← Chapters

လူဆိုတာ သရဲထက် ပိုပြီးကြောက်စရာကောင်းတယ်

Vol. 5 Ch. 50

လူဆိုတာ သရဲထက် ပိုပြီးကြောက်စရာကောင်းတယ်

Vol. 5 Ch. 50

ယင်နတ်ဆိုး ဖြစ်တည်လာရန်မှာ အလွန်ခက်ခဲလှသည်။ သတ်မှတ်ထားသော အခြေအနေများနှင့် ကံတရားတို့ ပေါင်းစပ်မှသာ ဖြစ်ပေါ်နိုင်ပြီး အလိုရှိတိုင်း ဖန်တီး၍မရနိုင်ပေ။ အန္တရာယ်ကြီးမား သော်လည်း ယင်နတ်ဆိုးကို အသုံးချနိုင်သည့် နည်းလမ်းများစွာ ရှိပေသည်။

သန်းခေါင်ယံအချိန်တွင် လီရွှယ် မီးသင်္ဂြိုဟ်စက်သို့ ရောက်ရှိလာခြင်းမှာ တစ်စုံတစ်ခု မူမမှန်သည်ကို သူမ ရိပ်မိထား၍ပင် ဖြစ်သည်။ ယင်နတ်ဆိုးနှင့် နိုးထလာသော အလောင်း နှစ်မျိုးလုံးမှာ အသုံးဝင်လှပြီး ယင်နတ်ဆိုးကြောင့် ဖြစ်ပေါ်လာသော ဆူပူသောင်းကျန်းမှုကို နှိမ်နင်းနိုင်ပါက အကျိုးအမြတ် အမြောက် အမြား ရရှိနိုင်ပေသည်။

သို့သော် ဤအခွင့်အရေးများအားလုံးမှာ ထိုကြောင်ကြောင်ကောင် ဝမ်ရှောက်ထျန်းကြောင့် ပျက်စီး သွားရသည်။ ဝမ်ရှောက်ထျန်းကို မြင်မြင်ချင်း လီရွှယ် စိတ်မအေးသလို ခံစားခဲ့ရသော်လည်း ပြန်ပြီး စဉ်းစားကြည့်သည့်အခါ သူသည် သာမန်လူတစ်ယောက်သာဖြစ်၍ ပြဿနာကြီးကြီးမားမား မရှာနိုင်ဟု ယူဆခဲ့သည်။ ထို့ကြောင့် လီရွှယ် စိတ်အေးလက်အေးနှင့် အခြားကိစ္စရပ်များကို သွားရောက် ကိုင်တွယ် ခဲ့ခြင်းဖြစ်သည်။

သို့သော် သူမ မျှော်လင့်မထားသည့်အရာမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့လေသည်။ ဝမ်ရှောက်ထျန်း အထဲသို့ဝင်သွားပြီးနောက် ပျောက်ကွယ်သွားခြင်းပင်။ လီရွှယ်သည် ဤမိစ္ဆာသရဲတစ္ဆေ များနှင့် ရင်ဆိုင်လာသည်မှာ ကြာပြီဖြစ်၍ အချို့သော ဝိညာဉ်များသည် အာကာသဟင်းလင်းပြင်ကို ရောထွေးအောင် ပြုလုပ်နိုင်ပြီး အာရုံများကို ဝေဝါးစေနိုင်ကြောင်း ကောင်းစွာသိသည်။ ထို့ကြောင့် လီရွှယ် ပျာယာခတ် သွားရတော့သည်။

သူမကို ပို၍ထိတ်လန့်စေသောအရာမှာ အူကြောင်ကြောင် ဝမ်ရှောက်ထျန်းသည် နတ်ဆိုးတစ်ရာကို နှိမ်နင်းနိုင်သည့် လက်ရေးစာကို မတော်တဆ ဆွဲမိသွားခြင်းပင်။ တစ်စုံတစ်ယောက်က ဝမ်ရှောက်ထျန်း ကို ကူညီခဲ့သည်ဟု သူမ သံသယမဖြစ်ခဲ့ပဲ သူမပေးထားသော စာအုပ်ထဲမှ ညွှန်ကြားချက်များကို ကြည့် ပြီး သူဘာသာ ကူးရေးရင်း ကံကောင်းထောက်မစွာ အောင်မြင်သွားသည်ဟုသာ မှတ်ယူလိုက်သည်။

