← Chapters

နတ်ဆိုးအပေါင်းကို နှိမ်နင်းသော အဆောင်လက်ဖွဲ့

Vol. 5 Ch. 46

နတ်ဆိုးအပေါင်းကို နှိမ်နင်းသော အဆောင်လက်ဖွဲ့

Vol. 5 Ch. 46

အဘိုးကြီးသရဲက ဒေါသတကြီးဖြင့် သူ့လက်ထဲရှိ တုတ်ကောက်နှင့် ခေါင်းတလားကို ထုလိုက်ပြီး ဆဲဆိုလိုက်သည်။

"ဟေ့ကောင် အဓိပ္ပါယ်မရှိတဲ့ ကောင် ငါ့ခေါင်းတလားကို သုံးရဲတယ်ပေါ့။ မင်းနေရာ မင်းမသိဘူးလား။ မင်းက ဘယ်လိုအမှိုက်ကောင်လဲ ….။"

ဝမ်ရှောက်ထျန်း နောက်ဆုံးတော့ သဘောပေါက်သွားသည်။ အဘိုးကြီးသရဲသည် သူ့အုတ်ဂူကို ဖျက်ဆီးခြင်းခံရပြီး သူ့ခေါင်းတလားကို ယူသုံးထားခြင်းကြောင့် ဒေါသထွက်နေခြင်းပင်။

သူ ရှေ့သို့တိုးကြည့်လိုက်သောအခါ တစ်ခုခု မူမမှန်နေသည်ကို တွေ့လိုက်ရသည်။ ဝမ်ရှောက်ထျန်းက သူ၏ ဓားငယ်လေးဖြင့် ခေါင်းတလားကို နှစ်ချက်ခန့် ခြစ်ကြည့်လိုက်သောအခါ ဆေးအနီရောင်များ ကွာကျလာပြီး အတွင်းမှ သစ်သားကို မြင်လိုက်ရသည်။ သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် ဝမ်ရှောက်ထျန်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ရွှေနန်မူသစ်သား ခေါင်းတလားပဲ….။"

အဘိုးကြီးသရဲက ဝမ်ရှောက်ထျန်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ကောင်လေးမင်းက အမြင်ရှိသားပဲ….။"

"အမှန်အတိုင်း ပြောရရင် ကျွန်တော့အဘိုးက ခေါင်းတလားလုပ်ငန်း လုပ်ခဲ့တာ။ ကျွနတော် သူ့အနားမှာ ကြီးပြင်းခဲ့ရတော့ နည်းနည်းပါးပါးတော့ သိတာပေါ့။ ကျွန်တော်တကယ့် ရွှေနန်မူ ခေါင်းတလားကိုတော့ တစ်ခါမှ မမြင်ဖူးပေမဲ့ ဒီသစ်သားကိုတော့ မြင်ဖူးပါတယ်….။"

ရွှေနန်မူသစ်သားသည် ရွှေကဲ့သို့တန်ဖိုးကြီးလှပေသည်။ မတော်လောဘဖြင့် ဂူဖော်သူတချို့က ရွှေနန်မူ ခေါင်းတလားကို ဖြုတ်ပြီး အစိတ်အပိုင်းများကို ရောင်းစားကြလေသည်။ ဝမ်ရှောက်ထျန်း ထိုကဲ့သို့ သောအသားဖြင့်ပြုလုပ်ထားသော ပုတီးစေ့တစ်ကုံးကို တစ်ခါက မတော်တဆ မြင်ဖူးခဲ့လေသည်။

