← Chapters

ဒီလူက နည်းနည်း ကွဲပြားတယ်

Vol. 39 Ch. 539

ဒီလူက နည်းနည်း ကွဲပြားတယ်

Vol. 39 Ch. 539

“မင်း သိုင်းခန်းမ အကြောင်း မသိဘူးလား”

ကျန်းရီသည် သိုင်းခန်းမ အကြောင်း အခြေအနေကို အသေးစိတ် ရှင်းပြပြီးနောက် ဖုန်းလန်၏ မျက်လုံးက အေးစက်စက် အလင်းတန်းများနှင့် တောက်သွားပြီးနောက် မြန်မြန် ပြောလိုက်တော့၏။

“သခင် ပြောတဲ့ အကြောင်းအရာမျိုး ဆိုရင် ဒီနယ်မြေက ကုန်သည် အဖွဲ့အစည်း တစ်ခုနဲ့ တူလောက်တယ်။ ဒါပေမဲ့ အဲ့အဖွဲ့အစည်းမှာ သမိုင်းကြောင်း တစ်ခုရှိပြီး အမြဲတမ်း သိုသိုသိပ်သိပ် နေခဲ့တာ၊ သူတို့က အင်အားအတွက် ဘယ်တုန်းကမှ မယှဉ်ပြိုင်ခဲ့ဘဲ စီးပွားရေးပဲ လုပ်နေတာ။ တခြား မျိုးနွယ်စုတွေနဲ့ တစ်ခါမှ အငြင်းမပွားခဲ့ဘဲ မျိုးနွယ်စု တော်တော်များများနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ပုံပဲ။ ဒါကြောင့်မို့လို့ ကျွန်မတို့တွေ သူတို့ကို အာရုံမစိုက်မိတာ ဖြစ်နိုင်တယ်။ အာ ဟုတ်သား… သူတို့ရဲ့ နာမည်က သိုင်းကုန်သည် အဖွဲ့အစည်း ဖြစ်ပုံပဲ ”

“သိုင်းကုန်သည် အဖွဲ့အစည်းတဲ့လား…”

ကျန်းရီက လှောင်ပြောင်ကာ ရယ်မော လိုက်၏။ ကောင်းကင်ကြယ်တာရာ နယ်မြေပေါ်ရှိ သိုင်းခန်းမဆောင်သည်လည်း ကုန်သည်အဖွဲ့အစည်း တစ်ခုမျှသာ မဟုတ်ပါလော။ သေးငယ်သည့် မျိုးနွယ်စုများကို မဆိုထားနှင့် ထိုမျိုးနွယ်စုကြီးများကတောင် သိုင်းခန်းမ၏ စစ်မှန်သော အထောက်အထားကို မသိကြပေ။ သူတို့က အမြဲတမ်း ကောင်းကောင်းမွန်မွန် ဖုံးကွယ်ခဲ့ကြပြီး အင်အားအတွက် မယှဉ်ပြိုင်ခဲ့ပေ။ သူတို့က နယ်မြေ၏ ဘိသိက် မခံထားသော ဘုရင်ဖြစ်ပေ၏။

သို့သော် ဖီးနစ်အော်သံ နယ်မြေပေါ်ရှိ သိုင်းခန်းမ အဆောင်ကမူ အနည်းငယ် ထူးဆန်းနေပေ၏။ သူတို့သည် ကောင်းကင်ကြယ်တာရာ နယ်မြေပေါ်၌ အလွန် သိုသိုသိပ်သိပ် နေတာ ဖြစ်နိုင်သော်ငြား တိုင်းပြည်၏ အုပ်စိုးသူက သိုင်းခန်းမဆောင်သည် အလွန် ဖြုံလောက်ဖွယ် ရှိမှန်း သိနေပြီးသား ဖြစ်သည်။ ဤနေရာသည် နယ်မြေ၏ အရှင်သခင်ကတောင် သူတို့၏ လျှို့ဝှက်ခွန်အား အကြောင်း မသိပေ။

“သူတို့အကြောင်း မေးထားလိုက်တော့”

