စနစ်ဆုလာဘ် ...လမင်းနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးရုပ်
Vol. 3 Ch. 23
စားသောက်ဆိုင်အတွင်း၌...
လူအုပ်ကြီးသည် ဆူညံပွက်လောရိုက်ကာ ဆွေးနွေးငြင်းခုံနေကြ၏။
သိသာထင်ရှားသည်မှာ လင်းဖုန်းသည် ဖုန်းထျန်းမြို့၌ ကျော်ကြားသူတစ်ဦး ဖြစ်နေခြင်းပင်။
ယခင်ကဆိုလျှင် ဤကဲ့သို့ ဝေဖန်ပြောဆိုမှုမျိုးကို ကြုံတွေ့ရပါက လင်းဖုန်း ရှက်ရွံ့နေမိပေမည်။ သို့ရာတွင် ယခုအချိန်၌ သူသည် ကျုံးချင်နှင့်အတူ ရှိနေပြီဖြစ်သဖြင့် သူ၏ အမြင်နှင့် ခံယူချက်များ ပြောင်းလဲသွားလေပြီ။
သူ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ပြသလိုက်သည်နှင့် တပြိုင်နက် ဤအတင်းအဖျင်း ပြောဆိုသူများ ပါးစပ်ပိတ်သွားကြမည်ကို သူသိထားသည်။
သို့ရာတွင် သူ၏ဆရာကို ဤလူများက ဝေဖန်ပြောဆိုနေသည်ကို ကြားလိုက်ရချိန်၌ သူ ငြိမ်ငြိမ်မနေနိုင်တော့ချေ။
သူသည် ထိုလူများကို သင်ခန်းစာပေးရန် ရည်ရွယ်ပြီး စားပွဲခုံကို လက်သီးဖြင့် ထုလိုက်သည်။
သို့ရာတွင် ကျုံးချင်သည် သူ၏ပခုံးကို ပုတ်ကာ ပြောဆိုလိုက်၏။
"အဲဒီလိုလူမျိုးတွေနဲ့ အငြင်းပွားနေရင် မင်းရဲ့ အစာစားချင်စိတ် ပျက်သွားရုံပဲ ရှိမှာပေါ့"
"မှတ်ထားစမ်း....မင်းရဲ့ အနာဂတ် ပြိုင်ဘက်တွေက ကြယ်တာရာတွေနဲ့ ပင်လယ်ပြင်ကြီးပဲ...."
"ရေကန်ငယ်လေးထဲက ငါးတွေ ပုစွန်ဆိတ်တွေ မဟုတ်ဘူး"
ကျုံးချင်က ပေါ့ပေါ့ပါးပါး ရယ်မောပြီး ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ....."
လင်းဖုန်းသည် နာခံရို့ကျိုးစွာဖြင့် ပြန်ထိုင်လိုက်၏။
ဆရာတပည့်နှစ်ယောက်သည် ပြတင်းပေါက်နားတွင်ထိုင်ကာ အတူတကွ စားသောက်နေကြသည်။
အရက်နှစ်ခွက်သောက်ပြီးနောက် ကျုံးချင်သည် ဝေးလံသော မိုးကုပ်စက်ဝိုင်းဆီသို့ မကြည့်ဘဲ မနေနိုင်တော့ချေ။
ဝေးလံသော မိုးကုပ်စက်ဝိုင်းမှ လူတစ်ယောက် ပျံသန်းလာနေသည်။
သူ၏စနစ်က သူ့အား နေ့စဉ်တက်ရောက်စာရင်းသွင်းခွင့်ပြုထားပြီး ဆုလာဘ်များပေးသည်။ ထိုကြောင့် တက်ရောက်စာရင်းသွင်းခြင်းသည် ကျုံးချင်ကို စိတ်လှုပ်ရှားစေခြင်း မရှိတော့သော်လည်း ဤသည်မှာ အကျင့်တစ်ခု ဖြစ်နေခဲ့လေပြီ။
ယနေ့တွင် တက်ရောက်စာရင်းသွင်းခြင်းအတွက် သူရရှိခဲ့သော ပစ္စည်းမှာ ပျံသန်းလာသော ထိုပုဂ္ဂိုလ်ပင်။
"လမင်းနက်နဲသိမ်မွေ့နယ်ပယ် ရုပ်သေးရုပ်တစ်ရုပ်...မဆိုးပါဘူး"
ကျုံးချင်၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
ဤရုပ်သေးရုပ်နှင့်ဆိုလျှင် နောင်တစ်ချိန်တွင် ဆံနီမိစ္ဆာအိုကြီးကဲ့သို့ ပြဿနာကောင်များကို ဖြေရှင်းရန်အတွက် ရုပ်သေးရုပ်ကိုသာ စေလွှတ်လိုက်ရုံဖြင့် လုံလောက်ပေလိမ့်မည်။