သူ ငယ်စဉ်တုန်းက သူ၏ အဘိုးနှင့်အတူ ခေါင်းတလား မှာယူသော မိသားစုတစ်စုဆီ သွားစဉ် ထိုအိမ်ရှိ အိမ်သားတစ်ယောက်၏ လက်ထဲတွင် ပုတီးတစ်ကုံးကို မြင်ခဲ့၏။ သူ၏ အဘိုးက စေတနာဖြင့် ထိုလူကို ဤအရာကို မထားဖို့ သတိပေးခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ခေါင်းတလားကို ဖြုတ် ပြီး လုပ်ထားခြင်းကြေင့်ပင်။ လက်ကောက်ဝတ်မှာ ဝတ်ဆင်သည်မဆိုထားနှင့် အိမ်မှာ ချိတ်ထားယုံနှင့် ပင် ကံဆိုးခြင်းများ ဖြစ်လာလိမ့်မည်ဟု ပြောခဲ့လေသည်။

ထိုလူက သူ့အဘိုးကို အပြည့်အဝ ယုံကြည်ပြီး ပုတီးကို ပေးခဲ့သည်။ ကလေးသဘာဝ စူးစမ်းချင်စိတ် ကြောင့် ဝမ်ရှောက်ထျန်းက သူ့အဘိုးအခန်းထဲ ခိုးဝင်ပြီး ပုတီးစေ့များကို ခိုးထိခဲ့ဖူးသည်။ ထိုအချင်းရာ ကြောင့် သူ၏ အဘိုးသည် ဝမ်ရှောက်ထျန်းအား တစ်နေ့လုံး ထမင်းမစားခိုင်းဘဲ အပြစ်ပေးခဲ့ဖူး၏။

"ဒါဆို မိသားစု အစဉ်အလာပေါ့..." ဟု အဘိုးကြီးသရဲက နားမလည်နိုင်စွာ ပြောလိုက်သည်။

ဝမ်ရှောက်ထျန်းက ရွှေနန်မူ ခေါင်းတလားကို စိုက်ကြည့်ရင်း ကျောပြင်မှ ချွေးစေးများ ပြန်လာလေ၏။ ရွှေနန်မူ ခေါင်းတလားကို ဝယ်နိုင်ခြင်းသည် အဘိုးကြီးသရဲ လိမ်မပြောကြောင်းနှင့် သူသည် ထုံချန်မြို့ ရှိ အချမ်းသာဆုံး လူ၏ ဘိုးဘေးဖြစ်ကြောင်း ဖော်ပြနေသည်။

"အဘိုး၊ ကျွန်တောထင်တာကတော့ မြေမှုန့်တွေက မြေမှုန့်တွေဆီ ပြန်သွားသင့်တာပဲ။ အဘိုးလည်း သေဆုံးခဲ့တာ ကြာပြီဆိုတော့ ဒီခေါင်းတလားကိစ္စကို အစွဲလန်းထားမနေပါနဲ့တော့"

ဝမ်ရှောက်ထျန်း ကြောက်နေ၏။ သူ သရဲများကို ကြောက်၏။ သို့ပေမဲ့ လူများကို ပို၍ကြောက်ပေ၏။ သရဲများသည် ကြောက်စရာကောင်းသော်လည်း လူတို့၏ စိတ်နှလုံးသည် ပို၍ပင် ခန့်မှန်းရခက်သည်။

နန်ရှန်သုသာန် တစ်ခုလုံးသည် ယွမ်မိသားစု၏ အပိုင်ဖြစ်ပြီး ပုံမှန်အတိုင်း ထိန်းသိမ်းရန် လူများကို စေလွှတ်ခဲ့သည်။ ရှင်းနေသည်မှာ သူတို့၏ ဘိုးဘေးများကို ဤနေရာတွင် မြှုပ်နှံထားသောကြောင့် ဖြစ် သည်။ တစ်စုံတစ်ဦး၏ ဘိုးဘေးသင်္ချိုင်းကို တူးဖော်ပြီး သူတို့၏ မျက်စိရှေ့တွင် ခေါင်းတလားကို ခိုးယူ ခြင်းသည် လျှို့ဝှက်ကြံစည်မှုတစ်ခုနှင့် တူသည်။

သူသည် တရုတ်ပြည်၏ အချမ်းသာဆုံး မိသားစုဖြစ်သော ယွမ်မိသားစုထက်ပင် ပိုမို အစွမ်းထက်သူ တစ်ဦးကို စော်ကားရန် မတတ်နိုင်ပေ။

"ဒုန်း... ဒုန်း... ဒုန်း..."

