ပျောက်ကွယ်သွားခြင်း
Vol. 8 Ch. 84
အေးချမ်းသာယာစားသောက်ဆိုင်...
ရှေးဟောင်းသုတသနပညာရှင်များရှိနေသည့် သီးသန့်အခန်းတွင်း၌...
ထိုနေရာရှိလေထုသည် တိတ်ဆိတ်ငြိမ်သက်နေကာ အသက်ရှုသံများကိုသာ အဆက်မပြတ်ကြားနေကြရသည်။ရက်ဖ်သည်လည်း ၀မ်ကူအားသွားရောက်ပို့ဆောင်ပြီးနောက်တွင် ဤအခန်းထဲသို့ပြန်ရောက်လာခဲ့သည်။ယခုအချိန်၌ သူသည်အသိစိတ်ပြန်ကပ်နေပြီဖြစ်သည်။
“မင်းတို့အားလုံး ငါ့ကိုယုံပေးမှရမယ်...ငါမင်းတို့ကိုလိမ်ညာနေတာမျိုး လုံး၀မဟုတ်ဘူး...ငါတကယ့်ကို ၀တ်စုံဖြူ၀တ်ထားတဲ့လူငယ်လေးတစ်ယောက်ကို တွေ့ခဲ့ရတယ်...သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီက မြင့်မြတ်တဲ့နောခ့်ဆိုတာ ငါလုံး၀အာမခံနိုင်တယ်...သူကခုချိန်ထိတောင်အသက်ရှင်သန်နေတုံးပဲ...”
ရက်ဖ်သည် သူ၏လက်နှစ်ဖက်အား စားပွဲပေါ်ထောက်၍ နီရဲနေသောမျက်လုံးများဖြင့် အော်ပြောလိုက်သည်။
“ရက်ဖ်...မင်းငါတို့ကိုနောက်နေတာလား...ငါအပြင်မှာရှိနေတုံးက မင်းကိုသေချာမေးခဲ့တာပဲ...ဒီကိစ္စတွေအားလုံးကို မင်းကိုယ်တိုင်စီစဥ်ခဲ့တာလို့ မင်းပဲပြောခဲ့တာမဟုတ်လား... အခုတော့ မင်းကအဲ့လူကိုတွေ့ဖူးတယ်လို့ပြောနေတာလား...”
အဘိုးအိုတစ်ဦးက မတ်တပ်ရပ်ကာ အံကြိတ်၍အော်ဟစ်လိုက်သည်။ထိုအခိုက်အတန့်တွင် သူ၏မျက်နှာပေါ်ရှိကြွက်သားများက လှုပ်ခါနေခဲ့သည်။
“ဆျာ...စိတ်ကိုအေးအေးထားပါ...အဲ့လူကအရမ်းကိုထူးဆန်းတယ်...သူကငါ့ကိုထိန်းချုပ်ထားခဲ့တာပဲ...သူက၀မ်ကူကိုတောင်လွှတ်ပေးအောင်လို့ ငါ့ကိုထိန်းချုပ်ပြီး သူ့ဆီကိုတောင်ပို့ခိုင်းလိုက်တာပဲ...မင်းတို့တွေ ဒီကမ္ဘာပေါ်မှာ နတ်ဘုရားတွေရှိနေတယ်ဆိုတာ ယုံကြရဲ့လား...”
ထိုစကားကိုပြောချိန်၌ ရက်ဖ်၏မျက်လုံးများက ရိုးသားမှုအပြည့်ရှိကာ သူ၏လေသံကတည်ကြည်လေးနက်နေခဲ့သည်။
လေထုသည် ပို၍ပင်တိတ်ဆိတ်လာခဲ့သည်။သူတို့သည်ရက်ဖ်နှင့်အချိန်အတော်ကြာအောင် အလုပ်တွဲလုပ်ဖူးကြသူများဖြစ်ကြရာ လက်ရှိအခြေအနေအရ ရက်ဖ်၏တည်ကြည်လေးနက်သောပုံစံကြောင့် ဤအဘိုးကြီးသည် မုသားစကားများအား ပြောဆိုနေခြင်းမဟုတ်ကြောင်း သိသာထင်ရှားပေသည်။
“အဲ့ဒီဓာတ်ပုံတွေကရော...”
