မျက်နှာပြောင်တိုက်ပြီး လိမ်ညာခြင်း၏ အထွတ်အထိပ်
Vol. 3 Ch. 24
ဤသည်မှာမည်ကဲ့သို့ အခြေအနေမျိုး ဖြစ်သနည်း...
လောကကြီးက မှားယွင်းနေသလော သို့မဟုတ် သူတို့ နားကြားမှားနေသလော...
လူအများသည် မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
လင်းဟန်ယီနှင့်တခြားလူများသည် သံသယစိတ်အပြည့်ဖြင့် ဧည့်ခန်းမဆောင်သို့ အလျင်အမြန် သွားလိုက်ကြသည်။
အမှန်တကယ်ကိုပင်....
ဧည့်ခန်းမဆောင်တွင် လူများဖြင့် ပြည့်နှက်နေပြီး သူတို့အားလုံးသည် ဖုန်းထျန်းမြို့မှ ထင်ရှားသော မိသားစုအကြီးအကဲများ ဖြစ်ကြသည်။
ဤလူများအပြင် ဧည့်ခန်းမဆောင်၏ဝင်ပေါက်တွင် အိတ်ကြီးအိတ်ငယ်များဖြင့် ထည့်ထားသော ရွှေငွေရတနာများ တောင်ပုံရာပုံ ရှိနေသည်။
လင်းဟန်ယီသည် မိသားစုဝင်များကို ဦးဆောင်ပြီး ထွက်လာသည်ကို မြင်လိုက်ရချိန်၌ စောင့်ဆိုင်းနေသူများက နှုတ်ဆက်ရန် အလျင်အမြန် ရှေ့တိုးလာကြသည်။
"အိုး...အစ်ကိုကြီးလင်း မတွေ့တာ ကြာပြီပဲ"
ဖန်းအိမ်တော်သခင်က အရင်ဆုံး ရှေ့ထွက်လာသည်။ သူသည် မိတ်ဆွေဟောင်းများအလား လင်းဟန်ယီ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
"အစ်ကိုကြီးလင်း...လွန်ခဲ့တဲ့ နှစ်ရှစ်ဆယ်တုန်းက ဖုန်းထျန်းမြို့ပြင်မှာ ငါတို့ ရွှံ့နွံတွေကြားကနေ ငါးအတူတူ ဖမ်းခဲ့ကြတဲ့ မြင်ကွင်းကို မှတ်မိသေးလား....အခု ပြန်စဉ်းစားကြည့်တော့ ဒါက တကယ့်ကို မမေ့နိုင်စရာပါပဲ"
"ဒါပေါ့...ဒီနေ့ ခင်ဗျားနဲ့ အတိတ်က အကြောင်းတွေ ပြောမလို့လာတာအပြင် မကြာသေးခင်က ဖန်းမိသားစုထဲက အသုံးမကျတဲ့ လူမိုက်တစ်ယောက်က အစ်ကိုကြီးလင်းရဲ့ ဆိုင်ခန်းကို မျက်စောင်းထိုးနေတယ်လို့ ကြားမိတယ်.... အဲဒါက ငါတို့ မိသားစုနှစ်ခုကြားမှာ မနှစ်မြို့စရာလေးတွေ ဖြစ်စေခဲ့တာပေါ့"
"ဟူး...အဲ့ဒါတွေအားလုံးက ငါ့ရဲ့အပြစ်ပါ...ငါက အရင်တုန်းက တံခါးပိတ်ကျင့်ကြံနေခဲ့မိတာကိုး... ဒီနေ့မှ ငါ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီး ဒီအကြောင်းကို သိရတော့ အမှားကြီး မှားပြီဆိုတာ သိလိုက်ရတယ်"
"ဒါပေမယ့် အစ်ကိုကြီးလင်း စိတ်မပူပါနဲ့...ငါ ထွက်လာပြီးတဲ့နောက်မှာ ဖန်းမိသားစုက အဲ့ဒီ လူယုတ်မာကို သင်ခန်းစာ ပေးလိုက်ပြီးတော့ သူ့ရဲ့ရာထူးကနေ ဖယ်ရှားလိုက်ပါပြီ....ဒါ့ပြင် အစ်ကိုကြီးလင်းကို တောင်းပန်ဖို့ လက်ဆောင်တွေ ချက်ချင်းယူလာခဲ့တယ်"
"ဒါကြောင့် အစ်ကိုကြီးလင်းအနေနဲ့ ဖန်းမိသားစုအပေါ် အပြစ်မယူဖို့ မျှော်လင့်ပါတယ်"
"လာကြစမ်း...လက်ဆောင်တွေ ယူလာခဲ့...."