အချိန်တခဏအကြာတွင် အနက်ရောင်ဝတ်စုံဝတ်ပုဂ္ဂိုလ်သည် အရက်ဆိုင်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာပေ၏။
ထိုလူထံမှ ထွက်ပေါ်လာသော ကြီးမားသည့် အရှိန်အဝါကြောင့် ဆိုင်ထဲရှိ လူများအားလုံး အသက်ရှူကြပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး စကားတစ်ခွန်းမျှ မဟရဲဘဲ ခေါင်းငုံ့ထားကြသည်။
"ငါတို့ရဲ့ဖုန်းထျန်းမြို့မှာ ဒီလိုကျင့်ကြံသူမျိုး ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာတာလဲ"
"ဟုတ်တယ်...သူက ဘယ်လို အစွမ်းထက်ပုဂ္ဂိုလ်မျိုးလဲ.....ပြီးတော့ ငါတို့ ဖုန်းထျန်းမြို့ကို ဘာလာလုပ်တာလဲ မသိဘူး"
"တိုးတိုးနေကြစမ်းပါ...သူ့ကို ရန်မစမိစေနဲ့"
သို့ရာတွင်.....
လူတိုင်း အံ့အားသင့်သွားရသည်မှာ မိုးကုပ်စက်ဝိုင်းဆီမှ ပျံသန်းလာသော ဤလျှို့ဝှက်ဆန်းကြယ်သည့် ကျွမ်းကျင်ပညာရှင်သည် ကျုံးချင်၏ရှေ့တွင် ရုတ်တရက် ဒူးထောက်လိုက်ခြင်းပင်။
"ကျွန်တော်က သခင့်ကို အရိုအသေပြုပါတယ်"
ဤစကားတစ်ခွန်း....
ဤအရာသည် အရက်ဆိုင်တစ်ခုလုံးတွင် ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်ရပ်ကို ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။
အိုး ဘုရားရေ.....
ငါတို့ အခု ဘာကြားလိုက်တာလဲ.....
ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော ကျင့်ကြံဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး တခြားတစ်ယောက်ကို သခင်လို့ မည်သို့ ခေါ်နိုင်ရသနည်း...
ထို့ပြင် ထိုလူသည် သူတို့ အတင်းအဖျင်း ပြောဆိုနေကြသော လင်းဖုန်းနှင့်အတူ ထိုင်နေခြင်းဖြစ်သည်။
လင်းဖုန်းနှင့် အတူထိုင်နေသော ထိုအဖြူရောင်ဝတ် လူငယ်လေးထံတွင် မည်သို့သော ကြောက်မက်ဖွယ် အထောက်အထားမျိုး ရှိနေသနည်း....
လင်းဖုန်းသည် ဤကဲ့သို့လူမျိုးနှင့် မည်သည်ကြောင့် ပတ်သက်ဆက်နွယ်နေသနည်း....
အချိန်တခဏအတွင်းတွင် ထိုအကြောင်းကို ဆွေးနွေးနေခဲ့ကြသူများသည် ကျုံးချင် သူတို့၏ စကားဝိုင်းကို ကြားသွားပြီး လက်တုံ့ပြန်မည်ကို ကြောက်ရွံ့သဖြင့် စားပွဲအောက်တွင် ခေါင်းလျှိုထားချင်စိတ် ပေါက်သွားကြသည်။
သို့သော်....
ကျုံးချင်သည် သူတို့ကို စိတ်ဝင်စားမှု မရှိကြောင်း သိသာထင်ရှားပေ၏။
"မင်းရဲ့ ကျင့်ကြံဆင့်ကို ခဏလောက် ဖုံးကွယ်ထားပြီး အနောက်က လိုက်ခဲ့တော့"
ကျုံးချင်က ရုပ်သေးရုပ်ကို အထက်အောက် ကြည့်ရှုစစ်ဆေးလိုက်သည်။ ဤရုပ်သေးရုပ်သည် လူစစ်စစ်နှင့် မခြားနားဘဲ အရှိန်အဝါတစ်ရပ်ကိုပင် ပိုင်ဆိုင်ထားကာ သူ၏အမိန့်များကို အကြွင်းမဲ့နာခံနိုင်စွမ်း ရှိသည်။
ကျုံးချင်သည် ဤရုပ်သေးရုပ်ကို အတော်လေး စိတ်ကျေနပ်မိသည်ဟု ဆိုရပေမည်။
"ဟုတ်ကဲ့ပါ သခင်..."
