← Chapters

အခန်း (၇၈၇-၇၈၈)

Vol. 48 Ch. 787-788

အခန်း (၇၈၇-၇၈၈)

Vol. 48 Ch. 787-788

အခန်း(၇၈၇) မစ်ရှင်အတွက် မျက်နှာပြရုံဖြင့်

"ဟီဘာက ငါ့ကို သူ့ပါတီပွဲကို ဖိတ်တယ်ပေါ့။"

ဘလက်စတားစစ်တပ် ရုံးချုပ်တွင် ဟန်ရှောင်းသည် တင်းမာနေသော အမူအရာရှိနေသည့် မယ်လီကစ်ကို စိတ်ဝင်တစား လှမ်းကြည့်လိုက်သည်။

"ဟုတ်ပါတယ်၊ လူကြီးမင်း အာဏာရှင်က အဲဒါကို ပြောခဲ့ပါတယ်။" မယ်လီကစ်၏ လက်များတွင် ချွေးများ ရွှဲနေပြီဖြစ်သည်။

နှစ်ဖက်စလုံးက ကြက်သွေး‌ရောင်မင်းဆက်ကို မျက်နှာသာပေးခဲ့သောကြောင့်သာ စာရွက်ပေါ်တွင် မဟာမိတ်များ ဖြစ်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်တစ်ခုကြာအောင် နှစ်ဖက်စလုံး၏ ထိပ်တိုက်ရင်ဆိုင်မှုများမှာ ဖြေရှင်းရန် ခက်ခဲနေဆဲဖြစ်သဖြင့် သူတို့၏ ဆက်ဆံရေးမှာ သိမ်မွေ့နူးညံ့နေဆဲဖြစ်သည်။ ယခု မယ်လီကစ်က ဖိတ်စာတစ်စောင်နှင့် ရောက်ရှိလာခြင်းသည် ရန်သူစခန်းအတွင်း တင်းမာမှုများကို ဖြစ်ပေါ်သွားစေခဲ့သည်။

ယန္တရားပလ္လင်ပေါ်တွင် ထိုင်နေသော ဟန်ရှောင်းကို ကြည့်ရင်း မယ်လီကစ်သည် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသည်။

သူသည် ဟန်ရှောင်းကို စုဆောင်းရန် တစ်ကြိမ် ကြိုးစားခဲ့ဖူးသော်လည်း ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက် သူသည် အာဏာရှင်၏ လက်အောက်မှ ရှေ့ပြေးအရာရှိ တစ်ဦးသာ ဖြစ်နေဆဲဖြစ်ပြီး၊ ဘလက်စတားမှာမူ ကောင်းကင်သို့ ပျံတက်သွားကာ အာဏာရှင်နှင့် တူညီသော အဆင့် အေ အထက်ဆင့် တစ်ဦး ဖြစ်လာသည်။

ဟန်ရှောင်းသည် သူ၏ပလ္လင်လက်ရမ်းကို လက်ချောင်းများဖြင့် ခေါက်ရင်း အတွေးထဲ နစ်မြုပ်နေသည်။

သူ အေးမီစ်နောက်သို့ လိုက်နေစဉ်က အာဏာရှင်၏ ပါတီပွဲတစ်ခုကို တက်ရောက်ခဲ့ဖူးသည်။ ဤသည်မှာ ဟီဘာ ဖန်တီးခဲ့သော ကွဲအက်ကြယ်စင်ကွင်းမှ ထိပ်တန်းခေါင်းဆောင်များအတွက် ပါတီပွဲဖြစ်ပြီး အဓိက ဇာတ်ကောင်များအားလုံး ပါဝင်ကြသည်။

သို့သော်လည်း စစ်ပွဲတွင် ရှုံးနိမ့်ခဲ့မှုကြောင့် အာဏာရှင်၏ ဂုဏ်သတင်းမှာ ထိခိုက်ခဲ့ရပြီး သွေးစွန်းကုန်းမြေနှင့် ကလင့်တို့မှာ အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။ ဟီဘာသည် သူ၏ အနေအထားကို တည်ငြိမ်စေရန် ရည်ရွယ်ထားသဖြင့် အစည်းအဝေး အသစ်တစ်ခု ကျင်းပရန် စိတ်အားထက်သန်နေသည်။

အာဏာရှင်သည် သူ၏ လက်ရှိဩဇာအာဏာကို ထိန်းသိမ်းလိုသဖြင့် ဤ အဆင့် အေ အထက်ဆင့် အသစ်ကို ဖိတ်ကြားရန် အခွင့်အရေးကို သေချာပေါက် ယူလိမ့်မည်။ သို့မဟုတ် ဟီဘာသည် ကြက်သွေး‌ရောင်မင်းဆက်၏ တောင်းဆိုမှုကို မကျေမနပ် သဘောတူပြီး သည်းခံကာ ကောင်းမွန်အောင် ကြိုးစားနေခြင်းလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ဤအရာသည် ဟုန်မန်စားပွဲလည်း ဖြစ်နိုင်သော်လည်း ထိုသို့ဖြစ်နိုင်ခြေမှာ မများလှပေ။

(ဟုန်မန်စားပွဲဆိုသည်မှာ အပေါ်ယံတွင် ဂုဏ်ပြုစားပွဲကဲ့သို့ ဖြစ်နေသော်လည်း အသေသတ်မည့် ထောင်ချောက် ဆင်ထားသော စားသောက်ပွဲ အခြေအနေကို ရည်ညွှန်းသည်။)

လျှို့ဝှက်စစ်ပွဲ ပြီးဆုံးသွားသည်မှာ သိပ်မကြာသေးသဖြင့် အကျိုးစီးပွား ပဋိပက္ခများစွာ ရှိနေဆဲဖြစ်သည်။ ဤအစည်းအဝေးသည် ထိုကဲ့သို့သော ကိစ္စရပ်များကို ရှင်းလင်းရန်အတွက်လည်း ဖြစ်နိုင်သည်။

သူ၏အတွေးများ လည်ပတ်နေစဉ် ဟန်ရှောင်း ခေါင်းညိတ်လိုက်သည်။

"အာဏာရှင်ကို ပြန်ပြောလိုက်ပါ၊ ငါ တက်ရောက်မယ်လို့။"

မယ်လီကစ်သည် စိတ်သက်သာရာ ရသွားပြီး အလျင်အမြန် နှုတ်ဆက်ထွက်ခွာသွားသည်။ ဟန်ရှောင်းရှေ့တွင် ရပ်နေရခြင်းက သူ့ကို စိတ်ပိုင်းဆိုင်ရာ ဖိအားများစွာ ပေးနေသည်။

အစည်းအဝေးရက်စွဲကို နောက်တစ်လ အကြာတွင် သတ်မှတ်ထားသည်။ လျှို့ဝှက်စစ်ပွဲ ပြီးဆုံးသွားပြီဖြစ်သဖြင့် ကလင့်သည် ကြယ်စုတန်း နယ်စပ်ရှိ ကြယ်တာရာတံခါးများကို ဖွင့်လှစ်ရန်အတွက် သူတို့၏ ဒေါသကို မျိုသိပ်ပြီး ခရမ်းရောင်သလင်းကျောက်နှင့် ညှိနှိုင်းဆွေးနွေးရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ၎င်းက သူတို့၏ ကြယ်စုတန်းနှစ်ခုလုံးကို နောက်တစ်ကြိမ် ပြန်လည်ချိတ်ဆက်စေမည်ဖြစ်သည်။

ခရမ်းရောင်သလင်းကျောက် လူမှုအဖွဲ့အစည်းရှိ လူများထံမှ သူကြားသိရသော သတင်းများအရ ကြက်သွေး‌ရောင်မင်းဆက်၏ ကြားဝင်စွက်ဖက်မှုကြောင့် ကြယ်စုတန်း လူမှုအဖွဲ့အစည်းနှစ်ခုကြား ညှိနှိုင်းဆွေးနွေးမှုများသည် အတော်လေး ကောင်းမွန်ခဲ့ပြီး နောက်ဆယ်ရက်အတွင်း လမ်းကြောင်းများကို တရားဝင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ရသည်။

"တစ်လအတွင်းမှာ၊ အင်း၊ အဲဒီအချိန်ကျရင် ဘလက်စတားစစ်တပ်ရဲ့ တိုးချဲ့မှုက ပြီးလုနီးပါး ဖြစ်နေပြီ။ ကြက်သွေး‌ရောင်မင်းဆက်ကလည်း ဒီအစည်းအဝေးပြီးရင် ဆင့်ကဲဖြစ်စဉ် ကုဗတုံးဆီကနေ ကောင်းချီးမင်္ဂလာကို လက်ခံယူဖို့ သူတို့ရဲ့ ပထမဆုံး လက်ရွေးစင်အသုတ်ကို စေလွှတ်တော့မှာဆိုတော့ အချိန်ကိုက်ပဲ။"

တိုးချဲ့မှုအတွင်း ဟီဘာ၏ ကြယ်တာရာ မီးဖို ကျင့်စဉ်ကို လေ့ကျင့်ခြင်းနှင့် သူ၏အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲခြင်းမှလွဲ၍ သူလုပ်စရာ သိပ်မရှိပေ။ ထို့ကြောင့် အခြားအဖွဲ့အစည်းများနှင့် ကိစ္စရပ်များကို ဆွေးနွေးရန် အာဏာရှင်၏ ပါတီပွဲသို့ ဝင်ရောက်ရန် အချိန်ရရှိသည်။

ဤအချိန်တွင် ဟာမွန်သည် ရုတ်တရက် တံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်လာသည်။

"ဘလက်စတား၊ ကျုပ် သွားတော့မယ်။" ဟာမွန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အော်..." ဟန်ရှောင်း အခုမှ ပြန်သတိရသွားသည်။ "ဟုတ်သားပဲ၊ မင်းက ခေါင်းဆောင်ရာထူးအတွက် ပြန်ပြီး တိုက်ခိုက်တော့မှာပဲ၊ ဟုတ်တယ်မလား။"

ဟာမွန်သည် လူဟန် သားရဲလူသား မျိုးနွယ်စုအတွက် ပင်မဇာတ်ကောင် ပုံစံတစ်ခုဖြစ်သည်။ လူဟန် သားရဲလူသားများသည် ကြယ်ခရီးသွား လူမှုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့၏ ရက်စက်ကြမ်းကြုတ်သော ဓလေ့ထုံးတမ်းကို မျိုးနွယ်စုစနစ်တစ်ခုဖြင့် အုပ်ချုပ်ကာ မျိုးနွယ်စုတစ်ခုစီသည် ဂြိုလ်အများအပြားကို ထိန်းချုပ်ထားကြသည်။

သူတို့၏ စနစ်တွင် ထူးခြားသော မူလဇစ်မြစ်တစ်ခု ရှိသည်။ လူဟန် သားရဲလူသားများသည် ဌာနေတိုင်းရင်းသားများ မဟုတ်ဘဲ လွန်ခဲ့သော ကာလကြာရှည်က အခြားကြယ်စနစ်များမှ ပြည်နှင်ဒဏ်ပေးခံရသော ခြေသလုံးအိမ်တိုင်သမားများ ဖြစ်ကြသည်။ သူတို့သည် တူညီသော ဧရိယာအတွင်းရှိ မတူညီသော ဂြိုလ်များပေါ်တွင် ပြန့်ကျဲနေပြီး မတူညီသော မျိုးနွယ်စုများ ဖွဲ့စည်းရန် သီးခြားစီ ဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်။ သူတို့အားလုံးတွင် တူညီသော မူလဓလေ့ထုံးတမ်း ရှိသော်လည်း ကာလကြာရှည် ဆင့်ကဲဖြစ်စဉ်ကြောင့် ယခုအခါ မျိုးနွယ်စုတစ်ခုစီတွင် မတူညီသော ယဉ်ကျေးမှုများ ရှိနေကြသည်။ သူတို့အားလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းကြသောအခါ သက်ဆိုင်ရာ မျိုးနွယ်စုတစ်ခုစီ၏ လွတ်လပ်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားရန် ရွေးချယ်ခဲ့ကြပြီး ဤစနစ် ဖြစ်ပေါ်လာခဲ့သည်။

