← Chapters

တစ်နှစ်တာ၏နွေဦး

Vol. 8 Ch. 85

တစ်နှစ်တာ၏နွေဦး

Vol. 8 Ch. 85

အေးချမ်းသာယာစားသောက်ဆိုင် အမှတ်၁ သီးသန့်ခန်းမှထွက်လာပြီးနောက် သူတို့သည် ပြခန်း၏ဧည့်ခန်းတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဧည့်ခန်းထဲ၌ရပ်နေချိန်တွင် ဝမ်ကူက လုံးဝကိုစိတ်မထိန်းနိုင်ဖြစ်သွားခဲ့သည်။

"သခင်...ငါတို့ကပြခန်းရဲ့ဧည့်ခန်းထဲကို တိုက်ရိုက်ရောက်လာတာလား"

ဝမ်ကူ၏လေသံသည် အံ့သြမှုများနှင့်ပြည့်နှက်နေခဲ့သည်။

ယဲ့ပိုင်တွင် နည်းလမ်းများစွာရှိကြောင်း သူသိရှိထားပြီဖြစ်သော်လည်း ယခုအခိုက်အတန့်တွင် ယဲ့ပိုင်ထံ၌ မရေမတွက်နိုင်သောလျှို့ဝှက်ချက်များနှင့် အံ့သြစရာကောင်းသည့် နည်းလမ်းများစွာရှိနေဆဲဖြစ်ကြောင်း သိရှိထားလိုက်ပြီဖြစ်သည်။

ယခုလည်း သူ၏မျက်စိဖြင့် ကိုယ်တိုင်တွေ့ကြုံလိုက်ချိန်တွင် မကြုံစဖူးထိတ်လန့်သွားခဲ့သည်။

"အင်း..."

ယဲ့ပိုင်က တိုးညှင်းစွာပြန်ဖြေလိုက်သည်။

"ဒါဆိုရင် မင်းသွားချင်တဲ့နေရာတိုင်းကို တံခါးတစ်ချပ်ဖွင့်လိုက်ရုံနဲ့သွားနိုင်တာပဲ သခင်..."

ဝမ်ကူ၏လေသံသည် အလွန်ပင်တုန်လှုပ်နေခဲ့သည်။

"နှစ်ကာလက အရမ်းကိုရှည်ကြာလွန်းတယ်...ရှေ့ဆက်လျှောက်ရမယ့်လမ်းတွေက အများကြီးရှိနေသေးတယ်"

ဟူး...

ယဲ့ပိုင်၏စကားကိုကြားချိန်တွင် ဝမ်ကူကတစ်စုံတစ်ခုအား ရိပ်မိသွားသကဲ့သို့ သူ၏စိတ်အစဉ်က လွန်စွာတည်ငြိမ်သွားခဲ့သည်။

သူသည် တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်တိုးသင့်ကြောင်း နားလည်လိုက်သည်။ကံမကောင်းစွာဖြင့် သူသည်လွန်စွာအသက်ကြီးပြီဖြစ်၍ နောက်ထပ်နှစ်ပေါင်းမည်မျှသာ အသက်ဆက်ရှင်ရမည်ကို မသိသေးပေ။

"သခင်...နေ့လည်တောင်ရောက်နေပြီ ဘာမှမစားရသေးဘူးမလား...ငါမင်းအတွက်ချက်ပေးမယ်..."

ဝမ်ကူ၏လေသံက ယခင်ကနှင့်မတူ အနည်းငယ်ကွဲပြားနေခဲ့သည်။

"မလိုအပ်ဘူး..."

ယဲ့ပိုင်ကပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။

ထို့နောက်တွင် သူ၏အင်္ကျီလက်စကိုခါထုတ်၍ ဧည့်ခန်းထဲရှိစားပွဲ၌ ဝင်ထိုင်လိုက်သည်။

"သခင်...ဒါဆိုရင် လက်ဖက်ရည်သောက်မလား..."

ဝမ်ကူသည် အနည်းငယ်မောပန်းနေပြီး စိတ်မတည်မငြိမ်ဖြစ်နေသော်လည်း လက်ရှိအချိန်၌တစ်စုံတစ်ခုလုပ်သင့်ကြောင်း အမြဲလိုလိုခံစားမိနေခဲ့သည်။

"မလိုအပ်ဘူး..."

