သေစေနိုင်သော အားနည်းချက်
Vol. 5 Ch. 48
ဝမ်ရှောက်ထျန်း ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ဒဏ်ရာသည် သူ၏ လှုပ်ရှားမှုများကို နှေးကွေးစေသည်။ ထိုနတ်ဆိုးအဘွားကြီး၏ လက်သည်းများက အဆိပ်ရှိနေခြင်းလား သို့မဟုတ် သူ၏ ခန္ဓာကိုယ်ကပဲ အားနည်းလွန်းနေခြင်းလားဆိုသည်ကို သူ မသိသော်လည်း သူ၏ ခြေထောက်များက အားပျော့လာပြီး ခေါင်းကလဲ မူးဝေလာသည်ကို ခံစားလိုက်ရသည်။
"မဖြစ်ဘူး…"
ဝမ်ရှောက်ထျန်းက သူ့ကိုယ်သူ သတိပေးလိုက်သည်။ ယခုအချိန်မှတော့ နောက်ဆုတ်၍ မရတော့ပေ။ သရဲများသည် ဆိုးသွမ်းသူများကို ကြောက်ရွံ့ကြသည် သူသာ သရဲများကို ကြောက်နေမည်ဆိုပါက တကယ်ပင် အဆုံးသတ်သွားလိမ့်မည်။
အနည်းငယ်မျှ မတွန့်ဆုတ်ဘဲ ဧကရာဇ်ငါးပါးဒင်္ဂါးကို နတ်ဆိုးအဘွားကြီး၏ နဖူးဆီသို့ လျင်မြန်စွာ ကပ်လိုက်သည်။ ချက်ချင်းဆိုသလို အပူလောင်သွားသည့် အသံနှင့် ပုပ်စပ်စပ် အနံ့ဆိုးတစ်ခုကို သူ ရလိုက်သည်။
"အော့..."
အနံ့က အလွန်ပြင်းသဖြင့် ဝမ်ရှောက်ထျန်းသည် ထိုနေရာ၌ပင် အန်ချင်သွားသည်။ ကံကောင်းစွာဖြင့် သူ့ဗိုက်ထဲတွင် အစာမရှိ၍ သည်းခြေတစ်ပွက်လောက်သာ အန်ထုတ်လိုက်ရသည်။
နတ်ဆိုးအဘွားကြီးသည် ဧကရာဇ်ငါးပါးဒင်္ဂါးကို ထိတ်လန့်နေသည်မှာ သိသာပေသည်။ သူမသည် ချက်ချင်းပင် လက်သည်းများကို လွှတ်ချလိုက်ပြီး ပင့်ကူကြီးတစ်ကောင်ကဲ့သို့ နံရံကို ကပ်တွယ်ကာ မြွေကဲ့သို့ လျှာဖြင့် လက်သည်းများကို ရှုးရှုးရှဲရှဲ အသံပေး၍ လျက်နေသည်။ ဝမ်ရှောက်ထျန်းသည် ထိုမြင်ကွင်းကို မြင်ပြီး ပျို့တက်လာသည်။
သူ ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်နှင့် နတ်ဆိုးအဘွားကြီးသည် မျက်နှာကြက်ပေါ်သို့ လျင်မြန်စွာ ပြေး တက်သွားသည်။ ဝမ်ရှောက်ထျန်းသည် ချက်ချင်း ဝမ်းသာသွားသည်။ သေချာပေသည်။ ဤ နတ်ဆိုး အဘွားကြီး သည် ဧကရာဇ်ငါးပါးဒင်္ဂါးကို ကြောက်နေသည်ပင်…
သို့သော် ဝမ်ရှောက်ထျန်းအတွက် ပြဿနာတစ်ခု ရှိနေသည်။ နတ်ဆိုးအဘွားကြီးက အလွန်မြန်သည် သူ လုံးဝ ထိမှန်အောင် မရိုက်နိုင်ပေ။ ပိုအရေးကြီးသည်မှာ သူမ၏ပါးစပ်ကို မည်သို့ အတင်းဟခိုင်းပြီး နတ်ဆိုးတစ်ရာ သုတ်သင်ရေး အဆောင်လက်ဖွဲ့ကို အတွင်းသို့ ထိုးထည့်ရမည်နည်း။
"သူမရဲ့ အသက်သွေးကြောက နှလုံးမှာ ရှိတယ်…"
