ဒီကောင်လေးက စိတ်မြန်လက်မြန်ရှိတာလား
Vol. 3 Ch. 27
"အဲ့ဒီလူနှစ်ယောက်က ရှုံးသွားပြီလား"
ပိုင်ချန်က စိုးရိမ်ပူပန်သော အမူအယာဖြင့် ပြောဆိုသည်။
သူ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။ သူလေ့လာမိသလောက်ဆိုလျှင် ဤနတ်ဆိုးသားရဲ၏စွမ်းအားသည် သူ ခန့်မှန်းထားသည်ထက် များစွာပို၍ ကြောက်မက်ဖွယ် ကောင်းနေပုံရသည်။
သို့ရာတွင် ထိုဓားချီအလင်းတန်းနှစ်တန်း၏ ပိုင်ရှင်များသည် ရလဒ်အနေဖြင့် သေဆုံးသွားခြင်း မရှိချေ။
သစ်တောထဲသို့ ပြုတ်ကျသွားပြီးနောက် သူတို့တို့သည် အလင်းတန်းနှစ်တန်းအဖြစ် ပြောင်းလဲကာ လေထုထဲသို့ ပြန်တက်လာကြသည်။
အချိန်တခဏကြာပြီးနောက် သူတို့သည် ရတနာတစ်ခုခုကို အသုံးပြုလိုက်ပုံရပြီး ထူထပ်သော မီးခိုးငွေ့များနှင့်မြူခိုးများသည် ခေါင်းသုံးလုံးဝံပုလွေ ရှိနေသည့် နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုထူထပ်သိပ်သည်းသော မီးခိုးငွေ့များနှင့်မြူခိုးများသည် ခေါင်းသုံးလုံးဝံပုလွေ၏ အမြင်အာရုံကို ကွယ်စေရုံသာမက သူ၏ထူးခြားသော အာရုံခံနိုင်စွမ်းကိုလည်း ပိတ်ဆို့ဟန့်တားထားပုံရသည်။
နတ်ဆိုးဝံပုလွေသည် အချိန်တခဏကြာမျှ လားရာပျောက်ဆုံးသွားသည်။
ထိုဓားချီအလင်းတန်းနှစ်တန်း၏ ပိုင်ရှင်များသည် ထိုအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးလွတ်မြောက်လာကြ၏။
သူတို့ ဆုတ်ခွာလာသည့် လမ်းကြောင်းသည် ကျုံးချင်နှင့်တခြားလူများ ရပ်တန့်နေသည့် နေရာအတိအကျပင်။
ဤအချိန်တွင် ကျုံးချင်သည် ထိုလူနှစ်ဦး၏ပုံပန်းသွင်ပြင်ကို နောက်ဆုံး၌ မြင်တွေ့လိုက်ရသည်။
သူတို့သည် အမျိုးသမီးနှစ်ဦးဖြစ်ပြီး တစ်ဦးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ တခြားတစ်ဦးသည် အပြာရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အမူအယာရှိကာ ချဉ်းကပ်ရခက်သော မာန်မာနအရှိန်အဝါကို ထုတ်လွှတ်ထားသည်။ အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးကမူ ငယ်ရွယ်ပုံရပြီး ချစ်စရာကောင်းကာ ကလေးဆန်သော မျက်နှာသွင်ပြင် ရှိသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အမျိုးသမီးနှစ်ဦးလုံး အနည်းငယ် ဖရိုဖရဲ ဖြစ်နေကြသော်လည်း သူမတို့၏ အလှတရားကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ သူမတို့၏ စုတ်ပြတ်နေသော ပုံစံကပင် ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို တိုးပွားစေသည်။
ဤအမျိုးသမီးနှစ်ဦးလုံးသည် တိုင်းပြည်တစ်ပြည် ပျက်စီးစေသည်အထိ လှပချောမောသူများပင်။
"မိန်းကလေးတို့.... ခဏလောက် နေပါအုံး"
ထိုမိန်းကလေးနှစ်ယောက်ကို ကြည့်ရင်း ကျုံးချင်သည် စိတ်ချင်းဆက်သွယ်ပြီး အသံသတင်းစကား ပေးပို့လိုက်သည်။
လျှင်မြန်သော အရှိန်နှုန်းဖြင့် ထွက်ပြေးလာသော အမျိုးသမီးနှစ်ဦးသည် ကျုံးချင်နှင့်၂ခြားလူများကို မြင်တွေ့လိုက်ရသည်။ ရှေ့မှဦးဆောင်လာသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။
"ရှင်တို့က ဒီနေရာမှာ ဘာလုပ်နေကြတာလဲ"
"မိန်းကလေးတို့ကို အမှန်အတိုင်း ပြောရရင် ...ငါက ဒီနတ်ဆိုးသားရဲကို နှိမ်နင်းဖို့ လာခဲ့တာပါ...ဒါပေမယ့် ဒီနေရာကို ငါ ရောက်ရောက်ချင်းမှာပဲ မိန်းကလေးတို့နှစ်ယောက်က သူနဲ့ တိုက်ခိုက်နေတာကို မြင်လိုက်ရတာပါ"
ကျုံးချင်က ရိုးသားစွာ ပြောဆိုသည်။
သို့ရာတွင်....