ယဲ့ပိုင်က လေသံတိုးတိုးဖြင့်ပြောလိုက်သည်။သူသည်စားပွဲ၌ ဝင်ထိုင်လိုက်သောအချိန်တွင် လေထုသည်ရုတ်တရက်လှုပ်ရှားသွားကာ တစ်စုံတစ်ခုကထွက်ပေါ်လာခဲ့သည်။ထိုအရာသည် ဟောင်းနွမ်းနေပြီဖြစ်ရာ မည်သည့်သဲလွန်စကိုမှမရရှိပေ။

"သခင်...ဒါဆိုရင်ငါဘာဆက်လုပ်ပေးရမလဲ..."

ဝမ်ကူသည် ရှေးဟောင်းသိုးရေစာလိပ်ကိုမြင်သောအခါ ချက်ချင်းပင်ငြိမ်သက်သွားခဲ့သည်။သူသည် ယဲ့ပိုင်၏ဘယ်ဘက်တွင်ရပ်နေခဲ့ကာ ခေါင်းကိုငုံ့ထား၍ လေလေးစားစားမေးမြန်းလိုက်သည်။

"သူက ခရီးဝေးတစ်ခုကိုထွက်သွားပေမဲ့ သူဒီမှာရှိနေတယ်ဆိုတာကိုတော့ သက်သေပြနိုင်ရမယ်"

ယဲ့ပိုင်၏အကြည့်က ထိုရှေးဟောင်းစာလိပ်အပေါ်သို့ ကျရောက်နေခဲ့သည်။

ဝမ်ကူသည် ယဲ့ပိုင်၏စကားကိုနားထောင်ပြီးနောက် သူ၏ခနော်ခနဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းထောင်မတ်လာခဲ့သည်။ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်သည် အသစ်အသစ်သောတက်ကြွမှုများနှင့်အတူ ပြန်လည်၍အားအင်ပြည့်ဝလာသော်လည်း သူ၏မျက်လုံး၌ ဝမ်းနည်းမှုအနည်းငယ်အား ဖုံးကွယ်ထားပေသည်။

"နားလည်ပါပြီ သခင်..."

ဝမ်ကူသည် ထိုသို့ပြောပြီးနောက်တွင် လှည့်ထွက်သွားခဲ့ကာ ဧည့်ခန်း၌ချိတ်ဆွဲထားသော လက်ရေးလှပန်းချီများကို ဂရုတစိုက်ဖြုတ်ချလိုက်ကာ သပ်သပ်ရပ်ရပ်သိမ်းဆည်းလိုက်သည်။

ထို့နောက် ကိရိယာများကိုယူ၍ တည်တည်ငြိမ်ငြိမ်ပင် တပ်ဆင်လိုက်သည်။

ဧည့်ခန်းထဲ၌မူ မီးအလင်းရောင်က မှိန်မှိန်လေးတောက်ပနေခဲ့သည်။

ယဲ့ပိုင်သည် စားပွဲပေါ်၌ဖြန့်ကျက်ထားသော ရှေးစာလိပ်အား မှုန်ကုပ်ကုပ်အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

ရက်ဖ်နှင့်အခြားသူများသည် ထိုအရာအား အကြိမ်ပေါင်းများစွာ လေ့လာခဲ့ကြသော်လည်း ကံမကောင်းစွာဖြင့် သူတို့မည်မျှပင်လေ့လာပါစေ ရှေးဟောင်းပစ္စည်းအဖြစ်သာ သတ်မှတ်နိုင်ခဲ့သည်။သူတို့သည် အချိန်နှင့်လုံ့လတို့ကိုစိုက်ထုတ်ကာ ဤရှေးဟောင်းစာလိပ်ကိုလေ့လာခဲ့ကြပြီး ၎င်း၏လျှို့ဝှက်ဆန်းကြယ်မှုအား ဖော်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

အချိန်အတော်ကြာပြီးနောက် ဖယောင်းတိုင်မီးက ရုတ်တရက်လင်းလက်လာခဲ့ပြီး မှေးမှိန်နေသောဧည့်ခန်းဆီသို့ အလင်းရောင်တစ်ခု ထပ်တိုးထည့်ပေးလိုက်သည်။

ယဲ့ပိုင်သည် စားပွဲပေါ်တင်ထားသောလက်ညိုးအား တစ်ချက်ပုတ်လိုက်ရာ အသံတိုးတိုးလေးထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သိုးသားရေစာလိပ်သည် စားပွဲပေါ်မှဖြည်းညှင်းစွာလွှင့်ပျံလာခဲ့ကာ ဖယောင်းတိုင်ပေါ်၌လွှင့်မျောနေခဲ့သည်။