အဘိုးကြီးသရဲ အဖြေမပေးခင်မှာ ဝမ်ရှောက်ထျန်း ရုတ်တရက် ခေါင်းတလားထဲမှ ထူးဆန်းသောအသံ တစ်ခုကို ကြားလိုက်ရ၏။ သူ လန့်ဖြန့်သွားပြီး မျက်လုံးများ ပြူးကျယ်လာပြီး မယုံကြည်နိုင်စွာဖြင့် ခေါင်းတလား ကို လက်ညိုးထိုးပြီး

"မင်း... မင်း အသံ ကြားလိုက်လား….။"

ချင်ရှီးရှီးက လုံးဝကို အံ့အားသင့်နေပြီး ဘာသံမှ မကြားလိုက်သည့်ပုံဖြစ်နေသည်။

သို့သော် ယွမ်အဘိုးကြီးကမူ ဝမ်ရှောက်ထျန်းကို တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။

"တော်လိုက်တဲ့ ကောင်လေး၊ ငါ ဒီကိစ္စအတွက် မင်းကို အားကိုးရတော့မယ် ထင်တယ်။ အမှန်အတိုင်း ပြောရရင် အထဲမှာ လဲလျောင်းနေတာက အပြင်က ယင်နတ်ဆိုးကွ….။"

"ဘာ......။"

"ဒီ ရွှေနန်မူ ခေါင်းတလားတွေ တန်ဖိုးဖြတ်မရနိုင်အောင်စျေးကြီးနေရခြင်းက ဒီခေါင်းတလားတွေက ခန္ဓာကိုယ်ကို မပုပ်မသိုးအောင် ထိန်းသိမ်းထားနိုင်လို့ပဲ။ တစ်စုံတစ်ယေက်က ရွှေနန်မူ ခေါင်းတလားကို သုံးပြီး ဖုတ်ကောင်ကို မွေးမြူချင်ခဲ့ပေမဲ့ တစ်ခုခု မှားယွင်းသွားတယ်။ ဖုတ်ကောင် မမွေးမြူနိုင်ဘဲ ယင်နတ်ဆိုး (အငြိုးကြီးသော သရဲ) တစ်ကောင် ဖြစ်သွားတယ်….။"

ဟု အဘိုးကြီးသရဲက ထူးဆန်းစွာ ပြောလိုက်သည်။

ဝမ်ရှောက်ထျန်း ပို၍ပင် အံ့အားသင့်သွားသည်။

"ဖုတ်ကောင် မွေးတာလား….။"

ဤအရာက ရုပ်ရှင်ကြည့်သည်ထက်ပင် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့သည်။ အိမ်အရောက်ပို့ဆိုင် သို့ ဝင်ရောက်လာပြီးကတည်းက ဝမ်ရှောက်ထျန်း၏ ကမ္ဘာကြီးအပေါ် အမြင်သည်လည်း လုံးဝ ပျက်စီး သွားခဲ့သည်။ ဤကမ္ဘာကြီးသည် လူများသာမက သရဲများပါ ရှိနေကြောင်း၊ သရဲများသည် စိတ်နှလုံးမှ မွေးဖွားလာကြောင်း၊ လူ့စိတ်နှလုံးသည် ခန့်မှန်းရခက်ကြောင်း သူသိသည်။

သို့ပေမဲ့ အခုက ဖုတ်ကောင်တွေကောလား….