ထိုစကားကိုပြောဆိုရင်း ဖန်းမိသားစုသည် တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းများ ပါဝင်သည့် သိုလှောင်လက်စွပ် အမြောက်အများကို ပေးအပ်လိုက်သည်။
သို့ရာတွင်.....
ဖန်းအိမ်တော်သခင်၏စကား မဆုံးမီမှာပင် ကူအိမ်တော်သခင်က ရှေ့သို့တက်လာသည်။
"အစ်ကိုကြီးဟန်ယီ...ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ်ဗျာ"
ကူအိမ်တော်သခင်က ခေါင်းခါယမ်းပြီး သက်ပြင်းချကာ ငိုချင်းချလိုက်သည်။
"ကျွန်တော့်ရဲ့မိသားစုဝင်တွေက မြို့ပြင်မှာ မတူးဖော်ရသေးတဲ့ မိုင်းတွင်းတစ်ခု တွေ့တယ်လို့ လာပြောကြတယ်....ဒါနဲ့ ကျွန်တော်လည်း တူးဖော်ဖို့ လူတွေကို ဦးဆောင်သွားခဲ့တာပေါ့.... ဒါပေမယ့် ဒီမိုင်းတွင်းက တခြားသူပိုင်တာမဟုတ်ဘဲနဲ့ အစ်ကိုကြီးဟန်ယီရဲ့မိသားစုက ပိုင်တယ်ဆိုတာ ဘယ်သူက သိမှာလဲ"
"ဒီသတင်းကို သိလိုက်ရတော့ ကျွန်တော် အရမ်း အပြစ်ရှိသလို ခံစားရတယ်..... တခြားသူပိုင်တဲ့ ပစ္စည်းဆိုတာ ထင်ရှားနေတာကို အခြေအနေကို မစုံစမ်းဘဲ ခွင့်ပြုချက်မရှိဘဲနဲ့ တူးဖော်မိခဲ့တယ်.... အဲ့ဒါက လင်းမိသားစုနဲ့ ကူမိသားစုကြားမှာ ကြီးမားတဲ့ နားလည်မှုလွဲမှားတာမျိုးကို ဖြစ်စေခဲ့တယ်"
"ကျွန်တော်...ကျွန်တော်က လူမဟုတ်ပါဘူး လင်းမိသားစုကို စိတ်ပျက်အောင် လုပ်မိခဲ့တယ်"
ထိုစကားပြောနေစဉ်တွင် ကူအိမ်တော်သခင်သည် နောင်တရသော အမူအယာဖြင့် သူ့ပါးသူ နှစ်ချက်ရိုက်လိုက်ပြီး သက်ပြင်းချလိုက်၏။
"အစ်ကိုကြီးဟန်ယီ...ဒီနေ့ ကျွန်တော် ဒီနေရာကို လာရတဲ့ အဓိကအကြောင်းရင်းက ကျွန်တော်တို့ မိသားစုနှစ်ခုကြားက နားလည်မှုလွဲမှားတာကို ဖြေရှင်းဖို့ပါ..... ဒါကြောင့် စိတ်မဆိုးပါနဲ့"
"ပြီးတော့ ကူမိသားစုက လုပ်မိတဲ့ အမှားတွေကို ပြန်ပေးဆပ်တဲ့အနေနဲ့ အစ်ကိုကြီးဟန်ယီကို ကျွန်တော်တို့ ကူမိသားစုပိုင်ဆိုင်တဲ့ မြို့ပြင်က အကောင်းဆုံးမိုင်းတွင်းနှစ်ခုနဲ့ လျော်ကြေးပေးဖို့ စီစဉ်ထားပါတယ်"
"အခု ကျွန်တော်တို့ ကူမိသားစုဝင်တွေအားလုံး အဲ့ဒီမိုင်းတွင်းတွေကနေ ထွက်သွားကြပြီဆိုတော့ အစ်ကိုကြီးဟန်ယီက အချိန်မရွေး လွှဲပြောင်းယူဖို့ လူလွှတ်လိုက်လို့ ရပါပြီ"
အချိန်တိုအတွင်းမှာပင်....