သိုးသားရေစာလိပ်မှ အဖြူရောင်မီးခိုးများထွက်ပေါ်လာခဲ့ကာ ဧည့်ခန်းတစ်ခုလုံးအား မွှေးရနံ့များကလျင်မြန်စွာ လွှမ်းခြုံသွားခဲ့သည်။

ဝမ်ကူသည်လည်း ထိုရနံ့ကိုခံစားမိသော်လည်း သူ၏ခန္ဓာကိုယ်က ထူးခြားမှုမရှိခဲ့ပေ။သူသည် ဝါးကုလားထိုင်လေးတစ်ခုအား တပ်ဆင်လိုက်ပြီး ထိုင်ချလိုက်သည်။ထို့နောက် သူ၏အိုမင်းရွတ်တွနေသောလက်များဖြင့် ဝမ်ရှို့ဆွဲထားခဲ့သည့် လက်ရေးလှပန်းချီကားကို ထုတ်ယူလိုက်သည်။

မွှေးရနံ့က တဖြည်းဖြည်းပိုမိုပြင်းထန်လာချိန်တွင်...

ယဲ့ပိုင်သည် သူ၏လက်ကိုဆန့်ထုတ်လိုက်ကာ ဖယောင်းတိုင်ပေါ်ရှိ သိုးသားရေစာလိပ်အား လှမ်းယူလိုက်သည်။နှစ်ပေါင်းများစွာအကြာက သဲလွန်စများနှင့်ပြည့်နှက်နေသော သိုးသားရေစာလိပ်ပေါ်တွင် လက်ရာမြောက်သော ရှေးဟောင်းစကားလုံးငါးလုံးသည် ယဲ့ပိုင်၏မျက်လုံးရှေ့၌ မှော်ဆန်စွာဖြင့် ထွက်ပေါ်လာခဲ့သည်။

"ဒါက တစ်နှစ်တာရဲ့နွေဦးပဲ..."

ကြော့ရှင်းသောလက်ရေးတို့က သဲပြင်ပေါ်ရှိခြစ်ရာများကဲ့သို့ လတ်လတ်ဆတ်ဆတ်ရှိနေခဲ့သည်။

တစ်နှစ်ပြီးတစ်နှစ်...သုံးနှစ်ပြီးသုံးနှစ်...

နှစ်စဉ်နှစ်တိုင်း နွေဦးရာသီရောက်ရှိလာသော်လည်း နွေဦးရာသီတိုင်းက မည်သည့်အခါမှမတူညီခဲ့ပေ။

ဖုန်မှုန့်များဖြင့်လွှမ်းခြုံထားသည့် ဖန်ပုလင်းထဲရှိရှေးဟောင်းစာလိပ်ပေါ်၌ ထိုစာလုံး၅လုံးအပြင် အခြားမပါရှိသော်လည်း ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းကို စေ့စေ့စပ်စပ်တွေ့မြင်နေရပုံပေါ်သည်။

"အဲ့လူကြီးက ဒီရှေးဟောင်းမြို့မှာရှိနေတာထင်တယ်"

ယဲ့ပိုင်က ခပ်တိုးတိုးလေးညည်းညူလိုက်သည်။ထို့နောက် သူ၏လက်ညိုးကို ပွတ်သပ်လိုက်ရာ စားပွဲပေါ်ရှိသိုးသားရေစာလိပ်သည် အနီရောင်တောက်တောက်မီးတောက်အဖြစ်သို့ ပြောင်းလဲသွားကာ ဧည့်ခန်းအားလင်းထိန်သွားစေခဲ့သည်။

"သခင်...မင်းစောင့်နေတဲ့သူရောက်လာပြီလား..."

ဝါးကုလားထိုင်လေးပေါ်၌ ထိုင်နေသောဝမ်ကူသည် သူ၏အာရုံများကိုပြန်လည်စုစည်းလိုက်သည်။သူသည် ရှုခင်းပန်းချီအချို့အားဆွဲအပြီးတွင် မျှော်လင့်ချက်အနည်းငယ်ပါသည့်လေသံဖြင့် တိုးတိုးလေးမေးလိုက်သည်။

ယဲ့ပိုင်က ခေါင်းခါရင်းပြောလိုက်သည်။

"မလာဘူး...ဒါပေမဲ့သူကအမြဲရှိတယ်..."

"ဒါဆိုရင်သခင်...အဲ့ဒီပန်းချီကားထဲကလူတစ်ယောက်လား..."