ဂရိရှေးဟောင်းသုတေသနပညာရှင်က ၀င်ရောက်ပြောဆိုလိုက်သည်။
ရက်ဖ်က သူ့အကျီကိုချွတ်လိုက်ပြီး ပြောလိုက်သည်။
“သူတို့အားလုံး ဒီကိုရောက်နေကြပြီ...မင်းတို့တွေက ဒါကိုမယုံကြည်နိုင်ဘူးဆိုတာ ငါနားလည်တယ်...ငါသတိရလာတာနဲ့ အခန်းထဲကိုချက်ချင်းသွားပြီး ဓာတ်ပုံတွေကို သွားယူခဲ့တယ်....တစ်ချိန်တည်းမှာပဲ ငါကစားသောက်ဆိုင်ပိုင်ရှင်နဲ့ရဲတွေကို အကြောင်းကြားခဲ့တယ်...ဒီကိုလာတဲ့လမ်းတလျှောက်လုံးမှာ မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးလာခဲ့တယ်...အချိန်ရောက်လာတာနဲ့ မင်းတို့ကိုယ်တိုင်စစ်ဆေးနိုင်တယ်...”
ထိုသို့ပြောနေရင်း ရက်ဖ်က ဓာတ်ပုံများအား စားပွဲဝိုင်းပေါ်သို့ ညင်သာစွာ ပစ်ချလိုက်သည်။
၎င်းတို့အနက်မှ ဂရိရှေးဟောင်းသုတေသနပညာရှင်သည် ဓာတ်ပုံများအနက်မှတစ်ခုအား လှမ်းယူလိုက်ကာ အနီးကပ်သေသေချာချာစစ်ဆေးလိုက်သည်။ထို့နောက် သူ၏မျက်လုံးများကပြူးကျယ်သွားခဲ့ကာ သွေးရောင်လွှမ်းသွားခဲ့ပြီး တုန်ယင်နေသောလေသံဖြင့်ပြောလိုက်သည်။
“စကားလုံးတွေရော...စကားလုံးတွေဘယ်မှာလဲ...”
အဲ့ပေါ်က စာလုံးတွေမရှိတော့ဘူးလား...”
“ဘာတွေဖြစ်သွားတာလဲ...”
“ဒါငါတို့အရင်ကတွေ့ဖူးတဲ့ ဓာတ်ပုံတွေမဟုတ်ဘူး...မင်းဓာတ်ပုံတွေကို ပြောင်းထားတာလားရက်ဖ်...”
သူသည်သာမက အခြားသောအဘိုးအိုများကလည်း အလားတူပင် သူတို့ရိုက်ကူးခဲ့သောဓာတ်ပုံများအား ကောက်ယူကာ အဆက်မပြတ်အော်ငေါက်နေခဲ့ကြသည်။
“စာလုံးတွေဟုတ်လား...”
ရက်ဖ်က အံ့သြသွားခဲ့သည်။
ထိုနောက် သူသည် စားပွဲဝိုင်းပေါ်ရှိ ဓာတ်ပုံတစ်ပုံအား ကောက်ကိုင်လိုက်သည်။ထိုဓာတ်ပုံသည် အီဂျစ်ပိရမစ်အား ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ခု ဖြစ်ပေသည်။ဓာတ်ပုံထဲမှ စာလုံး၂လုံးသည် သူ၏ စိတ်အာရုံထဲ၌ ယခုအချိန်အထိ စွဲငြိနေဆဲ ဖြစ်သည်။
သို့သော်လည်း ယခုဓာတ်ပုံအားစစ်ဆေးကြည့်လိုက်ချိန်တွင် သူ၏ပါးစပ်က အနည်းငယ်ကျယ်လာပြီး မျက်လုံးများလည်းပြူးကျယ်သွားကာ မည်သည့်စကားမှမပြောနိုင်ဘဲ အချိန်အတော်ကြာဆွံအနေခဲ့သည်။
ဓာတ်ပုံသည် နဂိုအတိုင်းသာဖြစ်ကာ ဓာတ်ပုံထဲရှိ အရာရာတိုင်းကပြောင်းလဲသွားခြင်းမရှိပေ။သို့သော်လည်း ဓာတ်ပုံထဲရှိ စာလုံးများကတော့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ထိုရှေးဟောင်း သုတေသနပညာရှင်များက ရက်ဖ်အား မေးခွန်းထုတ်နေခဲ့ကြသည်။ထို့နောက် တစ်ယောက်ပြီးတစ်ယောက် အားအင် ကုန်ခမ်းစွာဖြင့် ထိုင်ခုံပေါ်သို့ ထိုင်လိုက်ကြသည်။
သူတို့အားလုံးသည် ဓာတ်ပုံများအား လက်ထဲ၌ကိုင်ဆောင်ထားကြပြီး အခန်းထဲ၌ နားမလည်နိုင်သော အအေးဓာတ်တစ်ခုက သူတို့အပေါ်၌ လွှမ်းခြုံထားပုံရပေသည်။အဘိုးအို၇ယောက်သည် သူတို့ခန္ဓာကိုယ်တစ်ခုလုံး ချွေးအေးများစီးကျနေသလိုခံစားနေကြရပြီး သူတို့၏မျက်လုံးများ၌ တုန်လှုပ်ခြောက်ခြားနေသော အမူအယာများကို မဖုံးကွယ်နိုင်ဖြစ်နေကြသည်။
၁၀မိနစ်...
