← Chapters

လင်းမိသားစု၏ ဂုဏ်ယူစရာ

Vol. 3 Ch. 25

လင်းမိသားစု၏ ဂုဏ်ယူစရာ

Vol. 3 Ch. 25

ဤအချိန်၌....

ထိုမိသားစုအကြီးအကဲများသည် အလွန်အမင်း နှိမ့်ချနေကြပြီး တစ်ယောက်ချင်းစီတိုင်းသည် စိတ်အားထက်သန်သော အပြုံးများဖြင့် ပြုံးရွှင်နေကြသည်။

"အမ်...ဒါက"

လင်းဟန်ယီသည် ထိုလူများ၏ဟန်ပန်အမူအယာကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။ သူတို့သည် အလွန်အမင်း နှိမ့်ချနေကြ၏။

“အဖေ...သူတို့ကို စိတ်ပူဖို့ မလိုပါဘူး”

လင်းဖုန်းက နံဘေးမှနေ၍ ဝင်ရောက်ပြောဆိုလိုက်သည်။

လိမ္မာပါးနပ်သော လင်းဟန်ယီသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ တိုးညှင်းသော အသံဖြင့် မေးမြန်းသည်။

"ဖုန်းအာ...သူတို့က ရုတ်တရက်ကြီး တောင်းပန်ဖို့ ရောက်လာကြပြီးတော့ ငါတို့ကို မြှောက်ပင့်ပြောဆိုနေကြတယ်....ပြီးတော့ အခုလည်း သူတို့က ဒီလိုပုံစံနဲ့ ဆက်လုပ်နေကြတုန်းပဲ.... သူတို့ ဘာတွေဖြစ်နေတာလဲဆိုတာ မင်း သိလား"

"ကျွန်တော် မမှားဘူးဆိုရင် ဒါက ဦးလေးဟေးပိုင် ခုဏက သူ့ရဲ့ လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်လို့ပဲ ဖြစ်ရမယ်"

လင်းဖုန်းက ရယ်မောလိုက်သည်။

ထို့နောက် သူသည် စားသောက်ဆိုင်၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လင်းဟန်ယီအား ပြောပြလိုက်၏။

ထိုစကားကို ကြားလိုက်ရချိန်၌ လင်းဟန်ယီနှင့် လင်းမိသားစုဝင်များအားလုံး အံ့အားသင့်စွာဖြင့် မတ်တတ်ထရပ်လိုက်ကြသည်။

လင်းဟန်ယီက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။

"လမင်း...လမင်းနက်နဲသိမ်မွေ့နယ်ပယ် ဟုတ်လား...ဒီသခင်ကြီးဟေးပိုင်က လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်လား"

ရုတ်ချည်းဆိုသလိုပင် လင်းမိသားစုရှိ လူများအားလုံးသည် သူတို့၏စိတ်အာရုံကို ဟေးပိုင်ထံသို့ လှည့်လိုက်ကြသည်။

ကျုံးချင်၏နောက်၌ တိတ်ဆိတ်ငြိမ်သက်နေပြီး သာမန်ဟုထင်ရသော နောက်လိုက်သည် အမှန်အားဖြင့် လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့အနက် မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

နောက်လိုက်တစ်ယောက်သည် လမင်းနက်နဲသိမ်မွေ့နယ်ပယ်တွင် ရှိနေပါက လင်းဖုန်း၏ဆရာသည် မည်သည့်အဆင့်တွင် ရှိနေမည်နည်း။

လင်းမိသားစုဝင်များသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပြီး ကြီးမားသော ပျော်ရွှင်မှုများ လွှမ်းမိုးသွားကြသည်။

သူတို့လင်းမိသားစုမှ ပါရမီမရှိသော လူငယ်လေးသည် ဤမျှထိ အစွမ်းထက်သော ဆရာတစ်ဦး၏တပည့် ဖြစ်လာခဲ့သည်မှာ အမှန်ပင်။ ယခင်ကဆိုလျှင် ထိုကဲ့သို့ အရာမျိုးကို သူတို့ အိပ်မက်မက်ဝံ့ခြင်းပင် မရှိခဲ့ချေ။

တစ်ချိန်တည်းမှာပင်....

