← Chapters

လွန်ခဲ့သောတစ်ပတ်

Vol. 5 Ch. 52

လွန်ခဲ့သောတစ်ပတ်

Vol. 5 Ch. 52

ဝမ်ရှောက်ထျန်းသည် ရှေ့သို့ နှစ်လှမ်းခန့် စမ်းတိုးကြည့်လိုက်ရာ သရဲမမှာ သူ့ကို လမ်းဖယ်ပေးသည့် အလား ဘေးသို့ တိုးပေးလိုက်သည်ကို တွေ့လိုက်ရသည်။ ထိုအခါမှ ဤသရဲမသည် သူ့အပေါ် ရန်ငြိုး မရှိနိုင်ကြောင်း ဝမ်ရှောက်ထျန်း နားလည်သွားသည်။

သို့သော်လည်း [လူဆိုတာ အမြဲသတိထားရသည်] ဆိုသည့် စကားအတိုင်းပင်၊ သရဲဆိုလျှင် ပို၍ပင် သတိထားရပေမည်။ ထို့ကြောင့် ဝမ်ရှောက်ထျန်းသည် ဧကရာဇ်ငါးပါးဒင်္ဂါးကို တင်းတင်းဆုပ်ကိုင်ကာ လှေကားကို တစ်ထစ်ချင်း သတိကြီးစွာဖြင့် တက်လာခဲ့သည်။ လှေကားထစ် (၁၂) ထစ်ကို တက်ရန် ငါးမိနစ်ခန့် ကြာသွားပြီး စက္ကန့်တိုင်းသည် ညှဉ်းပန်းနှိပ်စက်ခံနေရသလို ခံစားရနေသည်။

အပေါ်ဆုံးထစ်သို့ ရောက်သောအခါ ဝမ်ရှောက်ထျန်းနှင့် သရဲမမှာခြေလှမ်း ငါးလှမ်း ခြောက်လှမ်းခန့်သာ ကွာတော့သဖြင့် သူမ၏ ရုပ်ရည်ကို အထင်အရှား မြင်လိုက်ရသည်။ အမှန်အတိုင်း ပြောရလျှင် ထိုသရဲမ မှာ တော်တော်လေး လှပသည်။ သေးသွယ်လှပသော မျက်နှာလေးနှင့် ချောမောသော ရုပ်ရည်ရှိသည်။ အကယ်၍ သူမ၏ ခေါင်းနှင့် ကိုယ်သာ ကွဲမနေပါက တကယ့်အလှပဂေးတစ်ယောက် ဖြစ်ပေလိမ့်မည်။

ဝမ်ရှောက်ထျန်း မိမိနဖူးကို မိမိ ပြန်ရိုက်လိုက်မိသည်။ သူ လူပျိုကြီးဖြစ်နေသည်မှာ ကြာပြီမို့င်သည်။ ယခုဆိုလျှင် သရဲမကိုတောင် ချောသည်ဟု မြင်နေမိလေပြီ။

*ဒါတော့ မဟုတ်သေးပါဘူး….. ငါ မြန်မြန် ရည်းစားရှာမှ ဖြစ်တော့မယ်။ မဟုတ်ရင်တော့ အရာရာကို ခွဲခြားနိုင်စွမ်း မရှိတော့ဘဲ ဖြစ်ကုန်တော့မှာပဲ။ တကယ်လို့ မိန်းမသရဲတစ်ကောင်က ငါ့ကို လာခြောက် တဲ့အခါ ငါက မကြောက်တဲ့အပြင် သူ့ကို ပြန်ပြီး လုံးထွေးလိုက်ရင်တော့ တကယ့်ကို အရှက်ကွဲစရာကြီး ဖြစ်တော့မှာ….။*

လှေကားထစ်ပေါ်တွင် ရပ်နေသော သရဲမမှာ ဝမ်ရှောက်ထျန်း ကြောက်စိတ်မရှိတော့သည်ကို ရိပ်မိပုံ ရသည်။ ခေါင်းကို ကိုင်ထားသော သူမ၏လက်မောင်းမှာ ရုတ်တရက် တွန့်သွားပြီး ဝမ်ရှောက်ထျန်းကို စိုက်ကြည့်ကာ ပါးစပ်ကြီး ဖြဲပြီး ပြုံးပြလိုက်သည်။

ထိုအပြုံးကြောင့် ဝမ်ရှောက်ထျန်း၏ ရင်ထဲရှိ ရိုမန်တစ်ဆန်ချင်စိတ်များ အကုန်လွင့်စင်သွားရသည်။

