← Chapters

ပျောက်ကွယ်သွားခြင်း

Vol. 5 Ch. 54

ပျောက်ကွယ်သွားခြင်း

Vol. 5 Ch. 54

ချင်ရှီးရှီးသည် အလောင်းပြင်သူအဖြစ် အလုပ်လုပ်နေသော်လည်း ရှေးဟောင်းစာပေများကို အံ့ဩစရာ ကောင်းလောက်အောင် ကျွမ်းကျင်လေသည်။ လီရွှယ်က ဝမ်ရှောက်ထျန်းကို ပေးခဲ့သော စာအုပ်ထဲ တွင် ခက်ခဲနက်နဲသည့် ရှေးဟောင်းစာသားများသာ ပါရှိသော်လည်း ချင်ရှီးရှီးက အရာအားလုံးကို အဓိပ္ပာယ်ဖော်ပေးနိုင်ခဲ့သည်။

"ဒီမှာ ရေးထားတာကတော့... မကောင်းဆိုးဝါး ယင်စွမ်းအင်တွေရဲ့ လွှမ်းမိုးမှုကြောင့် ဝိညာဉ်ဟာ ခန္ဓာကိုယ်အပြင်ဘက်ကို ရောက်သွားရတာတဲ့။ ဝိညာဉ်နဲ့ ခန္ဓာကိုယ် ပြန်ပေါင်းစည်းဖို့ဆိုရင် အဲဒီ ယင်စွမ်းအင်တွေကို အရင်ဆုံး မောင်းထုတ်ရမယ်။ ပြီးတော့မှ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်သွင်း လို့ရမယ်တဲ့….။"

ဝမ်ရှောက်ထျန်း မျက်မှောင်ကြုတ်လိုက်သည်။ စာအုပ်ထဲတွင် ဖတ်ရသည်မှာ လွယ်ကူသော်လည်း လက်တွေ့တွင် မည်သို့လုပ်ရမည်ကိုမူ လုံးဝ ဖော်ပြမထားပေ။

"ဒါက စာမေးပွဲနီးမှ ကမန်းကတန်း စာကျက်နေသလိုပဲ။ ဒါပေမဲ့ ငါ့ လို ခေါင်းမာတဲ့လူအတွက်တော့ အခုလို အရေးပေါ်ကျက်တာလည်း ဘာမှ အကူအညီဖြစ်မှာ မဟုတ်ဘူး…။"

ဝမ်ရှောက်ထျန်း အသည်းအသန် စဉ်းစားပြီးနောက် ရုတ်တရက် အကြံတစ်ခု ရလာသည်။

"ဒီလိုကိစ္စမျိုးဆိုရင်တော့ ကျွမ်းကျင်သူကို ရှာမှဖြစ်မယ်။ မင်း ကို ကယ်နိုင်မဲ့သူဆီ အခုပဲ ငါ ခေါ်သွား မယ်….။"

သူ လီရွှယ်ကို သတိရလိုက်သည်။ လီရွှယ်သည် မိတ်ဆွေလား၊ ရန်သူလား မသေချာသော်လည်း သူမ ၏ လတ်တလော လုပ်ရပ်များကို ကြည့်ရလျှင် သူမထံ အကူအညီတောင်းပါက ငြင်းမည်မဟုတ်ဟု ယူဆမိသည်။

"ငါ့ နားမှာပဲ ကပ်နေနော်….။"

ဝမ်ရှောက်ထျန်း ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် စားပွဲဆီသို့ သွားကာ ချင်ရှီးရှီး၏ ခန္ဓာကိုယ်ကို ပွေ့ချီ လိုက်သည်။ သူမ၏ ဝိညာဉ်ကိုလည်း နားမှာပဲ ကပ်နေရန် မှာကြားလိုက်သည်။

ဝမ်ရှောက်ထျန်း ရုံးခန်းထဲမှ ထွက်လာစဉ် ထိပ်ပြောင်ပြောင်နှင့် လူလတ်ပိုင်းအမျိုးသားနှင့် ထိပ်တိုက် တိုးလေသည်။ ထိုသူသည် ဆေးလိပ်ကို ပါးစပ်တွင် ခဲထားရင်း ဝမ်ရှောက်ထျန်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"မင်း ဘယ်သူ့ကို ချီထားတာလဲ….။"

"အဟမ်း... အစ်ကို... ငါ ရှင်းပြပါရစေ၊ အဲဒါက ဒီလိုရှိပါတယ်..."

