တစ္ဆေ လက်ထပ်ပွဲအတွက် အပြင်ဆင်
Vol. 5 Ch. 55
ဝမ်ရှောက်ထျန်းသည် ထိုထိပ်ပြောင်လူကြီးသည် သူ့အား ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ် စေ ဂရုမစိုက်နိုင်တော့ပေ။ သူသည် ထိုသူနှင့် အမှန်တကယ် မတိုက်ခိုက်ချင်ပါ။ အကြောင်းမှာ သူ၏ လက်ထဲတွင် ပန်းသီးစိပ်ရုံသာ သုံးနိုင်သော လက်ဖဝါးခန့် ဓားအသေးလေးသာ ရှိသောကြောင့် ဖြစ်သည် ။ ၎င်းမှာလည်း သစ်သီးဝယ်စားရန် ပိုက်ဆံမရှိသဖြင့် မသုံးဖြစ်ဘဲ သံချေးပင် တက်နေပြီဖြစ်သည်။
ထိုဓားလေးသည် ထိပ်ပြောင်လူကြီး ကိုင်ထားသော တစ်မီတာကျော်ရှည်သည့် သံတုတ်ကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။ ထိုသံတုတ်နှင့်သာ အရိုက်ခံရလျှင် သူ အကြီးအကျယ် ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် သူ အမှန်အတိုင်းသာ ပြောလိုက်ခြင်း ဖြစ်သည်။
ဝမ်ရှောက်ထျန်း အံ့သြသွားသည်မှာ ထိုလူက သူ့အား ဆက်မမေးတော့ဘဲ သံတုတ်ကို ပြန်သိမ်းလိုက် ခြင်းပင်။
"ဒီလိုကိုး။ ငါ က ချင်ရှီးရှီးနောက်ကို တကောက်ကောက်လိုက် နှောင့်ယှက်နေတဲ့ ကောင်စုတ်လေး မှတ် လို့။ အထင်လွဲသွားတာပဲ….။"
ချောင်ကျိဖိန် သည် ဝမ်ရှောက်ထျန်းကို လောကပတ်ဝန်းကျင်မှ ခေတ္တအနားယူနေသည့် ပညာရှင် တစ်ဦး ကဲ့သို့ ကြည့်လိုက်သည်။ ဝမ်ရှောက်ထျန်းမှာ အပြင်စာပို့သမားဟု ထင်ရသော်လည်း အမှန်တကယ်တွင် သရဲမြင်နိုင်သည့် ထူးခြားသော နောက်ခံအကြောင်းအရင်း ရှိရမည်ဟု သူ ယူဆလိုက်သည်။
"ညီလေး... ငါ့ မျိုးရိုးက ချောင် ဖြစ်ပေမဲ့ လူတွေကတော့ အစ်ကိုချောင် လို့ပဲ ခေါ်ကြတယ်။ အမှန်တိုင်း ပြောရရင် ဒီမီးသင်္ဂြိုဟ်စက်မှာ ဘာမဆို ဖြစ်နိုင်တယ်ကွ….။"
ဝမ်ရှောက်ထျန်း ချက်ချင်းပင် အားတက်သွားပြီး ပြောလိုက်သည်။
"အစ်ကိုချောင်... ဒါဆို ကျွန်တော့ ကို ယုံတာပေါ့၊ တော်သေးတာပေါ့….။အစ်ကို ကျွန်တော့်ကို ကူညီမှ ဖြစ်မယ်။ မိုးမလင်းခင် ချင်ရှီးရှီးရဲ့ ဝိညာဉ်ကို ပြန်ရှာတွေ့မှ ဖြစ်မှာ မဟုတ်ရင် သူ သေသွားလိမ့်မယ်…။"
"ငါ ဘယ်လို ကူညီပေးရမလဲ….။"
ချောင်ကျိဖိန်သည် ကူညီရန် အသင့်ဖြစ်နေသည်။ သူသည် ဤ မီးသင်္ဂြိုဟ်စက်တွင် အလုပ်လုပ်နိုင်ခြင်း မှာ သူ၏ ဇာတာအရ ယန်စွမ်းအင် အလွန်မြင့်မားသောကြောင့် ဖြစ်သည်။ သူသည် တစ်ခါမျှ မကြောက် ဖူးသလို သရဲသဘက်များကိုလည်း မြင်ဖူးသူ မဟုတ်ပေ။ အလုပ်အတူတူလုပ်သော လုပ်ဖော်ကိုင်ဖက် များက ထူးဆန်းသော အဖြစ်အပျက်များအကြောင်း ပြောနေကြသော်လည်း သူကိုယ်တိုင်မှာမူ သရဲ တစ်ကောင်မျှ မမြင်ခဲ့ဖူးခြင်းမရှိပေ။
"အစ်ကိုချောင်... အစ်ကို့ ရဲ့ ဇာတာက ကောင်းတယ်ယန်စွမ်းအင်လည်း ပြည့်ဝတယ်။ ကျွန်တော့် နဲ့အတူ တစ်နေရာကို လိုက်ခဲ့ပေးပါလား…။"