ခေါင်းဆောင်ကို ရွေးချယ်ရန် သူတို့၏ နည်းလမ်းမှာ သူတို့၏ ကိုယ်စားလှယ်လောင်းများ အားလုံးကို စကြဝဠာအတွင်းရှိ မတူညီသော ဂြိုလ်များသို့ ကျပန်း ပစ်လွှတ်လိုက်ပြီး ကြယ်ခရီးသွား ဧရိယာတွင် သူတို့ကိုယ်သူတို့ သွေးတိုးစမ်းစေကာ သူတို့၏ ကိုယ်ပိုင် 'စစ်အဖွဲ့' ကို ဖွဲ့စည်းစေခြင်းဖြစ်သည်။

သတ်မှတ်ထားသော ရက်ချိန်း ရောက်ရှိသောအခါ ကိုယ်စားလှယ်လောင်း တစ်ဦးစီသည် ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ရန် သူတို့၏ ကိုယ်ပိုင် စစ်အဖွဲ့ကို ပြန်လည်ခေါ်ယူလာရမည်ဖြစ်သည်။ ဟာမွန်၏ ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စုအတွက် မဲဆွယ်စည်းရုံးရေး နေ့ရက် ရောက်ရှိလာတော့မည်ဖြစ်ရာ သူ၏ ကြေးစားစစ်သား ဘဝသည် ပြီးဆုံးတော့မည်ဖြစ်ပြီး သူ၏ ကြယ်ခရီးသွား မျိုးနွယ်စုကို အမွေဆက်ခံရန် ပြန်လည်သွားရောက်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ဟာမွန်ကို စုဆောင်းရန်အတွက် ဟန်ရှောင်းသည် သူ၏ စစ်အဖွဲ့သို့ ပူးပေါင်းခဲ့သဖြင့် ဤမစ်ရှင်သည် သူ၏ ဂိမ်းမျက်နှာပြင်ပေါ်တွင် ရှိနေဆဲဖြစ်သည်။

"ဘလက်စတား၊ ခင်ဗျားက ကျုပ်ရဲ့ စစ်အဖွဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ပြီးတော့ ကျုပ်ကို ကူညီဖို့ လာရမယ်။" ဟာမွန်က နှာမှုတ်လိုက်သည်။

"လူဟန် သားရဲလူသား လူမှုအဖွဲ့အစည်းက ဆိုးလ် ကြယ်စုတန်းမှာ ရှိတယ်..." ဟန်ရှောင်း သူ၏မေးစေ့ကို ပွတ်လိုက်သည်။ "အဲဒါက အာဏာရှင်ရဲ့ ပါတီပွဲသွားတဲ့ လမ်းမှာပဲ။ ကောင်းတာပေါ့။ အချိန်ကျရင် ငါ မင်းကို ခေါ်သွားမယ်။"

ဤသည်မှာ လူဟန် သားရဲလူသားများ၏ ရှေးဟောင်း ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ပြီး သူ စောစောကတည်းက ကတိပေးထားပြီးဖြစ်သဖြင့် ဟန်ရှောင်းသည် သူ၏ စကားကို ပြန်ရုတ်သိမ်းရန် ပြင်ဆင်မထားပေ။

ဟာမွန် ထွက်သွားသောအခါ ဟန်ရှောင်းသည် သူ၏ ဆက်သွယ်ရေးစက်ကို ထုတ်ပြီး နဂါးဧကရီထံ သတင်းပို့လိုက်သည်။

"အေးမီစ်၊ အာဏာရှင်က နောက်ထပ် အစည်းအဝေးတစ်ခု စီစဉ်ထားတယ်။ ဖိတ်စာ ရပြီးပြီလား။ လာခဲ့လေ၊ ငါတို့ အတူတူ သွားလို့ရတယ်။"

မကြာမီ အေးမီစ်ထံမှ အကြောင်းပြန်စာ သူရရှိလိုက်သည်။

"ကောင်းပြီ။"

…

ရက်အနည်းငယ် ကြာပြီးနောက် အေးမီစ်သည် အာကာသယာဉ်တစ်စင်းဖြင့် ဘလက်စတားစစ်တပ်၏ ရုံးချုပ်သို့ ရောက်ရှိလာသည်။

သူတို့သည် ယခုအခါ ကြိုးတစ်ချောင်းတည်းဖြင့် ချည်နှောင်ထားသော မဟာမိတ်များ ဖြစ်ကြပြီး မိတ်ဆွေဟောင်းများလည်း ဖြစ်ကြသည်။ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရာတွင် တရားဝင် အခမ်းအနားများ ပြုလုပ်ရန် မလိုအပ်ဘဲ သူတို့သည် အလွန်ရင်းနှီးလွယ်ကူကြသည်။

ဟန်ရှောင်းသည် ရုံးချုပ်မှ ထွက်ခွာရာတွင် ဤတစ်ကြိမ် သူ၏ ဘလက်စတား အစောင့်တပ်ဖွဲ့ကိုသာ ခေါ်ဆောင်သွားသည်။ ဟာမွန်နှင့် သူ၏ စစ်အဖွဲ့ အပါအဝင် စစ်အဖွဲ့၏ မစ်ရှင်ကို လက်ခံထားသော ကစားသမား အနည်းငယ်လည်း ပါဝင်သည်။ သူတို့အားလုံး စစ်မြေပြင်ဆီသို့ အတူတူ ခရီးနှင်လာကြသည်။

ဤ အာကာသယာဉ် အတွင်း၌ အဆင့် အေ အထက်ဆင့် နှစ်ဦး ရှိနေပြီး အဆင့်မြင့် ကပ်ဘေးအဆင့် အုပ်စုတစ်စုလည်း ပါဝင်သည်။ လူစာရင်းကို အလွန်ကြွယ်ဝသည်ဟုသာ ဖော်ပြနိုင်သည်။

သူတို့ ကြယ်စုတန်း နယ်စပ်သို့ ရောက်ရှိသောအခါ လျှို့ဝှက်စစ်ပွဲကြောင့် ပိတ်ထားသော ကြယ်တာရာတံခါးများ ပြန်လည်ပွင့်သွားပြီဖြစ်သဖြင့် လူသူကင်းမဲ့သော စကြဝဠာ ခါးပတ်ကို ဖြတ်ကျော်ရန် တန်းစီနေကြသော မရေမတွက်နိုင်သော အာကာသယာဉ်များ ရှိနေသည်။ အဝေးမှကြည့်လျှင် ၎င်းတို့သည် ကွေ့ကောက်နေသော နဂါးတစ်ကောင်နှင့် တူနေသည်။

စစ်ပွဲကာလအတွင်း ယာဉ်သွားလာမှု ကန့်သတ်ချက်များကြောင့် ကြယ်စုတန်း နှစ်ခုမှ လူထုသည် တစ်ဖက်နှင့်တစ်ဖက် ဧရိယာများသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြပေ။ ဤအရာမှာ ယခုမှ ပြန်လည်ကောင်းမွန်လာခြင်းဖြစ်သည်။

ဆိုးလ် ကြယ်စုတန်းသို့ ဝင်ရောက်လာသောအခါ ဟန်ရှောင်းသည် လမ်းကြောင်းကို ချိန်ညှိလိုက်ပြီး လူဟန် သားရဲလူသား မျိုးနွယ်စုများ၏ နယ်မြေဆီသို့ ဦးတည်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် လူဟန်၏ သွေးဂြိုလ်ပေါ်တွင်...

ဤသည်မှာ မီးခိုးရောင်ဖြင့် လုံးဝနီးပါး ဖုံးလွှမ်းနေသော စွန့်ပစ်ဂြိုလ်တစ်ခုဖြစ်သည်။ ၎င်းတွင် လူဟန် သားရဲလူသားများ၏ ဓလေ့ထုံးတမ်း၌ အထူးနေရာတစ်ခု ရှိသည်။ မျိုးနွယ်စုတိုင်း၏ ခေါင်းဆောင်လောင်းသည် ဤဂြိုလ်ကို တိုက်ပွဲစင်မြင့်အဖြစ် အသုံးပြုကြသည်။

လူဟန်၏ သွေးဂြိုလ်တွင် ပျက်စီးနေသော ကျောက်တုံး ကော်လိုစီယမ်တစ်ခု ရှိသည်။ မျိုးနွယ်စု ရွေးကောက်ပွဲ အသစ်တိုင်းသည် ကော်လိုစီယမ် အသစ်တစ်ခု တည်ဆောက်ကြပြီး အပျက်အစီးများနှင့် ရှေးဟောင်းပစ္စည်းများစွာကို ကျန်ရစ်ခဲ့သည်။

ဂြိုလ်၏ ဧရိယာတစ်ခုတွင် ကြမ်းတမ်းသော အသွင်အပြင်ရှိသည့် လူဟန် သားရဲလူသား၏ အာကာသယာဉ်တစ်စင်း မျက်နှာပြင်ပေါ်တွင် နားနေပြီး ၎င်း၏ပတ်ပတ်လည်တွင် အသစ်တည်ဆောက်ထားသော ကော်လိုစီယမ်တစ်ခု ရှိသည်။ ၎င်းသည် ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စုမှ အမွေဆက်ခံရန် ယှဉ်ပြိုင်မည့် လက်ရှိ ခေါင်းဆောင်လောင်းများ၏ စစ်မြေပြင် ဖြစ်လာပေလိမ့်မည်။

ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စု၏ လက်ရှိခေါင်းဆောင် ဖာလီတာသည် တောင့်တင်းသန်မာသော သားရဲလူသားတစ်ဦး ဖြစ်သည်။ သားရဲလူသားများ၏ အလှအပဆိုင်ရာ အမြင်အရ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင် အရေအတွက်သည် သူတို့၏ အသက်အရွယ်ကို ညွှန်ပြနေပြီး ဖာလီတာသည် အမွေးအမျှင်များဖြင့် လုံးဝနီးပါး ဖုံးလွှမ်းနေသဖြင့် သူ၏ အသက်အရွယ်ကြီးရင့်မှုကို ပြသနေသည်။

သူသည် ခေါင်းဆောင်ရာထူးအတွက် ဒုတိယ အမွေဆက်ခံသူ ဟာမွန်၏ ဖခင်ဖြစ်သည်။

"မိုဂို၊ ဂီတော၊ သာလာ... ခေါင်းဆောင်လောင်း ၂၅ ယောက်ထဲမှာ ၆ ယောက်ပဲ ပြန်ရောက်လာတယ်။ ကျန်တဲ့လူတွေ စကြဝဠာထဲမှာ သေဆုံးသွားလောက်ပြီ။"

ကျန်ရှိသော ခေါင်းဆောင်လောင်းများ သူတို့၏ သက်ဆိုင်ရာ စစ်အဖွဲ့များတွင် အတူရှိနေကြသည်ကို ကြည့်ရင်း သူ ခေါင်းခါလိုက်သည်။

ခေါင်းဆောင်လောင်း အများစုသည် အထက်တန်းစား မျိုးနွယ်စုများ၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။ လူဟန် သားရဲလူသားများသည် စစ်ရေးဘက်သို့ ယိမ်းသော မျိုးနွယ်စုများဖြစ်ပြီး သန်မာသူများသာလျှင် မျိုးနွယ်စုကို အုပ်ချုပ်နိုင်စွမ်း ရှိကြသည်။ ခေါင်းဆောင်လောင်း အားလုံး သူတို့၏ မိခင်ဂြိုလ်မှ နှင်ထုတ်ခံရပြီးနောက် သူတို့နှင့်အတူ ခေါ်ဆောင်လာသော စစ်အဖွဲ့မှလွဲ၍ သူတို့၏ မျိုးနွယ်စုများထံမှ မည်သည့်အကူအညီကိုမျှ လက်ခံနိုင်ခြင်း မရှိပေ။ ဤသည်မှာ ခေါင်းဆောင်လောင်း၏ ဘက်စုံ အသက်ရှင်နိုင်စွမ်းကို စစ်ဆေးရန်ဖြစ်ပြီး အကယ်၍ သူတို့ အသက်ရှင်ပြီး ပြန်လာနိုင်ပါက ထိုခေါင်းဆောင်လောင်းများသည် ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီပေလိမ့်မည်။ ဤသည်မှာ စိစစ်မှုတစ်ခုပင် ဖြစ်သည်။