ဝမ်ရှောက်ထျန်း စကားမဆုံးခင်မှာပင် ထိုလူက ဆေးလိပ်ကို မြေကြီးပေါ် ထွေးချကာ ခြေထောက်နှင့် နင်းခြေလိုက်ပြီး ဒေါသတကြီး ပြောတော့သည်။

"မင်း လူကောင်းမဟုတ်တာ ငါ သိသားပဲ…။ချင်ရှီးရှီး ပြောပြောနေတဲ့ 'လူမပီသတဲ့ လူရှုပ်' ဆိုတာ မင်း ပဲ ဖြစ်ရမယ်…။ အခုချက်ချင်း ချင်ရှီးရှီးကို ပြန်ချထားစမ်း၊ မဟုတ်ရင်တော့ မင်း ဒီနေရာကနေ ကောင်း ကောင်းမွန်မွန် ပြန်ရမှာ မဟုတ်ဘူး…။"

ဝမ်ရှောက်ထျန်း ငိုချင်စိတ်ပင် ပေါက်သွားသည်။ သူက လူကယ်ဖို့ လာခြင်းဖြစ်ကြောင်း ဤလူကို မည်သို့ ရှင်းပြရပါမည်နည်း။

"ချင်ရှီးရှီးကို မချဘူးလား…..၊ အေး…ဒါဆိုရင်တော့ မင်း နဲ့ ငါ အသေအကြေပဲ….။"

ဟု ထိုလူက အံကြိတ်ကာ ရှေ့တိုးလာသော်လည်း တုန်ရီနေသော ခြေထောက်များက သူ ကြောက်နေ သည်ကို ဖော်ပြနေသည်။

ဝမ်ရှောက်ထျန်း အလွန် အလျင်လိုနေသည်။ အကယ်၍ မိုးမလင်းခင် ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်၍ မသွင်းနိုင်ပါက ချင်ရှီးရှီး သေဆုံးသွားပေလိမ့်မည်။

"လမ်းဖယ်စမ်း…၊လာမရှုပ်နဲ့….။"

ဟုပြောကာ ဝမ်ရှောက်ထျန်းက အိတ်ထဲမှ ဓားမြှောင်အသေးလေးကို ထုတ်ကာ ခြိမ်းခြောက်လိုက် သည်။

ထိုလူမှာ ဟန်လုပ်နေခြင်းသာ ဖြစ်ကြောင်း သူ ရိပ်မိသည်။ ချင်ရှီးရှီးအပေါ် သစ္စာရှိသည့် လုပ်ဖော် ကိုင်ဖက်တစ်ဦး ဖြစ်သဖြင့် ကျေးဇူးတင်သင့်သော်လည်း ယခုမှာ ထိုသို့လုပ်နေရန် အချိန်မဟုတ်ပေ။ အခြေအနေအရ သူ ကြမ်းပြမှ ရတော့မည်။

ဝမ်ရှောက်ထျန်း ဓားထုတ်လိုက်သည်ကို မြင်သောအခါ ထိုလူ မျက်လုံးအပြူးသားနှင့် ထိတ်လန့်သွား သည်။ သူက အသံတုန်တုန်နှင့်

"မင်း... အခုချက်ချင်း ဓားကို ချလိုက်စမ်း.ဒါက ဥပဒေရှိတဲ့ လူ့အဖွဲ့အစည်းပဲ… ငါ ရဲခေါ်လိုက်မှာနော်..။"

"ဒါ ချင်ရှီးရှီးနဲ့ ငါ့ ကြားက ကိစ္စ၊ လာမစွက်ဖက်နဲ့။ မင်း ဘယ်မှာ အလုပ်လုပ်တယ်ဆိုတာ ငါ သိတယ်။ အတင်းဝင်ပါနေရင်တော့ ငါ့ ကို မကောင်းဘူးလို့ မပြောနဲ့တော့"

ဝမ်ရှောက်ထျန်းက လူမိုက်ပုံစံဖမ်းကာ ခြိမ်းခြောက်လိုက်သည်။

သူသည် ငယ်စဉ်ကတည်းက ရိုးသားသူဖြစ်ပြီး မည်သူ့ကိုမျှ မနိုင်ကျင့်ဖူးပေ။ အခုတော့ အခြေအနေက အတင်းအကျပ် တွန်းအားပေးလာသဖြင့်သာ လူကြမ်းဟန် ဆောင်လိုက်ရခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ထိုလူမှာ ကြောက်လွန်းသဖြင့် တုန်ယင်နေပြီး ဝမ်ရှောက်ထျန်း၏ အားနည်းချက်ကို စဉ်းစားရန် ဦးနှောက်မရှိတော့ပေ။ ပါးစပ်ကသာ ခွင့်မပြုဘူးဟု ပြောနေသော်လည်း ခြေလှမ်းများက တော့ ဘေးသို့ အလိုလို ဖယ်ပေးလိုက်ပြီ ဖြစ်သည်။