သူသည် ကောင်းကင်ဧကရာဇ်အဆင့် ဝိညာဉ်ကျွန် တစ်ဦးကို ရထားသည်။ သို့သော် ကျန်းရီက အဆင်အခြင်မဲ့စွာ သိုင်းခန်းမခွဲဆီသို့ ကမူးရှူးတိုး ချက်ချင်း ပြေးမသွားချင်ပေ။ သူယခု လုပ်ရန် လိုအပ်သည်က နဂါးညိုခြောက် မြက်ပင်ကို ရရန် နည်းလမ်းတစ်ခု ရှာရမည်ဖြစ်ကာ အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ ရီဝန်ကို ရှာပြီးနောက် စုလော့ရွှယ်အကြောင်း သတင်းအချက်အလက် ရှာရမှာပဲ ဖြစ်သည်။ သိုင်းခန်းမကို လက်စားချေရန် အတွက်ကမူ သူ၏ လက်ရှိခွန်အားက လေကို ဝင်တိုက်သည့် ဓားခုတ်ကောင် ပမာ ဖြစ်နေပြီး လုံလောက်ရန် ဝေးနေသေး၏။

“နဂါးညှိုးရော်မြက်….ဖုန်းအာ အဲ့ဒီ နဂါးညှိုးရော် မြက်ကို ဘယ်နေရာမှာ ရှာလို့ရလဲဆိုတာ သိလား”

ကျန်းရီက လှည့်မေးလိုက်သော်ငြား များများစားစား မမျှော်လင့်ထားချေ။

ဖုန်းလန်က မျက်တောင်ခတ်လျက် ထင်ထားသည့်အတိုင်း ခေါင်းခါလိုက်တော့သည်။

“နဂါးညှိုးရော်မြက်က မိုးနဲ့မြေရဲ့ ရတနာပဲ။ ဖုန်းအာက ကြားဖူးတယ်။ ဒါပေမဲ့ သူပေါ်ပေါက်လာပြီ ဆိုတာနဲ့ အဓိက မျိုးနွယ်စုကြီးတွေက ချက်ချင်း တိုက်ခိုက်ကြလိမ့်မယ်။ သူ့ကို ရယူဖို့က ကောင်းကင်ကို တက်လှမ်းဖို့ ထက်တောင် ပိုခက်ခဲနေမှာ”

“ဟူး…..”

ကျန်းရီက သက်ပြင်းချပြီး အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ မြေပုံကို တွေဝေစွာ စိုက်ကြည့်နေပြီး သူ ထိုနေရာသို့ သွားရောက်သင့်သည့် အချိန်ကို တွေးနေ၏။

“သခင်…”

ရှက်ရွံ့သော အသံတစ်သံက ပေါ်ထွက်လာချိန် ကျန်းရီက ခေါင်းမော့ လိုက်ရာ ဖုန်းလန်သည် သနားစဖွယ် မျက်နှာနှင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမက နှုတ်ခမ်းကိုက်နေပြီး တစ်စုံတစ်ခု ပြောချင်သော်ငြား မပြောရဲပုံ၏။

“ဘာဖြစ်လို့လဲ ဖုန်းအာ”

ကျန်းရီက မျက်ခုံးပင့်ကာ လှည့်ကြည့် လိုက်၏။ ဖုန်းလန်၏ မျက်လုံးတို့က ဆုံးဖြတ်ချက် ချထားသည့် အရိပ်အရောင်သို့ ပေါ်နေသည်။ သူမက ကျန်းရီရှေ့သို့ ရုတ်တရက် လျှောက်လာပြီး ဒူးထောက် ထိုင်ချလိုက်သည်။

“သခင်…. သခင်က အရှေ့ပိုင်း တော်ဝင်နယ်မြေကို သွားဖို့ တွေးနေတာလား”

ကျန်းရီက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ် လိုက်တော့သည်။

“ဟုတ်တယ်။ ဘာဖြစ်လို့လဲ”

ဖုန်းလန်က လေးနက်စွာ အရိုအသေ ပေးပြီးနောက် သုံးကြိမ်သုံးခါ တိုင်တိုင် ကန်တော့ကာ အံကြိတ်ပြီး ပြောလိုက်တော့၏။

