← Chapters

မကျွတ်မလွတ်သော ဝိညာဉ်

Vol. 5 Ch. 51

မကျွတ်မလွတ်သော ဝိညာဉ်

Vol. 5 Ch. 51

*လူ့စိတ်ဆိုတာ ခန့်မှန်းရခက်လှပါလား….*

အဘိုးယွမ် မပြောလျှင်ပင် ဝမ်ရှောက်ထျန်း ကောင်းကောင်းနားလည်ပေသည်။ သရဲတစ္ဆေများက ကြောက်စရာကောင်းသည်မှာ လူတို့သည် မသိနားမလည်သော အရာများကို ကြောက်ရွံ့တတ်သော ကြောင့်ဖြစ်သည်။ သို့သော် အမှန်တကယ် ကြောက်စရာအကောင်းဆုံးမှာ လူ့စိတ်သာ ဖြစ်ပေသည်။

ဝမ်ရှောက်ထျန်းက ခါးသီးစွာ ပြုံးလိုက်ပြီး

"အဘိုးယွမ်၊ သတိပေးလို့ ကျေးဇူးတင်ပါတယ်။ အဘိုးသာ မကူညီရင် ကျွန်တော့်လို ပညာမပြည့်စုံ တဲ့သူက အခုလောက်ဆို သေနေလောက်ပြီ။ အခုတော့ ယင်စွမ်းအင်တွေ အလုခံလိုက်ရလို့ အဘိုးကို အားနာမိပါတယ်….။"

"ယူသွားပါစေတော့"

အဘိုးယွမ်က သက်ပြင်းချလိုက်ပြီး မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။

"ဝမ်လေး၊ မင်း မှာ ဆရာသမားရှိလား...။"

ဝမ်ရှောက်ထျန်းက ခေါင်းခါပြလိုက်သည်။ သူ၏မျက်လုံးများက တောက်ပနေ၏။ အဘိုးယွမ်က သူ့ကို တပည့်အဖြစ် လက်ခံချင်သည်ဟု ဆိုလိုခြင်းလော။ ထိုသို့သာဆိုလျှင် အလွန်ကောင်းပေမည်။ သူ၏ လက်ရှိအခြေအနေမှာ အချိန်မရွေး အန္တရာယ်ရှိနေပြီး အစားအသောက်ပို့ရင်းပင် သေသွားနိုင်သည့် အခြေအနေမျိုး မဟုတ်ပါလား။

အကယ်၍ အသက်ဘေးက လွတ်မြောက်နိုင်မည့် ပညာရပ်များကို သင်ယူနိုင်မည်ဆိုပါက သူ အလွန်ပင် ဝမ်းမြောက်မိမည်ဖြစ်သည်။ ဝမ်ရှောက်ထျန်းသည် အဘိုးယွမ်၏ စကားသံကို ကြားရုံနှင့် သူ၏ ဆိုလို ရင်းကို ချက်ချင်းနားလည်လိုက်သည်။ အဘိုးယွမ်က သူ၏ ပါရမီကို မြင်သဖြင့် တစ်ခုခု သင်ပေးချင် နေခြင်းဖြစ်သော်လည်း ထိုကဲ့သို့ ကံကောင်းမှုမျိုးမှာ အလွယ်တကူ ရနိုင်ခဲလှသည်။

အဘိုးယွမ်သည် ရွှေနန်မူအခေါင်းကြီးနှင့် မြှုပ်နှံခြင်းခံရသည့်အပြင် ချမ်းသာကြွယ်ဝသော ယွမ်မိသားစု နှင့်လည်း နီးကပ်စွာ ပတ်သက်နေသဖြင့် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဆိုရလျှင် ထိုအခွင့်ရေး သည် ဝမ်ရှောက်ထျန်း ကဲ့သို့ အခြေအနေမရှိသူနှင့် အလှမ်းဝေးလွန်းလှသည်။ သို့သော် အသက်ကယ် အတတ်ပညာ ၏ ဆွဲဆောင်မှုက ကြီးမားလွန်းနေပေသည်။

