ပြုတ်ကျလာသည့်မီးပုံး
Vol. 8 Ch. 87
အေးချမ်းသာယာစားသောက်ဆိုင် သီးသန့်အခန်း၌...
အဘိုးကြီး၇ယောက်လုံးက ငြိမ်သက်သွားခဲ့သည်။
"ဓာတ်ပုံတွေကတော့ ပြောင်းလဲသွားခဲ့ပြီ...ဒါ့အပြင် ဝမ်ရှီကျစ်ရဲ့လက်ရေးလှပန်းချီကလည်း ငါတို့ကြုံတွေ့နေရတဲ့ ပြဿနာအချို့ကိုဖြေရှင်းပေးနိုင်တယ်...နောက်ပြီးငါတို့ကြည့်ခဲ့တဲ့ဗီဒီယိုထဲမှာ ပြခန်းရဲ့အဘိုးကြီးက သီးသန့်ခန်းထဲဝင်သွားတာကို မတွေ့ခဲ့ရဘူးလေ...ငါတို့တွေဗီဒီယိုကို အစကနေအဆုံးကြည့်ခဲ့ကြတာပဲ...သူ့ကိုတစ်ခါလေးတောင်မတွေ့ခဲ့ရဘူး...ဒါကသံသယဖြစ်စရာကောင်းလွန်းတယ်"
ဂရိရှေးဟောင်းသုတေသနပညာရှင်က လေသံနက်ကြီးဖြင့်ပြောပြီး သူ၏မျက်လုံးများက တောက်လောင်နေသောမီးတောက်များကို ဖော်ထုတ်လာခဲ့သည်။
"မင်းပြောတဲ့ပုံစံအတိုင်းတွေးကြည့်ရင် မမှားနိုင်ဘူး"
"အရမ်းကိုထူးဆန်းဆယ်...ဒီသီးသန့်ခန်းမှာ အခြားထွက်ပေါက်တွေမရှိပါဘူး"
"အဲ့ဒါကိုဘယ်သူကတပ်အပ်ပြောနိုင်မှာလဲ...အဲ့သီးသန့်ခန်းမထဲမှာ ရှေးဟောင်းလမ်းကိုဦးတည်ထားတဲ့ ပြတင်းပေါက်တစ်ခုရှိတာ မင်းတို့မသိကြဘူးလား"
"သူတို့ကပြတင်းပေါက်ကနေ ခုန်ချသွားတာဖြစ်နိုင်ပါမလား...သီးသန့်ခန်းကတတိယထပ်မှာရှိနေတာလေ...
ဒီသီးသန့်အခန်းက ရှေးဟောင်းလမ်းကိုမျက်နှာမူထားတဲ့ပြတင်းပေါက်ဟာ လမ်းတစ်လမ်းပဲခြားတော့တယ်...ဒီအတိုင်းခုန်ချရင်သေမှာပဲ"
"ဒီလိုလူတစ်ယောက်ကို သာမန်အသိအမြင်နှင့်ကောက်ချက်ချလို့မရနိုင်ဘူးလေ...သူဟာနှစ်ပေါင်းထောင်ချီနေထိုင်လာခဲ့တဲ့ မွန်းစတားအိုကြီးတစ်ယောက် ဖြစ်နိုင်တာပဲ"
အေးဆေးတည်ငြိမ်သော အဘိုးကြီး၇ယောက်သည် သူတို့၏အတွေးအမြင်များအား တစ်ယောက်ပြီးတစ်ယောက်ထုတ်ဖော်ပြောဆိုလာခဲ့ကြသည်။သို့သော်လည်း ထိုသို့ပြောဆိုဆွေးနွေးနေရင်း ထူးဆန်းသောအခြေအနေကို တဖြည်းဖြည်းခံစားလာရကာ အေးစက်သောချွေးများက သူတို့၏နဖူးမှနေ၍စီးကျလာခဲ့ကြသည်။သူတို့သည် သူတို့ရှာဖွေနေသောအရာနှင့်ပတ်သက်၍ သဲလွန်စတစ်ခုကိုပိုမိုရှာတွေ့လေလေ ကြောက်ရွံ့စိတ်ကပိုမိုတိုးပွားလေလေဖြစ်သည်။
"ငါတို့အလောင်းအစားလုပ်ကြရအောင်...ဒါကနောက်ဆုံးအကြိမ်ပဲ...ငါတို့မှာငွေအများကြီးမကျန်တော့ဘူး...ငါတို့ဒီတစ်ကြိမ်ရှေးဟောင်းမြို့ကိုလာတဲ့အချိန်မှာ သက်တော်စောင့်တွေကိုအများကြီးယူဆောင်လာခဲ့တယ်...သူတို့တစ်ဦးချင်းစီတိုင်းဟာ လက်ရွေးစင်တွေကြားကလက်ရွေးစင်တွေဖြစ်ကြပြီးတော့ စစ်မြေပြင်ကနေလွတ်မြောက်လာတဲ့ ကျွမ်းကျင်သူတွေဖြစ်ကြတယ်"