ခေါင်းဆောင်လောင်းများသည် မျိုးနွယ်စုအတွင်းရှိ မည်သူ့ကိုမျှ တက်ကြွစွာ ဆက်သွယ်၍မရပေ၊ သို့မဟုတ်ပါက သူတို့သည် အရည်အချင်း ပျက်ယွင်းပြီး လှောင်ပြောင်ခြင်း ခံရပေလိမ့်မည်။ ခေါင်းဆောင်လောင်းများသည် သူတို့၏ မျိုးနွယ်စု အသိပေးချက်များကိုသာ လက်ခံရရှိနိုင်သဖြင့် ဖာလီတာသည် ဟာမွန်၏ လက်ရှိအခြေအနေကို သေချာမသိပေ။ သူ ဘလက်စတားစစ်တပ်သို့ ပူးပေါင်းခဲ့ပြီး အသက်ရှင်နေသေးကြောင်းသာ သူ သိသည်။

"သူ့ရဲ့ စစ်အဖွဲ့က လုံလောက်အောင် သန်မာရဲ့လားဆိုတာတောင် မသိဘူး..." ဖာလီတာ တိတ်တဆိတ် စိုးရိမ်နေမိသည်။

ခေါင်းဆောင်ရာထူးအတွက် တိုက်ပွဲသည် သေရေးရှင်ရေး တိုက်ပွဲဖြစ်သည်။ လူဟန် သားရဲလူသားများတွင် သူတို့၏ ရန်သူများကို သနားညှာတာသော ဓလေ့ထုံးတမ်း မရှိပေ။ ခေါင်းဆောင်လောင်း ခြောက်ဦးသည် ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက် ပြန်လာခဲ့ကြပြီး သူတို့နှင့်အတူ သန်မာသော စစ်အဖွဲ့များကို ခေါ်ဆောင်လာကြသည်။ ၎င်းတို့ထဲတွင် မိုဂိုနှင့် ဂီတော၏ အဖွဲ့များမှာ အသန်မာဆုံးဖြစ်သည်။

မိုဂိုသည် သွေးစွန်းကုန်းမြေသို့ ပူးပေါင်းခဲ့ပြီး အဆင့် ဘီ စူပါများ အပါအဝင် ကောင်းမွန်သော စစ်သည်တော် အများအပြားကို သူနှင့်အတူ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ ဂီတောအတွက်မူ သူသည် ကြေးစားစစ်သား အုပ်စုတစ်စုနှင့်အတူ ဘဏ္ဍာရေးအုပ်စု အချို့၏ အရေးကြီးသော မိတ်ဖက်ဖြစ်လာပုံရသော်လည်း မိုဂို၏ အဖွဲ့နှင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်းနေသည်။

သူတို့နှစ်ဦးသည် အကွာအဝေးတစ်ခုမှနေ၍ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး ဤတစ်ကြိမ်တွင် တစ်ဦးကိုတစ်ဦး အကြီးမားဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ထားကြသည်။

"စိတ်အေးအေးထားပါ၊ မိုဂို။ ငါတို့က သွေးစွန်းကုန်းမြေက လက်ရွေးစင်တွေလေ၊ ရန်သူက ဘာနာမည်မှမရှိတဲ့ စုတ်ပြတ်သတ်နေတဲ့ စစ်သည်တော် အုပ်စုတစ်စုပဲ။ သူတို့ရဲ့ အရေအတွက်ကလည်း ငါတို့ထက် နည်းတယ်။ သူတို့က ငါတို့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ပါဘူး။" သွေးစွန်းကုန်းမြေ အရာရှိတစ်ဦးက မိုဂို၏ ပခုံးကို ပုတ်လိုက်သည်။ သူတို့သည် နှစ်ပေါင်းများစွာ ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့ကြပြီး နက်ရှိုင်းသော ဆက်ဆံရေး ရှိကြသည်။

မိုဂို ပြုံးလိုက်ပြီး သူ၏ စစ်ပွဲတူကို နှစ်ချက် ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။ "ခေါင်းဆောင်လောင်း အားလုံးထဲမှာ ငါ ဟာမွန်ကိုပဲ ကြောက်တယ်။ သနားစရာပဲ၊ သူ ပြန်မလာခဲ့ဘူး၊ စကြဝဠာထဲမှာ သေသွားလောက်ပြီ။ သူကလွဲရင် ကျန်တဲ့လူတွေ ငါ့ကို မနိုင်ပါဘူး။ ဂီတောလို လူမျိုးအတွက်ဆိုရင် ငါ သူ့ကို ရိုက်ချက် အနည်းငယ်နဲ့ ဖြေရှင်းနိုင်တယ်။"

အခြားတစ်ဖက်တွင် ဂီတောသည် ကြေးစားစစ်သား တစ်ဦးအား တိတ်တဆိတ် တီးတိုးပြောလိုက်သည်။ "ဘော့စ်၊ ကျုပ် နောက်ပိုင်းကျရင် ဘော့စ်ကိုပဲ အားကိုးရတော့မယ်။"

"စိတ်အေးအေးထား။ ငါရှိနေသရွေ့ မင်း ခေါင်းဆောင်ရာထူးကို သေချာပေါက် ရစေရမယ်။" ထိုလူက အေးစက်စွာ ရယ်မောလိုက်သည်။ သူ့ကို ရီရယ် ဟု ခေါ်ပြီး သူ၏ အစစ်အမှန် အထောက်အထားမှာ ဆိုးလ် ကြယ်စုတန်း တစ်ဝိုက်ရှိ လူမိုက်အဖွဲ့အစည်း တစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ဂီတောသည် ဤ သီးခြား လူမိုက်အဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့သည်။ သို့သော်လည်း ခေါင်းဆောင် ရွေးချယ်ပွဲတွင် ခေါင်းဆောင်လောင်း တစ်ဦးသည် ဥပဒေမဲ့ လမ်းကြောင်းကို မရွေးချယ်နိုင်ဟူသော စည်းမျဉ်းတစ်ခု ရှိသည်။ ထိုသို့ပြုလုပ်ခြင်းက သူတို့၏ ခေါင်းဆောင်လောင်း အခွင့်အရေးကို ဆုံးရှုံးစေမည်ဖြစ်သည်။ အကြောင်းမှာ ခေါင်းဆောင်တစ်ဦးသည် စကြဝဠာထဲတွင် ဆုကြေးထုတ်ခံရသူ တစ်ဦး မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ဂီတောသည် ခေါင်းဆောင်ရာထူးကို လက်မလွှတ်လိုသဖြင့် သူ၏အုပ်စု အထောက်အထားကို လှည့်လည်သွားလာနေသော ကြေးစားစစ်သားများအဖြစ် ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။

သူ၏ အားကိုးရာမှာ ခေါင်းဆောင်လောင်းများ၏ စစ်အဖွဲ့များ အားလုံးတွင် တစ်ဦးတည်းသော အဆင့် အေ စူပါ ဖြစ်သည့် ရီရယ်ပင် ဖြစ်သည်။

ရီရယ်သည် ဂီတောအား ခေါင်းဆောင် ဖြစ်လာစေရန် ကူညီပေးမည်ဟု ကတိပေးခဲ့ပြီး အပြန်အလှန်အနေဖြင့် ဂီတောက သူတို့အား ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးများကို ပံ့ပိုးပေးရမည်ဖြစ်သည်။

ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စုသည် လူဟန် သားရဲလူသား လူမှုအဖွဲ့အစည်းရှိ မျိုးနွယ်စု အမျိုးမျိုးထဲမှ တစ်ခုသာ ဖြစ်သော်လည်း သူတို့၏ ထိန်းချုပ်မှုအောက်တွင် ဂြိုလ်အနည်းငယ် ရှိနေပြီး အရင်းအမြစ်များ ပေါကြွယ်ဝသည်ဟု ဆိုလိုသည်။

စောင့်ဆိုင်းနေစဉ် အချိန်ကုန်လွန်သွားပြီး လူဟန် သားရဲလူသား၏ အခြား ခေါင်းဆောင် ဒါဇင်များစွာ နေရာယူလိုက်ကြသည်။ အားလုံးသည် ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စု ခေါင်းဆောင် ရွေးကောက်ပွဲကို သက်သေခံရန် ရောက်ရှိလာကြခြင်းဖြစ်သည်။ အချိန်ကုန်လုနီးပါး ဖြစ်နေသောအခါ ဖာလီတာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အချိန်ကုန်တော့မယ်။ မိုဂို၊ ဂီတော... အားလုံးပဲ သူတို့ရဲ့ စစ်အဖွဲ့တွေကို စစ်မြေပြင်ပေါ် ခေါ်သွားပြီး နေရာတစ်ခု ရွေးချယ်ကြပါ။ တိုက်ပွဲအတွက် ပြင်ဆင်ကြ"

လူတိုင်းသည် ငါးများ ရေကူးနေသကဲ့သို့ စစ်မြေပြင်ပေါ်သို့ ဝင်ရောက်သွားပြီး ဧရိယာတစ်ခုကို ယူကာ အခြားသူများကို ရင်ဆိုင်လိုက်ကြသည်။

ဖာလီတာ အချိန်ကို ကြည့်ရင်း စိုးရိမ်နေသည်။ စစ်ပွဲ တရားဝင် စတင်ပြီးနောက် ပြန်ရောက်လာသော ခေါင်းဆောင်လောင်းများကို နောက်ကျသည်ဟု သတ်မှတ်ပြီး အရည်အချင်း တိုက်ရိုက် ပျက်ယွင်းစေမည်ဖြစ်သော်လည်း ဟာမွန် ရောက်မလာသေးပေ။

ဤအချိန်တွင် ရီရယ်သည် ဂီတော၏ အမိန့်အောက်တွင် ရှေ့သို့ ထွက်လာပြီး သူ၏ အဆင့် အေ စွမ်းအင် လှုပ်ရှားမှုများကို ထုတ်လွှတ်လိုက်သည်။ သူ၏ အရှိန်အဟုန်သည် ကောင်းကင်သို့ မြင့်တက်သွားသည်။

"ကပ်ဘေးအဆင့်"

အခြား ခေါင်းဆောင်လောင်းများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ဖာလီတာလည်း တုန်လှုပ်သွားသည်။ ကြယ်စနစ် လူမှုအဖွဲ့အစည်းတစ်ခု အနေဖြင့် လူဟန် သားရဲလူသားတွင်လည်း ကပ်ဘေးအဆင့် စူပါ ဒါဇင်တစ်ချို့ ရှိပြီး သုံးဦးမှာ ပွဲကြည့်စင်ပေါ်တွင် ရှိနေသည်။ ဂီတောသည် သူ၏ကိုယ်ပိုင် စစ်အဖွဲ့ထဲသို့ ကပ်ဘေးအဆင့် တစ်ဦးကို ခေါ်ဆောင်လာခဲ့ပြီး သူ၏ခွန်အားသည် အခြား ခေါင်းဆောင်လောင်းများကို ချက်ချင်း လွှမ်းမိုးသွားသည်။

ဤအချိန်တွင် စစ်မြေပြင်ပေါ်ရှိ ခေါင်းဆောင်လောင်း နှစ်ဦးသည် ရုတ်တရက် သူတို့၏ လက်နက်များကို ပစ်ချပြီး လက်မြှောက်လိုက်ကြသည်။ ဤလုပ်ရပ်သည် လက်နက်ချခြင်းကို ကိုယ်စားပြုပြီး သူတို့ တိုက်ခိုက်ခြင်း မပြုမီ ထိုလူနှစ်ဦးသည် ခေါင်းဆောင်အတွက် သူတို့၏ အရည်အချင်းများကို စွန့်လွှတ်လိုက်ကြသည်။ ၎င်းမှာ ရှက်စရာကောင်းနိုင်သော်လည်း သူတို့သည် အနည်းဆုံးတော့ ကပ်ဘေးအဆင့် တစ်ဦးနှင့် တိုက်ခိုက်ရန် မလိုအပ်ဘဲ သူတို့နှင့် သူတို့၏ စစ်အဖွဲ့များ၏ အသက်ကို ကယ်တင်နိုင်မည်ဖြစ်သည်။

ဤသို့ဖြစ်ပျက်သွားသောအခါ ပွဲကြည့်စင်များတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။