ဝမ်ကူကဆက်မေးလိုက်သည်။

ယဲ့ပိုင်သည် ထိုမေးခွန်းအားပြန်မဖြေခဲ့ပေ။သူသည် စားပွဲ၌ထိုင်ရင်း ပြခန်းဧည့်ခန်းရှိ ရှေးခေတ်သစ်သားတံခါးကိုလှမ်းကြည့်လိုက်သည်။ထိုသစ်သားတံခါးကို လွန်ခဲ့သောနှစ်ပေါင်း၈၀ သူပထမဆုံးရောက်ရှိချိန်က တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ထိုစဉ်အခါက ၎င်းသည် ခိုင်ခံ့ပုံပေါ်သော်လည်း ယခုအချိန်၌မူ အချိန်မရွေးပြိုကျတော့မတတ် ဟောင်းနွမ်းနေပြီဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်၍ ဝမ်ကူကနောက်ထပ်မေးခွန်းများကို မမေးမြန်းတော့ပေ။

သို့သော်လည်း မကြာမှီ ယဲ့ပိုင်ကခပ်တိုးတိုးလေသံဖြင့် အဖြေပြန်ပေးလိုက်သည်။

"ဟုတ်လည်းဟုတ်တယ်...မဟုတ်လည်းမဟုတ်ဘူး"

ထိုစကားကိုကြားပြီးနောက်တွင် ဝမ်ကူကခေါင်းယမ်းမိလိုက်သည်။ယဲ့ပိုင်သည် စကားအများကြီးမပြောသော်လည်း သူပြောလိုက်သည့်စကားတိုင်းက လေးနက်သည့်အဓိပ္ပါယ်ဆောင်စေခဲ့သည်။ဝမ်ကူသည်ကား အတွေ့အကြုံနည်းပါး၍ အချိန်တိုအတွင်း အဖြေရှာမရခဲ့ပေ။

ဤသို့ဖြင့် ပြခန်းထဲ၌ တိတ်ဆိတ်မှုကတဖန်ကြီးစိုးသွားခဲ့သည်။ယဲ့ပိုင်သည် တိတ်ဆိတ်စွာထိုင်နေကာ အချိန်များကိုနောင်တမရဘဲ ကုန်ဆုံးစေခဲ့သည်။

ဝမ်ကူသည် ပန်းချီကားကိုဆက်ဆွဲနေခဲ့ကာ သူ၏လှုပ်ရှားမှုများက နှေးကွေးနေခဲ့သော်လည်း အမှန်တကယ်တွင်မူ အရာအားလုံးကို တစ်ချက်တည်းဖြင့်ပြီးစီးအောင် လုပ်ဆောင်လိုစိတ်ဖြစ်နေခဲ့သည်။

...

အေးချမ်းသာယာစားသောက်ဆိုင်...

လေလံပွဲက အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း လေလံပွဲအဆုံး၌ မူလကတင်းမာနေသော လေထုအခြေအနေသည် ရုတ်ချည်းပင်ဆူညံပွက်လောရိုက်သွားခဲ့သည်။ယခုအချိန်၌ သူတို့၏နှလုံးသားကိုဖိချထားသော ကျောက်တုံးကြီးကို ဖယ်ရှားလိုက်ပြီဖြစ်သည်။

"သီးသန့်အခန်း အမှတ်၁ကလူက ပစ္စည်းတွေအကုန်လုံးကိုသိမ်းသွားခဲ့တာပဲ...အနည်းဆုံးဒေါ်လာ၁ဘီလီယံလောက်တော့ရှိလိမ့်မယ်...ဒါကတကယ့်ကိုရူးချင်စရာကောင်းတာပဲ...ဒါပေမဲ့ ငါတို့လည်းကံကောင်းပါတယ်"

လုံဟိုင်သည် လေးနက်မှုအပြည့်ဖြင့်သက်ပြင်းချကာ စိတ်ခံစားမှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဘီလီယံနဲ့ချီပြီးသုံးစွဲခဲ့တာလား..."

ရွယ်လန်က အံ့သြတကြီးရေရွတ်လိုက်သည်။ထိုလူသည် အသုံးမဝင်သောရှေးဟောင်းပစ္စည်းများအတွက် တစ်ဘီလီယံအားသုံးစွဲခဲ့သည်လား...