"မင်းကို ငါ တစ်ခု လုပ်ခိုင်းစရာရှိတယ်။ အပြင်က ယင်နတ်ဆိုးကို အထဲကို ဝင်လာအောင် လုပ်ပေးပါ။ ရွှေနန်မူသစ်သားက အလောင်းတွေကို အားဖြည့်ပေးနိုင်သလို ဝိညာဉ်တွေကိုလည်း ထောင်ချောက်ဆင် နိုင်တယ်။ အဲဒီ ယင်နတ်ဆိုးက အပြင်မှာ ဆက်နေလို့မရဘူး….။ မဟုတ်ရင် လူအများကြီး သေဆုံးသွား နိုင်တယ်….။"

ဟုအဘိုးကြီးသရဲက လေးနက်စွာ ပြောလိုက်လေသည်။

ဝမ်ရှောက်ထျန်း မျက်ရည်ကျလုနီးပါး ဖြစ်သွားသည်။

"အဘိုး ကျွန်တော့်ကို အရမ်းအထင်ကြီးနေတာပဲ။ ကျွန်တော်က အပြင်စာပို့တဲ့သူ တစ်ယောက်ပါ….။"

အဘိုးကြီးသရဲက ရယ်မောလိုက်ပြီး

"သာမန် အပြင်စာပို့တဲ့သူတွေက သရဲကို မမြင်နိုင်ဘူးလေကွာ…။"

ဝမ်ရှောက်ထျန်း သူ ဆက်ပြီး ဖုံးကွယ်ထား၍ မရတော့သဖြင့် အဘိုးကြီးသရဲနှင့် ပူးပေါင်းလုပ်ဆောင် ရန်မှလွဲပြီး တခြားရွေးချယ်စရာ မရှိတော့သည် သိလိုက်သည်။

"ကောင်းပြီ…။ ကျွန်တော့ အသက်ကို စွန့်ပြီး ဒီမကောင်းဆိုးဝါးကို တံဆိပ်ခတ်ပေးမယ်။ အဆိုးဆုံးအနေ နဲ့ သူရဲကောင်းတစ်ယောက်လို သေလိုက်ရုံပဲ….။"

"တော်လိုက်တဲ့ကောင်လေး…၊ မင်းမှာ သတ္တိရှိတယ်။ မင်းက ငါ့ကို 'အဘိုး' လို့ ခေါ်တဲ့အတွက် မင်းအ သက်ရှင်ဖို့ ငါ အာမခံတယ်…."

ဟု အဘိုးကြီးသရဲက လေးလေးနက် ကတိပေးလိုက်ပြီး ချင်ရှီးရှီးကို လက်ယပ်ခေါ်လိုက်သည်။

"စာရွက်တစ်ရွက် ယူခဲ့ပေး….။"

ယွမ်အဘိုးကြီးသည် ချင်ရှီးရှီး၏ မိတ်ကပ်လိမ်းသည့် ဘရပ်ရှ်ကို အသုံးပြု၍ စက္ကူအလွတ်ပေါ်တွင် တို့လိုက်ရာ မကြာခင်မှာပင် အမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။

"ဒါက ရာပေါင်းများစွာသော မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တဲ့ အဆောင်လက်ဖွဲ့ပဲ။ ငါ ရေးထားတာ က ပုံပန်းသဏ္ဌာန်ပဲရှိပြီး စိတ်ဝိညာဉ် မရှိဘူး၊ ရိုးရိုးသားသားပြောရရင် အသုံးမဝင်ဘူး။ ငါက မင်းကို အရည်အချင်းရှိတယ်၊ ထူးချွန်တယ်၊ သတ္တိရှိတယ်လို့ မြင်တယ်။ မင်း ဆွဲကြည့်ပြီး ရမရ ကြည့်လိုက် ပါ…..။"

ဝမ်ရှောက်ထျန်း၏ နှုတ်ခမ်းများ တုန်ယင်သွား၏။

"အဘိုးက ကျွန်တော့ကို တကယ် အထင်ကြီးလွန်းနေတာပဲ…။"