မိနစ်၂၀...
အချိန်များက တဖြည်းဖြည်းကုန်လွန်သွားခဲ့သည်။
ရက်ဖ်သည် အေးစက်စက်လေသံဖြင့်ပြော၍ တိတ်ဆိတ်နေသော လေထုအခြေအနေအား ရုတ်တရက်ဖြိုခွင်းလိုက်သည်။
“မင်းတို့ငါ့ကို ဆက်မေးဖို့မစဥ်းစားကြနဲ့တော့...မင်းတို့အားလုံးက ရှေးဟောင်းသုတေသနပညာရှင်တွေပဲ...ဒီဓာတ်ပုံတွေကို ငါအလဲအလှယ်လုပ်ထားလား...မလုပ်ထားဘူးလားဆိုတာကို မင်းတို့ကိုယ်တိုင်ဘဲအသိဆုံးဖြစ်မှာပေါ့...ဒိဓာတ်ပုံတွေထဲက စာလုံးတွေက အပြောင်းအလဲမရှိပေမဲ့ စာလုံးကိုရေးသားထားတဲ့ပုံစံတွေ အတွန့်အကောက်တွေက လုံး၀ပျောက်ကွယ်သွားပြီဆိုတာကို လူတိုင်းနားလည်ကြမယ်ထင်တယ်...”
“ရက်ဖ် မင်းပြောတဲ့၀တ်စုံဖြူ၀တ်ကောင်လေးက ပထမအခန်းထဲရှိသေးလား...”
အဘိုးကြီးတစ်ယောက်က အသိပြန်၀င်လာကာ ရက်ဖ်အားစိုက်ကြည့်လိုက်သည်။
“လေလံပွဲမပြီးခင်အချိန်ထိ စားပွဲထိုးတွေကို သီးသန့်အခန်းတွေကို၀န်ဆောင်မှုပေးဖို့အတွက် ငါစီစဥ်ပေးထားတယ်...အဲ့လူသာထွက်သွားပြီဆိုရင် သူကငါ့ကိုသေချာပေါက် အကြောင်းကြားလိမ့်မယ်...ခုအကြောင်းပြန်တာမရှိဘူးဆိုမှတော့ သူကခုထိသီးသန့်ခန်းထဲမှာပဲရှိလိမ့်မယ်...”
ရက်ဖ်က လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုရှင်းကိုရှင်းရမယ်...ငါတို့သေရမယ်ဆိုရင်တောင်မှ အလျော့မပေးနိုင်ဘူး...”
“ဘာလို့ အဲ့ဒီကိုတူတူမသွားရမှာလဲ...”
“ကောင်းပြီလေ တူတူသွားကြတာပေါ့...”
အခန်းထဲရှိ သုတေသနပညာရှင်အားလုံးသည် ဒေါသတကြီးပေါက်ကွဲသံနှင့်အတူ မတ်တပ်ထရပ်လိုက်ကြသည်။
ဓာတ်ပုံထဲရှိသဲလွန်စများသည် ဖယ်ရှားခံလိုက်ရသော်လည်း သူတို့၏မှတ်ညဏ်ထဲ၌ ထိုသဲလွန်စများက လတ်လတ်ဆတ်ဆတ် ရှိနေဆဲဖြစ်သည်။ဤပြဿနာကို ယနေ့အဖြေမရှာနိုင်ခဲ့ပါက သူတို့၏လက်ကျန်ဘ၀ကို စိတ်အေးလက်အေးဖြတ်သန်းနိုင်မည်မဟုတ်ပေ။
သို့သော်လည်း...