ရက်ဖ်က စိတ်ပိုင်းဖြတ်ထားသည့်လေသံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်...ငါတို့ဆက်မစောင့်နိုင်တော့ဘူး...အဲ့လူကအသက်ရှင်သန်နေသေးတာဆိုရင် သူကမယုံနိုင်စရာကောင်းတဲ့စွမ်းအားကို သေချာပေါက်ပိုင်ဆိုင်ထားလိမ့်မယ်...သူ့ရဲ့စွမ်းအားတွေကိုမထုတ်ဖော်နိုင်ခင် ငါတို့သူ့ကိုထိန်းချုပ်ရမယ်"
အမေရိကန်ရှေးဟောင်းသုတေသနပညာရှင်က လေးလေးနက်နက်ထောက်ခံလိုက်သည်။
"ပြခန်းကိုတိုက်ရိုက်ထိန်းချုပ်ဖို့အတွက် တစ်စုံတစ်ယောက်ကိုစေလွှတ်လိုက်တော့...ငါတို့အလောင်းအစားလုပ်မှရတော့မယ်"
"ကောင်းပြီ..."
မကြာမှီ ထိုလူအိုကြီးများက သူတို့၏ကိုယ်ပိုင်အစီအစဉ်များကို ချမှတ်လိုက်ကြသည်။သူတို့သည် ထပ်ခါတလဲလဲကြောက်ရွံ့မှုများအား ခံစားခဲ့ရအပြီးတွင် လုံးဝရူးသွပ်သွားခဲ့ကြပြီဖြစ်သည်။သူတို့သည် ဤကိစ္စအတွက်အသေးစိတ်အစီအစဉ်များအား ပြုလုပ်ရန်အတွက် ဤလေလံပွဲ၏သက်တော်စောင့်အဖွဲ့အား စတင်၍ခေါ်ယူခဲ့ကြသည်။
...
ရှေးဟောင်းလမ်း ၊ ပြခန်းဝင်ပေါက်၌...
ပြခန်းတံခါးကိုဖွင့်ထားပေရာ သပ်သပ်ရပ်ရပ်စီစဉ်ထားသော လက်ရေးလှပန်းချီကားများအား တွေ့မြင်နေရပြီး မြေပြင်ပေါ်ရှိဖုန်မှုန့်များပင် လေနှင့်အတူလွှင့်ပါသွားခဲ့သည်။
ယဲ့ပိုင်သည် အေးစက်သောလေနှင့်ရင်ဆိုင်နေရချိန်တွင် သူ၏အနက်ရောင်ဆံပင်များက လေနှင့်အတူလွှင့်မျောနေကာ အလွန်သူရဲကောင်းဆန်နေပုံရသည်။
နေဝင်စပြုနေပြီဖြစ်သော်လည်း ဤရှေးဟောင်းလမ်းမှလူများ၏ စိတ်အားထက်သန်မှုကို ထိခိုက်စေနိုင်ခြင်းမရှိပေ။
ပြခန်း၏ဆန့်ကျင်ဘက်တွင် ထူးဆန်းသောမျက်နှာထားများဖြင့် ကမ္ဘာလှည့်ခရီးသွားအမြောက်အများရှိနေခဲ့သည်။
အေးချမ်းသာယာစားသောက်ဆိုင်၏ ရှေးဟောင်းလေလံပွဲတွင် ကန့်သတ်ချက်အလွန်များပြား၍ သာမန်ပြည်သူများဝင်ရောက်ခွင့်မပြုပေ။ထို့ကြောင့် ရှေးဟောင်းလမ်းရှိ အချို့သောရှေးဟောင်းဆိုင်များ၌ စိတ်အားထက်သန်မှုအပြည့်ဖြစ်နေသော ခရီးသွားများ ကြိတ်ကြိတ်တိုးဖြစ်လာခဲ့သည်။
"သူဌေး...ဒီကျောက်စိမ်းလက်ကောက်က မင်မင်းဆက်ကဆိုတာသေချာလား...ဘာလို့အဲ့လောက်သစ်လွင်နေရတာလဲ"
သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က သူမ၏လက်ထဲ၌ ကျောက်စိမ်းလပ်ကောက်တစ်ခုအား ကိုင်ဆောင်လျက် အနည်းငယ်ရှုပ်ထွေးသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ဟေ့ဖောက်သည်...အဲ့လက်ကောက်ကို လက်နဲ့အဲလိုလျှောက်မကိုင်နဲ့...ဒါတွေအကုန်လုံးကရှေးဟောင်းပစ္စည်းတွေချည်းပဲ...မင်းမဝယ်ခင်သေချာကြည့်လို့ရတယ်...ငါတို့ဆိုင်ကပစ္စည်းအစစ်တွေပဲရောင်းတယ်...ငါတို့ဘယ်တော့မှမင်းကိုလှည့်စားမှာမဟုတ်ဘူး"