ကူမိသားစု ဖန်းမိသားစုနှင့် တခြားသူများ မည်သည်ကြောင့် ရုတ်တရက်ကြီး သဘောထားပြောင်းလဲသွားရသနည်းဆိုသည်ကို လင်းဟန်ယီတို့လူစု နောက်ဆုံး၌ နားလည်သွားကြသည်။

လင်းဖုန်းသည် ထိုကဲ့သို့ အစွမ်းထက်ဆရာတစ်ဦး၏တပည့် ဖြစ်လာသောကြောင့် လင်းမိသားစုသည်လည်း အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး သူတို့အနေဖြင့် သေချာပေါက် နောက်ထပ် ပြစ်မှားရဲတော့မည် မဟုတ်ချေ။

"သခင်ကြီးကျုံး...လျစ်လျူရှုထားမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ..."

လင်းဟန်ယီသည် လူများအားလုံးကို ဦးဆောင်ကာ ကျုံးချင်အား နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သူတို့လင်းမိသားစုသို့ ဤကဲ့သို့ ကျွမ်းကျင်ပညာရှင်တစ်ဦး ရောက်ရှိလာခြင်းက သူတို့ကို ဂုဏ်ယူဝမ်းမြောက်စေပြီး မလေးမစား ပြုမိမည်ကို စိုးရိမ်နေကြ၏။

“အဖေ...ဆရာ့ရဲ့ အစွမ်းအစကို သိရုံနဲ့ အဲ့ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး...ဆရာက သဘောကောင်းပါတယ်”

လင်းဖုန်းက ရယ်ပြုံးပြီး အလျင်အမြန် ပြောဆိုလိုက်သည်။

"ဟုတ်တယ်...အားလုံးပဲ လွတ်လွတ်လပ်လပ် နေကြပါ...."

စားပွဲထိပ်တွင် ကျုံးချင်သည် အစေခံများ လာချပေးသော လက်ဖက်ရည်ကို သောက်ရင်း နူးညံ့ညင်သာစွာ ပြုံးလိုက်သည်။

"မဖြစ်ဘူး...အဲ့ဒီလိုလုပ်လို့ မဖြစ်ပါဘူး...စီနီယာက ကျွန်တော့်ရဲ့သားကို သဘောကျတာ ကျွန်တော့်သားရဲ့ ကံကောင်းမှုပါပဲ"

လင်းဟန်ယီက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုရင်း သူ၏မျက်လုံးများ နီမြန်းလာသည်။

သူ၏သားသည် ဘဝတွင် အခက်အခဲများစွာကို ခံစားခဲ့ရသည်။

ယခုအချိန်၌ အခြေအနေများ နောက်ဆုံးတွင် ပြောင်းလဲသွားခဲ့လေပြီ။

မကြာမီမှာပင် လင်းမိသားစုသည် ကျုံးချင်အတွက် ကြီးကျယ်ခမ်းနားသော ညစာစားပွဲကို ကျင်းပခဲ့ပြီး ပြင်ပသို့ရောက်နေသော လင်းမိသားစုဝင်များကိုပင် ပြန်လည်၍ ဆင့်ခေါ်ခဲ့သည်။

ညစာစားပွဲတွင် ကျုံးချင်သည် ထိပ်ဆုံးထိုင်ခုံ၌ နေရာယူထားသည်။

လင်းမိသားစုထဲမှ အရည်အချင်းပြည့်မီသူများသည် လင်းဟန်ယီ၏ ဦးဆောင်မှုဖြင့် ကျုံးချင်အား တစ်ယောက်ပြီးတစ်ယောက် ရိုသေလေးစားစွာ ဂုဏ်ပြုစကား ပြောဆိုကြသည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော အချိန်ကာလအတွင်းတွင် လင်းဟန်ယီသည် ဤမျှထိ စိတ်လှုပ်ရှားခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးချေ။

မကြာမီမှာပင် သူသည် အတော်လေး အရက်မူးလာပြီး လင်းဖုန်း၏နံဘေးသို့ လျှောက်လှမ်းသွားကာ သူ၏သားကို တီးတိုးမေးမြန်းလေ၏။

"သား...မင်းက တပည့်ဖြစ်လာပြီးတဲ့နောက်မှာ စီနီယာကျုံးက မင်းရဲ့ ပါရမီပြဿနာကို ဖြေရှင်းပေးခဲ့တယ် မဟုတ်လား"

"ဒါပေါ့...."