ကျုံးချင်၏စကားကို ကြားချိန်၌ အမျိုးသမီးနှစ်ဦး၏မျက်မှောင်ကြုတ်မှုသည် ပိုမိုနက်ရှိုင်းသွားပေ၏။
"အစ်မ....ဒီကြွားလုံးထုတ်တဲ့လူက ဘယ်ကနေ ရောက်လာတာလဲ...ဒီလူအုပ်စုလောက်နဲ့ နတ်ဆိုးဝံပုလွေကို ရှင်းပစ်နိုင်မယ်လို့ သူက တကယ်ကြီးထင်နေတာလား"
အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။
"ရှင်က ဟန်ရေးပြချင်တယ်ဆိုရင်တောင် အချိန်နဲ့ နေရာကို ကြည့်ဦးမှပေါ့...ဘယ်လိုလူမျိုးကများ ဒီလိုမျိုး ဟိတ်ဟန်ထုတ်ပြီး ပေါ့ပေါ့တန်တန် ပြုမူနေရတာလဲ"
"ရှင် ကြွားချင်တာကို ခဏထားလိုက်အုံး...ဒါက လူတွေကို သေလမ်းပို့နေတာ မဟုတ်ဘူးလား"
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကလည်း ကျုံးချင်၏နံဘေးရှိ လူအုပ်စုကို တစ်ချက်ကြည့်လိုက်သည်။
ခမ်းနားထည်ဝါသော ဝေါယာဉ်တစ်စီး...
ဇီသာတီးသူများနှင့် ပလွေမှုတ်သူများ....
စွမ်းရည်အမျိုးမျိုးရှိသော အိမ်တော်သခင်များအုပ်စု....
ကြည့်ရသည်မှာ အထင်ကြီးဖွယ် ကောင်းသယောင်ရှိသော မြို့စောင့်တပ်ဖွဲ့ဝင်များသည် အနည်းငယ် ထိတွေ့ရုံမျှဖြင့် ကွဲကြေသွားနိုင်သော အလှပန်းအိုးများထက် မပိုချေ။ သူတို့သည် ထိုနတ်ဆိုးဝံပုလွေ၏ လက်သည်းကုတ်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
"ရှင်တို့က အဲ့ဒီနတ်ဆိုးဝံပုလွေရဲ့ပြိုင်ဘက် မဟုတ်ဘူး...ကျွန်မတို့က နတ်ဘုရားဝိညာဉ်မြူခိုးနဲ့ သူ့ကို ခဏတာ ပိတ်လှောင်ထားတုန်း ရှင်တို့ မြန်မြန် ထွက်သွားသင့်တယ်...နာရီဝက်လောက်နေလို့ နတ်ဘုရားဝိညာဉ်မြူခိုးတွေ ပျောက်ကွယ်သွားရင် ရှင်တို့ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး"
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ခံစားချက်မဲ့သော မျက်နှာဖြင့် ပြောဆိုသည်။
"တိုက်ပွဲတောင် မစရသေးဘူး...ငါက နတ်ဆိုးဝံပုလွေရဲ့ပြိုင်ဘက် မဟုတ်ဘူးလို့ မင်းက ဘယ်လိုလုပ် သိနိုင်တာလဲ"
ကျုံးချင်က ရယ်မောလိုက်မိသည်
"မေးပါရစေ မိန်းကလေး...နတ်ဆိုးဝံပုလွေရဲ့ ကျင့်ကြံဆင့် အတိအကျက ဘယ်အဆင့်လဲ"
"ရှင်က ကျွန်မရဲ့ စေတနာစကားကို နားမထောင်ဘူးပဲ...ရှင်က တကယ့်ကို ကျေးဇူးကန်းပြီး လူတွေအများကြီးကို သေလမ်းပို့ဖို့ ခေါင်းမာနေတာပဲ"
ကျုံးချင်သည် သူမ၏အကြံဉာဏ်ကို နားမထောင်သည်အား မြင်တွေ့ချိန်၌ အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီး၏ ချောမောလှပသော မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။ ထို့နောက် သူမက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"အဲ့ဒီနတ်ဆိုးဝံပုလွေက လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့်မှာ ရှိနေတယ်...အဲ့ဒီအဆင့်က ရှင့်ကို လက်လျှော့သွားစေလိမ့်မယ်"
"ဘာ"
"လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူလား"
"ပြေးကြ...မြန်မြန် ပြေးကြတော့...."