"သရဲ မမ... မင်း က သရဲကောင်းတစ်ကောင်ဆိုတာ ငါ သိပါတယ်။ ငါ အရေးကြီးကိစ္စရှိလို့ အပေါ်ထပ် ကို ခဏသွားပါရစေ။ မင်း မှာ လုပ်စရာရှိရင်လည်း သွားလုပ်ပါဦး…။"

ဝမ်ရှောက်ထျန်းသည် နံရံကို ကပ်ကာ ပြုံးဖြီးဖြီးဖြင့် သရဲမနှင့် ခပ်ခွါခွါနေ၍ အပေါ်ထပ်သို့ တရွေ့ရွေ့ တက်လာခဲ့သည်။ သို့သော် လှေကားမှာ ကျဉ်းကျဉ်းလေးမို့ သူမနှင့် လုံးဝ ရှောင်ထွက်သွားရန် မဖြစ် နိုင်ပေ။ သူတို့နှစ်ဦး ပွတ်ကာသီကာ ဖြတ်သွားစဉ် သူမဆီမှ အပုပ်နံထွက်နေသော အနံ့ဆိုးကြီးကိုတော့ ဝမ်ရှောက်ထျန်း အတိုင်းသား ရလိုက်သည်။ ၎င်းမှာ အလောင်းပုပ်နံ့ထက် ပို၍ မွန်းကြပ်စရာကောင်း သော 'ရန်ငြိုးအာဃာတ' အနံ့ဆိုးပင် ဖြစ်သည်။

ဝမ်ရှောက်ထျန်းသည် နှာခေါင်းပိတ်ချင်သော်လည်း သရဲမကို စိတ်ဆိုးသွားစေမည်ကို စိုးသဖြင့် အောင့်ထားရသည်။ မိန်းမသားဆိုသည်မှာ သေပြီးသည့်တိုင် အလှအပကို မြတ်နိုးတတ်ကြသည် မဟုတ်ပါလား။ သူသာ စက်ဆုပ်ရွံရှာဟန် ပြမိလျှင်တော့ အန္တရာယ်ရှိနိုင်သည်။

သရဲမ၏ လက်ညှိုးမှာ အပေါ်ထပ်သို့ ဇွဲနပဲဖြင့် ညွှန်ပြနေဆဲ ဖြစ်သည်။ ဝမ်ရှောက်ထျန်း မျက်မှောင် ကြုတ်လိုက်သည်။ သူ မှတ်မိသလောက်ဆိုလျှင် ချင်ရှီးရှီးမှာ အပေါ်ထပ်တွင် ရှိနေရမည်။ ဤသရဲမမှာ ရန်မူလိုပုံမရဘဲ အပေါ်သို့ ဆက်တိုက် ညွှန်ပြနေခြင်းမှာ ချင်ရှီးရှီး တစ်ခုခု ဖြစ်နေ၍လားဟု သူ တွေးမိ ကာ အပေါ်ထပ်သို့ အပြေးလွှားတက်ခဲ့လိုက်သည်။

အဘိုးနှင့်အတူ ကြီးပြင်းလာသူ ဖြစ်သဖြင့် ဝမ်ရှောက်ထျန်းမှာ အချို့အရာများကို အာရုံခံနိုင်စွမ်း ရှိ သည်။ လှေကားထိပ်တွင် မှန်တစ်ချပ် ချိတ်ထားသည်ကို သူ သတိပြုမိသွားသည်။ မှန်နှင့် ရှေးဟောင်း ပစ္စည်းများသည် ယင်စွမ်းအင် မြင့်မားသဖြင့် ထူးဆန်းသော အဖြစ်အပျက်များ ဖြစ်လေ့ရှိသည်။

မီးသင်္ဂြိုဟ်စက်ဆိုသည်မှာ မူလကတည်းက စိတ်မချရသော နေရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် အလုပ်လုပ်ရန် ဝန်ထမ်းရွေးချယ်ရာ၌ပင် ထူးဆန်းသော ဖြစ်ရပ်များ မကြုံတွေ့ရစေရန် ဇာတာ အလွန် မြင့်သူများကိုသာ ရွေးချယ်ရသည်ဟူသော စည်းကမ်းချက်များ ရှိသည်ဟု ဆိုကြသည်။