ဤ အဘိုးကြီးသရဲသည် သူ့အား လုံးလုံး လှည့်စားနေသည်ဟု သူ ခံစားလိုက်ရသည်။

ဒီ မြင့်မြတ်တဲ့ အဆောင်လက်ဖွဲ့ဟာ ဝိညာဉ်လောကနဲ့ နတ်ဘုရားတွေကို ဆက်သွယ်ပေးသော ကြားခံ တစ်ခု ဖြစ်သည်။ ၎င်းကို သရဲများနှင့် ဝိညာဉ်များကို ခေါ်ယူနှိမ်နင်းရန်၊ မကောင်းဆိုးဝါး ဝိညာဉ်များနှင့် နတ်ဆိုးများကို နှိမ်နင်းရန် အသုံးပြုသည်။ နတ်ဘုရား အဆောင်လက်ဖွဲ့ကို ဖန်တီးခြင်းသည် ရိုးရှင်း သော ဆွဲချက်အချို့ ဆွဲရုံမျှ မလွယ်ကူပေ။ နတ်ဘုရား အဆောင်လက်ဖွဲ့ တစ်ခုစီတွင် ဦးခေါင်း၊ အူတိုင် နှင့် ခြေထောက်ဟူ၍ အစိတ်အပိုင်း သုံးခု ပါဝင်သည်။ ပထမဆုံး ဆွဲချက်သည် အဆောင်လက်ဖွဲ့၏ မျက်လုံး ဖြစ်ပြီး ဦးခေါင်းမှာ အမျိုးမျိုးရှိကာ အလွန် ရှုပ်ထွေးသည်။ အူတိုင်ကတော့အဆောင်လက်ဖွဲ့ ၏ စိတ်ဝိညာဉ်ပင်။ အဆောင်လက်ဖွဲ့ရဲ့ ထိရောက်မှုက အူတိုင်ပေါ်တွင် လုံးလုံးလျားလျား မူတည် ပေသည်။

အဆောင်လက်ဖွဲ့တစ်ခုကို ရေးဆွဲပြီး နတ်ဘုရားတစ်ပါးကို စောင့်ရှောက်ဖို့ ဖိတ်ခေါ်ခြင်းကို "ဝင်ရောက်ထားသော အဆောင်လက်ဖွဲ့" ဖန်တီးခြင်းဟု ခေါ်၏။ အဆောင်လက်ဖွဲ့ကို စောင့်ရှောက်မည့် နတ်ဘုရား မရှိလျင် အစွမ်းမထက်ပေ။ ထို့ကြောင့် မြင့်မြတ်သည့် အဆောင်လက်ဖွဲ့များကို စိတ်ရှိတိုင်း ဆွဲ၍မရနိုင်ပေ။ သာမန်လူများသည် နတ်ဘုရားများ၊ ဘိုးဘေးဆရာများနှင့် ဆက်သွယ်၍မရနိုင်ပေ။ ထိုသူတို့ဆွဲသော မည်သည့် အဆောင်လက်ဖွဲ့မဆို အသုံးမဝင်နိုင်ပေ။

ထို့အပြင် အဆောင်လက်ဖွဲ့ကို ရေးဆွဲတဲ့သူသည် ရိုးသားပြီး နတ်ဘုရားများနှင့် ဘိုးဘေးဆရာများ၏ ကောင်းချီးများကို ရရှိရန် သတ်မှတ်ထားသော ဘာသာရေးထုံးတမ်းတွေကို လုပ်ဆောင်ရပေမည်။ ရာပေါင်းများစွာသော မကောင်းဆိုးဝါးများကို သုတ်သင်သော ဤအဆောင်လက်ဖွဲ့၏ ရှုပ်ထွေးမှုကို ထည့်မတွက်ခဲ့လျင်ပင် တစ်ချက်တည်းနဲ့ ဆွဲနိုင်မလားဆိုသည်က နောက်ကိစ္စပင်။ ဆွဲနိုင်ခဲ့လျင်တောင် နတ်ဘုရားများကို မဖိတ်ခေါ်လျင် အသုံးမဝင်ပေ။