ထိုအမျိုးသမီး၏စကားကို ကြားချိန်တွင် ပွဲကြည့်ရန် ရောက်လာကြသော အိမ်တော်သခင်များသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားကြပြီး တုန်တုန်ရီရီဖြင့် စတင်၍ ထွက်ပြေးကြတော့သည်။
ထိုကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်သည် သူတို့အတွက် စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။ ထိုနတ်ဆိုးသားရဲ၏လက်သည်းမှ ထွက်ပေါ်လာသော စွမ်းအားအနည်းငယ်မျှသည်ပင် သူတို့ကို သတ်ဖြတ်နိုင်သည်။
ပိုင်ချန်၏မျက်နှာအမူအယာသည်လည်း တင်းမာခက်ထန်မှုသို့ ပြောင်းလဲသွားသည်။
သူသည် ကျုံးချင်ကို တစ်ချက်ကြည့်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။
"စီနီယာကျုံး...ကျွန်တော်တို့ ဘာလုပ်ကြမလဲ...ဆုတ်ခွာမလား တိုက်ခိုက်မလား"
"ထွက်သွားဖို့ ရွေးချယ်မယ်ဆိုရင် အခုပဲ ဆုတ်ခွာမယ်...တိုက်ခိုက်ဖို့ ရွေးချယ်မယ်ဆိုရင်တော့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မြို့စောင့်တပ်ဖွဲ့က စီနီယာနဲ့အပြည့်အဝ ပူးပေါင်းပါ့မယ်....ကျွန်တော်တို့က နတ်ဆိုးဝံပုလွေရဲ့ စိတ်အာရုံကို ဆွဲဆောင်ပြီးတော့ စီနီယာ တိုက်ခိုက်ဖို့ အခွင့်အရေးကို ဖန်တီးပေးမယ်"
အစပိုင်းတွင် ကျုံးချင်အပေါ် ယုံကြည်မှုအပြည့် ရှိခဲ့သော ပိုင်ချန်သည် ယခုအချိန်၌ သံသယဝင်လာခဲ့လေပြီ။
ဟေးပိုင်သည် လမင်းနက်နဲသိမ်မွေ့နယ်ပယ် အဆင့်တွင်ရှိကြောင်း ထုတ်ဖော်ပြသခဲ့သော်လည်း သူသည် မည်သည့်အဆင့်တွင်ရှိကြောင်း မသိရသည့်အပြင် ကျုံးချင်၏စွမ်းအားသည်လည်း ဇဝေဇဝါဖြစ်ဖွယ်ရာပင်။
ထို့ပြင် နတ်ဆိုးသားရဲများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် သားရဲသဘာဝကြောင့် ပုံမှန်အခြေအနေများတွင် အဆင့်တူလူသားကျင့်ကြံသူများသည် သူတို့၏ပြိုင်ဘက် မဟုတ်ကြချေ။
ဆိုလိုသည်မှာ ဤလမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့် နတ်ဆိုးဝံပုလွေကို သေချာပေါက် သတ်ဖြတ်နိုင်ရန်အတွက် လမင်းနက်နဲသိမ်မွေ့နယ်ပယ် နှောင်းပိုင်းအဆင့်ရှိသော လူသားကျင့်ကြံသူတစ်ဦး လိုအပ်ပေမည်။
ထို့ကြောင့် သူသည် ကျုံးချင်ကို လျှော့တွက်ခြင်း မဟုတ်ဘဲ ဤနတ်ဆိုးဝံပုလွေက အလွန်သန်မာနေခြင်းဖြစ်သည်။
သို့ရာတွင် သူသည် ကျုံးချင်၏ဆုံးဖြတ်ချက်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေစဉ်မှာပင် ကျုံးချင်က သူ၏ပခုံးကို အပြုံးနှင့်ပုတ်ကာ နူးညံ့သော လေသံဖြင့် ပြောဆိုသည်ကို မြင်တွေ့လိုက်ရသည်။
"မြို့စားမင်းပိုင်...စိတ်လျှော့ပါ...အဲ့ဒီလောက်ထိ စိုးရိမ်နေဖို့ မလိုပါဘူး"
ကောင်းကင်ဘုံမျက်လုံးတွင် အကွာအဝေး ကန့်သတ်ချက်ရှိနေသဖြင့် ကျုံးချင်သည် အစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတည်နေရာအပေါ် အခြေခံ၍ နတ်ဆိုးဝံပုလွေ၏ အရှိန်အဝါ သို့မဟုတ် ကောင်းကင်ဘုံမျက်လုံးဖြင့် ထိုသားရဲ၏ကျင့်ကြံဆင့် အတိအကျကို မဆုံးဖြတ်နိုင်ခဲ့ချေ။
သေချာသည်မှာ....