လင်းဖုန်းက အပြုံးနှင့် တုံ့ပြန်အဖြေပေးလိုက်သည်။

ထိုအတည်ပြုချက်ကို ကြားလိုက်ရချိန်၌ လင်းဟန်ယီ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး လင်းဖုန်းကိုပွေ့ဖက်ကာ အံ့အားတသင့် ပြောဆိုလိုက်သည်။

"အဲဒါဆိုရင် မင်း အခု ကျင့်ကြံလို့ ရပြီပေါ့"

လင်းဟန်ယီ၏ အံ့အားတသင့်ပြောဆိုသံသည် ကျန်ရှိသော လင်းမိသားစုဝင်များ၏ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်သွားနိုင်ခဲ့သည်။ သူတို့ အားလုံးသည် မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် လင်းဖုန်းကို ကြည့်လိုက်ကြ၏။

"ဆရာ့ရဲ့လမ်းညွှန်မှုနဲ့ဆိုရင် ကျွန်တော်က ကျင့်ကြံရုံတင်မကဘူး တခြားအရာတွေ အများကြီးကိုပါ လုပ်ဆောင်နိုင်တယ်"

လင်းဖုန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်ပြီး စိတ်ဆန္ဒတစ်ချက်ဖြင့် သူ၏ချန်ရွှမ်နယ်ပယ် ကျင့်ကြံဆင့်ကို ချက်ချင်းထုတ်ဖော်ပြသလိုက်သည်။

"ဘာ..."

"ချန်ရွှမ်နယ်ပယ်လား..."

ဤမြင်ကွင်းသည်....

လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို ချက်ချင်းထိတ်လန့်တုန်လှုပ်သွားစေပြီး မယုံကြည်နိုင်ဖြစ်သွားကြာကာ လင်းဖုန်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။

"နတ်ဘုရားတွေက လင်းမိသားစုကို ကောင်းချီးပေးတာပဲ..."

မကြာမီမှာပင် လင်းဖုန်းကို လင်းမိသားစုဝင်များက ဝိုင်းရံထားကြသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေကြပြီး သူ့ကို ချီးကျူးစကားများ ဂုဏ်ယူဝမ်းမြောက်မှုများဖြင့် လွှမ်းမိုးထားကြသည်။

မည်သို့ပင်ဆိုစေကာမူ လင်းဖုန်းသည် ၁၆ နှစ်သာ ရှိသေးသည်။

၁၆ နှစ်အရွယ်နှင့် ချန်ရွှမ်နယ်ပယ်ဆိုလျှင် မည်သည့်နေရာတွင်မဆို ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

"သောက်ကျိုးနည်း မုရုံမိသားစု...ခင်ဗျားတို့မှာ သမီးတစ်ယောက် ရှိတော့ရော ဘာဖြစ်လဲ.... ခင်ဗျားတို့သမီးက တော်တယ်ဆိုရင်တောင် ငါ့ရဲ့သားက ပိုတော်တယ်"

လင်းဟန်ယီက ကျယ်လောင်စွာ ဆဲဆိုလိုက်ပြီးနောက် အားပါးတရ ရယ်မောလိုက်၏။

"တကယ်တော့ ဒါတွေအားလုံးက ဆရာ့ရဲ့ သွန်သင်မှုကြောင့်ပါ"

လူအုပ်ကြီးကြားတွင် လင်းဖုန်းက ခေါင်းကုတ်ပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်သော်လည်း လင်းမိသားစုမှ ဂုဏ်ယူရမည့်သူတစ်ဦး ဖြစ်လာသည့်အတွက် သူ အလွန်စိတ်လှုပ်ရှားနေဆဲပင်။

ထိပ်ဆုံးစားပွဲဝိုင်းတွင် ကျုံးချင် တစ်ယောက်တည်း အရက်သောက်နေသည်။

လင်းမိသားစုဝင်များ ဝိုင်းရံထားပြီး မျက်နှာတွင် ဂုဏ်ယူဝမ်းမြောက်သော အပြုံးဖြင့် ရှိနေသည့် လင်းဖုန်းကို ကြည့်ရင်း သူ ပြုံးလိုက်မိသည်။

ဤအချိန်တွင်....