"မင်း… အသုံးမကျတဲ့ကောင်၊ ဧကရာဇ်ငါးပါးဒင်္ဂါးတွေ အကုန်လုံးကို မင်း ဖြုန်းတီးလိုက်တာပဲ…။"

အဘိုးကြီးသရဲ၏ အသံမှာ ရန်လိုနေပြီး ဝမ်ရှောက်ထျန်းအပေါ် ယခင်ကထားရှိခဲ့သော ကြင်နာမှုနှင့် လုံးဝ ကွာခြားနေသည်။

အဘိုးကြီးသရဲ၏ ဒေါသကို မြင်လိုက်ရသောအခါ ဝမ်ရှောက်ထျန်း လုံးဝ အားကိုးရာမဲ့ ဖြစ်သွား၏။

"ကျွမ်းကျင်တဲ့ စားဖိုမှူးတစ်ယောက်တောင် ဆန်မရှိရင် ချက်ပြုတ်လို့ မရဘူးလေ။ အဘိုးက ကျွန်တော့် လို အပြင်စာပို့တဲ့သူကို ဒီမှာ အဆောင်လက်ဖွဲ့တွေ ဆွဲခိုင်းနေတာလား….။ ဒါ ကျွန်တော့်ကို ဒုက္ခရောက် အောင် လုပ်နေတာ မဟုတ်ဘူးလား….။ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ ရိုးရိုးပုံကြမ်းတစ်ခုကို တောင် ကျွန်တော်က ကောင်းကောင်း ဆွဲနိုင်ခဲ့တာမဟုတ်ဘူး….။"

သူသည် ပုံဆွဲရန် အရည်အချင်း လုံးဝ မရှိပေ။ အခြားကလေးများက ရိုးရှင်းသော ပုံကြမ်းများဖြင့် ကစားနေကြစဉ် သူ၏ ပုံများမှာ အမြဲတမ်း မယုံနိုင်လောက်အောင် ရုပ်ဆိုးခဲ့သည်။

"ဒုန်း…"

တံခါးအပြင်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

အဘိုးကြီးသရဲ၏ မျက်နှာက ပို၍ ဖြူဖျော့သွားသည်။

"ငါ နောက်ထပ် ဆယ်မိနစ်လောက်တော့ ထိန်းထားနိုင်တယ်။ အဲဒီ ယင်နတ်ဆိုးနှစ်ကောင်က ငြိမ်သွား လိမ့်မယ်။ မင်း ဆွဲချင်ရင် ဆွဲ၊ ဒါမှမဟုတ် ယင်နတ်ဆိုးရဲ့ ဗိုက်ကို ဖြည့်ချင်ရင် ဖြည့် မင်းကြိုက်တာကို ရွေးချယ်လို့ရတယ်….။"

"ကျွန်တော် ဆွဲမယ်…."

ဝမ်ရှောက်ထျန်း ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။

"အံဆွဲထဲမှာ ပြဒါးရှင်ကျောက် ရှိတယ်။ ဘယ်လို သောက်သုံးမကျတဲ့ကောင် ဝယ်ထားလဲတော့ မသိဘူး၊ အရည်အသွေးက မကောင်းဘူး။ အဲဒီထဲကို သွေးနည်းနည်း ရောလိုက်….။"

ဟု အဘိုးကြီးသရဲက ညွှန်ကြားလိုက်သည်။

ဝမ်ရှောက်ထျန်း ချက်ချင်း သူ့လက်ချောင်းကို လှီးပြီး သွေးထွက်စေလိုက်သည်။

စိတ်ကို စုစည်းထားသည့် ဝမ်ရှောက်ထျန်းသည် သူ သွေးထွက်သည့် အချိန်မှာပင် အဘိုးကြီးသရဲနှင့် ချင်ရှီးရှီးတို့၏ မျက်လုံးများမှာ ချက်ချင်း နီရဲသွားသည်ကိုတော့ မမြင်လိုက်ပေ…..။

All Chapters