သူသည် ထိုအမျိုးသမီးနှစ်ယောက်အပေါ်တွင် သူ၏ကောင်းကင်ဘုံမျက်လုံးကို အသုံးပြုခဲ့သည်။
ထိုအမျိုးသမီးနှစ်ယောက်လုံးသည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိကြောင်း သူ သိရှိလိုက်သည်။
ထို့ကြောင့် အမျိုးသမီးနှစ်ယောက်ကို မြင်လိုက်ရချိန်၌ နတ်ဆိုးဝံပုလွေသည် လမင်းနက်နဲသိမ်မွေ့နယ်ပယ်တွင် ရှိနေကြောင်း သူ အကြမ်းဖျင်း ခန့်မှန်းမိသည်။
သူမတို့ကို သူ မေးမြန်းရခြင်းမှာ အတည်ပြုရန်အတွက်သာ ဖြစ်သည်။
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏အဖြေသည် သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပေ၏။
ဤကျင့်ကြံဆင့်သည် ကိုင်တွယ်ရန် လွယ်ကူပြီး သူ ခန့်မှန်းထားသည်နှင့် အနည်းငယ်သာကွာဟသည်။
အကယ်၍ ဤနတ်ဆိုးဝံပုလွေ၏ကျင့်ကြံဆင့်သည် သူ မျှော်လင့်ထားတာထက် ကျော်လွန်နေလျှင်ပင် သူ ကြောက်ရွံနေမည် မဟုတ်ချေ။
စနစ်ထံ၌ တက်ရောက်စာရင်းသွင်းသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် သူ့ထံတွင် ဝှက်ဖဲတချို့ ကျန်ရှိနေဆဲပင်။
"မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်"
ကျုံးချင်သည် လေထဲတွင် ရှိနေသော အမျိုးသမီးနှစ်ယောက်ကို သူ၏လက်အား ပူးဆုပ်၍ ဂါရဝပြုလိုက်ပြီးနောက် ပိုင်ချန်ကိုကြည့်ကာ ပြောဆိုလိုက်သည်။
"မြို့စားမင်းပိုင်...ဒီနေရာမှာ ခဏလောက် စောင့်နေပေးအုံး...ကျွန်တော် ချက်ချင်း ပြန်လာခဲ့ပါမယ်"
ထိုသို့ပြောဆိုပြီးနောက်...