သို့သော် ဤမီးသင်္ဂြိုဟ်စက်၏ ရုံးခန်းအဆောက်အအုံ အတွင်းရှိ စင်္ကြံလမ်းတွင် မှန်တစ်ချပ် ချိတ်ထား ခြင်းမှာ ထူးဆန်းနေသည်။ မှန်သည် ဝိညာဉ်ရေးရာ ပစ္စည်းတစ်ခု ဖြစ်သဖြင့် တစ်စုံတစ်ခု ကပ်ငြိရန် အလွန်လွယ်ကူပေသည်။

ဝမ်ရှောက်ထျန်းက မှန်ထဲသို့ မသိမသာ ကြည့်လိုက်ရာ မှန်ထဲရှိ သူ၏ ပုံရိပ်မှာ သူ့ကို ပြန်ကြည့်ပြီး အူကြောင်ကြောင် ပြုံးပြနေသည်ကို မြင်လိုက်ရသည်။

"အမလေးဗျ…"

ဝမ်ရှောက်ထျန်း လန့်ဖြန့်ကာ လှေကား သုံးထစ်ကို တစ်လှမ်းတည်းနှင့် ခုန်တက်ပြီး နောက်တစ်ထပ်သို့ ပြေးတက်ခဲ့သည်။ မှန်နှင့် ဝေးသွားသည့်တိုင် သူ၏ရင်ထဲတွင် တဒိတ်ဒိတ် တုန်နေဆဲ ဖြစ်သည်။ သူ၏ လည်ပင်းမှ ဧကရာဇ်ငါးပါးဒင်္ဂါးကို အမြန်ဆုပ်ကိုင်လိုက်မှသာ နွေးထွေးမှုကို ခံစားရပြီး စိတ်အေးသွား ရသည်။

ဤမီးင်္သဂြိုလ်မှာ အမှန်ပင် သံသယဖြစ်ဖွယ် ကောင်းလှသည်။ ဝမ်ရှောက်ထျန်းသည် အရေးကြီးဆုံး ဖြစ်သော ချင်ရှီးရှီးကို အမြန်ရှာဖွေခဲ့သည်။ ရုံးခန်းများရှိရာ မြောက်ဘက်ခြမ်းသို့ ပြေးသွားပြီး တံခါး တစ်ခုကို ကန်ဖွင့်လိုက်သည်။

"ဘာလုပ်တာလဲ…."

ရုံးခန်းထဲတွင် ထိပ်ပြောင်ပြောင်နှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ညစ်ညမ်းသံများ ထွက်ပေါ်နေသော ဗီဒီယိုတစ်ခုကို စိုက်ကြည့်နေသည်။

ထိုလူသည် ရုံးအုပ်ကြီး ရောက်လာပြီအမှတ်နှင့် ထိုင်ခုံပေါ်မှ လန့်ဖျန့်ကာ ခုန်တက်မတတ် ဖြစ်သွား သည်။ တံခါးကို ကန်ဖွင့်ဝင်လာသူမှာ သူစိမ်းတစ်ယောက် ဖြစ်နေသည်ကို မြင်သောအခါမှ သူအကြီး အကျယ် ဒေါသထွက်သွားတော့သည်။

"မင်း က ဘယ်သူလဲ….။ အပြင်က ဆိုင်းဘုတ်ကို မမြင်ဘူးလား။ ခွင့်ပြုချက်မရှိဘဲ ရုံးခန်းထဲ မဝင်ရဘူး"

ထိုလူသည် ဝမ်ရှောက်ထျန်းကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်ရင်း အနားသို့ လျှောက်လာသည်။ သူ တကယ်ပင် ထိတ်လန့်သွားခဲ့ရသဖြင့် ဝမ်ရှောက်ထျန်းဆီမှ လျော်ကြေးတောင်းရန် ကြံစည်နေပုံ ရသည်။

ဝမ်ရှောက်ထျန်းက အလျင်အမြန်ပင် မေးလိုက်သည်။

"ချင်ရှီးရှီး ဘယ်မှာလဲဆိုတာ သိလား…။"

"ချင်ရှီးရှီးလား….။ သူ ဒီနေ့ ခွင့်ယူထားတယ်လေ။ တွေ့ချင်ရင် မနက်ဖြန်မှ ပြန်လာခဲ့…။"

ထိုလူသည် ဝမ်ရှောက်ထျန်းက ချင်ရှီးရှီးကို သိသူဖြစ်ကြောင်း ကြားလိုက်ရသဖြင့် သူ၏ ကံဆိုးမှုကို ကျိန်ဆဲလိုက်ပြီး ဝမ်ရှောက်ထျန်းဆီမှ ငွေညှစ်ရန် မဝံ့တော့ပေ။