သူသည်လည်း လင်းဖုန်းအတွက် ဂုဏ်ယူမိသည်။

နောက်ရက်အနည်းငယ်အတွင်းတွင် ကျုံးချင်သည် လင်းမိသားစု၏အိမ်တွင် တည်းခိုခဲ့သည်။

ကျုံးချင်သည် ထွက်ခွာသွားရန် အလျင်မလိုသည့်အပြင် လင်းဖုန်းကို ထားခဲ့ရန်လည်း အလျင်မလိုချေ။

ဤကောင်လေးသည် အိမ်နှင့် ဝေးကွာနေသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခု နောက်ဆုံးတွင် အိမ်ပြန်ရောက်ပြီဖြစ်၍ မိသားစုနှင့် အချိန်ပိုပေးသင့်သည်မှာ မှန်ကန်ပေ၏။

တစ်ချိန်တည်းမှာပင် ဤကာလအတွင်း၌ ဖုန်းထျန်းမြို့ရှိ လူအမြောက်အများသည် ကျုံးချင်ကို လာရောက်တွေ့ဆုံလိုကြသော်လည်း လင်းဟန်ယီက ထိုလူများအားလုံးကို တံခါးဝတွင် တားဆီးခဲ့သည်။

နောက်တစ်နေ့တွင်မူ...

ဖုန်းထျန်းမြို့စားမင်းလည်း ရောက်လာခဲ့သည်။

"မြို့စားမင်းကို နှုတ်ခွန်းဆက်ပါတယ်"

လင်းဟန်ယီသည် ဤမြို့စားမင်းအပေါ် အလွန်ယဉ်ကျေးစွာ ဆက်ဆံခဲ့သည်။

"အိမ်တော်သခင်လင်း...နေကောင်းလား"

မြို့စားမင်းပိုင်ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ခင်ဗျားတို့ လင်းမိသားစုက ဒီရက်ပိုင်းမှာ စည်ကားနေတာပါလား"

"မြို့စားမင်းက ကျွန်တော့်ကို မနောက်ပါနဲ့..."

လင်းဟန်ယီက အပြုံးနှင့် ပြောဆိုသည်။

"ဒီနေ့ မြို့စားမင်းက ဘာကိစ္စနဲ့များ ရောက်လာတာလဲ"

စကားစမြည်ပြောခြင်း ပြီးဆုံးသွားချိန်၌ ပိုင်ချန်၏မျက်နှာထား သိသိသာသာ တည်ကြည်လေးနက်လာသည်။

အချိန်တခဏကြာ တွေဝေပြီးနောက် သူက ပြောဆိုလိုက်၏။

"အိမ်တော်သခင်လင်း...ဒီနေ့ ကျွန်တော်က ခင်ဗျားရဲ့အကူအညီကို တောင်းခံဖို့ ရောက်လာတာပါ"

"ပြောပါ...."

လင်းဟန်ယီက လေးလေးနက်နက် တုံ့ပြန်လိုက်သည်။

"လွန်ခဲ့တဲ့ ခြောက်လလောက်က ဖုန်းထျန်းမြို့ပြင်မှာ ကြမ်းကြုတ်တဲ့ နတ်ဆိုးသားရဲတစ်ကောင် ပေါ်လာခဲ့တယ်....အဲ့ဒီကောင် ထွက်ပေါ်လာကတည်းက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်....ကျွန်တော်က မြို့စားအိမ်တော်က ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အဲ့ဒီကောင်ကို အကြိမ်ကြိမ်နှိမ်နင်းဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ဘူး.... အဲ့ဒီအစား ကျွန်တော်တို့ဘက်က အကျအဆုံးတွေ များခဲ့တယ်..... မနေ့ကတင် နောက်ထပ် လူတစ်ရာလောက် အဲ့ဒီနတ်ဆိုးရဲ့ပါးစပ်ထဲမှာ သေဆုံးခဲ့ရတယ်...အဲ့ဒါကြောင့် ဒီနေ့ ကျွန်တော်တို့က ခင်ဗျားဆီ ရောက်လာခဲ့တာပါ..."