ဟု ယွမ်အဘိုးကြီးက တီးတိုးပြောပြီး နတ်ဆိုးအဘွားကြီး၏ အားနည်းချက်ကို ဝမ်ရှောက်ထျန်းအား အသိပေးလိုက်သည်။
ဝမ်ရှောက်ထျန်း အနီးကပ် ကြည့်လိုက်သောအခါ လက်သီးစုပ်အရွယ်ခန့် ထူထဲသော အနက်ရောင် အခိုးအငွေ့တခုသည် နတ်ဆိုးအဘွားကြီး၏ ရင်ဘတ်ပတ်လည်တွင် လည်ပတ်နေပြီး အငွေ့အသက်များ သည် အတွင်းသို့ စိမ့်ဝင်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ကောင်းသော အရာမဟုတ်ကြောင်း သိသာပေသည်။
နတ်ဆိုးအဘွားကြီး၏ အားနည်းချက်ကို သိသော်လည်း အနိုင်ယူရန် ခက်ခဲသည်။ သူသည် သာမန် အစားအစာပို့သူတစ်ဦးသာ ဖြစ်ပြီး ကိုယ်ခံပညာကို မသင်ယူဖူးပေ။ နတ်ဆိုးအဘွားကြီး၏ အမြန်နှုန်းကို အမီလိုက်နိုင်ရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးလေသည်။
"ဒင်…၊ဒေါင်…"
နာရီသံသည် တစ်နေရာရာမှ ထွက်ပေါ်လာသည်၊ မနက် နှစ်နာရီ ရှိနေပြီ။
လူတိုင်းက သန်းခေါင်ယံသည် အန္တရာယ်အရှိဆုံး အချိန်ဟု ယုံကြည်ကြသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ပေ။ နံနက် ၂ နာရီသည် အမှန်တကယ်တွင် အဆိုးရွားဆုံးနှင့် အန္တရာယ်အရှိဆုံး အချိန်ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် သန်းခေါင်ယံပြီးနောက်တွင် ဖန်တီးမှု၏ အချိန်ဖြစ်ပြီး၊ သရဲများနှင့် နတ်ဆိုးများ၏ အစွမ်းအထက်ဆုံး အချိန်လည်း ဖြစ်သည်။ နံနက် (၁) နာရီမှ (၃) နာရီကြားအချိန်တွင် အဆန်းပြားဆုံးနှင့် အထူးဆန်းဆုံး အရာများ ဖြစ်ပွားလေ့ရှိသည်။
ဝမ်ရှောက်ထျန်းသည် သူ၏ နောက်ဆုံး အံသွားမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ဤသွားသည် ငယ်စဉ် ကတည်းက ပိုးစားနေခဲ့ပြီး စိတ်ဖိစီးမှု ခံစားရတိုင်း အလွန်အမင်း နာကျင်လေ့ရှိသည်။ သူသည် စိတ်ဖိစီး မှု များလွန်းသောကြောင့် ဖြစ်ကြောင်း သိလိုက်သည်။
ဤနာကျင်မှုကပင် သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေသည်။
ရုတ်တရက် နတ်ဆိုးအဘွားကြီးသည် နံရံပေါ်မှ ဆင်းလာပြီး တရှပ်ရှပ်အသံများ ထွက်ပေါ်လာသည်။ အေးမြသော လေပြင်းတစ်ခုသည် အခန်းအတွင်း ဖြတ်တိုက်သွားပြီး အပေါ်မှ အဝါရောင်မီးသီးသည် တကျွိကျွိနှင့် ယိမ်းယိုင်နေသည်။
ဝမ်ရှောက်ထျန်းသည် သူမကို မထိရဲပေ။ သူ၏နောက်တွင် နံရံရှိသည် သူ ရွေ့လိုက်လျှင် အဘွားကြီး သည် အခွင့်အရေးကို အသုံးချ၍ တိုက်ခိုက်လိမ့်မည်မှာ သေချာပြီး သူ ပုန်းစရာနေရာလည်း မရှိတော့ ပေ။