လင်းမိသားစု၏ ဧည့်ခန်းမဆောင်အတွင်း၌ မိသားစုအကြီးအကဲအသီးသီးသည် အလွန်ညံ့ဖျင်းသော သရုပ်ဆောင်ချက်များကို စတင်၍ လုပ်ဆောင်ကြတော့သည်။
သူတို့သည် လင်းမိသားစု၏ မျက်နှာသာရမှုကို ရယူရန် အစွမ်းကုန် ကြိုးစားနေကြ၏။
တချို့လူများသည် လက်ထပ်ခွင့်တောင်းရန် ရောက်လာကြသည်။
တချို့ကမူ လင်းဟန်ယီနှင့် သွေးသောက်ညီအစ်ကို ဖွဲ့လိုကြသည်။
လင်းမိသားစုတစ်စုလုံးကို ထမင်းဖိတ်ကျွေးလိုသော ကမ်းလှမ်းချက်များလည်း ရှိနေသည်။
ပြောစရာစကား ပျောက်ဆုံးနေသော မိသားစုအကြီးအကဲတစ်ဦးဆိုလျှင် လင်းဟန်ယီထက် အသက်ထက်ဝက်ခန့် ကြီးနေသော်လည်း သူ့ကို မွေးစားသားအဖြစ် လက်ခံပေးရန် မြေပြင်ပေါ်တွင် ဒူးထောက်၍ တောင်းပန်နေသည်။
ဤမြင်ကွင်းတစ်ခုလုံးသည်အလွန်ရုပ်ဆိုး အကျည်းတန်ပေ၏။
သို့သော် ဤကိစ္စသည် အလွန်လက်တွေ့ကျသောအရာပင်။
ဤအရာသည် ခေတ်အဆက်ဆက်ရှိ နေရာအသီးသီးတွင် အမှန်တရား ဖြစ်ခဲ့ကာ စွမ်းအား၏ကြီးမြတ်မှုကို အတိကျဆုံးသော သရုပ်ဖော်မှု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
လင်းဟန်ယီနှင့်လင်းမိသားစုဝင်များသည် လုံးလုံးလျားလျား နားမလည်နိုင်ဖြစ်နေကာ မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေကြသည်။
လင်းဟန်ယီသည် သူ၏ရှေ့မှ မျက်နှာလိုမျက်နှာရ လုပ်နေသော လူအုပ်ကြီးကို ကြည့်ရင်း အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရသည်။
လွန်ခဲ့သော အချိန်တခဏက သူတို့သည် လင်းမိသားစုကို ရိုက်နှက်မည်ဟု အော်ဟစ်နေကြပြီး နောက်ထပ်အချိန်တခဏတွင် တောင်းပန်ရန် ရောက်လာကြသည်။ သူတို့၏သဘောထားသည် အလွန်နှိမ့်ချလွန်းသဖြင့် အံ့အားသင့်ဖွယ် ကောင်းနေပေ၏။
"ခင်ဗျားတို့..."
လင်းဟန်ယီက သူတို့အားလုံးကို နားမလည်နိုင်သော အမူအယာဖြင့် ကြည့်လိုက်သည်။
ထိုအချိန်မှာပင် အစေခံတစ်ဦးက သတင်းလာပို့သည်။
"အိမ်တော်သခင်...အိမ်တော်သခင်...သခင်လေး ပြန်ရောက်လာပြီ"
"ဘာ...ဖုန်းအာ ပြန်ရောက်ပြီလား"
ထိုစကားကို ကြားလိုက်ချိန်၌ လင်းဟန်ယီနှင့်လင်းမိသားစုဝင်များသည် တခြားမိသားစုအကြီးအကဲများကို ဂရုမစိုက်တော့ဘဲ တံခါးဝသို့ အလျင်အမြန် သွားရောက်၍ ကြိုဆိုလိုက်ကြသည်။
"လင်းဖုန်းလား..."
"သွားကြစို့...မြန်မြန်သွားတွေ့ကြတာပေါ့...."
ထိုစကားကို ကြားလိုက်ရချိန်၌ တခြားမိသားစုအကြီးအကဲများသည် လင်းဟန်ယီတို့၏နောက်သို့ လိုက်ပါသွားကြ၏။
ဝင်ပေါက်တွင် အိတ်ကြီးအိတ်ငယ်များ သယ်ဆောင်လာသော လင်းဖုန်းနှင့်အတူ ကျုံးချင်နှင့်ရုပ်သေးရုပ်တို့ အခန်းထဲသို့ ဝင်လာကြသည်။
"ဖုန်းအာ..."
"မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကို တွေ့ရတာ ဝမ်းသာလိုက်တာကွာ..."