သူ့ဘေးနားရှိအသက်၅၀အရွယ် ထိပ်ပြောင်အမျိုးသားတစ်ယောက်က ထိုစကားဝိုင်း၌ဝင်ရောက်ပြောဆို ဆွေးနွေးလိုက်သည်။

"သူကဘီလီယံနဲ့ချီသုံးစွဲခဲ့တာမှန်တယ်...အဲ့ဒီရှေးဟောင်းပစ္စည်းတွေကိုဝယ်ရတာ အရမ်းကိုစျေးကြီးတယ်လေ...ဒါပေမဲ့အဲလူက တစ်ချိန်လုံးမီးပုံးကိုချိတ်ဆွဲထားခဲ့တယ်ဆိုတာကို မမေ့လိုက်နဲ့...တကယ်လို့တစ်စုံတစ်ယောက်ကသာ လေလံဝင်ဆွဲခဲ့မယ်ဆိုရင် အနည်းဆုံးဆယ်ဘီလီယံထိ ရောက်သွားလိမ့်မယ်...ဒါကအံ့သြစရာတော့မဟုတ်ဘူး...ဒါပေမဲ့ အဲ့ပုဂ္ဂိုလ်ရဲ့အထောက်အထားကို တစ်ယောက်မှမသိကြတဲ့အတွက် ဘယ်သူကမှဝင်မရှုပ်ဝံ့ကြတာပဲ"

ထိုကဲ့သို့သောဆွေးနွေးမှုများက လူချမ်းသာများအကြား၌ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

သို့သော်လည်း မကြာမှိတစ်စုံတစ်ယောက်က စကားအစဖော်လိုက်သည်။

"လေလံပွဲကပြီးသွားပြီဆိုပေမဲ့ သီးသန့်အခန်းအမှတ်၁ကလူက ခုထိပေါ်မလာသေးဘူး...ဘယ်သူကငါနဲ့အလည်သွားချင်လဲ"

ထိုအဆိုပြုချက်ထွက်ပေါ်လာပြီးနောက် လူအများအပြား၏ တုံ့ပြန်မှုကို ချက်ချင်းရရှိခဲ့သည်။

"ငါ့ကိုထည့်တွက်လိုက်..."

ရှေးဟောင်းမြို့၏ အကြီးတန်းအရာရှိတစ်ယောက်က ဦးစွာပြောဆိုလိုက်သည်။

"ငါလည်းလိုက်ခဲ့မယ်...ဒီလိုဂုဏ်ယူစရာဧည့်သည်တော်ကို မင်းတစ်ယောက်တည်းသွားတွေ့လို့မဖြစ်ဘူး"

အမျိုးသမီးတစ်ယောက်က ချိုသာသည့်လေသံဖြင့်ပြောလိုက်သည်။

"ငါလည်း အဲကိုသွားမယ်..."

"ဒါဆိုလည်း အတူတူသွားကြရအောင်..."

တစ်မိနစ်မပြည့်မှီလေးတွင် လူချမ်းသာများနှင့်သြဇာကြီးသူအများအပြား စုရုံးမိခဲ့ကြသည်။

သို့သော်လည်း တတိယထပ်သီးသန့်အခန်းရှိရာသို့ ဦးတည်နေသော အဖွဲ့တစ်ခုက သူတို့ထက်ကြိုရောက်လာခဲ့သည်။အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်အဖွဲ့တစ်ခုသည် စားသောက်ဆိုင်၏ တတိယထပ်စင်္ကြန်လမ်း၌ ထွက်ပေါ်လာခဲ့သည်။

သူတို့အားလုံးသည် တင်းမာသောအမူအရာများကို ထုတ်ဖော်ထားကြပြီး မည်သူကမှသူတို့အား မနှောင့်ယှက်ဝံ့ပုံပေါ်ပေသည်။

သူတို့အားလုံး၏လက်ထဲ၌ နံပါတ်တုတ်များကိုင်ဆောင်ထားကြပြီး အတန်းတစ်ခုလျှင်ငါးယောက်နှုန်းဖြင့် အတန်း၃တန်းရှိကာ သူတို့၏အရှိန်အဟုန်က အလွန်သပ်ရပ်နေခဲ့သည်။

"ဘာဖြစ်နေတာလဲ..."

လေလံပွဲ၏ခန်းမထဲ၌ ထိုမြင်ကွင်းအားတွေ့မြင်လိုက်ကြသူတိုင်း အံ့အားသင့်သွားခဲ့ကြပြီး ကြီးကြီးမားမားတစ်စုံတစ်ခုဖြစ်ပျက်တော့မည်ဖြစ်ကြောင်း သူတို့အားလုံးခံစားမိလိုက်ကြသည်။

All Chapters