“သခင် အရှေ့ပိုင်း တော်ဝင်နယ်မြေကို သွားတာ ခဏလောက် စောင့်လို့ရမလား။ ဖီးနစ်အော်သံ နယ်မြေက ကပ်ဘေး ဆိုက်တော့မှာ၊ အခု ဖုန်းအာ ထွက်သွားမယ်ဆိုရင် နယ်မြေက ပျက်စီး သွားလိမ့်မယ်။ တိုင်းသူပြည်သားတွေ အားလုံး သေကုန်မှာ သခင့်ကို ဖုန်းအာ တောင်းဆိုချင်တာက အချိန်တချို့ ပေးဖို့ပဲ။ ကပ်ဘေး ပြီးသွားတာနဲ့ ဖုန်းအာက သခင်ရဲ့ လက်ထောက်အဖြစ် လိုလိုလားလား ဆောင်ရွက်ပေးမှာပါ။ သခင် အစောတုန်းက ကတိပေးထားတဲ့ ဆယ်နှစ်ကတိကို ချိုးဖျက်ခဲ့ရင်တောင် ဖုန်းအာက ဘာမှ စောဒက မတက်ပါဘူး”

“အမ်….”

ကျန်းရီက အနည်းငယ် သဘောပေါက် သွား၏။ သူ တွေးတောင် မတွေးရသေးခင် ကုသနေသည့် ချင်းယွီက မျက်လုံးပွင့်လာကာ အမြန် လျှောက်လာတော့၏။ သူမက ဖုန်းလန်ဘေး၌ ဒူးထောက်ပြီး လေးနက်စွာ အရိုအသေးပေးကာ စိတ်အား ထက်သန်စွာ တောင်းဆိုတော့၏။

“သခင်  ကျေးဇူးပြုပြီး သက်ညှာပေးပါ။ ချင်းယွီနဲ့ ဧကရီ နှစ်ယောက်လုံးက သခင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်နေမှာပါ။ တစ်ဘဝလုံး မေ့မှာ မဟုတ်ဘူး။ ဖီးနစ်အော်သံ နယ်မြေက တိုင်းသူပြည်သားတွေကလည်း ကျေးဇူးတင်နေမှာပါ”

ချင်းယွီသည် နိုးနေပြီး ဖြစ်ပုံပေါ်၏။ သို့သော် သူမက ပြန်လည် ကုသချင်ယောင်ဆောင်နေပြီး ဖုန်းလန်၏ တောင်းဆိုချက်ကို ကြားသည့် အချိန်၌ သူမက ထလာပြီး လိုလိုလားလား တောင်းဆိုနေတော့၏။

တကယ်ပါပဲ။ သူတို့နှစ်ယောက်လုံး၌ တည်ကြည်သည့် အမူအရာရှိနေ၏။ တစ်ယောက်က နယ်မြေ၏ အရှင်သခင် ဖြစ်ပြီး ကျန်တစ်ယောက်ကမူ သိုင်းပညာရှင် ဆယ့်ငါးဦးထဲမှ တစ်ဦးဖြစ်သည်။ ရေသူမျိုးနွယ်စု၏ တိုက်ခိုက်မှုကို ခုခံရန်က သူတို့၏ တာဝန်အသိစိတ် ဖြစ်ပေသည်။ ထို့ကြောင့် သူတို့နှလုံးသားထဲ၌ နယ်မြေကို မစွန့်ပစ်နိုင်ပေ။

ယခုအချိန်တွင် သူတို့ နှစ်ယောက်လုံးက ကျန်းရီ၏ ကျွန်ဖြစ်နေပြီး သူတို့ထဲမှ တစ်ယောက်က ဝိညာဉ်ကျွန်ဖြစ်ကာ ကျန်တစ်ယောက်ကမူ ဝိညာဉ်ချိပ်ကို အပ်နှင်းထားသည့် ကျွန်တစ်ဦး ဖြစ်သည်။ သူမသည်လည်း ဝိညာဉ်ကျွန်တစ်ဦး ဖြစ်လုနီးပါး ဖြစ်နေသည်။ ကျန်းရီက သူတို့ကို ဖိအားပေး ခေါ်ဆိုသွားခဲ့လျှင် နှစ်ယောက်လုံးက မကျေမချမ်း ဖြစ်ပေလိမ့်မည်။ သူတို့သည် ကျန်းရီ၏ အမိန့်ကို မနာခံရဲဘဲ မနေချေ။ ထို့ကြောင့် သူတို့က ကျန်းရီကို သက်ညှာပေးရန် တောင်းဆို နေကြတာပဲ ဖြစ်၏။