"သူငယ်၊ ငါ ကတော့ မင်း ရဲ့ ပါရမီကို အများကြီး မျှော်လင့်ချက်ထားတယ်။ မင်း ဆီမှာ ဧကရာဇ်ငါးပါး ဒင်္ဂါး ရှိနေတာသိပေမဲ့ လမ်းပြပေးမယ့် ဆရာမရှိတော့ ဒီလိုမျိုး အဖိုးတန်ဒင်္ဂါးတွေကို အလဟဿ ဖြုန်းတီးနေသလို ဖြစ်နေတာပေါ့….။"

အဘိုးကြီးယွမ်က သူ၏မုတ်ဆိတ်ကို ဟန်ပါပါ သပ်ရင်း ဝမ်ရှောက်ထျန်းကို လှောင်ပြောင်သလို ကြည့် လိုက်သည်။ ဝမ်ရှောက်ထျန်းသည် ရိုးသားပုံပေါက်သော်လည်း အမှန်တကယ်တွင် အလွန်ပါးနပ်သူ ဖြစ်ကြောင်း သူယုံကြည်သည်။ ထိုသို့မဟုတ်လျှင် သူနှင့် ပူးပေါင်းရန် ဤမျှလွယ်လွယ်ကူကူ သဘောတူ မည်မဟုတ်ပေ။ ပညာရှိသူများအကြားတွင် စကားကို အကျယ်ချဲ့ပြောနေရန် မလိုတော့ပေ။

"ဆရာ ကျွန်တော့် ရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါ…."

ဝမ်ရှောက်ထျန်းက အလွန်ဝမ်းမြောက်ကာ ပြောလိုက်သည်။

ဤကဲ့သို့ ကံထူးမှုမျိုးမှာ တစ်သက်မှာတစ်ခါသာ ကြုံရတတ်သောအရာ ဖြစ်သည်။ အဘိုးယွမ်ကဲ့သို့ ကြင်နာတတ်သော သရဲနှင့်တွေ့ကာ ဘေးဒုက္ခမှ ကံကောင်းခြင်းသို့ ပြောင်းလဲသွားရသည်မျိုးမှာ ဝမ်ရှောက်ထျန်း အိပ်မက်ပင် မမက်ရဲသော အရာဖြစ်သည်။

အဘိုးယွမ်က ဝတ်ကျေတမ်းကျေပင် သူ့ကို ပြန်ထူပေးလိုက်ပြီး

"ဆရာလို့ အခေါ်ခံရလောက်အောင် ငါ မထိုက်တန်ပါဘူး။ ငါ က အရိုးစုပဲ ကျန်တော့တဲ့ သရဲအိုကြီး တစ်ကောင်ပါ၊ ဘယ်လိုလုပ် မင်း ဆရာ ဖြစ်နိုင်မှာလဲ။ အခုတော့ ငါ့ ကို 'ဆရာကြီး' လို့ပဲ ခေါ်ပါ။ အလဲ အလှယ်အနေနဲ့ ငါ က အသက်ကယ်ပညာ သင်ပေးမယ် မင်း က ငါ့ ကို အကူအညီတစ်ခု ပြန်ပေးရမယ်"

"ကျွန်တော် တတ်စွမ်းသရွေ့ အစွမ်းကုန် ကူညီပါ့မယ်….။"

ဝမ်ရှောက်ထျန်း နားလည်ထားသည့် အခြေခံသဘောတရားတစ်ခုမှာ 'အခမဲ့ရသော ထမင်းတစ်နပ်' မရှိဟူသောအချက်ပင်။

အဘိုးယွမ်က အလဲအလှယ်လုပ်ရန် ဆန္ဒရှိနေခြင်းကပင် သူ့ကို ပျော်ရွှင်စေပြီဖြစ်သည်။ ဝမ်ရှောက်ထျန်း ၏ ဆိုလိုရင်းမှာ သူတတ်နိုင်လျှင် အကောင်းဆုံးလုပ်ပေးမည်ဖြစ်သော်လည်း မတတ်နိုင်သည့်အရာကို တော့ ကတိပေးမည်မဟုတ်ပေ။

အဘိုးယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်…။ ဒါမှပေါ့။ အဲဒီလို သတ္တိရှိရမယ်။ ငါ ခိုင်းမယ့်ကိစ္စက မင်း တတ်နိုင်တဲ့အထဲမှာ ပါပါ တယ်။ မင်း ရဲ့ မူဝါဒတွေကိုလည်း ဖောက်ဖျက်စေမှာ မဟုတ်သလို မင်း ကိုလည်း အခက်အခဲ မဖြစ်စေ ပါဘူး…။"

"ဆရာကြီးက သဘောကောင်းလွန်းပါတယ်….။"

ဝမ်ရှောက်ထျန်းကလည်း ပြန်လည်နှိမ့်ချပြောဆိုလိုက်သည်။

"ကျွန်တော့ ရဲ့ အသက်ကို ကယ်တင်ဖို့ ပညာသင်ပေးတာဟာ အလွန်ကြီးမားတဲ့ ကျေးဇူးပါ။ ဘာခိုင်းချင် လဲဆိုတာသာ ပြောပါ…။။"

အဘိုးယွမ်က စေတနာပြလာသဖြင့် ဝမ်ရှောက်ထျန်းကလည်း ပို၍ ရိုသေပြလိုက်သည်။

ကြီးသူနှင့် ငယ်သူ၊ တစ်ယောက်က မြေခွေးအိုကြီးနှင့် နောက်တစ်ယောက်က မြေခွေးငယ်လေးကဲ့သို့ ဖြစ်နေတော့သည်။

အဘိုးယွမ်က ခဏမျှ စဉ်းစားပြီးနောက် တည်ကြည်စွာ ပြောလိုက်သည်။

"ငါ့ ရဲ့ ရုပ်အလောင်းရှိတဲ့ ရွှေနန်မူအခေါင်းကြီး တူးဖော်ခံလိုက်ရတယ်။ ဘယ်သူတွေတူးသွားလဲဆိုတာ လည်း ငါ မသိဘူး။ ငါ့ အရိုးတွေကို ဘယ်မှာ သွားလွှင့်ပစ်လိုက်လဲဆိုတာလည်း မသိဘူး။ ငါ့ အရိုးတွေ ကို ပြန်ရှာပေးဖို့ပဲ မင်း ကို အကူအညီတောင်းချင်တယ်….။"

"ကောင်းပါပြီ… ကျွန်တော် အသေအချာ ရှာပေးပါ့မယ်….။"

ဝမ်ရှောက်ထျန်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

အမှန်တကယ်တော့ အဘိုးယွမ်က မတောင်းဆိုလျှင်ပင် သူကူညီမည်သာဖြစ်သည်။ ဒီနေ့ ဘေးဒုက္ခများ မှ သူလွတ်မြောက်ခဲ့ရသည်မှာ အဘိုးယွမ်ကြောင့်ပင် မဟုတ်ပါလား။ ဝမ်ရှောက်ထျန်းသည် ကျေးဇူးရှိ လျှင် ဆပ်တတ်ပြီး ရန်ရှိလျှင် တုံ့ပြန်တတ်သူဖြစ်သည်။ ရိုးသားအေးဆေးပုံပေါက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ အရာအားလုံးကို အကွက်ကျကျ တွက်ချက်ထားတတ်သူဖြစ်သည်။

"နန်ရှန်သုသာန် ၏ အနောက်ဘက်ဆုံးမှာ မိုးမခပင်ကြီးတစ်ပင် ရှိတယ်။ မနက်ဖြန်က လပြည့်နေ့ပဲ။ ည (၁၁) နာရီမှာ မိုးမခပင်အောက်မှာရပ် လမင်းကြီးကို မျက်နှာမူပြီး ခြေလှမ်း (၆၀) လှမ်းပါ။ ပြီးရင် မြေကြီးကို သုံးပေလောက် တူးကြည့်လိုက်၊ အဖိုးတန်တဲ့အရာတစ်ခုကို မင်း တွေ့လိမ့်မယ်…။"

ဝမ်ရှောက်ထျန်း ရုတ်တရက် အံ့ဩသွားရသည်မှာ အဘိုးယွမ်၏ အသံက တဖြည်းဖြည်း တိုးသွားပြီး သူ၏ ပုံရိပ်မှာလည်း ဝေးရာသို့ ပျောက်ကွယ်လုနီးပါး ဖြစ်လာသောကြောင့်ပင်။