"ငါတို့ တကယ်ပဲ ကပ်ဘေးအဆင့် တစ်ယောက်နဲ့ တိုက်ခိုက်ရမှာလား။" အခြေအနေကို မြင်လိုက်ရသဖြင့် သွေးစွန်းကုန်းမြေ အရာရှိသည်လည်း ဆုတ်ခွာရန် စတင်စဉ်းစားလာသည်။ သူသည် သူ၏ မူလက ပြောခဲ့သော စကားလုံးများကို တိမ်တိုက်များထဲသို့ လွှင့်ပစ်လိုက်သည်။

"တိုက်မယ်" မိုဂို၏ အမူအရာ အကြိမ်ကြိမ် ပြောင်းလဲသွားသော်လည်း သူ အံကြိတ်ပြီး သူ၏ စစ်ပွဲတူကို တင်းတင်းကျပ်ကျပ် ကိုင်ထားလိုက်သည်။

"ဒါက... ငါ အခု လက်လျော့လို့ ရသေးလား။" သွေးစွန်းကုန်းမြေ စစ်သည်တော် တစ်ဦးသည် သူ၏လက်နက်ကို လွှင့်ပစ်ပြီး ဖြည်းညှင်းစွာ နောက်ဆုတ်သွားသည်။

သူတို့သည် ဆက်ဆံရေးကြောင့် မိုဂို၏ စစ်အဖွဲ့၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခြင်းဖြင့် သူ့ကို ကူညီရန် ဆန္ဒရှိကြသော်လည်း သူတို့၏ အသက်များကို စွန့်ပစ်ရန် ဆန္ဒမရှိကြပေ။

မိုဂို၏ အမူအရာမှာလည်း အလွန်အရုပ်ဆိုးနေသည်။

အခြားတစ်ဖက်တွင် ဂီတောသည် သူ၏မျက်ခုံးများကို ပင့်လိုက်ပြီး သက်ပြင်းချလိုက်သည်၊ ပရိသတ်ကို မောက်မာစွာ ကြည့်ရှုရင်း ဂုဏ်ယူသော အမူအရာတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာ၏။ ရီရယ်၏ ဘေးတွင် ရပ်နေရင်း သူသည် လွှမ်းမိုးထားနိုင်သည့် ခံစားချက်အတုကို ခံစားနေရသည်။

ပွဲကြည့်စင်ပေါ်တွင် ရှိနေသော ဖာလီတာသည် အံ့သြမှင်သက်နေပြီး စိတ်ရှုပ်ထွေးနေသည်။ ဤအချိန်တွင် ဘေးနားတွင် ရှိနေသော ဂီတော၏ ဖခင်က ပါးစပ်ဖွင့်လိုက်သည်။

"ခေါင်းဆောင်၊ အချိန်ဆွဲဖို့ မကြိုးစားပါနဲ့။ အခု စလိုက်ကြရအောင်။"

ဂီတော၏ ဖခင်သည်လည်း မျိုးနွယ်စု၏ အထက်တန်းစား တစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် အတော်လေး နှိမ့်ချနေတတ်သော်လည်း ဤတစ်ကြိမ်တွင် မတူညီပေ။

ဟာမွန် ပြန်မရောက်သေးတာလည်း ကောင်းပါတယ်... ဖာလီတာ သက်ပြင်းချလိုက်ပြီး သူ စကားပြောတော့မည့် အချိန်မှာပင် အာကာသယာဉ်တစ်စင်း လေထဲမှ ဆင်းသက်လာကာ ပရိသတ်၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။

ဝှစ်။

အာကာသယာဉ်သည် စစ်မြေပြင်၏ ထောင့်တစ်နေရာတွင် ဆင်းသက်လိုက်သည်။ တံခါးပွင့်သွားပြီး ဟာမွန်သည် လူတစ်စုနှင့်အတူ လမ်းလျှောက်ထွက်လာသည်။

"ဟာမွန် ပြန်ရောက်လာပြီ"

ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စုမှ အဖွဲ့ဝင် အများအပြားသည် သူတို့၏ စိတ်ဓာတ်များ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ဟာမွန်သည် မျိုးနွယ်စုတွင် အလွန်ကျော်ကြားပြီး သူ၏ ရဲရင့်မှုကို မျိုးနွယ်စုဝင်များက အသိအမှတ်ပြုထားကြသည်။

ဂီတော၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ သူ၏ ဘဝတစ်လျှောက်လုံး ဟာမွန်၏ ထိုးနှက်မှုကို ခံခဲ့ရသဖြင့် သူ၏နှလုံးသားထဲတွင် နက်ရှိုင်းသော အရိပ်မည်းတစ်ခု ရှိနေသည်။ သို့သော်လည်း သူ၏ဘေးတွင် ရီရယ် ရှိနေသည်ကို သတိရလိုက်သည်နှင့် သူ ယုံကြည်မှု ပြန်လည်ရရှိလာပြီး ဟာမွန်ကို အံကြိတ်ကာ စိုက်ကြည့်လိုက်သည်။

"မင်း ပြန်လာရင်တောင် အလကားပါပဲ။ ဒီနေ့ ငါ့ကို တိုက်ခိုက်တဲ့သူ ဘယ်သူမဆို သေရမယ်။"

ပွဲကြည့်စင်များမှ အားပေးသံများကို ကြားလိုက်ရသဖြင့် ဟာမွန်သည် ကျော်ကြားမှု အချို့ရှိသော ပြိုင်ဘက်တစ်ဦး ဖြစ်သင့်ကြောင်း ရီရယ် သိလိုက်သည်။ သူသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ အင်အားကို လည်ပတ်စေကာ ဟာမွန်နှင့် သူ၏အဖွဲ့ကို ဟန့်တားရန်နှင့် ဆုတ်ခွာသွားစေရန် ကြိုးပမ်းမှုဖြင့် ရက်စက်စွာ ဖိအားပေးလိုက်သည်။

ဤအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟေး၊ ညီလေး၊ မင်းက နည်းနည်း မောက်မာတာပဲ။"

ဟာမွန်၏ ကျောဘက်မှ လူအများအပြား လမ်းလျှောက်ထွက်လာကြသည်။ ဟန်ရှောင်းသည် အရှေ့ဆုံးတွင် ရှိနေပြီး ဥဒေါင်းတစ်ကောင် စိန်ခေါ်နေသည်ကို ကြည့်နေသကဲ့သို့ ရယ်စရာကောင်းသော အမူအရာဖြင့် ရီရယ်ကို စိုက်ကြည့်လိုက်သည်။ လူကိုးဦးအထိ တိုးချဲ့ထားသော သူ၏ ဘလက်စတား အစောင့်တပ်ဖွဲ့သည် သူ့နောက်မှ တိုက်ရိုက် လိုက်ပါလာကြသည်။

ဟီလာ သူမ၏မျက်ခုံးများကို ပင့်လိုက်ပြီး ဖိအားကို မျက်တောင်တစ်ခတ်အတွင်း ပြန်လည်တွန်းလှန်လိုက်သည်။

တစ်ဖက်လူမှာလည်း ကပ်ဘေးအဆင့် တစ်ယောက် ရှိတာလား။

ရီရယ် သူ၏ရင်ဘတ် တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။ သူ မျက်လုံးများကို ပွတ်လိုက်ပြီး ဟန်ရှောင်းနှင့် သူ၏ အဖွဲ့သားများကို သေချာကြည့်ပြီးနောက် စက္ကန့်အနည်းငယ်ကြာအောင် အေးခဲသွား၏၊ ရုတ်တရက် ဖြူဖျော့သွားကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ဂီတော၏ ရင်ဘတ်ထဲသို့ လဲကျသွားသည်။

"ဘလက် ဘလက် ဘလက်... ဘလက်စတား။"

သူသည် ထိုနာမည်ကို မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်ပြီး လူတိုင်း၏ အကြည့်များသည် ဟန်ရှောင်းနှင့် သူ၏အဖွဲ့အပေါ်သို့ ကျရောက်သွားသည်။ သူတို့၏ အမူအရာများလည်း ပြောင်းလဲသွားသည်။

ပွဲကြည့်စင်များတွင် ဆူညံသံများ ထွက်ပေါ်လာသည်။ လူတိုင်း အံ့သြတကြီး စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများကို မယုံကြည်နိုင် ဖြစ်နေကြသည်။

အဲဒါက... ဘလက်စတား လား။

အဆင့် အေ အထက်ဆင့်

ဟာမွန်က အဆင့် အေ အထက်ဆင့် တစ်ဦးကို တကယ်ပဲ ဖိတ်ခေါ်ခဲ့တာလား။

ဖာလီတာ မှင်သက်သွားသည်။

ဒင် ဒင် ဒန် ဒန်

ဤအချိန်တွင် ပြိုင်ပွဲဝင်များ အားလုံး သူတို့၏ လက်နက်များကို လွှင့်ပစ်လိုက်ကြသည်။

ဂီတောပင်လျှင် သူ၏နှလုံးသားက လုံးဝ မလိုလားသော်လည်း တိတ်တဆိတ် လက်လျော့ရန် ရွေးချယ်လိုက်ရသည်။

ကပ်ဘေးအဆင့် တစ်ဦးက ကျောထောက်နောက်ခံ ပြုပေးခြင်းသည် မျိုးနွယ်စု ခေါင်းဆောင် အနေအထားကို ရရှိစေနိုင်မည်ဟု သူ မူလက ထင်မှတ်ခဲ့သည်။ ဟာမွန်က အဆင့် အေ အထက်ဆင့် တစ်ဦးကို အမှန်တကယ် ဖိတ်ခေါ်လိမ့်မည်ဟု တွေးတောင်မတွေးမိခဲ့ပေ။

သူ့ကို ဘယ်သူက အနိုင်ယူနိုင်မှာလဲ။

မိုဂိုက သေးငယ်သော အသံဖြင့် "လူကြီးမင်း အာဏာရှင်သာ ငါ့ကို ကူညီဖို့ ဆန္ဒရှိခဲ့ရင်..."

"မင်း အိပ်မက်မက်နေတာလား။" သွေးစွန်းကုန်းမြေ အရာရှိက အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။ "အာဏာရှင်က ဘယ်လို အနေအထားမျိုး ရှိလဲ။ သူက မင်းကို သတိထားမိမှာမို့လို့လား။"

မိုဂိုက ဟန်ရှောင်းကို ပြန်ညွှန်ပြလိုက်သဖြင့် သွေးစွန်းကုန်းမြေ အရာရှိမှာ စကားမပြောနိုင် ဖြစ်သွားသည်။

ဒါကို မြင်လိုက်ရတော့ ပွဲကြည့်စင်ပေါ်ရှိ မျိုးနွယ်စု အသီးသီးမှ ပရိသတ်များ ရူးသွပ်သွားကြသည်။ ဤသည်မှာ လူဟန် သားရဲလူသား သမိုင်းတွင် ခေါင်းဆောင်လောင်း အားလုံး ဝင်မပြိုင်တော့ဘဲ နေခဲ့ကြသည့် တစ်ခုတည်းသော အချိန်ဖြစ်ပြီး အဆင့် အေ အထက်ဆင့် တစ်ဦးက ခေါင်းဆောင်လောင်း၏ စစ်အဖွဲ့ အစိတ်အပိုင်း ဖြစ်လာသည့် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။

"အမ်" ဟာမွန် စိတ်ရှုပ်ထွေးနေသော ပုံစံရှိသည်။ သူ ခေါင်းကုတ်လိုက်ပြီး နားမလည်နိုင် ဖြစ်နေဆဲပင်။ "ဘာလို့ သူတို့အားလုံး တိုက်ခိုက်တာ ရပ်လိုက်ကြတာလဲ။ ဒါပဲလား။"

ဒါကို ကြားတော့ လူတိုင်း အံကြိတ်လိုက်ကြပြီး သူ့ကို ရိုက်သတ်ချင်စိတ်သာ ရှိတော့သည်။

အဆင့် အေ အထက်ဆင့် တစ်ယောက် ရောက်လာတာလေ၊ ပြီးတော့ စွမ်းအားကွာဟချက်က အရမ်းကြီးတယ်။ ငါတို့က ဘာလို့ တိုက်ရမှာလဲ။ မင်း ငါတို့အားလုံးကို သေစေချင်တာလား။

"ဒီအတိုင်းပဲလား။" ဂိမ်းမျက်နှာပြင်တွင် မစ်ရှင် ပြီးဆုံးကြောင်း ပြသနေပြီး လိုက်ပါလာသော ကစားသမားများမှာ မယုံကြည်နိုင်စွာဖြင့် လဲကျလုနီးပါး ဖြစ်သွားကြသည်။

သူတို့ ဘာမှတောင် မလုပ်ရသေးဘဲ ဒီကို ဇာတ်လမ်းပြကွက် ကြည့်ဖို့ လာခဲ့ကြတာလား။ သူတို့ရဲ့ မစ်ရှင်က ဒီလိုပဲ ပြီးသွားတာလား။

‘ငါတို့က ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်မယ်လို့ ထင်ခဲ့တာ...’