ဝူစန်းရီက အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးအား အလျင်အမြန်စည်းရုံးလိုက်သည်။
"သူဌေး...မင်းရဲ့မီးပုံးကအရမ်းကိုယိုယွင်းနေပြီလေ...ဘာလို့ယွမ်၃၀၀၀၀တောင် တောင်းနေရတာလဲ...ငါအခြားဆိုင်တစ်ခုကိုမေးကြည့်တော့ ဒီမီးပုံးတစ်လုံးကို ဆယ်ယွမ်ပဲတောင်းတယ်...မင်းငါ့ကိုလှည့်စားနေတာလား"
သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က အဝါရောင်မီးပုံးတစ်ခုအား ကောက်ကိုင်လိုက်ကာ မကျေမနပ်အော်ဟစ်လိုက်သည်။
"ဖောက်သည်...မင်းတွေ့ခဲ့တဲ့မီးပုံးတွေက ခေတ်မှီနည်းပညာတွေနဲ့လုပ်ထားတာလေ...ငါ့ရဲ့မီးပုံက ချင်မင်းဆက်ရဲ့နန်းတော်မှာချိတ်ဆွဲခဲ့တဲ့ဟာပဲ...ဘယ်လိုနှိုင်းယှဉ်လို့ရမှာလဲ"
ဝူစန်းရီ၏မျက်နှာပေါ်၌ အနက်ရောင်မျည်းကြောင်းများဖြစ်ပေါ်လာခဲ့ကာ မီးပုံးအားဂရုတစိုက်ယူဆောင်၍ တုန်ယင်နေသောလေသံဖြင့်ပြောလိုက်သည်။
"သူဌေး...ဒီဆိုင်မှာ ခုလိုရတနာတွေထပ်ရှိသေးရင် ပြပေးပါလား"
လှပတင့်တယ်သော အဝတ်အစားအားဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် မောက်မာသည့်လေသံဖြင့်ပြောလိုက်သည်။ဝူစန်းရီသည် သူမကိုလှမ်းကြည့်လိုက်ချိန်၌ သူမကထပ်၍ပြောလိုက်သည်။
"ငါဒီရက်ပိုင်း ရှေးဟောင်းလမ်းကိုရောက်တုံး ဓာတ်ပုံနည်းနည်းရိုက်ချင်သေးတယ်...ပြီးတော့ငါရိုက်ထားတဲ့ ရှေးဟောင်းလမ်းကရတနာတွေရဲ့ဓာတ်ပုံတွေကို ငါ့ရဲ့We chatမှာတင်လို့ရတယ်လေ...အဲလိုဆိုရင် ငါ့ရဲ့သူငယ်ချင်းတွေကိုပါ ဒီရှေးဟောင်းပစ္စည်းတွေအကြောင်း ကြေငြာပြီးသလိုဖြစ်သွားမှာပေါ့...အဲ့ဒါမကောင်းဘူးလား"
ဝူစန်းရီသည် နဖူးပေါ်မှချွေးများကိုသုတ်ရင်း ရှေးဟောင်းပစ္စည်းများကို ဂရုတစိုက်ကိုင်တွယ်လိုက်သည်။သူ့ဆိုင်တွင် ဖောက်သည်များဝိုင်းအုံနေသော်လည်း မည်သည့်ရှေးဟောင်းပစ္စည်းမှ ရောင်းမထွက်ခဲ့ပေ။
ဖန်ရှန့်ချန်နှင့်ကျန်းချီထျန်းတို့သည် ယခုလိုဆူညံပွက်လောရိုက်နေသော ပတ်ဝန်းကျင်အခြေအနေအား မနှစ်သက်ကြသည့်အတွက်ကြောင့် သူတို့သည်ယခုလိုအချိန်မျိုး၌ လုံးဝထွက်ပေါ်လာခြင်းမရှိကြပေ။
ယဲ့ပိုင်သည် တံခါးရှေ့၌ရပ်ကာ ထိုမြင်ကွင်းအား တိတ်ဆိတ်စွာကြည့်နေခဲ့သည်။
ဝူစန်းရီးသည် ကျော်ကြားလှသည့်ဂူသချိုင်းဖောက်သူတစ်ဦးဖြစ်သော်လည်း လက်ရှိအချိန်၌သူသည် လွန်စွာမှအလုပ်များနေခဲ့သည်။ယခုအချိန်၌ သူ၏နေထိုင်ပုံက လူတော်တော်များများအား မနာလိုဖြစ်စေခဲ့သည်။
ကောင်းကင်သည် အဝါရောင်ပြောင်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ရှေးဟောင်းလမ်းသည် ပိုမိုအသက်ဝင်လာခဲ့ကာ ယဲ့ပိုင်ဝတ်ဆင်ထားသည့် အဖြူရောင်ဝတ်ရုံသည်လည်း ခရီးသွားအမြောက်အများ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ရှေးဟောင်းပစ္စည်းဆိုင်၏အဝင်ဝတွင် ဝူစန်းရီက အနီရောင်မီးပုံး၂လုံးကို ချိတ်ဆွဲထားပေသည်။