ထိုသို့ ကြားလိုက်ရသဖြင့် ဝမ်ရှောက်ထျန်း အံ့အားသင့်သွားသည်။

"သူ ဒီနေ့ အချိန်ပိုဆင်းရမယ်လို့ ပြောတယ် ခွင့်မယူထားပါဘူး။ မင်း သူ့ကို တကယ် မမြင်မိဘူးလား…။"

"ထွက်သွားစမ်း….။ ဘယ်သူက အချိန်ပိုဆင်းတယ်လို့ ပြောလို့လဲ…. ဒီနေ့ ဒီမှာ အချိန်ပိုဆင်းနေတာ ငါ တစ်ယောက်တည်းပဲ…။" ဟု ထိုလူက ဒေါသတကြီး အော်ပြောသည်။

ဝမ်ရှောက်ထျန်း ဇဝေဇဝါ ဖြစ်သွားရသည်။

*ဘာတွေ ဖြစ်ကုန်တာလဲ….။*

"အစ်ကို... ငါ က ချင်ရှီးရှီးရဲ့ ဆွေမျိုးပါ။ သူ နေမကောင်းဖြစ်နေတာတောင် အလုပ်လာဆင်းမယ်ဆိုပြီး အိမ်မပြန်တာ တစ်ရက်နဲ့ တစ်ည ရှိနေပြီမို့ ငါ့ ကို လာကြည့်ခိုင်းလို့ပါ"

ဝမ်ရှောက်ထျန်းသည် သူ၏ လိမ်ညာပြောဆိုနိုင်စွမ်းက တဖြည်းဖြည်း တိုးတက်လာသည်ဟု ခံစားမိ သည်။ သူ တခြားနည်းလမ်း မရှိတော့ပေ။

"ဟင်း... ချင်ရှီးရှီးကတော့ တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေလို့ အိမ်ကို အချိန်ပိုဆင်းတယ်လို့ လိမ် ပြောထားတာ ဖြစ်မှာပေါ့….။"

ဝမ်ရှောက်ထျန်း တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။

"အစ်ကို... အစ်ကို့ရဲ့ အစာအိမ်ရောင်တဲ့ရောဂါ သက်သာသွားပြီလား….။"

ချင်ရှီးရှီးက သူမ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦး အစာအိမ်ရောင်နေ၍ သူမ အချိန်ပိုဆင်းပေးရသည်ဟု ပြောခဲ့သည်ကို ဝမ်ရှောက်ထျန်း မှတ်မိနေသည်။

"ချင်ရှီးရှီး ပြောပြတာလား။ သူ ငါ့ ကို အဲလောက်တောင် စိတ်ပူပေးလိမ့်မယ်လို့ မထင်ထားဘူး…။"

ဟု ထိုလူက ပြန်ပြောသည်။

ထိုစကားကို ကြားသောအခါ ဝမ်ရှောက်ထျန်း စိတ်အေးသွားရသည်။ သို့သော် နောက်တစ်စက္ကန့်တွင် -

"အကုန်သက်သာသွားပါပြီ…. အဲဒါက ပြီးခဲ့တဲ့အပတ် က ဖြစ်တာလေ….။"

ဟု ထိုလူက ပြောလိုက်သည်။

ဝမ်ရှောက်ထျန်း၏ ခေါင်းထဲသို့ ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ဝင်လာသည်။ သူ ထို အတွေးကို ချက်ချင်းပင် ပြန်ထုတ်ပစ်လိုက်သည်။

"အစ်ကို... အလုပ်ရှုပ်နေရင် ဆက်လုပ်ပါဦး။ ကျွန်တော် ကိစ္စလေးရှိလို့သွားလိုက်ပါအုန်းမယ်…။" ဝမ်ရှောက်ထျန်း ထိုလူအားနှုတ်ဆက်ပြီး အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။

သူ သိလိုက်ရသည့် အချက်မှာ ချင်ရှီးရှီးသည် လူသားတစ်ယောက် မဟုတ်နိုင်တော့ခြင်းပင် ဖြစ်သည်။

*ချင်ရှီးရှီး... မင်း ဘယ်မှာလဲ။ အခုချက်ချင်း ထွက်ခဲ့စမ်း….။*

ဝမ်ရှောက်ထျန်း သက်ပြင်းချလိုက်မိသည်။ ချင်ရှီးရှီးသည် လူဖြစ်စေ၊ သရဲဖြစ်စေ သူမသည် သူ့အား ကူညီခဲ့သူပင် မဟုတ်ပါလား။

All Chapters