ကျန်းရီက သူ့ဘာသာသူ ရေရွတ်ပြောဆိုပြီး အကျပ်တွေ့ နေတော့၏။ သူသည် ချက်ချင်း ထွက်ခါသင့်၏။ ဖီးနစ်အော်သံ နယ်မြေက အန္တရာယ် များလွန်းသည်။ သူကျန်ရစ်ခဲ့လျှင် ရှင်သန် နေနိုင်မည်လားကို မသိရပေ။ ဖုန်းလန်နဲ့ ချင်းယွီက ဤနေရာတွင် သေသွားနိုင်ချေ ဖြစ်နေသည်။ သူတို့ နှစ်ယောက် သေသွားခဲ့လျှင် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်နေမည်။ ထို့အပြင် သိုင်းခန်းမ ရှာတွေ့တာ ခံရနိုင်ခြေ ရှိနေသည်။

ဖုန်းလန်နှင့် ချင်းယွီက လက်ရှိတွင် သူ့လူများ ဖြစ်နေ၏။ သူတို့ရင်ထဲ ဝေဒနာ ခံစားနေရတာကို မြင်သည့် အချိန်၌ သူ့စိတ်ခံစားချက် မကောင်းတော့ပေ။ ချင်းယွီက သူ့ကို ညှင်းပန်းနှိပ်စက်ပြီး ဖုန်းလန်က သူ့ကို ဝိညာဉ်ကျွန်အဖြစ် သန့်စင်ချင်နေသည့် အချက်ကို ခွင့်လွှတ်ခဲ့သည်သာ ဖြစ်သည်။ အမြင်မတူညီ၊ ဥပဒေ မတူညီရုံသာ ဖြစ်၏။ သူတို့မှားယွင်းတာ ဘာမှ မလုပ်ခဲ့ပေ။ သူတို့က သူ့အတွက် ဆုံးရှုံးနစ်နာမှု မဖြစ်စေခဲ့သေးပေ။ ထို့အပြင် သူတို့နှစ်ယောက်က ထွက်သွားခဲ့လျှင် ဖီးနစ်အော်သံ နယ်မြေက သွေးဖြင့် ဆေးကြောခံရပြီး ပျောက်ကွယ်သွားမှာ သေချာနေ၏။ တိုင်းသူပြည်သား သန်းချီက ရေသူမျိုးနွယ်၏ သတ်ဖြတ်ခြင်း ခံရမှာပဲ ဖြစ်သည်။ ဖီးနစ်အော်သံနယ်မြေ တစ်ခုလုံးက အသူရာငရဲအဖြစ် ပြောင်းလဲ သွားပေမည်။

ကျန်းရီက ထိုကပ်ဘေး ဖြစ်ပေါ်ရခြင်း၏ အဓိက တရားခံ ဖြစ်သည်။ ခြင်္သေ့ချီ ဧကရာဇ်က သူ့ကြောင့် ရောက်လာတာ ဖြစ်၏။ သူထွက်သွားခဲ့လျှင် သူ့လက်ကျန်ဘဝ၌ ဤသွေးကြွေးကို ထပ်ဆောင်နေရမှာ ဖြစ်၏။

“ရှင်နဲ့ကျွန်မ နှစ်ယောက်လုံးက လူသားမျိုးနွယ်စုကပဲ။ ရှင့်ကို နတ်ဆိုးမျိုးနွယ်စုက အမဲလိုက် နေတာကြောင့် လူသားချင်းချင်း စိုးရိမ်ပူပန်တဲ့ အနေဖြင့် ရှင့်ကို ကျွန်မ ကယ်တင်တယ်”

ကျန်းရီသည် ခရမ်းရောင် ဆံနွယ် မိန်းမပျို၏ ပြောထားချက်ကို ရုတ်တရက် ပြန်တွေးမိပြီး နှလုံးထဲ တုန်လှုပ် သွားတော့၏။ ထိုမိန်းမပျိုလေးသည် သူနှင့် ဘာမှမသက်ဆိုင်ဘဲ သူတို့နှစ်ဦးလုံးက လူသားမျိုးနွယ်စုဖြစ်ပြီး လူအချင်းချင်း စိုးရိမ်ပူပန်မှုကြောင့် သူ့ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။

ယခုနတ်ဆိုး မျိုးနွယ်စုက ဖီးနစ်အော်သံ နယ်မြေကို ဖျတ်ဆီးတော့မည်ဖြစ်ကာ သူ့လူသားမျိုးနွယ်စု အဖော်အပေါင်းကို သတ်ချင်နေသည့် သူက မည်ကဲ့သို့ ဘာမှမလုပ်ဘဲ ကြည့်နေရမည်နည်း။ ဖီးနစ်အော်သံ နယ်မြေရှိ အသန်မာဆုံး တိုက်ခိုက်ရေး သမားကို ခေါ်သွားရင်တောင် မည်ကဲ့သို့ တွေးနိုင်မည်နည်း။