အဘိုးယွမ်သည်လည်း သူ၏ အခြေအနေကို ရိပ်မိပုံရကာ အလျင်အမြန် ပြောလိုက်သည်။

"မြန်မြန်... လမ်းတစ်ဖက်က တိုက်ရဲ့ လေးလွှာကို သွားတော့….။ အဲဒီမှာ ကောင်မလေး တစ်ယောက် ရှိတယ်….။မြန်မြန်လုပ်၊ နောက်ကျနေပြီ...။"

စကားမဆုံးခင်မှာပင် အဘိုးယွမ် လုံးဝပျောက်ကွယ်သွားတော့သည်။ ဝမ်ရှောက်ထျန်း အလွန်ဇဝေဇဝါ ဖြစ်သွားရသည်။

*ဘယ်ကောင်မလေးလဲ….။*

ရုတ်တရက် ဝမ်ရှောက်ထျန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ ကောင်မလေးဆို တာက... ချင်ရှီးရှီး ဖြစ်နိုင်မလား။ ဝမ်ရှောက်ထျန်း မိမိနဖူးကို မိမိ ပြန်ရိုက်လိုက်သည်။ သူမ ဖြစ်ဖို့ သေချာသလောက် ရှိနေပြီ။

အဘိုးယွမ်သည် ဖိအားအောက်တွင်ပင် တည်ငြိမ်သူဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ယင်နတ်ဆိုးနှင့် ရင်ဆိုင်ရစဉ်ကပင် တုန်လှုပ်ခြင်းမရှိဘဲ အဆောင်ရေးဆွဲနည်းကို အေးအေးဆေးဆေး သင်ပေးခဲ့သူဖြစ်သည်။

သို့သော် ယခုလေးတင် အဘိုးယွမ်၏ မျက်နှာထားမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ အခြေ အနေမှာ အလွန်စိုးရိမ်ရသည့်ပုံပင်။ ချင်ရှီးရှီး တစ်ယောက် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် ဝမ်ရှောက်ထျန်း အစွမ်းကုန် ပြေးတော့သည်။ လမ်းတစ်ဖက်ရှိ ရုံးခန်းရှိရာတိုက်သို့ ရောက် သည်နှင့် အေးစက်သော လေထုက သူ့အား ရိုက်ခတ်သွားသဖြင့် တုန်တက်သွားသည်။ ဤတိုက်မှာ ထူးဆန်းလှသည်။ အပူချိန်က အဘယ်ကြောင့် ဤမျှပင် ကျဆင်းနေရသနည်း။

ဤမီးသင်္ဂြိုဟ်စက်ကို လွန်ခဲ့သော ဆယ်စုနှစ်များစွာက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု မရှိခဲ့ပေ။ ဓာတ်လှေကားလည်း မရှိသဖြင့် ဝမ်ရှောက်ထျန်း လှေကားမှ ပြေးတက်ရလေသည်။ လမ်းတစ်ဝက်သို့အရောက်တွင် လှပသော ဆံနွယ်ရှည်တစ်ခုကို သူမြင်လိုက်ရသည်။

"တောက်…. တကယ့်ကို မပြီးနိုင်မစီးနိုင်ပဲ…."

ဝမ်ရှောက်ထျန်း အံကြိတ်လိုက်သည်။ ထိုနက်မှောင်ပြောင်လက်နေသော ဆံနွယ်များကို သူ ကောင်း ကောင်းကြီး သိပေသည်။ ယင်နတ်ဆိုးနှင့် တိုက်ခိုက်ခဲ့ပြီးနောက်တွင် သူသည် ဘာကိုမှ မကြောက်တော့ ဘဲ သတ္တိများ ရှိနေပြီဖြစ်၏။ လှေကားလက်ရန်းတွင် တွဲလောင်းကျနေသော ဆံပင်များကို မြင်နေရ သော်လည်း သူ မကြောက်တော့ဘဲ ဒေါသသာ ထွက်လာမိသည်။