ကျုံးချင်သည် လက်နောက်ပစ်ကာ မတ်တတ်ရပ်ပြီး လေထုထဲသို့ ဖြည်းညှင်းစွာ ပျံသန်းသွားသည်။
သူသည် နတ်ဆိုးဝံပုလွေရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေ၏။
"ဒီကောင်လေးက အကြံပေးတာကို နားမထောင်ဘဲ သူ့ရဲ့အသက်ကို စွန့်ပစ်ဖို့ ကြိုးစားနေတာလား"
"ရှင်က ဘာလို့ ဒီလောက်တောင် ကျေးဇူးကန်းရတာလဲ"
ကျုံးချင်သည် သူ့သဘောသူဆောင်၍ ထိုနေရာသို့သွားရန် ဆုံးဖြတ်လိုက်သည်အား မြင်တွေ့ချိန်၌ အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။
"ကျွန်မတို့နှစ်ယောက် ပေါင်းတာတောင် အဲ့ဒီသားရဲကို မယှဉ်နိုင်ဘူး...သူက အဲ့ဒီနတ်ဆိုးဝံပုလွေကို သူတစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား...သူက သူ့အသက်ကို လွှင့်ပစ်နေတဲ့ အရူးတစ်ယောက် မဟုတ်ဘူးလား"
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးကမူ နှုတ်ဆိတ်နေသည်။
သူမသည် နတ်ဆိုးဝံပုလွေဆီသို့ ဦးတည်သွားနေသော ကျုံးချင်ကို စူးစိုက်ကြည့်ပြီး သူမ၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
ကျုံးချင်သည် တောင်ကြားထိပ်သို့ ပျံသန်းသွားသည်။ သူသည် အောက်ဘက်တွင် ကျန်ရှိနေသော မြူခိုးများကို ကြည့်ရင်း သူ၏လက်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်၏။ မြူခိုးများသည် ချက်ချင်းလွင့်ပြယ်သွားပြီး တောင်ကြားတစ်ခုလုံး ရှင်းလင်းသွားတော့သည်။
ထို့နောက် ကြက်သွေးရောင် မျက်လုံးခြောက်လုံး ပါရှိသော ခေါင်းသုံးလုံးဝံပုလွေသည် ပုံစံအစစ်အမှန်ဖြင့် ပြန်လည်၍ ထွက်ပေါ်လာသည်။
ခေါင်းသုံးလုံးဝံပုလွေသည် ကျုံးချင်၏ တည်ရှိမှုကို ချက်ချင်းအာရုံခံမိလိုက်သည်။
"ဟီး ဟီး...လူသားမိန်းမနှစ်ယောက် ထွက်ပြေးသွားပြီးတော့ နောက်ထပ် လူသားကောင်လေးတစ်ယောက် ငါတို့ဆီ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး...ညီအစ်ကိုတို့...ငါတို့ ကောင်းကောင်း စားရတော့မယ့်ပုံပဲ"
ခေါင်းသုံးလုံးဝံပုလွေ၏ ခေါင်းတစ်လုံးမှနေ၍ ရက်စက်ကြမ်းကြုတ်သောအသံကြီး ထွက်ပေါ်လာသည်။
"ဟုတ်တယ် ညီအစ်ကိုတို့...ဒီလူသားကောင်လေးက အသားအရေ နူးညံ့ပြီး အရသာရှိမယ့်ပုံပဲ"
တခြားခေါင်းတစ်လုံးမှ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပေ၏။
"ပြောစမ်း...မင်းလို လမင်းနက်နဲသိမ်မွေ့နယ်ပယ် နတ်ဆိုးသားရဲက ဒီလိုနေရာမျိုးကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ"
ကျုံးချင်သည် သူတို့၏စကားကို လျစ်လျူရှုပြီး မေးခွန်းတစ်ခုကို တုံ့ပြန်မေးမြန်းလိုက်သည်။
ဖုန်းထျန်းမြို့သည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ဝေးလံခေါင်သီသော နေရာတစ်နေရာပင်။
ပုံမှန်အားဖြင့် ဤအဆင့်ရှိသော နတ်ဆိုးများသည် ဤနေရာတွင် ထွက်ပေါ်လာလေ့ မရှိချေ။
"မင်းက သိချင်တာလား...ငါတို့ရဲ့ဗိုက်ထဲကိုရောက်ရင် မင်း သိရလိမ့်မယ်"
ဝံပုလွေခေါင်းတစ်လုံးက လှောင်ပြောင်သံပြုလိုက်ပြီး ကျုံးချင်ကို ဝါးမျိုရန် ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည်။
"မင်းတို့က မပြောချင်မှတော့ ဘယ်တော့မှ မပြောနဲ့တော့"
ကျုံးချင်သည် နတ်ဆိုးဝံပုလွေ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် တွန့်ဆုတ်မနေခဲ့ချေ။
သူသည် ရွံရှာဖွယ်ကောင်းသော သားရဲကို ထိပင် မထိချင်သဖြင့် သစ်ရွက်တစ်ရွက်ကို ကောက်ယူကာ ထိုသားရဲဆီသို့ ပစ်လွှတ်လိုက်သည်။