ပရိသတ် တစ်ခုလုံး သူ့ကို စိုက်ကြည့်နေသဖြင့် ဟန်ရှောင်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ သူ၏ လက်ရှိ အနေအထားအရ အဆင့်နိမ့် တာဝန်များစွာကို မျက်နှာပြရုံဖြင့် တိုက်ရိုက် ပြီးမြောက်နိုင်နေပြီဖြစ်သည်။

ဟာမွန်ကို ခေါင်းဆောင် ရာထူးရရန် သူ သွားရောက်ကူညီခဲ့ခြင်းမှာ ကောင်းပါသည်။

အခန်း(၇၈၈) ပြောင်းရွှေ့ခြင်းနှင့် ညှိနှိုင်းခြင်း

ဘုန်း

ကြီးမားသော သစ်သားစည်ပိုင်း နှစ်ခု တိုက်မိသွားပြီး ပယင်းရောင် အရည်များ အနားစွန်းမှ စင်ထွက်လာသည်။

ဟာမွန် ခေါင်းမော့လိုက်ပြီး တဂွပ်ဂွပ် သောက်ချလိုက်ကာ ကျေနပ်စွာဖြင့် လေမှုတ်ထုတ်လိုက်သည်။

ဟန်ရှောင်း ပြုံးရင်း ခေါင်းခါလိုက်ပြီး အနည်းငယ် သောက်လိုက်သည်။ စပ်သော အရက်များ သူ၏ လည်ချောင်းထဲသို့ စီးဝင်သွားသည်။ အီသနောသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြိုကွဲသွားခဲ့သည်။ သူ့အတွက်မူ ဤအရာသည် ရေနှင့် မခြားနားပေ။

သူတို့သည် အပြန်လမ်းတွင် ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စု၏ အဆင့်မြင့် စစ်သင်္ဘောပေါ်၌ ထိုင်နေကြသည်။ ဟာမွန်သည် ဟန်ရှောင်းနှင့် အခြားသူများကို သူ၏နေအိမ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။

ပုံမှန်အားဖြင့် ခေါင်းဆောင် ဖြစ်လာရန် တိုက်ပွဲဝင်သည့် လုပ်ငန်းစဉ်တွင် တိုက်ပွဲများကို ရှောင်လွှဲ၍မရပေ။ သို့သော်လည်း ဟန်ရှောင်း၏ ပေါ်ထွက်လာမှုကြောင့် အခြား ခေါင်းဆောင်လောင်းများသည် စိတ်ပျက်လက်ပျက်ဖြင့် လက်လျော့လိုက်ကြသည်။ ခေါင်းဆောင် ရာထူးသည် မေးခွန်းထုတ်စရာ မလိုဘဲ ဟာမွန်ထံသို့ ရောက်ရှိသွားသည်။ အလွန်ဝမ်းမြောက်နေသော ဟာမွန်သည် သင်္ဘောပေါ်တွင် ပါတီပွဲတစ်ခု ကျင်းပပေးသည်။

သူတို့သည် မိတ်ဆွေဟောင်းများ ဖြစ်ကြသဖြင့် ဟန်ရှောင်းသည် သဘာဝကျကျပင် သူ့ကို မျက်နှာသာပေးခဲ့သည်။

"နောက်ထပ် ကျောက်ဆောင်ပြိုလဲခြင်း ခေါင်းဆောင်ကို ဂုဏ်ပြုပါတယ်။" လူဟန် သားရဲလူသား လူမှုအဖွဲ့အစည်း၏ အခြား ခေါင်းဆောင်များသည် ဟာမွန်ကို ဂုဏ်ပြုရန် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး အားလုံးက ဟန်ရှောင်းကို အားကျစွာ ကြည့်နေကြသည်။

ဟာမွန်တွင် အဆင့် အေ အထက်ဆင့် တစ်ဦးနှင့် မည်သို့သော ကောင်းမွန်သည့် ဆက်ဆံရေး ရှိသည်ကို သူတို့ မသိကြပေ။ မျိုးနွယ်စု ခေါင်းဆောင်၏ စစ်အဖွဲ့သည် သူ၏ကွန်ရက်ကို ကိုယ်စားပြုသည်။ အဆင့် အေ အထက်ဆင့် သူငယ်ချင်းတစ်ဦးနှင့်အတူ ဟာမွန် ရာထူးရယူပြီးနောက် ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စု တိုးတက်လာမည်ကို ထိုခေါင်းဆောင်များ ကောင်းစွာ သိရှိကြသည်။

ဟာမွန်ကို သူ၏ လူမျိုးများက ဂုဏ်ပြုနေသည်ကို ကြည့်ရင်း ဟန်ရှောင်း တွေးတောနေမိသည်။ သူ၏ ယခင်ဘဝတွင် ဤ ဇာတ်လမ်းကြောင်း မစ်ရှင်သည် ရိုးရှင်းပြီး ကြမ်းတမ်းခဲ့သည်၊ အစမှ အဆုံးထိ တိုက်ခိုက်ခြင်း ဖြစ်သည်။ ဟာမွန်သည် တိုက်ပွဲမှတစ်ဆင့် ခေါင်းဆောင် ရာထူးကို ရယူလိမ့်မည်။ ယခုမူ သူ၏ ကြားဝင်စွက်ဖက်မှုကြောင့် တိုက်ပွဲ မရှိခဲ့ပေ။ ထို့ကြောင့် မည်သည့် ဒန်ဂျင်သလင်းကျောက်မျှ ဖန်တီးနိုင်မည်ဟု သူ မထင်ပေ။

သို့သော်လည်း ဤအရာက ဟန်ရှောင်းအတွက် အရေးမကြီးပေ၊ သူသည် ထိုမျှသေးငယ်သော မစ်ရှင် ဆုလာဘ်ကို စိတ်မဝင်စားပေ။ သူသည် ဟာမွန်နှင့် ဆယ်စုနှစ်တစ်ခုကျော် ကြာသော ခင်မင်မှုကြောင့် ကူညီရန် သွားခဲ့ခြင်းဖြစ်သည်။ ဘလက်စတားစစ်တပ်သည် ဘလက်စတား ကြေးစားအဖွဲ့ ဖြစ်နေစဉ်ကတည်းက ဟာမွန်သည် သူနှင့် ပူးပေါင်းခဲ့သည်။ ဟားလပ်စ်ကို သူ ဆက်ဆံခဲ့သကဲ့သို့ပင် ဟာမွန်ကဲ့သို့ မိတ်ဆွေဟောင်းတစ်ဦးကို ကူညီရာတွင် ဟန်ရှောင်းသည် ဘယ်သောအခါမျှ တွန့်တိုလေ့မရှိပေ။

သူတို့ဘေးရှိ စားပွဲပေါ်တွင် ဟာဒါဗီသည် သားရဲလူသား ပုံစံ ကင်ထားသော အသားတုံးကြီး တစ်တုံးကို သူ၏ပါးစပ်ထဲသို့ ထိုးထည့်ရင်း သူ၏မျက်လုံးများသည် ဟာမွန်ဆီသို့ မကြာခဏ ရောက်ရှိနေသည်။ သူသည် သူ၏တင်ပါးကို ဟီလာဘေးသို့ ရွှေ့လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "ဘလက်စတားက အဲဒီသားရဲလူသားနဲ့ တော်တော်လေး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာပဲ။ သူက သူ့ရဲ့ အရာရှိတွေကို အမြဲတမ်း အဲဒီလို ဂရုစိုက်တတ်လား။"

ဟီလာသည် မျက်မှောင်ကြုတ်ရင်း သူမ၏ ခွက်အောက်ခြေရှိ သားရဲတစ်ကောင်၏ မျက်လုံးနှင့် အနည်းငယ်တူသော အရာဝတ္ထုကို စိုက်ကြည့်နေသည်။ ဟာဒါဗီ၏ မေးခွန်းကို ကြားလိုက်ရသဖြင့် သူမ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက ငါ့အနားက ထွက်သွား ဟု ပြောနေသကဲ့သို့ပင်။

လျစ်လျူရှုခံလိုက်ရသဖြင့် ဟာဒါဗီသည် သူ၏တင်ပါးကို ဖေဒင်ဘေးသို့ ရွှေ့လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ "အစ်ကိုကြီး ဖေဒင်၊ ဘလက်စတားက သူ့ရဲ့ လက်အောက်ငယ်သားတွေအပေါ် အမြဲတမ်း ဒီလောက် ကောင်းလား။"

ဖေဒင် မျက်လုံးလှန်ကြည့်လိုက်သည်။

"သွားစမ်းပါ၊ ငါက ချန်ရှင်း။"

သိပ်မဝေးသော နေရာတွင် ကစားသမားတစ်စု စုရုံးနေကြပြီး နာမည်ကြီး ဘလက်စတား အစောင့်တပ်ဖွဲ့ဝင် အများအပြားကို လှည့်ပတ်ကြည့်ရှုရင်း စကားစမြည် ပြောနေကြသည်။

"ဘလက်စတားက ဒီတစ်ခါ သွေးစွန်းကုန်းမြေ ရုံးချုပ်ဆီ သွားနေတယ်လို့ ငါ ကြားတယ်။ သူ အဲဒီကို ပြဿနာသွားရှာတာ ဖြစ်နိုင်မလား။"

"မသိဘူးလေ။ ဒါပေမဲ့ ဘလက်စတားက အာဏာရှင်နဲ့ ထပ်ပြီး တွေ့ဆုံတော့မယ်။ သေချာပေါက် ကောင်းမွန်တဲ့ ပြပွဲတစ်ခု ရှိလိမ့်မယ်။"

ဟာမွန်၏ စစ်အဖွဲ့ မစ်ရှင် ပြီးဆုံးပြီးနောက် ဟန်ရှောင်းသည် ဤကစားသမားများကို သူ့နောက်သို့ လိုက်စေရန် အဖွဲ့အစည်း မျက်နှာပြင်မှတစ်ဆင့် မစ်ရှင်အသစ်များ ပေးအပ်ခဲ့သည်။

အာဏာရှင်၏ ပါတီပွဲသို့ ကစားသမားများကို ခေါ်သွားရန် သူ အစပိုင်းတွင် မစီစဉ်ထားသော်လည်း ဤလူများကို ဆိုးလ် ကြယ်စုတန်း လမ်းခုလတ်တွင် ထားခဲ့ရန် မသင့်တော်ပေ။ သူသည် ဤကြက်သွန်မြိတ် အစည်းလိုက်ကို လက်မလွှတ်လိုပေ။ ထို့ကြောင့် သူတို့ ဟိုဟိုဒီဒီ လျှောက်မသွားစေရန် ဆုလာဘ်များပြားသော နောက်လိုက် မစ်ရှင်တစ်ခု ပေးအပ်ခဲ့သည်။

ဘန်ဟစ်ဒေါ့ ထိုနေရာတွင် မရှိသော်လည်း ဖိုရမ်များတွင် သူ၏ တည်နေရာကို တင်နေသူများ ရှိနေဆဲဖြစ်သည်။ ယခု ကစားသမားအားလုံးသည် အေးမီစ်နှင့် သူ သွေးစွန်းကုန်းမြေ ရုံးချုပ်သို့ အတူတူ သွားနေကြကြောင်း သိရှိကြသည်။ အချို့က သူတို့သည် ဟီဘာနှင့် တိုက်ခိုက်ရန် ပျားရည်ဆမ်းခရီး ထွက်နေကြသည်ဟုပင် ပြောဆိုနေကြသည်။

ဟန်ရှောင်းနှင့် အေးမီစ် မဟာမိတ် ဖွဲ့ပြီးကတည်းက ဖိုရမ်များတွင် သူတို့ စုံတွဲဖြစ်ကြောင်း ဆွေးနွေးမှုများ အမြဲတမ်း ရှိနေခဲ့သည်။ ကစားသမားများသည် သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး ပြီးပြည့်စုံသည်ဟု ခံစားရပြီး သူတို့ကြားတွင် သေချာပေါက် တစ်ခုခု ရှိနေသည်။ တစ်စုံတစ်ယောက်သည် ဘလက်စတား ရာထူးတက်လာပြီး ဤအရည်အချင်းရှိသော အမျိုးသမီးကို သိမ်းပိုက်သည့်အကြောင်း လူကြီးဝတ္ထုတစ်ပုဒ်ပင် ရေးသားခဲ့ပြီး ၎င်းမှာ အတော်လေး လူကြိုက်များခဲ့သည်။

"လူကြီးမင်း ဘလက်စတား..."