အခြားသောဆိုင်များ၏ဝင်ပေါက်၌လည်း မီးအလင်းရောင်မှိန်မှိန်လေးထွက်ပေါ်နေခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် ဤပန်းချီပြခန်းသည် အလွန်စိတ်ပျက်စရာကောင်းနေခဲ့သည်။
ပြခန်းရှေ့၌မူ အသစ်စက်စက်အနီရောင် မီးပုံးနှစ်လုံးရှိနေခဲ့သည်။၎င်းတို့သည် လျှပ်စစ်မီးဖြင့်ထွန်းရခြင်းမဟုတ်ဘဲ ဖယောင်းတိုင်ဖြင့်ထွန်းရခြင်းဖြစ်သည်။
သို့သော်လည်း ယနေ့တွင်မူ မီးခွက်မရှိသောကြောင့် ဖယောင်းတိုင်မီးကို သေချာမထွန်းနိုင်ခဲ့ဘဲ မငြိမ်မသက်ဖြစ်နေခဲ့သည်။
ရလဒ်အနေဖြင့် "ဆိုင်ပိတ်သည်"ဟူသော ဆိုင်းဘုတ်ကိုချိတ်ဆွဲထားခြင်းကြောင့် ဤပြခန်းသည် အနီးပတ်ဝန်းကျင်နှင့် အနည်းငယ်ကွာခြားနေပုံရသည်။
"ကားတွေက ရေစီးနေသလိုဆက်သွားနေတာပဲ...မြင်းတွေကလည်း နဂါးလိုပဲ...နွေဦးလေညင်းနဲ့အတူ ပန်းပွင့်တွေက လရောင်အောက်မှာပွင့်လန်းနေတယ်"
ယဲ့ပိုင်သည် သက်ပြင်းအနည်းငယ်ချလိုက်ပီး သူ၏အင်္ကျီလက်စများကိုခါရမ်းကာ ပြခန်းဧည့်ခန်းဆီသို့ ပြန်လျှောက်လာခဲ့သည်။
တံမြိတ်ပေါ်၌ ချိတ်ဆွဲထားသော အနီရောင်မီးပုံးနှစ်ခုသည် လေထဲ၌လှုပ်ယမ်းနေခဲ့သည်။၎င်းတို့အနက်မှ လက်ဝဲဘက်ရှိမီးပုံးအား ကြိုးဖြင့်ချည်နှောင်ထားပြီး ထိုမီးပုံးက တံမြိတ်ထောင့်စွန်းအား ရံဖန်ရံခါပွတ်တိုက်မိ၍ စူးရှရှအသံက ထွက်ပေါ်လာခဲ့သည်။
ယဲ့ပိုင်သည် ဧည့်ခန်းဆီသို့ပြန်ရောက်ချိန်၌ ပြခန်းတံခါးက ထပ်မံ၍ပိတ်ဆို့သွားခဲ့သည်။ထိုအခါ လက်ဝဲဘက်၌ချိတ်ဆွဲထားသော မီးပုံးသည် အေးစက်သောလေ၏ရိုက်ခတ်မှုအောက်၌ ဆက်လက်ထွန်းတောက်နိုင်ခြင်းမရှိတော့ပေ။၎င်းအားချည်နှောင်ထားသောကြိုးသည် ပြတ်တောက်သွားပြီးနောက် မီးပုံးလည်းအောက်သို့ပြုတ်ကျသွားကာ ဖုန်မှုန့်များဖြင့်လူးလိမ့်သွားခဲ့သည်။ထိုမီးပုံးသည် တံခါးရှေ့၌ပြုတ်ကျသွားကာ မီးပုံးထဲမှဖယောင်းတိုင်ကလည်း ငြိမ်းသတ်သွားခဲ့သည်။
ရှေးခေတ်လမ်းမပေါ်၌ ခရီးသွားများရှိနေဆဲဖြစ်သည်။ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွင် ဧည့်သည်များ၏မေးမြန်းသံက ဆူညံနေဆဲဖြစ်သည်။
ပြခန်းဝင်းအတွင်း၌ ရင်းနှီးသောအစားအသောက်များ၏ရနံ့က တိတ်တဆိတ်လွှင့်ပျံလာခဲ့သည်။
သို့သော်လည်း ပြခန်းရှေ့၌ လေတိုက်ခတ်မှုကြောင့် အောက်သို့ပြုတ်ကျနေသောမီးပုံးသည် လေနှင့်အတူရွေ့လျားနေကာ မည်သူတစ်ဦးတစ်ယောက်မှ သတိထားမိကြပုံမရပေ။
...