ဤအဆောက်အအုံအတွင်း ချင်ရှီးရှီး၏ ဝိညာဉ်ကို ရှာရန်မှာ အလွန်ခက်ခဲမည်ကို ဝမ်ရှောက်ထျန်း ရိပ်မိလိုက်သည်။ တစ်စုံတစ်ခုက နှောင့်ယှက်နေသည်ဟုလည်း သူ သံသယဝင်မိသည်။ ထို့ကြောင့် အဘိုးယွမ် ပြောခဲ့သော ပစ္စည်းကို အရင်ရှာရန် သုသာန်သို့ သွားဖို့ ဆုံးဖြတ်လိုက်သည်။
လီရွှယ် ပေးခဲ့သော စာအုပ်မှာ အခြေခံမျှသာဖြစ်ပြီး ချက်ချင်း အသုံးချ၍ မရနိုင်သေးသည့်အပြင် လေ့လာရန်လည်း အချိန်မရှိပေ။
"ရပါတယ်…ပြဿနာမရှိဘူး။"
ချောင်ကျိဖိန် ဘေးတွင် ရှိနေသဖြင့် ဝမ်ရှောက်ထျန်း စိတ်အေးသွားရသည်။ နောက်ပိုင်းတွင် သရဲများနှင့် ခဏခဏ တွေ့နေရခြင်းမှာ အပြင်စာပို့ဆိုင်ကြောင့် သူ၏ ယန်စွမ်းအင် အားနည်းလာပြီး သရဲများအား ဆွဲဆောင်သလို ဖြစ်နေသည်ဟု သူ သံသယဝင်နေမိသည်။
အဘိုးယွမ် ပြောသော သုသာန်အနောက်ဘက်စွန်းသို့ ရောက်ရန် တောအုပ်ငယ်တစ်ခုကို ဖြတ်ကျော် ရမည်။ တောအုပ်ထဲ ရောက်သည်နှင့် လရောင်အောက်တွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို ဝမ်ရှောက်ထျန်း တွေ့လိုက်ရသည်။
"ချင်ရှီးရှီး!"
ထိုပုံရိပ်မှာ ချင်ရှီးရှီးဖြစ်ကြောင်း သူ ကောင်းကောင်း သိလိုက်သည်။
"ဟေး... မင်း ဘယ်တွေ သွားနေတာလဲ။ ငါ့ နားမှာပဲ ကပ်နေပါလို့ မှာထားတယ် မဟုတ်ဘူးလား…။"
ဝမ်ရှောက်ထျန်း သူမနားသို့ အပြေးသွား၍ လှမ်းပုတ်ရန် လုပ်ပြီးမှ သူမသည် ဝိညာဉ်ဖြစ်နေသည်ကို သတိရကာ ဘေးမှ ပတ်လျှောက်လိုက်သည်။
ချင်ရှီးရှီး၏ အနီးသို့ ရောက်သောအခါ ဝမ်ရှောက်ထျန်း လန့်သွားရသည်။ ခုနလေးတင် ပုံမှန်ရှိနေသော ချင်ရှီးရှီးသည် ယခုမူ မျက်နှာတွင် မိတ်ကပ်များ အထူကြီး လိမ်းထားပြီး မျက်လုံးများမှာလည်း အသက် မဲ့နေသည်။
"ညီလေး... မင်းဘာမြင်နေရလို့လဲ….။"
ချောင်ကျိဖိန်သည် အလွန် သိချင်စိတ် ပြင်းပြနေပြီး ဝမ်ရှောက်ထျန်း ကြည့်နေသည့်ဘက်ကို လိုက်ကြည့် သော်လည်း ဘာကိုမျှ မမြင်ရပေ။
"အဲ့ဒါ ချင်ရှီးရှီးလား…..။ သူ ဘယ်မှာလဲ….။"
ဝမ်ရှောက်ထျန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ငါ့ ရှေ့တည့်တည့်မှာလေ…။"
"ငါ ရော သူ့ကို မြင်ရအောင် လုပ်လို့ရမလား…။"
ဟု ချောင်ကျိဖိန်က မေးလိုက်သည်။ သူသည် ထိုဒဏ္ဍာရီလာ သရဲများကို မြင်ချင်ဇောဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေသည်။
ချင်ရှီးရှီး၏ ဝိညာဉ်မှာ တောင့်တောင့်ကြီး ရပ်နေပြီး သူမ၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသော်လည်း မျက်လုံးထဲတွင်မူ ကြောက်ရွံ့မှုနှင့်အတူ အသက်ရှင်လိုစိတ်များ ရောယှက်ကာ လှုပ်ခတ်နေသည်ကို မြင်နေရသည်။
"မင်း စကားပြောလို့မရတော့ဘူးလား…။"
ဝမ်ရှောက်ထျန်း စိုးရိမ်တကြီး မေးလိုက်သည်။
ဝမ်ရှောက်ထျန်း စိတ်ပူနေချိန်တွင် ချောင်ကျိဖိန်က ဘေးမှ ဆွေ့ဆွေ့ခုန်နေသဖြင့် သူ ပို၍ စိတ်တိုလာ သည်။သူ၏ ထိပ်ပြောင်ပြောင်ကြီးမှာ ဆီပြန်နေပြီး ကြက်ဥပြုတ်ကြီးနှင့် တူနေသဖြင့် ဝမ်ရှောက်ထျန်း ပို၍ပင် စိတ်မရှည် ဖြစ်လာသည်။
"ငါ့ ကို မြင်ရအောင် လုပ်ပေးပါဦး…."