ဤစကားကိုပြောဆိုရင်း ပိုင်ချန်သည် မတ်တတ်ရပ်လိုက်ပြီး သူ၏လက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"လင်းမိသားစုမှာ နေထိုင်နေတဲ့ စီနီယာကျုံးက အရမ်းအလုပ်ရှုပ်ပြီးတော့ သူ့ကို အနှောင့်အယှက် မပေးသင့်ဘူးဆိုတာ ကျွန်တော် သိပါတယ်.... ဒါပေမယ့် အခု တခြားနည်းလမ်း မရှိတော့လို့ပါ....ဒါကြောင့် အိမ်တော်သခင်လင်းအနေနဲ့ ကျွန်တော့်ဘက်ကနေ ကူညီပြောပေးပြီးတော့ ဒီနတ်ဆိုးသားရဲကို ရှင်းပစ်ဖို့ စီနီယာကျုံးကို စည်းရုံးပေးနိုင်မလားဆိုတာ သိချင်မိတယ်"

ထိုစကားကို ကြားလိုက်ချိန်၌ လင်းဟန်ယီသည် မျက်မှောင်ကြုတ်လိုက်မိပေ၏။

အကယ်၍ အခြားလူဆိုလျှင် သူ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပေမည်။

သို့သော် ယနေ့တွင် အခြေအနေက သိသိသာသာ ကွာခြားနေပြီး မြို့ပြင်ရှိ နတ်ဆိုးသားရဲအကြောင်းကိုလည်း သူ သိရှိထားသည်။ သူ၏လင်းမိသားစုဝင်တချို့လည်း ထိုနတ်ဆိုးသားရဲ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည် မဟုတ်လော။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး စီနီယာကျုံးအစား ကျွန်တော်က ဆုံးဖြတ်ချက် မချရဲဘူး....အများဆုံးအနေနဲ့ ကျွန်တော်က ခင်ဗျားအတွက် မေးပေးရုံလောက်ပဲ တတ်နိုင်မှာပါ... သူ သဘောတူမတူဆိုတာတော့ ကျွန်တော် မပြောနိုင်ဘူး"

လင်းဟန်ယီက ဂရုတစိုက်စဉ်းစားပြီးနောက် ပြောဆိုလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်၌ ပိုင်ချန်၏မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထင်ဟပ်လာသည်။

"ကျေးဇူးတင်ပါတယ် အိမ်တော်သခင်လင်း...တကယ်လို့ အဲ့ဒီစီနီယာက ဆန္ဒမရှိဘူးဆိုရင် ကျွန်တော် သူ့ကို အနှောင့်အယှက် ပေးမှာ မဟုတ်ပါဘူး....တခြားနည်းလမ်းကို စဉ်းစားပါ့မယ်"

ပိုင်ချန်က ပြောဆိုသည်။

"ကောင်းပါပြီ"

ထို့နောက် လင်းဟန်ယီက မတ်တတ်ထရပ်ကာ ကျုံးချင် နေထိုင်ရာ အနောက်ဖက်ခြံဝန်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

"စီနီယာကျုံးကို အရိုအသေပြုပါတယ်"

လင်းဟန်ယီသည် ခြံဝန်းထဲသို့ မဝင်မီကပင် ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

"အိမ်တော်သခင်လင်း...ဒီလောက်ထိ ယဉ်ကျေးနေဖို့ မလိုပါဘူး"

ကျုံးချင်သည် ခြံဝန်းထဲသို့ လမ်းလျှောက်ထွက်နေရင်း လင်းဟန်ယီကို မြင်တွေ့ချိန်၌ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"အိမ်တော်သခင်လင်းက ကျွန်တော်နဲ့ ဆွေးနွေးစရာ တစ်ခုခု ရှိလို့များလား"

"ဟုတ်ပါတယ်...ကျွန်တော်မှာ စီနီယာကျုံးကို အကူအညီတောင်းချင်တဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ"

ကျုံးချင်၏ရှေ့သို့ ရောက်ချိန်၌ လင်းဟန်ယီသည် ပိုင်ချန်က သူ့အား တာဝန်ပေးလိုက်သော ကိစ္စကို အသေးစိတ် ရှင်းပြလိုက်သည်။

"အော်...နတ်ဆိုးသားရဲလား...."

ကျုံးချင် သဘောတူသင့်မတူသင့် စဉ်းစားလိုက်သည်။

ထိုအချိန်မှာပင် စနစ်မှ ရုတ်တရက် အသံထွက်ပေါ်လာသည်။

"ကျပန်းမစ်ရှင် ထုတ်ပြန်လိုက်သည်.... ကျေးဇူးပြု၍ ဖုန်းထျန်းမြို့ပြင်ရှိ နတ်ဆိုးသားရဲများကို ရှင်းလင်းပေးပါ....လျှို့ဝှက်ဆန်းကြယ်သော ဆုလာဘ်တစ်ခု ပေးအပ်ပါမည်"

All Chapters