ထိုအချိန်တွင် ဝမ်ရှောက်ထျန်းသည် အမျိုးသမီးတစ်ဦး ငိုယိုသံကို သဲ့သဲ့ ကြားလိုက်ရသည်။ ငိုသံသည် အလွန်တိုးသော်လည်း အခန်းသည် အသက်ရှုသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသောကြောင့် ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ဝမ်ရှောက်ထျန်း တုန်ယင်သွားသည်။ အဘွားကြီး၏ အကူအညီ ရောက်လာခြင်း ဖြစ်နိုင်သလား။ ငိုသံကို လိုက်ကြည့်လိုက်ရာ ပြတင်းပေါက်တွင် အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမက သူ့တို့ကို ကျောပေးထားပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်နှင့် ရှည်လျားသော အနက်ရောင် ဆံပင် များကိုသာ မြင်ရသည်။
ခါးအထိ ရှည်လျားသော အနက်ရောင် ဆံပင်များကို မြင်လိုက်ရသောအခါ ဤအရာသည် အဘယ်အရာ ဖြစ်သည်ကို ဝမ်ရှောက်ထျန်း ချက်ချင်း နားလည်လိုက်သည်။
သူ၏ မှတ်ဉာဏ် မှန်ကန်ပါက ၎င်းသည် ပြတင်းပေါက်တွင် စောစောက လူများကို ခြောက်လှန့်နေ သည့် အရာဖြစ်သည်။ သူသည် နတ်ဆိုးအဘွားကြီးအား ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်ခဲ့ပြီး နတ်ဆိုး နှစ်ကောင်ကို အချင်းချင်း တိုက်ခိုက်စေရန် မျှော်လင့်ခဲ့သည်။
ယွမ်အဘိုးကြီးသည်လည်း မိန်းမသရဲကို တွေ့ခဲ့သည်မှာ ရှင်းနေပြီး ဒေါသတကြီး တောင်ဝှေးကို စောင့်ကာ အော်ဟစ်လိုက်သည်၊
"ကျိန်စာသင့်တာပဲ..။ ငါတို့ ဝိုင်းခံထားရပြီ…..။ ဝမ်ရှောက်ထျန်း မင်း စိတ်မပူနဲ့ ဒီအဘိုးကြီးက သူ့ကို ကိုင်တွယ်မယ်…။"
ယွမ်အဘိုးကြီးက ဤသို့ပြောသည်ကို ကြားလိုက်ရသောအခါ ဝမ်ရှောက်ထျန်းသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။
သို့သော် ထိုအချိန်တွင် သူ၏ ကျောဘက်တွင် အေးစိမ့်သွားသည်။ သူ၏ ဘယ်ဘက်သို့ ခေါင်းလှည့် ကြည့်လိုက်ရာ အေးစက်သော ချွေးစေးများက သူ့ကျောတွင် ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏ ခေါင်းကို လှည့်လိုက်ခြင်းကပင် သူ့ကျောရိုးတလျောက်ကို ထုံကျင်သွားလေ၏။
နတ်ဆိုးအဘွားကြီးသည် သူ့နှင့် စင်တီမီတာ အနည်းငယ်သာ ကွာဝေးလေသည်။ သူမ၏ ဖြူဖျော့သော မျက်နှာနှင့် သွေးစွန်းနေသော မျက်လုံးများကို သူ နီးကပ်စွာမြင်နေရသည်။
"ဟဲဟဲဟဲ..."