ချောင်ကျိဖိန် ၏ နှောင့်ယှက်မှုကြောင့် ဝမ်ရှောက်ထျန်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အနားရှိ မိုးမခပင်မှ သစ်ရွက်တစ်ရွက်ကို ခပ်ပေါ့ပေါ့ပင် ဆွဲယူလိုက်ပြီးချောင်ကျိဖိန်ကို ပြောလိုက်သည်။
"သရဲမြင်ရမယ့် နည်းလမ်းတွေတော့ ရှိတယ်၊ ဒါပေမဲ့ ခင်ဗျား တကယ်ပဲ မြင်ချင်တာ သေချာလား…။"
မိုးမခရွက်နှင့် မျက်လုံးကို ပွတ်ခြင်းမှာ လူ့ကိုယ်တွင်ရှိသော စွမ်းအင်မီးအိမ် များကို ငြိမ်းလိုက်ခြင်း ဖြစ်သဖြင့် သရဲများကို မြင်နိုင်စွမ်း ရှိသွားစေသည်။
လူသားတိုင်း၏ ပခုံးပေါ်တွင် ကာကွယ်ပေးထားသော ဝိညာဉ်မီးအိမ် သုံးလုံး ရှိသည်။ ထိုမီးအိမ်များ မငြိမ်းသရွေ့ မည်သည့်သရဲမှ အနားမကပ်နိုင်ပေ။ သို့သော် မတရားမှုများ လုပ်ဆောင်၍ ထိုမီးအိမ်များ ငြိမ်းသွားပါက သေမင်းကို ဖိတ်ခေါ်နေသလို ဖြစ်ပေလိမ့်မည်။
ဝမ်ရှောက်ထျန်း၏ စကားကြောင့် ချောင်ကျိဖိန် ဝေခွဲမရ ဖြစ်သွားပြီး ပြောလိုက်သည်။
"သရဲမြင်ဖို့အတွက်နဲ့ အသက်ကို ရင်းရမှာလား။ ငါက မြင်ပဲ မြင်ချင်တာပါ….။"
"ကျွန်တော် က မိုးမခရွက်နဲ့ ခေတ္တပဲ ဖုံးပေးမှာမို့ သေမှာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ခင်ဗျား ရဲ့ ယန်စွမ်းအင်တော့ အနည်းနည်း အားနည်းသွားလိမ့်မယ်….။"
ဟု ဝမ်ရှောက်ထျန်းက အမှန်အတိုင်း ရှင်းပြလိုက်သည်။
သူ ချောင်ကျိဖိန်ကို ခေါ်လာခြင်းမှာ သူ၏ ယန်စွမ်းအင် ပြည့်ဝသောကြောင့် ဖြစ်သော်လည်း သရဲမြင်ရ အောင် လုပ်လိုက်လျှင် ထိုစွမ်းအင် လျော့နည်းသွားပေလိမ့်မည်။
"ငါ မင်း ကို ကူညီရမှာ မဟုတ်လား။ ငါက ဘာမှ မမြင်ရရင် လူပို ဖြစ်နေမှာပေါ့….။"
ချောင်ကျိဖိန်၏ စကားကြောင့် ဝမ်ရှောက်ထျန်းသည် မိုးမခရွက်ဖြင့် သူ၏ မျက်လုံးကို နှစ်ချက်ပွတ်ပေး လိုက်သည်။
"ဟာ…။ တကယ်ကြီး မြင်ရပြီ…. ချင်ရှီးရှီး... ဒါ နင် လား…"
ချောင်ကျိဖိန် အကြီးအကျယ် အံ့သြသွားသည်။
သူသည် ချင်ရှီးရှီးနားသို့ သွားကြည့်ပြီးနောက် ဝမ်ရှောက်ထျန်းကဲ့သို့ပင် လန့်သွားကာ တုန်ရီစွာဖြင့် လက်ညှိုးထိုးပြီး သူမ၏ မျက်နှာကို ညွှန်ပြလိုက်သည်။
"ဘာဖြစ်လို့လဲ"