သူက ရုတ်တရက် ထရပ်ပြီး လေးနက်သည့် လေသံဖြင့် ပြောလိုက်တော့သည်။

“ကောင်းပြီ…. မင်းကို ကတိပေးတယ်။ ဆယ်နှစ်ကတိက အကျုံးဝင်သေးတုန်းပဲ။ ဖြစ်နိုင်ရင် နတ်ဆိုးမျိုးနွယ်စုရဲ့ ပညာရှင်တွေ အားလုံးကို သတ်ဖို့ မင်းကိုတောင် ကူညီပေးမယ်”

“အမ်….”

ဖုန်းလွန်နှင့် ချင်းယွီက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ သူတို့မျက်နှာ၌ အံ့သြမှုများ ပြည့်သွားပြီးနောက် ပျော်ရွှင်ကြည်နူးမှုအဖြစ် ပြောင်းလဲသွား၏။ သူတို့သည် လူသားမျိုးနွယ်စု တပ်ဖွဲ့ကို ယှဉ်ဆိုင်နိုင်မည်လား ဟူသည်ကို မသေချာပေ။ ကျန်းရီ သူတို့ကို ခေါ်သွားလျှင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။ ချန်နေခဲ့ခြင်းက ရူးမိုက်သည့် အမူအကျင့် တစ်ခုဖြစ်သည်။

ယခု ကျန်းရီက အမှန်တကယ် သဘောတူလာပြီး သူတို့နှင့် ဆယ်နှစ်တာ ကတိကိုတောင် ထိန်းသိမ်းထားသည်။ သူက နတ်ဆိုး မျိုးနွယ်စုကို ရင်ဆိုင်ရန် သူတို့ကို ကူတိုက်ခိုက် ပေးဦးမှာ ဖြစ်သည်။

သူတို့နှစ်ယောက်လုံးက ကျန်းရီကို ကွဲပြားခြားနားသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။ သူတို့ နှစ်ယောက်လုံးသည် ငယ်ကတည်းက အမျိုးသားများကို အထင်သေးပြီး အမျိုးသားများ အားလုံးက သူရဲဘောကြောင်ကာ သတ္တိကင်းမဲ့ပြီး အသုံးမကျသော လူများဟူ၍ ယူဆခဲ့သည်။ ယခု ကျန်းရီ၏ အမူအကျင့်ကို မြင်တွေ့ချိန်၌ သူတို့ နှလုံးထားထဲတွင် အမျိုးသားများအပေါ် အဓိပ္ပာယ် အသစ်တစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုအမျိုးသားသည် သူတို့၏ နယ်မြေပေါ်ရှိ ကျန်သည့် အမျိုးသားများနှင့် အမှန်တကယ် ကွဲပြားနေ၏။ ယင်းက စစ်မှန်သည့် ယောက်ျားသား တစ်ဦး အနိုင်မခံ အရှုံးမပေးတတ်သော ဝိညာဉ်ဖြင့် အမျိုးသားတစ်ဦး ဖြစ်သည်။

ကျန်းရီက သူတို့ရင်ထဲရှိ ပြောင်းလဲမှုကို မသိခဲ့ဘဲ လက်ခါပြကာ ပြောလိုက်သည်။

“ထားတော့…. နောင်ကျ လက်လွတ်စပယ် ဒူးမထောက်နဲ့ …. ငါမှာ ဒီလောက်များပြားတဲ့ စည်းမျဉ်းတွေ မရှိဘူး။ ငါ့ကို သခင်လို့ မခေါ်နဲ့ အပြင်ရောက်ရင် ငါက မင်းတို့ရဲ့ အိမ်မွေးလေးပဲလေ။ အနားမှာ ဘယ်သူ့မှ မရှိတော့တဲ့ အချိန်ကျ ငါ့ကို ကျန်းရီ ဒါပါ့မဟုတ် သခင်လေးလို့ ခေါ်လို့ရတယ် ”

“အမ်….”