ထိုရှေးဟောင်းသုတေသနပညာရှင်တို့သည် ဒေါသတကြီးထရပ်ကာ သီးသန့်အခန်းအမှတ်၁သို့ အပြေးအလွှားသွားရောက်ရန် ပြင်ဆင်နေကြသည့်အချိန်တွင် ရက်ဖ်၏မျက်လုံးထဲ၌ အကြောက်တရားအနည်းငယ်ဖြစ်ပေါ်လာကာ ထိုအဘိုးကြီးများကို ဟန့်တားလိုက်သည်။
“ခဏနေကြအုံး...ငါတို့ကတော်တော်အသက်ကြီးနေပြီ....အဲ့လူကငါ့ကိုတောင် အေးအးဆေးဆေးထိန်းချုပ်နိုင်တယ်ဆိုမှတော့ သူ့ရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားကို သက်သေပြဖို့လုံလောက်နေပြီလေ...ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ငါတို့ရဲ့သက်တော်စောင့်တွေကိုပဲ စေလွှတ်လိုက်ကြရအောင်...ပြီးတော့ဘာတွေဖြစ်ခဲ့လဲဆိုတာ အချိန်နဲ့တပြေးညီသိနိုင်စေဖို့ တိုက်ရိုက်ကင်မရာတွေကို တပ်ဆင်ပေးလိုက်သင့်တယ်...”
ရက်ဖ်၏အဆိုပြချက်ကို နားထောင်ပြီးနောက် လူတိုင်း၏တုံ့ပြန်မှုကို ချက်ချင်းရရှိလိုက်သည်။
“ကောင်းပြီလေ...အဲလိုပဲလုပ်ကြတာပေါ့...
“အဲ့သီးသန့်အခန်းထဲ ဘယ်သူရှိနေတာလဲဆိုတာ ငါသိချင်တယ်...”
သီးသန့်အခန်းတွင်းရှိ ရှေးဟောင်းသုတေသနပညာရှင်များက ခေါင်းညိတ်ကာ သဘောတူညီလိုက်ကြသည်။
...
သီးသန့်အခန်း အမှတ်၁...
ယဲ့ပိုင်က မတ်တပ်ထရပ်လိုက်သည်။
“၀မ်ကူ..သွားကြမယ်...”
အရာရာတိုင်းကို အနည်းနှင့်အများဆိုသလို စီစဥ်ထားပြီးဖြစ်သည့်အတွက်ကြောင့် ဤနေရာ၌ ဆက်နေရန်မလိုအပ်တော့ပေ။
သဲလွန်စများနှင့်ပတ်သက်၍ ရက်ဖ်သာဤနေရာသို့ ရောက်ရှိလာခဲ့မည်ဆိုလျှင် ထိုသဲလွန်စများအား စနစ်တကျအတည်ပြုနိုင်ခဲ့မည်ဆိုလျှင်တောင်မှ ထိုသဲလွန်စများက သူတို့၏အတွေးထဲ၌သာ ရှိနေတော့မည်ဖြစ်သည်။ထိုကြောင့် အခြားသောေရွးချယ်စရာမရှိတော့ဘဲ ထိုသဲလွန်စများအား ထုတ်ဖော်ပြောကြားမည်ဆိုပါက ထိုရှေးဟောင်းသုတေသနပညာရှင်အုပ်စုအား အရူးများအဖြစ် လူတိုင်းကသတ်မှတ်ကြမည်ဖြစ်သည်။
“ဟုတ်ကဲ့ သခင်...”