ဝမ်ရှောက်ထျန်း ကြောင်သွားသည်။
ချောင်ကျိဖိန်၏ နှုတ်ခမ်းများ တုန်ရီနေပြီး ကြောက်လွန်းသဖြင့် စကားပြောရန် အတော်ကြိုးစားလိုက်ရ သည်။
"ဒါ... ဒါက…။"
သူသည် မီးသင်္ဂြိုဟ်စက်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာသူ ဖြစ်သဖြင့် သရဲမမြင်ဖူးသော်လည်း ထူးဆန်းသော အလေ့အထများကို သိထားသည်။ အချို့သော မိသားစုများတွင် အပျို၊ လူပျို သေဆုံးပါ က ရန်ငြိုးကြီးတတ်ပြီး မိသားစုကံဇာတာ ညံ့တတ်သည်ဟု ယူဆကာ သူတို့သည် ငွေပေး၍ဖြစ်စေ၊ လူမှုရေးအရ ဖြစ်စေ သေဆုံးသူနှင့် အသက်တူသော အလောင်းကို ရှာကာ 'တစ္ဆေလက်ထပ်ပွဲ' လုပ်ပေးလေ့ ရှိသည်။
သူ ထိုကဲ့သို့ အလောင်းများကို အလှပြင်ပေးခဲ့ဖူးသည်။ သာမန် အလောင်းများနှင့် မတူဘဲ ထိုအလောင်း များကို ပျော်ရွှင်နေပုံ ပေါက်အောင် ပြုံးနေသည့် မျက်နှာမျိုး ပြုပြင်ပေးရသည်။ လူသည် သေဆုံးသွား လျှင် မျက်နှာထား ပျက်ယွင်းသွားတတ်သဖြင့် အတင်းအကျပ် ပြုံးနေစေရန် အထူးကော်များဖြင့် နှုတ်ခမ်းထောင့်များကို ကော်ဖြင့်ဆွဲကပ်၍ ပုံဖော်ပေးရခြင်း ဖြစ်သည်။
"တစ်ခုခုတော့ မှားနေပြီ။ ချင်ရှီးရှီးက အသက်ရှင်နေတုန်းလေ….။ ဘယ်လိုဖြစ်လို့ သူမက တစ္ဆေ လက်ထပ်ပွဲ အတွက် ပြင်ထားတဲ့ အပြင်အဆင်မျိုး ဖြစ်နေရတာလဲ…။"
ဝမ်ရှောက်ထျန်းလည်း မှင်သက်သွားရသည်။ ချင်ရှီးရှီးမှာ ကျန်းမာသော လူတစ်ယောက် ဖြစ်သည်။ သူမ၏ ဝိညာဉ် ခန္ဓာကိုယ်မှ ထွက်သွားခြင်းကပင် ထူးဆန်းနေပြီ ဖြစ်သော်လည်း ပျောက်သွားသည်မှာ နာရီဝက်ပင် မရှိသေးဘဲ ယခုကဲ့သို့သော အပြင်အဆင်မျိုးနှင့် တွေ့ရခြင်းမှာ ပို၍ပင် ထူးဆန်းနေတော့ သည်။
ချောင်ကျိဖိန်က သူ၏ နဖူးကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
"ချင်ရှီးရှီးနောက်ကို လိုက်နေတဲ့ အဲဒီကောင်စုတ် လက်ချက်များလား။ အဲဒီကောင်က ရုပ်ကိုက ခါးပိုက်နှိုက်ရုပ်နဲ့ လူကောင်းပုံ မပေါက်ဘူး….။"
ဝမ်ရှောက်ထျန်းသည် ချောင်ကျိဖိန်၏ ကြံဖန်တွေးတောနိုင်စွမ်းကို အံ့သြမိရင်း ထိုလူ၏ ထိပ်ပြောင် ခြင်းမှာလည်း ဤကဲ့သို့ အလွန်အကျွံ တွေးတောခြင်းကြောင့် ဖြစ်မည်ဟု မှတ်ချက်ပြုမိလိုက်သည်။