လင်းဖုန်းကို မြင်လိုက်ရချိန်၌ လင်းဟန်ယီသည် ချက်ချင်းမျက်ရည်ကျလာပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
မုရုံမိသားစု၏စွန့်ပယ်ခြင်းကို ခံရပြီးနောက် လင်းဖုန်းသည် ထိုးနှက်ချက်ကို မခံနိုင်ဘဲ ဖုန်းထျန်းမြို့မှ ထွက်ခွာသွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။
လူအများက လင်းဖုန်းတစ်ယောက် အဝေးတွင် သေဆုံးသွားပြီဟု ပြောဆိုနေကြ၏။
ယခုချိန်၌ လင်းဖုန်းသည် ဘေးကင်းစွာ ပြန်ရောက်လာပြီဖြစ်ရာ ဖခင်တစ်ယောက်အနေဖြင့် လင်းဟန်ယီသည် မည်သည်ကြောင့် မပျော်ရွှင်ဘဲ နေမည်နည်း။
"ပြန်ရောက်လာတာ ကောင်းတယ်...ပြန်ရောက်လာတာ ကောင်းတယ်"
လင်းမိသားစု၏ တခြားအကြီးအကဲများသည်လည်း လင်းဖုန်းကို ဝိုင်းရံကာ စိုးရိမ်ပူပန်စွာဖြင့် သူ၏ခန္ဓာကိုယ်ကို စစ်ဆေးကြသည်။ လင်းဖုန်းသည် ဘေးကင်းကင်းနှင့် ကျန်းမာနေသည်ကို တွေ့ရသဖြင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။
“အဖေ...အကြီးအကဲတွေနဲ့ ဦးလေးတို့...ဒါက ကျွန်တော် ယူလာတဲ့ လက်ဆောင်ပါ”
လင်းဖုန်းသည် အိတ်ကြီး အိတ်ငယ်များကို သယ်ဆောင်လာပြီး မိသားစုဝင်တိုင်းကို ဝေငှပေးလိုက်၏။
"မင်းကတော့လေ...မင်း အဆင်ပြေရင် ပြီးတာပါပဲကွာ.... ငါတို့အတွက် တွေးနေသေးတယ်"
လင်းဟန်ယီနှင့်အကြီးအကဲများအားလုံး ပြုံးပျော်နေကြသည်။ လက်ဆောင်များသည် အထူးတလည် တန်ဖိုးမကြီးသော်လည်း ထိုအရာများကို လက်ခံရရှိသည့်အတွက် သူတို့ အလွန်အမင်း ပျော်ရွှင်နေကြ၏။
"ဒါနဲ့...ဒီနှစ်ယောက်က ဘယ်သူတွေလဲ"
ထိုအချန်ကျမှသာ လင်းဟန်ယီသည် လင်းဖုန်း၏နောက်မှ ကျုံးချင်နှင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို သတိပြုမိသွားသည်။
"အဖေနဲ့ အကြီးအကဲတို့ကို မိတ်ဆက်ပေးပါရစေ... ဒါက ကျွန်တော်ရဲ့ဆရာ ကျုံးချင်ပါ... တခြားဦးလေးရဲ့နာမည်ကိုတော့ ကျွန်တော် မသိသေးဘူး"
လင်းဖုန်းက မိတ်ဆက်ပေးသည်။
"ဘာ...ဖုန်းအာက တပည့်အဖြစ် ခံယူလိုက်ပြီလား"
ထိုစကားကို ကြားလိုက်ချိန်၌ လင်းဟန်ယီတို့အားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။ နောက်ဆုံးတွင် လင်းဖုန်းကို သူ၏အရည်အချင်းအား ဂရုမစိုက်ဘဲ တပည့်အဖြစ်လက်ခံရန် ဆန္ဒရှိသူတစ်ဦး ရှိလာခဲ့လေပြီ။
"သခင်လေးဖုန်းအာရဲ့ဆရာနဲ့ လူကြီးမင်းတို့ကို တွေ့ဆုံရတာ ဝမ်းသာပါတယ်"
လင်းဟန်ယီတို့လူစုက တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။
"အားလုံးပဲ....ယဉ်ကျေးမနေကြပါနဲ့...."