အနက်ရောင်ဝတ် အမျိုးသားက ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ကျုံးချင်၏နောက်တွင် မတ်တတ်ရပ်လိုက်သည်။
"ဆရာ...ဒါက ဘယ်သူလဲ"
နံဘေးတွင် မတ်တတ်ရပ်နေသော လင်းဖုန်းသည် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို မြင်လိုက်ရချိန်၌ အလွန်အံ့အားသင့်သွားသည်။
"သူက ငါ အရင်တုန်းက လက်ခံခဲ့ဖူးတဲ့ လက်အောက်ငယ်သား တစ်ယောက်ပါ"
ကျုံးချင်သည် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားမှာ စနစ်မှရရှိထားသူ ဖြစ်ကြောင်း ထုတ်ဖော်ပြောပြရန် မဖြစ်နိုင်သဖြင့် ဆင်ခြေတစ်ခု ပေးလိုက်ရသည်။
"ဆရာ့ရဲ့ လက်အောက်ငယ်သားက တကယ့်ကို အံ့အားသင့်စရာ ကောင်းတာပဲ"
ဤမျှထိ ခန့်မှန်းရခက်သော ကျင့်ကြံသူတစ်ဦးက သူ၏ဆရာကို သခင်ဟု ခေါ်ဆိုသည်အား လင်းဖုန်း အံ့အားသင့်နေမိသည်။
"မင်း စိတ်တည်ငြိမ်အောင်ထားစမ်း....တည်ငြိမ်စမ်းပါ"
လက်စွပ်ထဲရှိ နယ်မြေမှ အကြီးအကဲကျန်းသည် တည်ငြိမ်အေးဆေးစွာ ပြောဆိုလိုက်၏။
"မင်းဆရာရဲ့ ကြောက်ဖို့ကောင်းတဲ့ စွမ်းအားနဲ့ဆိုရင်.....သူ့မှာ လမင်းနက်နဲသိမ်မွေ့နယ်ပယ် အစေခံတစ်ယောက် နှစ်ယောက်လောက် ရှိတာက ပုံမှန်ပဲ မဟုတ်လား"
"လမင်းနက်နဲသိမ်မွေ့နယ်ပယ်..... ဟုတ်လား...."
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားသည် လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့သဖြင့် လင်းဖုန်း ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားသည်။
ယခုအချိန်အထိ လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်သည် သူ၏မျက်လုံးထဲတွင် လက်လှမ်းမမီနိုင်သော အဆင့်တစ်ခု ဖြစ်နေဆဲပင်။
ထိုသို့ဖြင့်.....
ဆရာတပည့်နှစ်ယောက်နှင့် အစေခံတို့သည် စားသောက်ပြီးနောက် နောက်ဆုံးတွင် စားသောက်ဆိုင်မှ ထွက်ခွာလာခဲ့ကြသည်။
"ဆရာ...ကျွန်တော် ခဏနေရင် လင်းမိသားစုကို ပြန်ဖို့လိုတယ်.....မိသားစုဝင်တွေက ကျွန်တော့်အပေါ် အမြဲတမ်း အရမ်းကောင်းကြတယ်.... ကျွန်တော့်ဆီမှာ ပိုက်ဆံနည်းနည်း စုထားတာ ရှိတော့ သူတို့အတွက် လက်ဆောင်နည်းနည်း ဝယ်ဖို့ ရတနာတစ်သောင်းမျှော်စင်ကို သွားချင်တယ်"
လင်းဖုန်းက စားသောက်ဆိုင်မှ ထွက်လာချိန်၌ ရိုသေလေးစားစွာ ပြောဆိုသည်။
“ကောင်းပြီလေ...ဆရာလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်....မင်းလိုချင်တာ ဝယ်ပါ....ပိုက်ဆံမလောက်ရင် ငါ့ဆီမှာ ရှိတယ်”
ကျုံးချင်က အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် ဆရာ"
ထို့နောက် ကျုံးချင်တို့အဖွဲ့သည် ရတနာတစ်သောင်းမျှော်စင်ဆီသို့ ဦးတည်၍ သွားလိုက်ကြ၏။
ကျုံးချင်တို့အဖွဲ့ ထွက်ခွာသွားသည်နှင့် တပြိုင်နက် စားသောက်ဆိုင်တွင် ကြီးမားသော ဆူညံပွက်လောရိုက်မှုကြီး ဖြစ်ပေါ်လာတော့သည်။
"ကြားလိုက်လား...လင်းဖုန်းက အဲ့ဒီ အဖြူရောင်ဝတ်စုံဝတ်လူကို ဆရာလို့ ခေါ်လိုက်တာကွ...."