လေအေးများက ဆက်လက်တိုက်ခတ်နေဆဲဖြစ်သည်။
ရှေးဟောင်းမြို့၏တစ်ဖက်ခြမ်းသည် ပွဲတော်အငွေ့အသက်များနှင့် ပြည့်နှက်နေခဲ့ကာ အရာအားလုံးက စည်းစနစ်တကျရှိနေပုံရသည်။
ရှေးဟောင်းမြို့၏အပြင်ဘက်ရှိ ကတ္တရာလမ်းမပေါ်၌ အနက်ရောင်ကားအမြောက်အများက ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြသည်။ကားတစ်စီးစီ၌ လူလေးယောက်စီလိုက်ပါလာပြီး ထိုလူများထံမှ အေးစက်သောအငွေ့အသက်များက ထွက်ပေါ်နေလျက်ရှိသည်။
"ဆရာ...ငါတို့ရှေးဟောင်းမြို့ကိုရောက်တော့မယ်...ဒီနေ့ငါတို့ တကယ်ကြီးဝင်ရောက်စွက်ဖက်ကြတော့မှာလား"
ရှေ့ဆုံးမှသွားနေသော အနက်ရောင်ကားထဲ၌ ယာဉ်မောင်းအပြင် ညိုမဲသောအသားအရေပိုင်ရှင် အမျိုးသားတစ်ယောက်က အေးစက်သောအော်ရာများကို ထုတ်လွှတ်နေခဲ့သည်။သူသည် ဖုန်းပြောနေရင်း အလွန်ရိုသေလေးစားသည့်လေသံကို ထုတ်ဖော်ထားခဲ့သည်။
"မီးပုံးကပြုတ်ကျသွားပြီ...ဆရာကြီးကဘာမှမပြောခဲ့ဘူးဆိုပေမဲ့ ရလဒ်ကတော့အဆုံးအဖြတ်ပေးပြီးသွားပြီ...အရမ်းကြီးအလွန်အကျွံမလုပ်နဲ့...
ပြီးခဲ့တဲ့အကြိမ် Qမြို့မှာရှိတဲ့ရွှေခေတ်ဟိုတယ်မှာတုံးက ငါတို့ရဲ့လုပ်ပုံကိုင်ပုံမသေသပ်ခဲ့ဘူး...ကျောက်မိသားစုကိုကိုင်တွယ်တဲ့နေရာမှာ ငါတို့ရဲ့လုပ်ဆောင်ပုံကလုံးဝအားရဖို့မကောင်းခဲ့ဘူး...မင်းမှတ်ထားရမှာက ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲကြီးကို သွားပြီးတော့မနှောင့်ယှက်မိစေနဲ့"
ဖုန်းထဲမှထွက်ပေါ်လာသောအသံသည် မှန်းဆမရသောခံစားချက်များနှင့် အေးစက်သည့်သတ်ဖြတ်လိုစိတ်အား သယ်ဆောင်လာခဲ့သည်။
"ကောင်းပြီ..."
ကားအတွင်းမှ အသားညိုညိုအမျိုးသားက အနည်းငယ်ခေါင်းညိတ်ကာ တိုးတိုးလေးပြန်ဖြေလိုက်သည်။သူသည် အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသော ထိုလူငယ်လေးအကြောင်းကို တွေးမိလိုက်သောအခါ သူ၏မျက်နှာ၌ မမြင်တွေ့နိုင်သော ကြောက်လန့်မှုအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။