၀မ်ကူသည် ယဲ့ပိုင်၏နောက်သို့လိုက်သွားရင်း ရိုရိုသေသေခွန်းတုံ့ပြန်လိုက်သည်။
၀မ်ဖန်ရှန်းသည်ကား သီးသန့်ခန်းအတွင်း၌ လေးလေးစားစားရပ်နေကာ ခေါင်းငုံ့ထားဆဲပင်ဖြစ်သည်။
ယဲ့ပိုင်သည် မနှေးလွန်းမမြန်လွန်းသည့်အရှိန်ဖြင့်ရှေ့သို့ လျှောက်သွားခဲ့သည်။ယဲ့ပိုင်သည် တံခါး၀ရှေ့သို့ရောက်ရှိချိန်တွင် ဝမ်ကူသည် ရှေ့သို့တိုးကာ တံခါးအားဖွင့်လှစ်ရန်အစပြုခဲ့သော်လည်း ယဲ့ပိုင်၏လက်က တံခါးလက်ကိုင်ဘုထံသို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့နောက် တံခါးဖွင့်သံကတိုးတိုးလေးထွက်ပေါ်လာခဲ့သည်။ယဲ့ပိုင်သည် တံခါးအားဖွင့်လိုက်သည့်အချိန်တွင် အခန်းထဲ၌လေးလေးစားစားရပ်နေသော ၀ူဖန်ရှန်းက ယဲ့ပိုင်အားမော့ကြည့်လိုက်မိသည်။
ယဲ့ပိုင်၏နောက်သို့လိုက်လာသော ၀မ်ကူ၏ခန္ဓာကိုယ်သည်လည်း တောင့်တင်းသွားခဲ့သည်။
ယဲ့ပိုင်ဖွင့်လိုက်သောတံခါးမှတဆင့် သူတို့မြင်တွေ့လိုက်ရသည့်မြင်ကွင်းသည် အေးချမ်းသာယာစားသောက်ဆိုင်၌ရှိမနေတော့ဘဲ အမှတ်၃၂ ရှေးဟောင်းလမ်းရှိ ပန်းချီပြခန်းကို ရောက်ရှိနေ၍ဖြစ်သည်။သူတို့သည် ပြခန်းနံရံ၌ချိတ်ဆွဲထားသော ပန်းချီကားများကိုပင် ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။
“သွားတော့...”
ယဲ့ပိုင်က ပြောလိုက်သည်။
၀မ်ကူသည် သူမြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားခဲ့သော်လည်း ချက်ချင်းပင်အသိပြန်၀င်လာခဲ့သည်။
သူတို့သည် တံခါးထဲသို့၀င်ရောက်ပျောက်ကွယ်သွားသည့်အချိန်မှသာ တံခါးကအလိုအလျောက်ပိတ်သွားခဲ့သည်။
၀ူဖန်ရှန်းသည် ထိုမြင်ကွင်းကိုကြည့်ရင်း သူ၏ခြေထောက်များကတုန်ယင်နေခဲ့ကာ တံခါးရှိရာသို့အပြေးသွား၍ တံခါးကိုဖွင့်ကြည့်လိုက်သည်။
“သခင်လေး...သွားတော့မှာလား”
တံခါး၀ရှိကောင်မလေးက ၀ူဖန်ရှန်းကိုကြည့်ကာ ပြတ်သားသည့်လေသံဖြင့်နှုတ်ဆက်လိုက်သည်။
၀ူဖန်ရှန်းသည် တံခါး၀၌ အချိန်တစ်ခုကြာသည်ထိ ကြောင်အစွာရပ်နေခဲ့သည်။ထို့နောက်သူအသိစိတ်ပြန်၀င်လာသည့်အချိန်တွင် အခန်းထဲ၌ ယဲ့ပိုင်တို့၂ယောက်က ရှိမနေတော့ချေ။
“ခုလေးတင် တစ်ယောက်ယောက် အပြင်ထွက်သွားတာတွေ့လိုက်လား...”
၀ူဖန်ရှန်းက အနည်းငယ်မယုံကြည်နိုင်ဖြစ်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။
“မတွေ့မိဘူးသခင်လေး...မင်းကနောက်ဆုံးအခန်းထဲကို၀င်သွားတာလေ...”
ကောင်မလေးသည် ၀ူဖန်ရှန်း၏မေးခွန်းကြောင့်အံ့သြသွားခဲ့သည်။
“ငါနားလည်ပြီ...”
၀ူဖန်ရှန်းသည် တံခါးကိုချက်ချင်းပိတ်ဆို့လိုက်ပြီး ပြတင်းပေါက်၌ချိတ်ဆွဲထားသောမီးအိမ်ကိုကြည့်၍ သီးသန့်အခန်းထဲ၌ အချိန်အတော်ကြာသည်ထိ ကြောင်အစွာမတ်တပ်ရပ်နေခဲ့သည်။သူသည် အချိန်တစ်ခုကြာသည်ထိတိုင်အောင် အသိစိတ်ပြန်၀င်မလာခဲ့ပေ။