"ဟုတ်တယ်...လင်းဖုန်းက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ ကံကောင်းသွားရတာလဲ.... ဒီလောက်ထိ အစွမ်းထက်တဲ့ ဆရာမျိုးကို သူ ဘယ်လိုလုပ်ပြီး ရသွားတာလဲ.... သူက အသုံးမကျတဲ့ကောင် မဟုတ်ဘူးလား"
"အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် ဒီလို အစွမ်းထက်တဲ့ ကျောထောက်နောက်ခံနဲ့ဆိုရင် လင်းမိသားစုက သေချာပေါက် ကြီးပွားလာတော့မှာပဲ"
"ဒါက ယုံနိုင်စရာတောင် မရှိဘူး"
လူများအားလုံး ဆွေးနွေးနေကြစဉ် တစ်စုံတစ်ယောက်က သတင်းဖြန့်လိုက်သည်။
နံဘေးရှိ ခမ်းနားထည်ဝါသော သီးသန့်ခန်းတစ်ခန်းတွင် အဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသော တန်ဖိုးကြီးအဝတ်အစားများ ဝတ်ဆင်ထားသည့် သခင်လေးတစ်ဦးသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။ သူ တွေ့ဆုံရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော မိန်းမပျိုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိုနေရာတွင် ထားရစ်ခဲ့ကာ သူ၏လက်အောက်ငယ်သားများနှင့်အတူ အိမ်သို့ အလျင်အမြန် ပြန်ပြေးလေတော့သည်။
တခြားသီးသန့်ခန်းများမှ ဧည့်သည်များသည်လည်း ထပ်တူထပ်မျှပင်။
ဖုန်းထျန်းမြို့၏ တောင်ဘက်...
လင်းမိသားစု....
ဖုန်းထျန်းမြို့တွင် မိသားစုများစွာရှိပြီး လင်းမိသားစုသည် ဒုတိယတန်းစား မိသားစုအဖြစ် သတ်မှတ်ခံထားရသည်။
ဤအချိန်တွင် လင်းမိသားစု၏ ပင်မခန်းမဆောင်တွင် လင်းမိသားစုခေါင်းဆောင် အကြီးအကဲများနှင့် အဆင့်မြင့်မိသားစုဝင်များ ထိုင်နေကြသည်။
သူတို့၏မျက်လုံးများတွင် တည်ကြည်လေးနက်သော အရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"အိမ်တော်သခင်...မြို့အရှေ့ပိုင်းက ဖန်းမိသားစုက သူတို့ရဲ့ အာဏာနဲ့ ကျွန်တော်တို့ကို အနိုင်ကျင့်နေပြီးတော့ လင်းမိသားစုရဲ့ ဆိုင်ခန်း တစ်ဝက်ကျော်ကို သိမ်းယူသွားပြီ... အဖြေတစ်ခုကို အမြန်ရှာမတွေ့ရင် လင်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံး ပျောက်ကွယ်သွားပါလိမ့်မယ်"
မဟာအကြီးအကဲက တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောဆိုသည်။
"ဟုတ်တယ် အိမ်တော်သခင်...ဖန်းမိသားစုတင် မဟုတ်ဘူး.....မြို့အနောက်ပိုင်းက ကူမိသားစုကလည်း ကျွန်တော်တို့ကို မျက်စောင်းထိုးနေတာ...မြို့ပြင်မှာ ကျွန်တော်တို့ တူးဖော်နေတဲ့ မိုင်းတွင်းတွေကို အခု သူတို့က မျက်စေ့ကျသွားကြပြီ.....သူတို့က မိုင်းတွင်းတွေကို လက်လွှဲပေးဖို့ ခြိမ်းခြောက်နေတယ်....မဟုတ်ရင် မကြာခင်မှာ လင်းမိသားစုကို တိုက်ခိုက်မယ်လို့ ပြောထားတယ်"
အခြားအကြီးအကဲတစ်ဦးကလည်း နာကြည်းသော အမူအယာဖြင့် ပြောဆိုသည်။
အချိန်တိုအတွင်းမှာပင်....