သောက်နေစဉ် ဘေးမှ တစ်စုံတစ်ယောက်က သူ၏နာမည်ကို ခေါ်သံ ဟန်ရှောင်း ကြားလိုက်ရသည်။ ဟန်ရှောင်း လှမ်းကြည့်လိုက်သည်။ ပြောစရာ စကားတစ်ခုခု ရှိနေပုံရသည့် ဖာလီတာ ဖြစ်သည်။

"ဘာကိစ္စလဲ။" ဟန်ရှောင်း ပြုံးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူသည် ဟာမွန်၏ သက်ကြီးရွယ်အို ဖခင်ဖြစ်သဖြင့် ဟန်ရှောင်း၏ လေသံမှာ အလွန်ရင်းနှီး ဖော်ရွေသည်။

ဖာလီတာ ချောင်းဟန့်လိုက်ပြီး "ကျုပ် အပြင်မှာ သီးသန့် စကားပြောလို့ ရမလား။"

ဟန်ရှောင်း ခေါင်းညိတ်လိုက်ပြီး ခွက်ကိုချကာ ဖာလီတာနှင့်အတူ ပါတီပွဲခန်းမထဲမှ ထွက်လာခဲ့သည်။ သူတို့သည် အဆင့်မြင့် စစ်သင်္ဘောပေါ်ရှိ လူသူကင်းမဲ့သော စင်္ကြံလမ်းတစ်ခုသို့ ရောက်ရှိလာကြသည်။

"ဘာကိစ္စလဲ။"

"လူကြီးမင်း ဘလက်စတား၊ ကျုပ် တွေးနေတာကလေ... ခင်ဗျားနဲ့ ဟာမွန်ကြားက ဆက်ဆံရေး အတိအကျက ဘာလဲ။" ဖာလီတာက သတိထားပြီး မေးလိုက်သည်။

"သူက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ကျုပ်ရဲ့ ကွပ်ကဲမှုအောက်ကို ဝင်ရောက်ခဲ့ပြီး ကျုပ်ကို အကူအညီတွေ အများကြီး ပေးခဲ့တယ်။ ကျုပ်ရဲ့ မိခင်ဂြိုလ် ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရတုန်းက သူက ကျုပ်ကို ကူညီဖို့ အဲဒီမှာ ရှိနေခဲ့တယ်။ ကျုပ် ကပ်ဘေးအဆင့် မဖြစ်ခင်ကတည်းက သူ့ရဲ့ စစ်အဖွဲ့ထဲ ဝင်ဖို့ သဘောတူခဲ့တာပါ။ ဒါကြောင့် ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ ကျုပ်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။" ဟန်ရှောင်း ပြုံးလိုက်သည်။ ဖာလီတာ၏ စိုးရိမ်မှုများကို သူ ကောင်းစွာ သိသည်။

ဘာပဲဖြစ်ဖြစ် အဆင့် အေ အထက်ဆင့် တစ်ဦးက ကြယ်စနစ် လူမှုအဖွဲ့အစည်းတစ်ခုအတွင်းရှိ ဌာနခွဲ အင်အားစုတစ်ခု၏ ခေါင်းဆောင်ရာထူးအတွက် တစ်စုံတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ကူညီတိုက်ခိုက်ပေးခြင်းသည် ဘက်ပေါင်းစုံမှ သံသယဖြစ်ဖွယ် ကောင်းနေသည်။

ဖာလီတာ တုံ့ဆိုင်းနေပုံရသည်။ ရုတ်တရက် သူ အံကြိတ်လိုက်ပြီး "လူကြီးမင်း ဘလက်စတား၊ ကျုပ်မှာ တောင်းဆိုစရာ တစ်ခုရှိတယ်... ဘလက်စတားစစ်တပ်က မျိုးနွယ်စု ပြောင်းရွှေ့ခြင်း အလုပ်တွေကို လက်ခံသလား။"

ဟန်ရှောင်း မျက်တောင်ခတ်လိုက်ပြီး သူ့အား ဆက်ပြောရန် အချက်ပြလိုက်သည်။

"ကျုပ်တို့ လူဟန် သားရဲလူသားတွေရဲ့ မူလအစက လမ်းပျောက်နေတဲ့ လူမှုအဖွဲ့အစည်း တစ်ခုပါ။ ဒီနေ့ခေတ်မှာ ကျုပ်တို့က ကြယ်စနစ် လူမှုအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထားပေမယ့် မျိုးနွယ်စုတိုင်းက တစ်သီးပုဂ္ဂလ နိုင်ငံတစ်ခု ဖြစ်နေတုန်းပဲ။ လူမှုအဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနဲ့ ပတ်သက်ပြီး ကျုပ်တို့မှာ သဘောထားကွဲလွဲမှုတွေ အများကြီး ရှိပါတယ်။ ကျုပ်က ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စုကို ဆိုးလ် ကြယ်စုတန်း အပြင်ဘက်ကို ပြောင်းရွှေ့ချင်ပါတယ်။"

"ဘာလို့လဲ။" ဟန်ရှောင်း စူးစမ်းချင်စိတ် ဖြစ်သွားသည်။

"ဆိုးလ် ကြယ်စုတန်းက ကလင့် နိုင်ငံတော်ရဲ့ နယ်မြေပါ။ သူတို့က လူတိုင်းကို ထိန်းချုပ်ချင်တဲ့ ဆန္ဒ အရမ်းပြင်းပြတယ်။ သူတို့ရဲ့ ကြယ်စနစ်မှာ ကြယ်စနစ် လူမှုအဖွဲ့အစည်း နည်းနည်းရှိပါတယ်၊ ကျုပ်တို့ လူဟန် သားရဲလူသားတွေက အဲဒီထဲက တစ်ခုပါပဲ။"

"တခြား လူမှုအဖွဲ့အစည်း အနည်းငယ်က ကလင့်နဲ့ အနည်းနဲ့အများ ပတ်သက်မှု ရှိကြတယ်။ သူတို့က ကျုပ်တို့ကို ဘေးဖယ်ထားပြီး ကလင့်ရဲ့ လက်အောက်ခံ ဖြစ်လာအောင် ဖိအားပေးဖို့ ကျုပ်တို့ရဲ့ အရင်းအမြစ်တွေကို ညှစ်ထုတ်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ကျုပ်တို့ရဲ့ နယ်မြေဟာ ကြယ်ဇုန် သုံးခုလောက် ကျယ်ဝန်းခဲ့တယ်။ အခုတော့ ကျုပ်တို့မှာ တစ်ခုခွဲလောက်ပဲ ရှိတော့တယ်။ လူဟန် သားရဲလူသားတွေက ရဲရင့်ပြီး တိုက်ပွဲမှာ စွမ်းဆောင်ရည် ရှိကြတယ်။ ကျုပ်တို့ လူမျိုးတွေထဲက စူပါတွေရဲ့ အချိုးအစားက အရမ်းမြင့်မားတယ်။ ကလင့်က ကျုပ်တို့ကို အမြဲတမ်း စိတ်ဝင်စားနေခဲ့တာ။"

"ကျုပ်တို့ ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စုက လွတ်လပ်မှုကို ထိန်းသိမ်းထားဖို့ မျှော်လင့်ပြီး လက်အောက်ခံ ဖြစ်ဖို့ ဆန္ဒမရှိကြပါဘူး၊ ဒါပေမဲ့ မျိုးနွယ်စု အများစုက ကလင့်နဲ့ ညှိနှိုင်းချင်ကြတယ်။ လွတ်လပ်မှုကို နှစ်သက်တဲ့ ကျုပ်တို့ လူမျိုးတွေက လူနည်းစု ဖြစ်ပြီး ကျုပ်တို့အားလုံး ထွက်ပေါက်တစ်ခု ရှာဖွေနေကြပါတယ်။"

ဟန်ရှောင်း သူ၏မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်သည်။ ဤသည်မှာ စကြဝဠာထဲတွင် အဖြစ်များသည်။ လူမှုအဖွဲ့အစည်းတစ်ခုတွင် အစိုးရတစ်ခုထက် ပို၍ရှိနေသောအခါ မျိုးနွယ်စု တစ်ခုလုံး၏ အနာဂတ် လမ်းညွှန်ချက်နှင့် ပတ်သက်လာလျှင် သဘောထားကွဲလွဲမှုများ အမြဲလိုလို ရှိစမြဲပင်။

ထိုကဲ့သို့သော နိုင်ငံရေး တည်ဆောက်ပုံသည် ကြယ်စနစ် လူမှုအဖွဲ့အစည်းများအတွက် မသင့်တော်ပေ။ နေရာတိုင်းတွင် အဖွဲ့အစည်းများ ရှိနေသည့် ဂလက်ဆီတွင် လူမှုအဖွဲ့အစည်းတစ်ခု၏ ဆုံးဖြတ်ချက်ကို မျိုးနွယ်စု တစ်ခုလုံးကို စိတ်ထဲထားပြီး ပြုလုပ်ရမည်ဖြစ်သည်။ သို့သော်လည်း အစိုးရ အများအပြား ရှိနေခြင်းက သူတို့တွင် မတူညီသော အကျိုးစီးပွားများ ရှိကြသည်ဟု ဆိုလိုသဖြင့် ပဋိပက္ခများ အလွန် လွယ်ကူစွာ ဖြစ်ပေါ်နိုင်သည်။ ဝမ်းနည်းစရာမှာ လူဟန် သားရဲလူသားများ၏ အတိတ်ကြောင့် သူတို့သည် ဤတည်ဆောက်ပုံကို အသုံးပြုရန် ဖိအားပေးခံခဲ့ရသည်။ ပြဿနာက ဘာလဲဆိုတာ သူတို့ သိသော်လည်း ၎င်းကို ပြောင်းလဲရန် အလွန်ခက်ခဲလိမ့်မည်၊ မည်သည့် မျိုးနွယ်စုကမျှ သူတို့၏ အာဏာကို ကိုယ့်သဘောနှင့်ကိုယ် စွန့်လွှတ်ရန် ဆန္ဒမရှိကြပေ။

လူဟန် သားရဲလူသား လူမှုအဖွဲ့အစည်းကို နှိုင်းယှဉ်ချက်အရ အားနည်းသော ကြယ်စနစ် လူမှုအဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။ မျိုးနွယ်စုတိုင်းသည် ကိုလိုနီနယ်မြေ ဂြိုလ်အနည်းငယ်ကို အုပ်ချုပ်ကြပြီး သူတို့တွင် စုစုပေါင်း ဂြိုလ်တစ်ရာခန့်သာ ရှိကာ မတူညီသော နေရာများတွင် ပြန့်ကျဲနေသည်။

ကြယ်စနစ် တစ်ခုတွင် ပုံမှန်အားဖြင့် ကြယ်ဇုန် ၁၀ခုထက်ပို၍ ရှိသည်။ ဥပမာအားဖြင့် ဂိုဒိုရာကဲ့သို့ အင်အားကြီးသော ကြယ်စနစ် လူမှုအဖွဲ့အစည်းတစ်ခုသည် ကြယ်စနစ် တစ်ခုလုံးနှင့် ကြယ်ဇုန် အားလုံးကို အုပ်ချုပ်နိုင်စွမ်း ရှိသည်။ အခြားတစ်ဖက်တွင် အချို့သော ကြယ်စနစ်များ၌ ကြယ်စနစ် လူမှုအဖွဲ့အစည်း အများအပြား ရှိနေကြသည်။ သူတို့အားလုံးသည် အချို့သော ကြယ်ဇုန်များကို အုပ်ချုပ်ကြပြီး အရင်းအမြစ်များအတွက် တိုက်ခိုက်ကြသည်။ သဘာဝကျကျပင် ထိုကြယ်စနစ်များသည် နှိုင်းယှဉ်ပါက ပို၍အားနည်းကြသည်။