ကျုံးချင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"ကျွန်တော့်ရဲ့နောက်က လူက ကျွန်တော့်ရဲ့ နောက်လိုက်ပါ.... သူ့ကို ဟေးပိုင်လို့ ခေါ်နိုင်ပါတယ်"
ထိုစကားကိုပြောနေစဉ်တွင် ကျုံးချင်က သူ၏နောက်ရှိ အနက်ရောင်ဝတ်စုံဝတ် ရုပ်သေးရုပ်ထံသို့ အသံပေးပို့ကာ ပြောဆိုလိုက်သည်။
"အခုချိန်ကစပြီး မင်းရဲ့နာမည်က ဟေးပိုင်ပဲ"
"ဟုတ်ကဲ့"
အနက်ရောင်ဝတ်စုံဝတ် ရုပ်သေးရုပ်က ခေါင်းညိတ်လိုက်၏။
"သခင်ကြီးဟေးပိုင် ဖြစ်နေတာကိုး...အားလုံးပဲ အထဲကို ကြွပါ...အထဲကို ကြွပါ...."
ဤအချိန်၌ တခြားမိသားစုအကြီးအကဲများ အားလုံး နံဘေးသို့ ဖယ်ပေးလိုက်ကြပြီး ကျုံးချင်နှင့်ဟေးပိုင်ကို ကြောက်ရွံ့အားကျသော မျက်လုံးများဖြင့်ကြည့်ကာ တီးတိုးပြောဆိုနေကြသည်။
"အဲ့ဒီအနက်ရောင်ဝတ်စုံဝတ်လူက စားသောက်ဆိုင်မှာ လမင်းနက်နဲသိမ်မွေ့နယ်ပယ်ရဲ့ အရှိန်အဝါကို ထုတ်ဖော်ပြသခဲ့တဲ့သူပဲ"
"သူ့ရဲ့ ဟန်ပန်နဲ့ ခုဏက ပြောလိုက်တဲ့ စကားတွေကို ကြည့်ရတာ.... သူက တကယ့်ကို အဖြူရောင်ဝတ်စုံဝတ်လူရဲ့နောက်လိုက်ပဲ....အဲ့ဒီအဖြူရောင်ဝတ်စုံဝတ်လူကတော့ လင်းဖုန်းရဲ့ ဆရာ ဖြစ်နေတယ်"
"ဟုတ်တယ်...ကောလာဟလတွေက အမှန်ပဲ ထင်တယ်..... လင်းမိသားစုကတော့ တကယ့်ကိုကံကောင်းသွားတာပဲ"
"ကံကောင်းလို့ ငါတို့က ဉာဏ်ကောင်းပြီး တုံ့ပြန်တာ မြန်ခဲ့လို့သာပေါ့"
ဤအချိန်တွင် အပြင်ဘက်၌ မိသားစုအကြီးအကဲ အမြောက်အများ မတ်တတ်ရပ်နေသည်ကို လင်းဟန်ယီက သတိရသွားသည်။
ထို့ကြောင့် လင်းဟန်ယီသည် ကျုံးချင်ကို ထိပ်ဆုံးထိုင်ခုံသို့ ဦးစွာဖိတ်ကြားလိုက်ပြီးနောက် ပြောဆိုလိုက်၏။
"သခင်ကြီးကျုံး...ခဏလောက် ထိုင်ပါအုံး....ကျွန်တော်မှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေလို့ပါ....ကျွန်တော် ခဏနေရင် ပြန်လာခဲ့ပါ့မယ်"
"အကြီးအကဲတို့...သခင်ကြီးကျုံးကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးလိုက်ကြပါ"
ထိုသို့ပြောဆိုပြီးနောက် လင်းဟန်ယီသည် တခြားမိသားစုအကြီးအကဲများ ရှိရာသို့ ပြန်လည်၍ လျှောက်လှမ်းသွားသည်။
လင်းဟန်ယီ၏ စကားကို ကြားလိုက်ရချိန်၌ ထိုမိသားစုအကြီးအကဲများက အလျင်အမြန် လက်ကာပြပြီး အော်ဟစ်လိုက်ကြသည်။
"အိမ်တော်သခင်လင်း...မလိုပါဘူး... မလိုပါဘူး.... ကျွန်တော်တို့ကို စိတ်ပူစရာ မလိုပါဘူး.... ခင်ဗျားက မသေမျိုးအရှင်ကိုပဲ ဧည့်ခံလိုက်ပါ... ကျွန်တော်တို့က ဒီမှာပဲ နေလိုက်ပါ့မယ်"
"ဟုတ်တယ် ဟုတ်တယ်...ကျွန်တော်တို့ ဒီမှာပဲ ဆောင့်ကြောင့်ထိုင်နေလိုက်မယ်.... ကျွန်တော်တို့ကို စိတ်မပူပါနဲ့"