ခန်းမတစ်ခုလုံး သက်ပြင်းချသံများ ညည်းညူသံများဖြင့် ပြည့်နှက်သွားသည်။
အိမ်တော်သခင် လင်းဟန်ယီသည် မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်၏။
ကံဆိုးမိုးမှောင်ကျခြင်းသည် တစ်ခုတည်း လာလေ့မရှိဟူသော စကားသည် အမှန်ပင်။ မုရုံမိသားစု၏ကိစ္စ ဖြစ်ပျက်ပြီးစဥ်မှစ၍ ဖုန်းထျန်းမြို့ရှိ တခြားမိသားစုများအားလုံးသည် လင်းမိသားစုကို မျက်စောင်းထိုးနေခဲ့ကြခြင်း ဖြစ်သည်။
သို့ရာတွင်...
အခြေအနေ ပြင်းထန်နေချိန်တွင် မိသားစုဝင်တပည့်တစ်ဦးက ရုတ်တရက် သတင်းလာပို့သည်။
"သတင်းပို့ပါတယ် အိမ်တော်သခင်...မြို့အရှေ့ပိုင်းက ဖန်းအိမ်တော်သခင်က တွေ့ခွင့်တောင်းနေပါတယ်"
မိသားစုဝင်တပည့်တစ်ဦးက အော်ဟစ်ပြောဆိုလိုက်သည်။
"ဖန်းအိမ်တော်သခင်က ဘာကိစ္စနဲ့ လာတာလဲ"
ဖန်းမိသားစုမှဖြစ်ကြောင်း ကြားလိုက်ရချိန်၌ လင်းဟန်ယီ၏မျက်နှာ မည်းမှောင်သွားပြီး အေးစက်တင်းမာစွာ ပြောဆိုသည်။
"သူတို့က လင်းမိသားစုရဲ့ ဆိုင်ခန်းတွေကို ကျူးကျော်သိမ်းပိုက်ပြီးတာတောင် အခု ပြဿနာ လာရှာချင်သေးတာလား"
"မဟုတ်ပါဘူး အိမ်တော်သခင်...ဖန်းအိမ်တော်သခင်က တောင်းပန်ဖို့ လာတာနဲ့ တူပါတယ်"
မိသားစုဝင်တပည့်က အလျင်အမြန် ပြောဆိုလိုက်၏။
"တောင်းပန်ဖို့...ဟုတ်လား..."
လင်းမိသားစုဝင်များအားလုံး ချက်ချင်းကြောင်အသွားကြသည်။
သို့ရာတွင် လင်းမိသားစု ဇဝေဇဝါ ဖြစ်နေဆဲအချိန်မှာပင် နောက်ထပ် မိသားစုဝင်တပည့်တစ်ဦး အလျင်စလို သတင်းလာပို့သည်။
"အိမ်တော်သခင်ကို သတင်းပို့ပါတယ်...မြို့အနောက်ပိုင်းက ကူမိသားစုက ရွှေငွေရတနာ လှည်းဆယ်စီးနဲ့ ပင်မတံခါးဝကို ရောက်နေပါတယ်....အထင်အမြင်လွဲမှားမှုတွေကို ရှင်းလင်းဖို့ လာတာလို့ ပြောပါတယ်"
ထိုစကားကို ကြားလိုက်ရသောအချိန်၌ လင်းမိသားစုဝင်များ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြသည်။
သို့ရာတွင် သတင်းလာပို့သော တပည့်များ ရပ်တန့်မသွားဘဲ နောက်ထပ်တပည့်များစွာ ရောက်ရှိလာပြီး သတင်းလာပို့ကြသည်။
"သတင်းပို့ပါတယ်...ကျောက်မိသားစုက လက်ဆောင်တွေ လာပို့တာမလို့ အိမ်တော်သခင်ကို တွေ့ခွင့်တောင်းနေတယ်"
"သတင်းပို့ပါတယ်...ကောမိသားစုက ဖိတ်စာ လာပို့ပါတယ်.... ဖုန်းထျန်းမြို့ရဲ့ နံပါတ်တစ် စားသောက်ဆိုင်မှာ လင်းမိသားစုတစ်စုလုံးကို ညစာကျွေးချင်လို့ဆိုပြီး ဖိတ်ခေါ်ထားတယ်"
"သတင်းပို့ပါတယ်...ဖုန်းမိသားစုက လက်ထပ်ခွင့်တောင်းဖို့ လာပါတယ်လို့ ပြောပြီး တွေ့ခွင့်တောင်းနေတယ်"
အချိန်တစ်ခုအကြာတွင် လင်းမိသားစု ခန်းမဆောင်တစ်ခုလုံးသည် အဆက်မပြတ် ဝင်ရောက်လာသော ကြေညာချက်များဖြင့် အလွန် စည်ကားနေတော့သည်။
သို့သော် လင်းမိသားစု၏ အဆင့်မြင့်မိသားစုဝင်များအားလုံး ကြောင်အမ်းနေကြ၏။