"ခင်ဗျားက ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စုကို လွတ်လပ်စေချင်တယ်၊ မဟာမိတ် လူမှုအဖွဲ့အစည်းကနေ ထွက်ခွာပြီး လူဟန် သားရဲလူသားတွေရဲ့ ဌာနခွဲတစ်ခုအနေနဲ့ တခြား ကြယ်စုတန်းတစ်ခုမှာ ဖွံ့ဖြိုးတိုးတက်ချင်တာလား။" ဟန်ရှောင်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်။" ဖာလီတာ အလျင်အမြန် သဘောတူလိုက်သည်။

"အဲဒါရဲ့ အကျိုးဆက်တွေကို ခင်ဗျား သိလား။ အကယ်၍ ခင်ဗျား အဲဒီလို လုပ်မယ်ဆိုရင် ခင်ဗျားရဲ့ လူမျိုးတွေ အများကြီးက ဆက်နေဖို့ ရွေးချယ်ကြပြီး ခင်ဗျားနဲ့အတူ ပြောင်းရွှေ့ကြမှာ မဟုတ်ဘူး။" ဟန်ရှောင်း သူ၏မျက်ခုံးများကို ပင့်လိုက်သည်။

"ကျုပ် အဲဒါကို ဖြေရှင်းလိုက်ပါ့မယ်။ တခြား မျိုးနွယ်စုတွေထဲမှာလည်း ကလင့်ကို မကျေမနပ် ဖြစ်နေတဲ့သူတွေ အများကြီး ရှိပါတယ်။" ဖာလီတာက နက်ရှိုင်းသော အသံဖြင့် ပြန်ပြောလိုက်သည်။

ထို့နောက် ဟန်ရှောင်း မေးခွန်းမေးခြင်းကို ရပ်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ကောင်းပြီ၊ ခင်ဗျား ဆုံးဖြတ်ချက်ချပြီးတဲ့အခါ ကျုပ်ကို ဘယ်အချိန်မဆို ဆက်သွယ်လိုက်ပါ။"

သူက ငွေကြေးနှင့် လဲလှယ်ပြီး အလုပ်လုပ်ဆောင်ရန်သာ ဂရုစိုက်သည်။ တစ်စုံတစ်ယောက်၏ မျိုးနွယ်စုသည် ထိုတစ်စုံတစ်ယောက်၏ တာဝန်သာ ဖြစ်လိမ့်မည်။ ဘလက်စတားစစ်တပ်၏ အရည်အချင်းဖြင့် မျိုးနွယ်စုတစ်ခု၏ ပြောင်းရွှေ့ခြင်းကို တာဝန်ယူရသည်မှာ ခက်ခဲသော အလုပ်မဟုတ်ပေ။

စကြဝဠာထဲတွင် လူမှုအဖွဲ့အစည်းတစ်ခု၏ အစိုးရက လွတ်လပ်ရေး ရယူရန် ကြိုးပမ်းခြင်းမှာ ရှားပါးသောအရာ မဟုတ်သဖြင့် သူ ဤကိစ္စအတွက် အံ့သြမနေပေ။

ဖာလီတာ အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။ ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်သည် အလွန်အန္တရာယ်များနိုင်သဖြင့် သူတို့ အစောင့်အရှောက်များ လိုအပ်သည်။ အစပိုင်းတွင် သူ တွန့်ဆုတ်နေ၏။ ဟာမွန်နှင့် ဘလက်စတား၏ ဆက်ဆံရေးကို မြင်လိုက်ရသောအခါ ဘလက်စတားစစ်တပ်က ဤအစီအစဉ်ကို အလုပ်ဖြစ်အောင် လုပ်ပေးနိုင်လိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

ပြောင်းရွှေ့ခြင်း ကိစ္စကို နောက်ထပ် ခေါင်းဆောင် ဟာမွန်နှင့် ဆွေးနွေးရမည်ဖြစ်သည်။ သို့သော်လည်း ဟာမွန်၏ ပင်ကိုယ်စရိုက်နှင့် အတွေ့အကြုံအရ သူသည်လည်း ကလင့်၏ လက်အောက်ခံ ဖြစ်ရန် ငြင်းဆန်လိမ့်မည်မှာ သေချာသလောက်ပင်။

သူတို့သည် ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စု၏ ဂြိုလ်သို့ ရောက်ရှိပြီး ဧည့်သည်များအဖြစ် သုံးရက်ကြာ နေထိုင်ခဲ့ကြသည်။ ထို့နောက် ဟန်ရှောင်းသည် ဟာမွန်ကို နှုတ်ဆက်ပြီး သွေးစွန်းကုန်းမြေသို့ ဆက်လက်ထွက်ခွာသွားသည်။

ဟာမွန် ခေါင်းဆောင်ဖြစ်ရန် သွားခဲ့သော်လည်း အကယ်၍ ကျောက်ဆောင်ပြိုလဲခြင်း မျိုးနွယ်စုက ပြောင်းရွှေ့ရန် ဆုံးဖြတ်ပါက အနာဂတ်တွင် သူတို့ တွေ့ဆုံရန် အခွင့်အရေး ရှိနေဦးမည်ဖြစ်သည်။

…

ဆယ်ရက် ကြာပြီးနောက် အပြာရောင် အလင်းတန်းထူထူကြီး တစ်ခု စကြဝဠာကို ဖြတ်သန်းသွားသည်။

ဟီဘာဂြိုလ်သည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။ အပြာရောင် အလင်းတန်း ရပ်တန့်သွားပြီး အာကာသယာဉ်တစ်စင်း ပေါ်လာကာ ဟီဘာဂြိုလ်ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းသွားသည်။ ဤအချိန်တွင် ဟီဘာဂြိုလ်ပေါ်သို့ ဆင်းသက်နေသော၊ ထွက်ခွာနေသော အာကာသယာဉ် အများအပြား ရှိနေပြီဖြစ်သည်။

"ငါ နောက်ဆုံးလာခဲ့တာ ဆယ်နှစ်ကျော်သွားပြီပဲ။" ဟီဘာဂြိုလ်ကို ကြည့်ရင်း ၎င်းမှာ ယခင်အသွင်အပြင်အတိုင်း ရှိနေဆဲပင်။ ဟန်ရှောင်း အေးမီစ်ဘက်သို့ လှည့်ကာ "ငါ ပြီးခဲ့တဲ့ အခေါက်တုန်းကလည်း မင်းနဲ့အတူ လာခဲ့တာ။"

"မင်း အဲဒီတုန်းက အများကြီး ပိုချစ်စရာကောင်းတယ်။" အေးမီစ် ပြုံးလိုက်သည်။

"အချိန်ကုန်တာ မြန်လိုက်တာ။" ဟန်ရှောင်း သက်ပြင်းချလိုက်ပြီး အာကာသယာဉ်ကို ဆင်းသက်ရန် ဖီးလစ်ကို ပြောလိုက်သည်။

ဤသည်မှာ သွေးစွန်းကုန်းမြေ၏ ရုံးချုပ်သို့ ဒုတိယအကြိမ် ခြေချခြင်းဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က သူသည် အေးမီစ်၏ နောက်လိုက် ဖြစ်ခဲ့သည်။ ယနေ့တွင် သူသည် ကွဲအက်ကြယ်စင်ကွင်း၏ ထိပ်ဆုံးတွင် ရပ်တည်နေသူ တစ်ဦးအဖြစ် တရားဝင် ဖိတ်ကြားချက်ကို လက်ခံရရှိထားသည်။

အာကာသယာဉ်သည် သူတို့၏ အထောက်အထားကို သတင်းပို့ပြီးပြီဖြစ်ကာ ညွှန်ကြားချက်များအတိုင်း ဆိပ်ကမ်းသို့ ဝင်ရောက်သွားသည်။ သင်္ဘော ဆင်းသက်လိုက်သည်နှင့် ဟီလာနှင့် ဘလက်စတား အစောင့်တပ်ဖွဲ့က ရှေ့မှ လမ်းပြပြီး အာကာသယာဉ်ပေါ်မှ ဦးစွာ ဆင်းလိုက်ကြသည်။ ထို့နောက် ဟန်ရှောင်းနှင့် အေးမီစ်တို့ ဆိပ်ကမ်းပေါ်သို့ ခြေချလိုက်ကြသည်။

သူတို့နှစ်ဦးစလုံး အနက်ရောင် ဝတ်ဆင်ထားကြသည်။ ဟန်ရှောင်းသည် ပုံမှန်အတိုင်း သူ၏ အနက်ရောင် လေကာအင်္ကျီကို ဝတ်ဆင်ထားပြီး ယန္တရား ပျံဝဲအစောင့်အရှောက် အနည်းငယ်က သူ့ပတ်ပတ်လည်တွင် နောက်ပြောင်ကျီစယ်စွာဖြင့် ကူးခတ်နေကြသည်။

အေးမီစ်သည် အရင်လိုပင် သူမ၏ ခါးမြင့် အနက်ရောင် ဂါဝန်ကို ဝတ်ဆင်ထားသည်။ ဂါဝန်သည် သူမ၏ ရှည်လျားပြီး လှပသော ခြေထောက်များကို ဖြည့်စွက်ပေးထားကာ သူမကို တော်ဝင်ဆန်ပြီး ခမ်းနားထည်ဝါစေသည်။

"လူကြီးမင်း ဘလက်စတား၊ လူကြီးမင်း နဂါးဧကရီ။"

ရှေ့ပြေးတပ်မှူး ဖော်စတာသည် သူတို့နှစ်ဦးကို ကြိုဆိုရန် ဆိပ်ကမ်းတွင် စောင့်နေသည်။ သူက တောင့်တင်းသော လေသံဖြင့် နှုတ်ဆက်လိုက်သည်။

"ဟေး၊ ဒါ ပြိုင်ဘက်ဟောင်းကြီး မဟုတ်ဘူးလား။" ဟန်ရှောင်း တဟားဟား ရယ်လိုက်သည်။ "စစ်ပွဲတုန်းက မင်း ငါ့ကို သတ်မယ်လို့ ပြောနေတာ ငါ မှတ်မိတယ်။ အခု ဘာလို့ အဲဒီလို မပြောတော့တာလဲ။"

ဖော်စတာသည် သူ၏သွားများကို တင်းတင်းကြိတ်ပြီး ဟန်ရှောင်းကို စိုက်ကြည့်လိုက်သော်လည်း သူ ပြန်မပြောရဲပေ။ ဤတစ်ကြိမ် သူ့ကို ဖိတ်ကြားခြင်းဖြင့် အာဏာရှင်က ဘလက်စတားနှင့် ငြိမ်းချမ်းရေးယူရန် ရည်ရွယ်ထားသည်မှာ ထင်ရှားပြီး ၎င်းက သွေးစွန်းကုန်းမြေ အရာရှိကို အမှန်တကယ်ပင် မကျေမနပ် ဖြစ်စေသည်။

သို့သော်လည်း ဤသည်မှာ ဟီဘာ၏ အမိန့်ဖြစ်ပြီး သူတို့ မလိုက်နာဘဲ မနေနိုင်ပေ။ သူတို့၏ ဒေါသကို မျိုချရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

"ကျေးဇူးပြုပြီး ကျုပ် နောက် လိုက်ခဲ့ပါ။" ဖော်စတာသည် သူ၏သွားကြားထဲမှ စကားလုံး တစ်လုံးချင်းစီကို ညှစ်ထုတ်လိုက်ပြီး လှည့်ထွက်သွားကာ ရှေ့မှ လမ်းပြလိုက်သည်။ ဟန်ရှောင်းကို ပြန်မပြောရန် ဆုံးဖြတ်လိုက်သည်။

ဒါကို မြင်လိုက်ရတော့ ဟန်ရှောင်း သူ့ကို နောက်ပြောင်ချင်စိတ် မရှိတော့ပေ။ သူ အေးမီစ်ဘေးတွင် လျှောက်သွားပြီး ဖော်စတာနောက်မှ ဧည့်သည် ရဲတိုက်ထဲသို့ လိုက်ပါသွားသည်။