အဘွားကြီးသည် ထူးဆန်းစွာ ရယ်မောလိုက်သည်။ ဝမ်ရှောက်ထျန်း စိတ်ပျက်အားငယ်သွားသည်မှာ သူမ၏ အသံကိုသာ ကြားရပြီး ပါးစပ်ဖွင့်သည်ကို မမြင်ရခြင်းပင်။ သူမ ပါးစပ်ဖွင့်သည့် အချိန်တွင် နတ်ဆိုးတစ်ရာ နှိမ်နှင်းရေး အဆောင်လက်ဖွဲ့ကို သူမ၏ ပါးစပ်ထဲသို့ ထိုးထည့်ရန် သူ စီစဉ်ထား သော်လည်း ထိုသို့ လုပ်ဆောင်ရန် နည်းလမ်းမရှိပေ။
အခြေအနေက အရေးကြီးနေပြီး ဝမ်ရှောက်ထျန်း စဉ်းစားရန် အချိန်မရှိတော့ပေ။ လျှပ်စီးကဲ့သို့ အမြန် နှုန်းဖြင့် သူသည် ဧကရာဇ်ငါးပါးဒင်္ဂါးကို ကိုင်ထားသော ညာလက်ကို မြှောက်ပြီး နတ်ဆိုးအဘွားကြီး၏ နှလုံးသားကို ချိန်ရွယ်၍ ရိုက်လိုက်သည်။ သို့သော် သူမသည် ပို၍လျင်မြန်စွာ သူ၏ လက်မောင်းကို ဦးစွာ ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သူမသည် ဝမ်ရှောက်ထျန်း၏ နဖူးကို ရိုက်ချလိုက်သည်။ ကျယ်လောင်သော အက်ကွဲသံ နှင့်အတူ ဝမ်ရှောက်ထျန်း၏ ခေါင်းသည် နံရံဖြင့် ဆောင့်မိသွားသည်။ ထိုရိုက်ချက်သည် သူ၏ ဦးခေါင်းခွံ ကို ကွဲလုနီးပါး ဖြစ်စေသည်။
ဝမ်ရှောက်ထျန်း၏ ခေါင်းထဲတွင် ဆူညံနေသည်။ သူ၏ စိတ်ထဲတွင် တွေးလိုက်မိသည်။
*ဒီအားကို ဆယ်ဆလောက် တိုးလိုက်ရင်တောင် ငါ သူ့ကို မနိုင်နိုင်ဘူး ထင်တယ်…*
ထို့ကြောင့် ဝမ်ရှောက်ထျန်း လှည့်ပြီး ထွက်ပြေးလိုက်သည် ပြေးနေရင်းပင် နတ်ဆိုးအဘွားကြီးကို လက်ယပ်ခေါ်လိုက်သည်။ ဝမ်ရှောက်ထျန်း၏ ရန်လိုမှုကို ဆွဲဆောင်နိုင်စွမ်းက အလွန်အားကောင်းလွန်း သောကြောင့်လား သို့မဟုတ် နတ်ဆိုးအဘွားကြီးက သူ့ကဲ့သို့ ငယ်ရွယ်ချောမောသော ယောကျ်ား လေးကို သဘောကျသွားသောကြောင့်လား မသိသော်လည်း သူမသည် သူ့နောက်သို့ လိုက်လာ ခဲ့သည်။
ဟုတ်ပြီ…
ဝမ်ရှောက်ထျန်း အလွန်ဝမ်းသာသွားသည်။ သူ သေသေချာချာ မှတ်မိနေသည်က နောက်ဆုံးမှ အလောင်းသည် အသည်း ရှိနေဆဲပင်။
သူသည် နောက်ဆုံး အလောင်းဆီသို့ တရွတ်တိုက်သွားပြီး လည်ပင်းကို ဆန့်ကြည့်လိုက်ရာ အတွင်း တွင် သွေးအလိမ်းလိမ်း ဖြစ်နေသည်ကို တွေ့ရသည်။ သူသည် ပျို့အန်ချင်စိတ်ကို ထိန်းချုပ်ပြီး အသည်း ကို ဆွဲထုတ်ကာ နတ်ဆိုးအဘွားကြီးကို ဝှေ့ယမ်းပြလိုက်သည်။
"ဒီကို လာခဲ့…ဒီကို လာခဲ့…."