သူတို့နှစ်ယောက်က ထရပ်လိုက်သည်။ ကျန်းရီက တိတ်ဆိတ် သွားပြီးနောက် ဖုန်းလန်ကို ပြောလိုက်သည်။

“ဖုန်းအာ အလုပ်ဆက်လုပ်၊ နတ်ဆိုးမျိုးနွယ်စု တပ်ဖွဲ့ကို ရင်ဆိုင် ခုခံဖို့ အတွက် စီစဉ်စရာတွေ ရှိတာကို သွားစီစဉ်။ စစ်ပွဲတိုက်ခိုက်ဖို့ပါ သွားစီစဉ်။ ငါဝင်ပါပြီး ပေါ်ထွက်လာဖို့က မကောင်းဘူးလေ။ ရန်သူရဲ့ နတ်ဆိုးဧကရာဇ် လှုပ်ရှားတဲ့အချိန် ငါ့ကို အကြောင်းကြား ငါလိုက်ကူညီမယ်”

“ကောင်းပါပြီသခင်…. သခင်လေး ဒီမှာ ကျေးဇူးပြုပြီး အရင် လာနေပါ။ ဖုန်းအာ သွားစီစဉ် လိုက်ပါ့မယ်”

ဖုန်းလန်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်သွား၏။ မကျေမခြမ်းဖြစ်မှု၊ စိတ်ရှုပ်ထွေးမှု၊ အမျက်ဒေါသတို့က ယခုအချိန်တွင် လျော့ပါးသွားမည်ဖြစ်သည်။

ကျန်းရီက ဤနေရာတွင် နေပြီး ကပ်ဘေးကို ရင်ဆိုင်ခုခံမည်ဟု ကတိပေးခဲ့သည်။ သူမက တိုက်ပွဲထဲတွင် သေသွားကောင်း သေသွားနိုင်၏။ သူမ သေသွားခဲ့လျှင်တောင် ကိစ္စမရှိပေ။ သူမ ဝိညာဉ်ကျွန် ဖြစ်ခဲ့လျှင် ကိစ္စမရှိပေ။ သူမရင်ထဲရှိ ပ‌ဟေဠိက ဖြေရှင်းပြီးသား ဖြစ်လေသည်။

ကျန်းရီက သူမ၏ လွတ်လပ်မှုဖြင့် လုပ်ငန်းဆောင်တာများကို ဝင်မစွက်ဖက်လျှင် အရာအားလုံးက သူမအတွက် တူညီနေမှာပဲ ဖြစ်သည်။ ကျန်းရီ နောက်လိုက်ရန် အချိန် မရှိသလို သူမ၌ လုပ်စရာ ကိစ္စများနေ၏။ ဖီးနစ်အော်သံ နယ်မြေ၏ တိုင်းသူပြည်သားများကို ဦးဆောင်ကာ နတ်ဆိုး မျိုးနွယ်စုနှင့် သေသည်အထိ တိုက်ခိုက် ရဦးမှာပဲဖြစ်သည်။

နန်းတော်ထဲရှိ အစီအရင်က ပေါ်ထွက်လာ၏။ ဖီးနစ်အော်သံ ဧကရီက နန်းတော်ထဲမှ ထွက်လာသည့် အချိန်၌ သူမသည် ကြည်လင်နေသော မိုးပြာရောင် ကောင်းကင်ကို ကြည့်ပြီး မရေမတွက် နိုင်သည့် စစ်သားများ၊ ကောင်းကင်ထဲရှိ လက်အောက် ငယ်သားများကို ကြည့်လိုက်၏။ သူမ တစ်ဘဝတာ ဖြတ်သန်းခဲ့ ရပြီဟူသော ခံစားချက်မျိုး ရနေသေးသည်။ သူမသည် ကောင်းကင်မှ ငရဲသို့ ကျလာပြီးနောက် ငရဲမှ ကောင်းကင်သို့ ပြန်တက် သွားသည်။ သူမသည် ကောင်းကင်ဘုံမှကျပြီး ငရဲသို့ ပြန်ရောက် သွားမည်လော။

သူမ မသိပေ။ သူမသိသည်ကား ယနေ့အချိန်မှ စကာ သူမကိုယ်သူမ မပိုင်ဆိုင်တော့ပေ။ သူမသည် ကျန်းရီဟု အမည်ရသော အမျိုးသား တစ်ဦး၏ အပိုင်ဖြစ်သည်။

***

All Chapters