ဝမ်ရှောက်ထျန်းသည် မြေပြင်ပေါ်တွင် ထိုင်ကာ အမောတကော အသက်ရှူနေရသည်။ လီရွှယ်က ကြွေပုလင်းငယ်ထဲမှ အနက်ရောင်အရည်တစ်စက်ကို လောင်းချလိုက်သည်ကို သူမြင်လိုက်ရပြီးနောက် တွင် နတ်ဆိုးအဘွားကြီးမှာ အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားကာ ပုလင်းထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

"အဲ့ဒါ ဘာဖြစ်သွားတာလဲ….။"

ဝမ်ရှောက်ထျန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ယင်စွမ်းအင်သည် ဖြစ်တည်ရန် ခက်ခဲသလို ဖျက်ဆီးရန်မှာ ပို၍ပင် ခက်ခဲကြောင်း အဘိုးယွမ်က ပြော ဖူးသည်။ မကောင်းဆိုးဝါး စွမ်းအင်များကို ပျော်ဝင်စေခြင်းမှာ ခေတ္တသာဖြစ်ပြီး ဤယင်စွမ်းအင်နှင့် အလောင်းကို (၄၉) ရက်တိုင်တိုင် အတူတူ ပိတ်လှောင်ထားပြီးမှ အတူတူ မီးရှို့ဖျက်ဆီးမှသာ အပြီးတိုင် ဖယ်ရှားနိုင်မည်ဖြစ်သည်။

သို့သော် ယခုမူ လီရွှယ်သည် ယင်စွမ်းအင်များကို ကြွေပုလင်းထဲသို့ သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။

လီရွှယ်သည် ဒေါက်ဖိနပ်စီးထားသော သူမ၏ ရှည်လျားလှပသည့် ခြေတံများဖြင့် ဝမ်ရှောက်ထျန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ ဝမ်ရှောက်ထျန်း၏ အမြင်တွင် လီရွှယ်၏ လှပသောခြေတံများနှင့် ဆွဲဆောင်မှုရှိသော တင်ပါးတို့ကို မြင်နေရသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ပင် ဆွဲဆောင် မှုရှိပြီး ခါးမှာလည်း လက်တစ်ဖဝါးဖြင့် ဆုပ်ကိုင်နိုင်လောက်အောင် သေးကျင်လှ၏။

သို့သော် ဝမ်ရှောက်ထျန်းမှာ စိတ်မဝင်စားနိုင်ပေ။ သူက လူကြီးလူကောင်းဖြစ်နေ၍ မဟုတ်ဘဲ သူ၏ လက်ဝါးမှာ သွေးချင်းချင်းနီကာ နာကျင်မှုဝေဒနာကို ပြင်းထန်စွာ ခံစားနေရသောကြောင့် ဘာကိုမှ စိတ်မဝင်စားနိုင်ခြင်း ဖြစ်သည်။

လီရွှယ်က နူးညံ့ငြိမ့်ညောင်းသော အသံဖြင့် အေးအေးဆေးဆေး ပြောလိုက်သည်။

"ကျန်တာတွေကို ရှင် စိတ်ပူနေဖို့ မလိုတော့ပါဘူး…။"

ဝမ်ရှောက်ထျန်း တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း အဘိုးယွမ်၏ စကားများက နားထဲ တွင် ပဲ့တင်ထပ်နေသဖြင့် ချက်ချင်း ပြန်ပိတ်လိုက်သည်။ ထိုသရဲအဘွာကြီး ယင်နတ်ဆိုး ဖြစ်သွားရ ခြင်းမှာ တစ်စုံတစ်ယောက်က သူမကို ဖုတ်ကောင်အဖြစ် ပြောင်းလဲလိုသောကြောင့် ဖြစ်သည်။