ဝမ်ရှောက်ထျန်းသည် ချင်ရှီးရှီးကို ကျောပိုးကာ အပြင်သို့ ပြေးထွက်ခဲ့သည်။ သူ၏ လျှပ်စစ်စကူတာ ပေါ်သို့ သူမကို တင်ကာ လီရွှယ်ထံ သွားရန် ပြင်လိုက်စဉ်မှ တစ်ခုခု မှားနေသည်ကို သတိထားမိသွား သည်။

ချင်ရှီးရှီး၏ ဝိညာဉ် ဘယ်ရောက်သွားသနည်း။

"ချင်ရှီးရှီး... မင်း ဘယ်မှာလဲ….။"

ဟု ဝမ်ရှောက်ထျန်း အော်ဟစ်လိုက်သည်။

အဆောက်အအုံ ပြတင်းပေါက်မှ ကြည့်နေသော ထိပ်ပြောင်လူကြီးက အော်ပြောလိုက်သည်။

"မင်း ရူးနေတာလား၊ ချင်ရှီးရှီးက မင်း ဆိုင်ကယ်ပေါ်မှာ မဟုတ်ဘူးလား…။"

ဝမ်ရှောက်ထျန်း မျက်လုံးပင့်ကြည်လိုက်သည်။ ဤလူကို ရှင်းပြနေ၍လည်း ထူးမည်မဟုတ်သဖြင့် မီးသင်္ဂြိုဟ်စက် အဝင်ဝသို့ ပြေးသွားလိုက်သည်။ ကံကောင်းထောက်မစွာ တက္ကစီတစ်စီး ရှိနေဆဲဖြစ်၍ ချင်ရှီးရှီးကို နောက်ခန်းသို့ အမြန်တင်လိုက်သည်။

"အစ်ကို... ငါ့ ရည်းစားက အလုပ်လုပ်တာ များသွားလို့ အိပ်ပျော်သွားတာပါ။ သူ့ကို နီးစပ်ရာဆေးရုံကို အမြန်ပို့ပေးပါ ဆရာဝန်ကို ဂလူးကို့စ် သွင်းပေးဖို့ ပြောပေးပါဦး"

ဟု မှာကြားကာ လွှတ်လိုက်သည်။

တက္ကစီဆရာက အလွန် သဘောကောင်းလှသည်။

"ဒီကောင်မလေးက တော်တော် အပင်ပန်းခံတာပဲ။ စိတ်မပူပါနဲ့… ငါ သူမကို ဆေးရုံ ရောက်အောင် အန္တရာယ်ကင်းကင်း ပို့ပေးပါ့မယ်"

တက္ကစီ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဝမ်ရှောက်ထျန်း စိတ်ကို တင်းကာ အဆောက်အအုံထဲ ပြန်ဝင်ခဲ့သည်။ ချင်ရှီးရှီး၏ ဝိညာဉ် ပျောက်ဆုံးသွားသည်မှာ သေချာလှသည်။ သူမသည် သူ့နောက်ကို လိုက်ရင်း လမ်းပျောက်သွားခြင်း ဖြစ်နိုင်သဖြင့် ရုံးခန်းရှိရာတိုက် ထဲမှာသာ ပြန်ရှာကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။

အဆောက်အအုံထဲတွင် အေးစက်သော လေများ တိုက်ခတ်နေသဖြင့် ဝမ်ရှောက်ထျန်း တစ်ကိုယ်လုံး တုန်ယင်ကာ သွားများပင် ရိုက်ခတ်နေတော့သည်။

သူ လှေကားပေါ် တက်လာစဉ် တစ်စုံတစ်ခုကို ခလုတ်တိုက်မိလိုက်သဖြင့် ဟန်ချက်ပျက်ကာ မှောက် လျက်လဲကျသွားပြီး နှုတ်ခမ်းပင် ဖူးယောင်သွားသည်။

နာကျင်မှုကြောင့် ကြောက်စိတ် အနည်းငယ် လျော့သွားကာ သူ အမြန်ပြန်ထလိုက်သည်။ သူ၏ ခြေရင်း ကို ငုံ့ကြည့်လိုက်မိရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဝိညာဉ်ပင် လွင့်မတတ် ထိတ်လန့်သွားသည်။

သူ့ကို ခလုတ်တိုက်မိအောင် လုပ်လိုက်သောအရာမှာ လှေကားဘေးမှ ထွက်လာသော ပုပ်သိုးနေသည့် လက်တစ်ဖက် ဖြစ်သည်။ ထိုလက်တွင် လောက်ကောင်များ တွားသွားနေပြီး အခြားတစ်ဖက်မှာ လှေကားကြားမှ တွဲလောင်းကျနေသည်။