"သတ္တိရှိရင် ထွက်ခဲ့စမ်း…. ငါ့ ကို လာခြောက်နေတာလား။ နောက်ဘဝကျမှ လာခြောက်လိုက်…။"

သူပြောလိုက်သည်နှင့် လှေကားလက်ရန်းတွင် တွဲလောင်းကျနေသော ဆံပင်အရှည်ကြီးမှာ ဖြည်းဖြည်း ချင်း လှုပ်ရှားလာလေသည်။ ဆံပင်ရှည်ရှည်နှင့် မိန်းမတစ်ယောက် လှေကားလက်ရန်းပေါ်တွင် ခေါင်း တင်ကာ အောက်သို့ တရွေ့ရွေ့ ဆင်းလာသကဲ့သို့ ဖြစ်နေသည်။

ပို၍ နီးကပ်လာသောအခါမှ လှေကားလက်ရန်းပေါ်တွင် ရှိနေသောအရာကို ဝမ်ရှောက်ထျန်း မြင်လိုက်ရ သည်။

မိမိကိုယ်ကို သတ္တိရှိနေပြီဟု ထင်ထားသော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဝမ်ရှောက်ထျန်း အသက်ရှူမှားသွားခဲ့သည်။ ဤသည်မှာ ဆာဒါကို သရဲမ၏ အဆင့်မြင့်ဗားရှင်းပင် မဟုတ်ပါလား။

အဖြူရောင် ညအိပ်ဝတ်စုံဝတ်ထားသော မိန်းမတစ်ယောက် လှေကားပေါ်မှ ဖြည်းဖြည်းချင်း လျှောက် ဆင်းလာသည်ကို သူမြင်လိုက်ရသည်။ သူမ၏ ဗလာကျင်းနေသောခြေထောက်များတွင် အပြာရောင် သွေးကြောများကထင်းနေပြီး အသားအရေမှာလည်း ဖြူဖျော့ကာ ပြာနှမ်းနေသည်။

ဤအရာများက ဝမ်ရှောက်ထျန်းကို ကြောက်လန့်စေသောအရာ မဟုတ်သေးပေ။

ဝမ်ရှောက်ထျန်း အနည်းငယ် ကြောက်သွားရခြင်းမှာ ထိုညအိပ်ဝတ်စုံနှင့် မိန်းမတွင် ခေါင်းမပါတော့ဘဲ သူမ၏ ညာဘက်လက်က ပြတ်နေသော ခေါင်းကို ကိုင်ထားကာ လှေကားလက်ရန်းပေါ်တွင် တင်ထား ခြင်းကြောင့်ဖြစ်သည်။

ဝမ်ရှောက်ထျန်း၏ အကြည့်ကို သတိပြုမိသွားပြီးနောက် သူမ၏ ရေမှော်ပင်ကဲ့သို့ ရှည်လျားသော ဆံပင်များမှာ အသက်ဝင်လာသကဲ့သို့ သူ့ဆီသို့ ဆန့်ထွက်လာတော့သည်။

"ငါ အခွင့်အရေးပေးမယ်၊ အခုချက်ချင်း ထွက်သွားစမ်း….။ငါ့ ကို လက်ပါအောင် မလုပ်နဲ့…။"

ဝမ်ရှောက်ထျန်းက ဒေါသတကြီး ဆဲဆိုလိုက်ပြီး ပြင်းထန်သောလေသံဖြင့် အော်ဟစ်လိုက်သည်။

သရဲမမှာ တကယ်ပင် တန့်သွားပြီး လှေကားပေါ်တွင် တောင့်တောင့်ကြီး ရပ်နေသည်။

ဝမ်ရှောက်ထျန်းက ထိုသရဲ ကြောက်သွားပြီဟု ထင်လိုက်စဉ်မှာပင် သူမက ကိုင်ထားသော ခေါင်းကို လွှတ်ချလိုက်ပြီး သူမ၏ အပြာနှမ်းနေသောလက်ချောင်းများဖြင့် အပေါ်သို့ ထိုးပြလိုက်သည်။

သူမသည် သူ့အား တစ်စုံတစ်ခုကို သတိပေးနေသည့်ပုံမျိုးပင်…။

All Chapters