သာမန်လူတစ်ယောက်က ဤသို့ လုပ်နိုင်ပါမည်လော။ ဤအဘွားကြီးမှာ ချမ်းသာကြွယ်ဝသော မိသားစု မှ ဖြစ်ပုံရသော်လည်း ဖုတ်ကောင်အဖြစ် အသုံးချခံနေရသည်။ သူမ၏ မိသားစုကိုယ်တိုင်က နောက် ကွယ်တွင် ရှိနေနိုင်သလို သရဲအဘွားကြီးထက် ပို၍အစွမ်းထက်သူ တစ်ဦးဦးက ကြိုးကိုင်နေခြင်းလည်း ဖြစ်နိုင်သည်။

လီရွှယ် ရောက်ရှိလာခြင်းနှင့်အတူ ဝမ်ရှောက်ထျန်းသည် နောက်ကွယ်တွင် ပိုမိုကြီးမားသော လျှို့ဝှက် ကြံစည်မှုကြီး ရှိနေကြောင်း ခံစားမိလိုက်သည်။

"စောစောက အခန်းထဲမှာ ရှင် ဘာတွေ မြင်ခဲ့လဲ"

လီရွှယ်က မသင်္ကာသော အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် မေးလိုက်သည်။

ဝမ်ရှောက်ထျန်း၏ မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားနေသည်။

"ငါ အခေါင်းတစ်ခုနဲ့ သရဲမတစ်ကောင်ကို တွေ့ခဲ့တယ်။ သူမက မြင်ဖူးသလိုလိုပဲ။ ပြီးခဲ့တဲ့တစ်ခေါက် ယင်နယ်မြေကိုသွားတဲ့ လမ်းမှာ သူမကို တွေ့ခဲ့ဖူးသလိုပဲ။ သူမက ငါ့ နောက်ကို လိုက်နေတာလား မသိဘူး…။"

သူက တမင်တကာ ကြောက်ရွံ့နေဟန် ဟန်ဆောင်လိုက်သည်။

လီရွှယ်က ခေါင်းညိတ်ကာ

"သူမက ရှင့် ကို စွဲလမ်းနေတာ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ကျွန်မ သူမကို ခေါ်သွားပါ့မယ်…။"

ပြောပြောဆိုဆိုနှင့် လီရွှယ် အခန်းထဲသို့ လျှောက်ဝင်သွားသည်။ သစ်သားတံခါးမှာ အဘွားကြီးသရဲ ကြောင့် ပျက်စီးနေပြီဖြစ်ရာ လီရွှယ်ကို တားဆီးနိုင်ခြင်း မရှိပေ။ ဝမ်ရှောက်ထျန်းသည် လီရွှယ် တစ်ယောက် အခန်းထဲတွင် အဘိုးယွမ်ကို တွေ့သွားမည်ကို အလွန်စိုးရိမ်နေမိသည်။

သို့သော်လည်း လီရွှယ်အနေနှင့် အဘိုးယွမ်ကို မမြင်နိုင်လောက်ဟု သူ၏ စိတ်ထဲမှ အလိုလို သိနေပြန် သည်။

အဘွားကြီးသရဲသည် စောစောက အခန်းထဲရှိ မီးသီးကို ရိုက်ခွဲခဲ့သော်လည်း ကံကောင်းထောက်မစွာ လရောင်ကြောင့် အခန်းထဲရှိ အရာအတော်များများကို မြင်တွေ့နေရသည်။

အဘိုးယွမ်လည်း မရှိသလို ချင်ရှီးရှီးကိုလည်း မတွေ့ရတော့ပေ။

ဝမ်ရှောက်ထျန်း သက်ပြင်းချနိုင်သွားသော်လည်း တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။ အဘိုးယွမ်မှာ သရဲဖြစ်၍ လွတ်အောင်ရှောင်ရန် လွယ်ကူသော်လည်း လူသားတစ်ယောက်ဖြစ်သည့် ချင်ရှီးရှီးမှာ ဘယ်ရောက်သွားသနည်း။