နတ်ဆိုးအဘွားကြီးသည် လေးဘက်ထောက်ပုံစံဖြင့် ဝမ်ရှောက်ထျန်းကို ကြည့်ကာ ရုပ်ဆိုးပန်းဆိုး ပြုံးလိုက်သည်။
ယွမ်အဘိုးကြီးက ဤယင်နတ်ဆိုး ပုံပေါ်လာသည်နှင့် လူ့နှလုံးနှင့် အသည်းများကို အဓိကစားသုံး ကြောင်း သူ့အား ပြောပြဖူးသည်။ ၎င်းအတွင်းအင်္ဂါများသည် ယင်နတ်ဆိုးအတွက် အာဟာရဓာတ် မြင့်မားပြီး ၎င်း၏ စားချင်စိတ်မှာ ကြီးမားသည်။ ယင်နတ်ဆိုး၏ စားချင်စိတ်ကို ဖြည့်ဆည်းပေးရန် မဖြစ်နိုင်။ ၎င်းသည် ဖယ်ရှားပစ်ရမည့် အရာဖြစ်သည်။
သူမ၏ စားချင်စိတ်ကို ထိန်းချုပ်နိုင်ခြင်း မရှိသည်မှာ ရှင်းနေသော်လည်း ဝမ်ရှောက်ထျန်း၏ လက်ထဲမှ ဧကရာဇ်ငါးပါးဒင်္ဂါးကို ကြောက်ရွံ့သောကြောင့် မြေပြင်ကို ကြမ်းတမ်းစွာ ကုတ်ဖဲ့လိုက်ရာ ဘိလပ်မြေ တွင် အပေါက်ငယ်လေးတစ်ခု ဖြစ်ပေါ်သွားသည်။
ဝမ်ရှောက်ထျန်းသည် သူမ၏ လက်သည်းများ မည်မျှ ထက်မြက်ကြောင်း ကိုယ်တိုင်သိထား သော် လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြက်သီးထသွားသည်။
"ဝှစ်…"
ဝမ်ရှောက်ထျန်းသည် ဓားကို အသုံးပြု၍ အသည်းကို လှီးဖြတ်ပြီး ယင်နတ်ဆိုးထံသို့ ပစ်ပေးလိုက်သည် ။ ယင်နတ်ဆိုးသည် မြေပြင်မှ သားရဲရိုင်းတစ်ကောင်ကဲ့သို့ ခုန်တက်လာပြီး ၎င်း၏ သွေးရောင်လွှမ်းနေ သော ပါးစပ်ကြီးကို ဖွင့်ကာ အသည်းကို ကိုက်ချလိုက်သည်။
သူမသည် လူပုံသဏ္ဌာန် ရှိသော်လည်း သူမ၏ ပါးစပ်က အလွန်ရှည်လျားပြီး ဗိုက်ထိရောက် နေသည် ဖြစ်ရာ ဤမြင်ကွင်းက အလွန်စက်စုတ်စရာကောင်းနေသည်ပင်။ သူ၏ လက်များပေါ်မှ ဆိုးရွားသော သွေးနံ့က သူ့နှာခေါင်းထဲ တိုက်ရိုက်ဝင်ရောက်လာသဖြင့် သူ့ မျက်နှာမှာ ရှုံ့မဲ့သွားသည်။
"ဒီမှာ…၊ ဒီမှာ ထပ်ရှိသေးတယ်…."
ဝမ်ရှောက်ထျန်းသည် ယင်နတ်ဆိုးက သူ၏ သွေးကို အမှန်တကယ် နှစ်သက်ပုံရကြောင်း သတိပြုမိ သဖြင့် သွေးအနည်းငယ်ကို တမင်တကာ ညှစ်ထုတ်လိုက်သည်။ သူသည် ၎င်းကို ကိုယ်ကျိုးစွန့်သော လုပ်ရပ်အဖြစ် မှတ်ယူလိုက်သည်။ ဤကဲ့သို့သော အရာများကို ကိုင်တွယ်ဖြေရှင်းသည့် ဌာနတစ်ခု ရှိမရှိကို သူ တွေးနေမိသည်၊ သို့မှသာ လျော်ကြေးရမည့် နေရာကို ရှာတွေ့နိုင်မည်ဖြစ်သည်။
နတ်ဆိုးအဘွားကြီးသည် ဝမ်ရှောက်ထျန်းဆီသို့ လေးဖက်ထောက်ကာ တွားသွားလာပြီး သူမ၏ နှစ်ခွဖြစ်နေသော လျှာကို ထုတ်ကာ လျှာဖျားခတ်ပြီး အနံ့ခံနေလေ၏။