သူ အာဏာရှင် ပါတီပွဲကို အရင်က တက်ရောက်ဖူးသဖြင့် လုပ်ထုံးလုပ်နည်းကို သူ သိသည်။ သူတို့သည် များသောအားဖြင့် ဧည့်သည် ရဲတိုက်တွင် ရက်အနည်းငယ် နေထိုင်ကြမည်ဖြစ်ပြီး အခြား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ကာ ဧည့်သည်များ အားလုံး ရောက်ရှိလာမည်ကို စောင့်ဆိုင်းရင်း သူတို့၏ ကွန်ရက်ကို တိုးချဲ့ကြမည်ဖြစ်သည်။ ထို့နောက် ပါတီပွဲ တရားဝင် စတင်ပေလိမ့်မည်။

နောက်မှ လိုက်ပါလာသော ကစားသမားများသည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။ ဤသည်မှာ သွေးစွန်းကုန်းမြေ ရုံးချုပ်သို့ သူတို့၏ ပထမဆုံး အကြိမ် ရောက်ရှိခြင်းဖြစ်သဖြင့် လန်းဆန်းသလို ခံစားနေကြရသည်။ ဟန်ရှောင်း၏ ရည်ရွယ်ချက်များက ဘာဖြစ်မလဲဟု သူတို့ တိတ်တဆိတ် တွေးတောနေကြသည်။ အာဏာရှင် ပါတီပွဲသည် ရာထူးမြင့်မားသူများအတွက် လှုပ်ရှားမှုတစ်ခု ဖြစ်သဖြင့် ကစားသမားများက ဤအကြောင်း လုံးဝ မသိကြပေ။

ငြိမ်းချမ်းစွာ လမ်းလျှောက်ပြီးနောက် သူတို့ ဧည့်သည် ရဲတိုက်သို့ ရောက်ရှိလာကြသည်။ အတွင်း၌ ကြီးမားသော အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် အများအပြား ရှိနေကြပြီဖြစ်သည်။ ဟန်ရှောင်းနှင့် အေးမီစ်ကို တွေ့လိုက်ရသဖြင့် သူတို့ အံ့သြသွားကြပြီး လေထုမှာ ထူးဆန်းသွားခဲ့သည်။

လူအများအပြားသည် သူတို့နှင့် စကားပြောရန် မစောင့်နိုင်တော့သည့် ပုံစံ ရှိနေကြသည်။

ဆင့်ကဲဖြစ်စဉ် ကုဗတုံး သူ၏လက်ထဲတွင် ရှိနေသဖြင့် လူတိုင်း ဟန်ရှောင်းနှင့် ရင်းနှီးချင်နေကြသည်။

ဟန်ရှောင်း ချက်ချင်း ဝင်မသွားဘဲ မေးလိုက်သည်။ "အာဏာရှင်က အခု ငါတို့ကို တွေ့ဖို့ အစီအစဉ် မရှိဘူးလား။"

"မသိဘူး၊ ကျုပ်ကို မမေးနဲ့။" ဖော်စတာက တောင့်တင်းသော လေသံဖြင့် ပြန်ပြောလိုက်သည်။

သူ လှည့်ထွက်သွားတော့မည့် အချိန်မှာပင် ရုတ်တရက် ရပ်တန့်လိုက်ပြီး ဟာဒါဗီကို ကြည့်လိုက်သည်။ "မင်းက အခု ဘလက်စတားစစ်တပ်ရဲ့ အဖွဲ့ဝင် ဖြစ်နေပြီပေါ့၊ ဟုတ်လား။"

"ဟမ်" ဟာဒါဗီက ဖော်စတာ သူ့ကို စကားပြောနေကြောင်း သတိပြုမိလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ငါ အခု ဘလက်စတား အစောင့်တပ်ဖွဲ့ဝင် ဖြစ်နေပြီ။ ဆက်ဆံမှုက တော်တော်ကောင်းတယ်။ မင်းရော လာချင်လား။"

ဖော်စတာ လှောင်ပြောင်ခံရသလို ခံစားလိုက်ရပြီး ဒေါသထွက်သွားသည်။

ဟာဒါဗီသည် တစ်ချိန်က သွေးစွန်းကုန်းမြေနှင့် အလုပ်လုပ်ခဲ့ဖူးသော်လည်း ဂျော့ဒ် သူ့ကို အသုံးပြုပြီးနောက် ပြီးဆုံးသွားခဲ့သည်။ ထို့နောက် သူ ဟန်ရှောင်းနှင့် ပူးပေါင်းခဲ့သည်။

သို့သော်လည်း ဖော်စတာ၏ မျက်လုံးထဲတွင် ဤအရာက ဟာဒါဗီသည် 'အမှောင်ထုထဲမှ အလင်းရောင်ထဲသို့ လမ်းလျှောက်ဝင်ရောက်သွားသလို' ခံစားနေရသည်။ သူ ဒေါသထွက်နေပြီးသားဖြစ်ကာ ယခု ပို၍ ဒေါသထွက်လာပြီး ပေါက်ကွဲပစ်ရန် လိုအပ်နေသည်။ "သွေးစွန်းကုန်းမြေ ရှေ့ပြေးတပ်မှူး အနေနဲ့ ငါ ဘလက်စတားစစ်တပ်ရဲ့ ဘလက်စတား အစောင့်တပ်ဖွဲ့ကို စိန်ခေါ်တယ်။ ဘယ်သူ ငါ့ကို တိုက်ရဲလဲ။"

ဖော်စတာ ပြောသည်ကို ကြားလိုက်ရသဖြင့် အေးမီစ်နှင့် ဟန်ရှောင်း၏ အမူအရာများ ထူးဆန်းသွားသည်။ သူတို့ တစ်ယောက်မျက်လုံး တစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးချင်း စကားပြောလိုက်သကဲ့သို့ တူညီသောအရာကို တွေးနေကြကြောင်း သတိပြုမိလိုက်ကြသည်။

ငါတို့ ဒါကို အရင်က မမြင်ဖူးဘူးလား။

ဒါက မင်း အဲဒီ သစ္စာဖောက် ကာရိုးလ်ကို စိန်ခေါ်တုန်းကနဲ့ မတူဘူးလား။

ဟန်ရှောင်း လက်လျော့လိုက်သည့်ပုံစံဖြင့် ပြုံးလိုက်သည်။

အတိတ်တုန်းက သူသည် အေးမီစ်အတွက် မျောလွင့်နဂါးကျွန်း၏ သစ္စာဖောက်ကို သင်ခန်းစာ ပေးခဲ့ဖူးသည်။ ယခု သွေးစွန်းကုန်းမြေ၏ အရာရှိများက မကျေမနပ်ဖြစ်ကာ သူ၏ အစောင့်တပ်ဖွဲ့ကို စိန်ခေါ်လိုသည့်ဘက် ဖြစ်လာသည်။ အခြေအနေတွေ ဘယ်လိုတောင် ပြောင်းလဲသွားလိုက်သလဲ။

ဖော်စတာသည် အာဏာရှင်အပေါ် သစ္စာရှိသည်။ ဟီဘာသည် အာဏာတည်ဆောက်ရာတွင် ကျရှုံးခဲ့သဖြင့် ဖော်စတာသည် ဂုဏ်သိက္ခာ အချို့ကို ပြန်လည်ရယူရန် ကြိုးစားလိုသည်။ ထို့ကြောင့် သူက ဟန်ရှောင်း၏ အရာရှိများကို ပစ်မှတ်ထားခဲ့သည်။ ဟန်ရှောင်းသည် ဖိတ်ကြားထားသော ဧည့်သည်ဖြစ်သော်လည်း နှစ်ဖက်စလုံး၏ ဆက်ဆံရေးမှာ ထူးဆန်းနေသည်။ သွေးစွန်းကုန်းမြေ၏ အဆင့်မြင့် တိုက်ပွဲဝင်အင်အား ဂဏန်းသုံးလုံးထက်မနည်း သတ်ဖြတ်ခဲ့သော ရန်သူတစ်ဦးအား ဖော်ရွေမှုပြသရန် သူ ဆန္ဒမရှိပေ။

၎င်းမှာ တရားမျှတသော စိန်ခေါ်မှုဖြစ်သဖြင့် အဆင့် အေ အထက်ဆင့် တစ်ဦးအတွက်ပင် တားဆီးရန် ခက်ခဲလိမ့်မည်။ ထို့ပြင် လွန်ခဲ့သော ဆယ်နှစ်ကျော်က ဟန်ရှောင်း ကာရိုးလ်ကို စိန်ခေါ်ခဲ့စဉ်က သွေးစွန်းကုန်းမြေက တားဆီးခဲ့ခြင်း မရှိပေ။

မိုးချိန်းသံကဲ့သို့ သူ၏အသံသည် ခန်းမထဲရှိ ကိုယ်စားလှယ် အသီးသီး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်သည်။

ဟီလာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ရှေ့သို့ တက်လိုက်သည်။ "ငါတို့ ဘယ်မှာ တိုက်ကြမလဲ။"

"မင်းက ဘယ်သူလဲ။"

"ဘလက်စတား အစောင့်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်၊ ဟီလာ"

ဖော်စတာ၏ မျက်လုံးများထဲတွင် လူသတ်လိုသော ရည်ရွယ်ချက် တစ်ချက် လက်သွားသည်။ သူ စကားပြောတော့မည့် အချိန်မှာပင် အရိပ်တစ်ခုက သူ့ကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။ နက်ရှိုင်းသော အသံတစ်ခု သူ့နောက်မှ ထွက်ပေါ်လာသည်။

"နောက်ဆုတ်လိုက်။"

လူအုပ်ကြီး မော့ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာ ပြောင်းလဲသွားသည်။ အာဏာရှင် ဟီဘာ ဖြစ်သည်။

စိန်ခေါ်မှုကို ရပ်တန့်ရန် ဟီဘာ အမိန့်ပေးသည်ကို ကြားလိုက်ရသဖြင့် ဖော်စတာ အံကြိတ်လိုက်ပြီး လှည့်ထွက်သွားကာ လူတိုင်း၏ မြင်ကွင်းမှ အလျင်အမြန် ပျောက်ကွယ်သွားသည်။

ဟီလာလည်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ဟန်ရှောင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး တောင်တစ်လုံးကဲ့သို့ မြင့်မားသော ဟီဘာကို မော့ကြည့်လိုက်သည်။ ဟီဘာသည် ခံစားချက်မဲ့သော မျက်နှာဖြင့် သူ့ကို ငုံ့ကြည့်နေသည်။

ပတ်ဝန်းကျင်ရှိ လေထုမှာ လေးလံလာပုံရသည်။ အေးမီစ်မှလွဲ၍ ခန်းမထဲရှိ လူတိုင်း အသက်ရှူရ ခက်ခဲသလို ခံစားနေကြရသည်။

လေထုမှာ ပိုမိုတင်းမာလာစဉ် ဟီဘာ ရုတ်တရက် စကားပြောလိုက်ပြီး တင်းကျပ်နေသော လေထုကို ဖြိုခွင်းလိုက်သည်။

"ဘလက်စတား၊ နဂါးဧကရီ၊ ငါ့နောက်လိုက်ခဲ့။ ငါတို့ အဆင့် အေ အထက်ဆင့် ငါးယောက်ကြားမှာ စကားပြောကြရအောင်။"

ထို့နောက် သူ လှည့်ထွက်သွားပြီး သူ၏ နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။

အနာဂတ်တွင် သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး မည်သို့ ဆက်ဆံကြမည်ကို ဤတစ်ကြိမ်တွင် ဆုံးဖြတ်တော့မည့်ပုံ ပေါ်သည်။ တွန့်ဆုတ်ခြင်းမရှိဘဲ ဟန်ရှောင်းသည် ဟီလာနှင့် အခြားသူများကို ဧည့်ခန်းတွင် အနားယူရန် ပြောလိုက်ပြီး သူက ဟီဘာနောက်မှ နန်းတော်ထဲသို့ လိုက်ပါသွားသည်။

"ငါးယောက်လုံးလား။"

သူမ၏မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခုနှင့်အတူ အေးမီစ်သည်လည်း သူ့နောက်မှ နန်းတော်ထဲသို့ လိုက်ပါသွားသည်။

All Chapters