မေးခွန်းများစွာ ရှိနေသော်လည်း လီရွှယ် သူ့ကို ရိပ်မိသွား၍ မဖြစ်သဖြင့် ဟန်ဆောင်ကာ နောင်တရ သလို ပြောလိုက်သည်။

"သူ ထွက်ပြေးသွားပြီ….။ ငါ ဘာလုပ်ရမလဲ၊ သူ ငါ့ ကို ဆက်ပြီး နှောင့်ယှက်နေဦးမှာလား…။"

"မပူပါနဲ့….။ရှင့် လက်ထဲမှာ ဧကရာဇ်ငါးပါးဒင်္ဂါး ရှိနေတာပဲ။ အဲဒါက မကောင်းဆိုးဝါးတွေရန်ကနေ ကာကွယ်ပေးပါလိမ့်မယ်….။"

လီရွှယ်သည် ဝမ်ရှောက်ထျန်း၏ လက်ထဲမှ ဧကရာဇ်ငါးပါးဒင်္ဂါးကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဤသည်မှာ အလွန်ရှားပါးသော ရတနာဖြစ်သည်။ သူမ မှတ်မိသလောက်ဆိုလျှင် ကောင်းမှုနှင့် မကောင်းမှု နှစ်ဖက်စလုံးတွင် နာမည်ကြီးသည့် သရဲဖမ်းသမားတစ်ဦးသည် ဤဒင်္ဂါးကို အသုံးပြုခဲ့ဖူးသော်လည်း သူသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

"ဒါကို ဘယ်လိုသုံးရမှာလဲ….။"

ဝမ်ရှောက်ထျန်းက ဒင်္ဂါးကို ဂရုတစိုက် ကိုင်ထားရင်း မေးလိုက်သည်။

အဘွားကြီးသရဲနှင့် ရင်ဆိုင်ရစဉ်က ဧကရာဇ်ငါးပါးဒင်္ဂါး၏ အစွမ်းကို သူ အံ့ဩခဲ့ရသည်။ မိမိတွင် အစွမ်းမရှိသဖြင့် ဤရတနာကို အလဟဿ ဖြစ်စေခဲ့သည်ကို သူ နှမြောမိသည်။

"ကျွန်မ ပေးတဲ့ စာအုပ်ကို ဖတ်ပြီးရင် ရှင် အလိုလို သိလာပါလိမ့်မယ်….။"

လီရွှယ်သည် ဝမ်ရှောက်ထျန်းကို မသင်ပေးလိုပေ။ သူမ စိတ်မထိန်းနိုင်ဘဲ ထိုဒင်္ဂါးကို လုယူမိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ဝမ်ရှောက်ထျန်း ဘာမှ ထပ်မပြောတော့ပေ။ လီရွှယ်၏ ထူးဆန်းသော စိတ်ခံစားချက်များကို သူ ခံစားမိ သည်။ ဤမိန်းမသည် ရန်သူလား မိတ်ဆွေလား သူ မခွဲခြားနိုင်သေးပေ။

"ဒါ ရှင့် ဟာ မဟုတ်လား…။"

လီရွှယ်က မြေပြင်ပေါ်ရှိ ကျောက်စိမ်းဆွဲပြားကို ခြေထောက်နှင့် ကန်လိုက်သည်။ သူမ၏ မျက်လုံး ထဲတွင် ဖတ်ရခက်သော ရှုပ်ထွေးသည့် ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။

သူမ၏ လုပ်ရပ်ကြောင့် ဝမ်ရှောက်ထျန်း အလွန်ဒေါသထွက် သွားသည်။ ထိုအရာမှာ ချင်ရှီးရှီး ပေးထား သော ကာကွယ်ရေး ကျောက်စိမ်းဆွဲပြား ဖြစ်သည်။ ထိုအရာသာ မရှိလျှင် သူသည် သေဘေးနှင့် ရင်ဆိုင် ခဲ့ရနိုင်သည့်အပြင် ၎င်းသည် ချင်ရှီးရှီး၏ လက်ဆောင်လည်း ဖြစ်သည်။

ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် ၎င်းကို ချက်ချင်း ကောက်ယူလိုက်ပြီး အဝတ်စ နှင့် သွေးစွန်းနေ သည်များကို သုတ်ကာ လီရွှယ်ကို သုန်မှုန်စွာနှင့် စိုက်ကြည့်လိုက်သည်။

"သူများပစ္စည်းမှန်း သိလျက်နဲ့ ဘာလို့ ကန်ထုတ်တာလဲ….။"

လီရွှယ်က ဝမ်ရှောက်ထျန်းကို ပြုံးစစဖြင့် ကြည့်ကာ၊

"ဒီလောက်တောင် အဖိုးတန်နေတာလား…။ ဘယ်မိန်းကလေးက ပေးထားတာလဲ….။"

ဝမ်ရှောက်ထျန်း မျက်ခုံးပင့်လိုက်မိသည်။ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လီရွှယ်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် ကြွေပုလင်းထည့်ထားသော အိတ်ကို လင်ဖြင့် ဖိလိုက်ပြီး ဝမ်ရှောက်ထျန်းကို ညွှန်ကြားချက်အချို့ ပေးကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။

"အပြင်မှာ လျှောက်သွားမနေနဲ့ဦးတဲ့လား…။"

ဝမ်ရှောက်ထျန်းသည် လီရွှယ်၏ စကားကို စဉ်းစားကြည့်သော်လည်း အဓိပ္ပာယ် မဖော်နိုင်သဖြင့် ဆက်မစဉ်းစားတော့ပေ။

သူသည် ကျောက်စိမ်းဆွဲပြားကို ဆုပ်ကိုင်ကာ ရင်ခွဲရုံထဲသို့ ဝင်သွားသည်။ အခေါင်းမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ရာ ဝမ်ရှောက်ထျန်း ခေါင်းခဲသွားရသည်။ ယင်နတ်ဆိုးကို လီရွှယ် ယူသွားပြီဖြစ်သလို သူ လည်း ထပ်မမေးရဲတော့ပေ။ အဘိုးယွမ်ကို ပေးခဲ့သော ကတိကို သူ မတည်နိုင်တော့ပြီ။

ထို့အပြင် ဤရွှေနန်မူသစ်သား ခေါင်းတလားမှာလည်း ခေါင်းခဲစရာ ကိစ္စဖြစ်သည်။ ဤမျှကြီးမားသော အခေါင်းကြီးကို သုသာန်ထဲ ပြန်ပို့ရန်မှာ သူ့အတွက် မဖြစ်နိုင်သော ကိစ္စပင်။

ဝမ်ရှောက်ထျန်း စိတ်ညစ်နေစဉ်မှာပင် အဘိုးယွမ်က ပြတင်းပေါက်မှတစ်ဆင့် တိုးဝင်လာသည်။

"ဟိုမိန်းမ သွားပြီလား…."

"သွားပြီ။ အဘိုးက လီရွှယ်ကို ဒီလောက်တောင် ကြောက်တာလား…။"

ဝမ်ရှောက်ထျန်း၏ မျက်လုံးများ လှုပ်ရှားသွားသည်။ ဤအဘိုးယွမ်သည် သူဌေးကြီးတစ်ဦး၏ ဘိုးဘေး ဟု ဆိုရုံသာမက အဆောင်များကိုပါ ဆွဲနိုင်သဖြင့် သာမန်သရဲတစ်ကောင် မဟုတ်သည်မှာ သေချာလှ သည်။

အဘိုးယွမ်က နှာခေါင်းရှုံ့ကာ အေးစက်စက်ပင် ပြောလိုက်သည်။

"ငါ က မင်း အတွက် ပြဿနာ မဖြစ်စေချင်လို့ပါ။ လူဆိုတာ အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူး သူငယ်။ မိန်းမတစ်ယောက်က ပိုလှလေလေ၊ ပိုပြီး အန္တရာယ်များလေလေပဲ။ တစ်ခါတလေမှာ လူဆို တာ သရဲထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်….။"

All Chapters