ဝမ်ရှောက်ထျန်း တုန်တုန်ရင်ရင်နှင့် တံတွေးမျိုချလိုက်သည်။ သူ သတ္တိမွေးကာ လှေကားကြားမှ ထို လက်၏ ပိုင်ရှင်ကို ငုံ့ကြည့်လိုက်ရာ ပုပ်သိုးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ မည်သူ မည်ဝါမှန်း ခွဲခြား၍ မရနိုင်လောက်အောင် ပုပ်ပွနေပြီ ဖြစ်သည်။

"တောက်! ဒါ ဘယ်လို ငရဲခန်းလဲ"

ဝမ်ရှောက်ထျန်း သွားကြိတ်ကာ ပြောလိုက်မိသည်။ ဤနန်ရှန်မီးသင်္ဂြိုဟ်စက်သည် ထူးဆန်းပြီး ခြောက် ခြားဖွယ်ရာ ဝိညာဉ်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"ချင်ရှီးရှီး... ချင်ရှီးရှီး... မင်း ဘယ်မှာလဲ…"

ဝမ်ရှောက်ထျန်း၏ အသံမှာ တုန်ယင်နေပြီး ချင်ရှီးရှီး၏ နာမည်ကို အထပ်ထပ် အော်ခေါ်နေသော်လည်း ပြန်ထူးသံမကြားရပေ။

ခြောက်ခြားဖွယ်ရာ အဆောက်အအုံကြီးထဲတွင် ဝမ်ရှောက်ထျန်း၏ အသံမှာ ပဲ့တင်ထပ်နေသည်။ ရုတ်တရက် ထိုထိပ်ပြောင်နှင့်လူက လှေကားထိပ်တွင် ပေါ်လာပြီး အော်ဟစ်တော့သည်။

"မင်း တကယ်ကို ရူးနေတာပဲ…။ချင်ရှီးရှီးကို မင်းခေါ်သွားပြီ မဟုတ်ဘူးလား။ ညကြီးမင်းကြီး ဘာတွေ လာအော်နေတာလဲ၊ မင်း ကို ငါ ရိုက်သတ်လိုက်ရမလား…။"

"အစ်ကိုကြီး မင်း နဲ့ မဆိုင်တဲ့ကိစ္စကို ဝင်မပါပါနဲ့…။"

ဟု ဝမ်ရှောက်ထျန်းက ငိုသံပါကြီးဖြင့် ပြောလိုက်သည်။

ထိုလူကတော့ တကယ်ကို ဒေါသထွက်နေပြီဖြစ်သည်။ သူက အင်္ကျီလက်ကို မတင်ကာ တုတ်တစ် ချောင်းကို ဆွဲပြီး လှေကားပေါ်က ပြေးဆင်းလာသည်။

"ဒီနေ့ မင်း ကို ပညာမပေးလိုက်ရင် ငါ့ ကို အထင်သေးနေဦးမယ်!"

ချင်ရှီးရှီးကို ခေါ်သွားသည်က တစ်ကြောင်း။ အခု အဆောက်အအုံထဲမှာ လာအော်နေသည်က တစ်ကြောင်း။ ဤသညက် သူ့အား တမင် လာစိန်ခေါ်နေခြင်းဟု သူ ယူဆလိုက်သည်။

ထိုလူ လက်ထဲမှ သံတုတ်ကို မြင်သောအခါ ဝမ်ရှောက်ထျန်း အမြန်ပြောလိုက်ရသည်။

"အစ်ကိုကြီး…အထင်လွဲနေတာပါ။ ကျွန်တော် ရှင်းပြမယ်…။ စောစောက တက္ကစီပေါ် တင်ပေးလိုက် တာက ချင်ရှီးရှီးရဲ့ ခန္ဓာကိုယ်ပဲ။ သူမရဲ့ ဝိညာဉ်က ပျောက်နေလို့….။"

ထိုလူ အသက်ရှူမှားသွားရသည်။ မီးသင်္ဂြိုဟ်စက်မှာ အလုပ်လုပ်သူဖြစ်သဖြင့် သူလည်း အချို့အရာ များကို ကြားဖူးနားဝ ရှိပေသည်။

"ဘာ... ချင်ရှီးရှီးရဲ့ ဝိညာဉ် ပျောက်နေတာ ဟုတ်လား။ မင်း က တာအိုဘုန်းကြီးလား….။"

ဝမ်ရှောက်ထျန်း အမြန်ခေါင်းခါပြပြီး ရှင်းပြလိုက်သည်။

"မဟုတ်ဘူး... ကျွန်တော်က အစားအသောက်ပို့တဲ့သူပါ။ ဒါပေမဲ့ ကျွန်တော့ မျက်လုံးက အချို့အရာတွေ ကို မြင်နိုင်တယ်။ အမှန်အတိုင်း ပြောရရင် ခုနလေးတင် ချင်ရှီးရှီးရဲ့ ဝိညာဉ်က ကျွန်တော့ အနားမှာ ရှိ နေခဲ့သေးတာ…."

All Chapters