခုအချိန်၌ လင်းဖုန်းထံတွင် ခွန်အားရှိလာပြီဖြစ်သဖြင့် တောင်အောက်ဆင်းပြီး ဖြေရှင်းလိုမည်ဖြစ်ရာ သူ မည်သို့ ငြင်းဆန်နိုင်မည်နည်း။
"ကျေးဇူးတင်ပါတယ် ဆရာ"
လင်းဖုန်းက အလျင်အမြန် ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
သူ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျုံးချင်က သူ့ကို ပြန်ခေါ်လိုက်၏။
"ဆရာ...ကျွန်တော့်ကို ပြောစရာ ရှိသေးလို့လား"
လင်းဖုန်းက အလျင်စလို မေးမြန်းသည်။
"ဒီရက်ပိုင်း ငါ အားနေတာဆိုတော့ မင်းနဲ့အတူ တောင်အောက်ကို လိုက်ခဲ့မယ်လေ"
ကျုံးချင်က အချိန်တခဏကြာခန့် စဉ်းစားပြီးနောက် ပြောဆိုသည်။
ရိုးရိုးသားသားပြောရလျှင် ကျုံးချင်သည် လင်းဖုန်းတစ်ယောက်တည်း တောင်အောက်ဆင်းသွားမည့်ကိစ္စကို စိတ်ပူနေဆဲပင်။
လင်းဖုန်းသည် လက်စွပ်ထဲတွင် အဘိုးအိုကို သယ်ဆောင်သွားသည်အား သူ သိသော်လည်း သူ၏တပည့်လေးသည် ချန်ရွှမ်နယ်ပယ် ကျင့်ကြံဆင့်သာ ရှိသေးသဖြင့် စိတ်ချရလောက်အောင် မသန်မာသေးချေ။
ကျုံးချင်သည် သူ၏နောက်သို့ အမှန်တကယ် လိုက်လိုကြောင်း လင်းဖုန်း သိလိုက်ရချိန်၌ ချက်ချင်းဆိုသလိုပင် ဝမ်းသာအားရ ဖြစ်သွားသည်။
"တပည့်...ဒီတစ်ခါ တောင်အောက်ဆင်းပြီးရင် မင်း ဘာပဲလုပ်လုပ် ရဲရဲဝံ့ဝံ့နဲ့ စိတ်မပူဘဲ လုပ်သာလုပ်....မင်းရဲ့ဆရာက မင်းကို ကူညီဖို့ အမြဲ ရှိနေမှာပါ"
ကျုံးချင်က လင်းဖုန်း၏ခေါင်းကိုပုတ်ပြီး နူးညံ့ညင်သာသောအပြုံးဖြင့် ပြောဆိုသည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
လင်းဖုန်းက ရိုသေလေးစားစွာဖြင့် ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။
အရှေ့ပိုင်းဒေသ....
ဤနေရာတွင် အဓိကဂိုဏ်းကြီးများအပြင် ကြီးမားသောတိုင်းပြည်များလည်း ရှိနေသည်။
ထျန်းလန်တိုင်းပြည်....
ဖုန်းထျန်းမြို့ ...
ဤနေရာသည် ရှန်ကျန်းဂိုဏ်းနှင့် မိုင်ထောင်နှင့်ချီ၍ ကွာဝေးသည်။
ကျုံးချင်သည် လင်းဖုန်းကို သယ်ဆောင်ပြီး အမြန်နှုန်းဖြင့် သွားလာခဲ့ရာ သူတို့သည် ဖုန်းထျန်းမြို့သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
ဖုန်းထျန်းမြို့ရှိ စားသောက်ဆိုင်ငယ်လေးတစ်ခု၏ ဒုတိယထပ်တွင် ဆရာတပည့်နှစ်ယောက်သည် ပြတင်းပေါက်နား၌ ထိုင်လိုက်၏။ သူတို့သည် အမဲသားနှစ်အောင်စ မြေပဲတစ်ပန်းကန်နှင့် ပြင်းရှသောအရက်နှစ်အိုးကို မှာယူလိုက်သည်။
"ကြည့်စမ်း...ဟိုတစ်ယောက်က လင်းမိသားစုက လင်းဖုန်း မဟုတ်လား"
"ဟုတ်တယ်...မုရုံမိသားစုက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်တုန်းက သူ အသည်းကွဲပြီး အိမ်ကနေ ထွက်ပြေးသွားတာလေ.... သူ အပြင်မှာ သေသွားပြီလို့ ထင်နေတာ.... မထင်မှတ်ဘဲ ပြန်ရောက်လာသားပဲ"
"ဟူး...သူက ကံဆိုးတဲ့ ကောင်လေးတစ်ယောက်ပါ.... ဒါပေမယ့် ခွန်အားမရှိတာက သူရဲ့အပြစ်ပဲလေ"
"ဒါပေမယ့် သူ့ရဲ့ဘေးမှာ ထိုင်နေတာက ဘယ်သူလဲ....အဲ့ဒီလူက ထူးခြားတဲ့အရှိန်အဝါ ရှိပုံရတယ်"
"ထူးခြားတဲ့ အရှိန်အဝါ ရှိတော့ရော ဘာဖြစ်လဲ.... တကယ်လို့ သူကသာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်မယ်ဆိုရင် ဘာလို့ လင်းဖုန်းနဲ့ အတူ လာထိုင်နေမှာလဲ"