စူးချင်းအတွက် အန္တရာယ်ရှိနေခြင်း
Vol. 43 Ch. 631
ဝမ်ရှို့က ညှပ်တုတ်များ၊ ဆွဲညှပ်များဖြင့် ချုပ်နှောင်ခံထားရပြီး အလွန်အကျွံ ညှဉ်းပန်းနှိပ်စက်ခံနေရသည်။ သူမ၏ လက်ချောင်းဆယ်ချောင်းကိုလည်း သွေးများထွက်ကျနေသည်အထိ သစ်သားညှပ်များဖြင့် ဖိညှပ်ထားသည်။ အာဏာပါးကွပ်သားများက ဤအမျိုးသမီးအပေါ် လုံးဝ ငဲ့ညှာခြင်းမရှိကြပေ။ သူတို့က မူလကတည်းက ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြပြီး ယခု ဝမ်ရှို့ကို အထူးတလည် ဆက်ဆံနေကြသောကြောင့် သူမ၏ ခြေထောက်နှစ်ချောင်းစလုံးလည်း ကျိုးနေပြီ ဖြစ်သည်။
ဝမ်ရှို့ကလည်း နာကျင်မှုကြောင့် တုန်ယင်နေသည့်တိုင် မြို့ထဲတွင် ပုန်းအောင်းနေသည့် ကြံရာပါများအား မဖော်ထုတ်သေးပေ။ သူမက သူမတို့၏ လူအင်အား၊ ရှေ့ဆက်မည့်အစီအစဥ်စသည်တို့ကို လုံးဝ ထုတ်မပြောပဲ ညှဉ်းပန်းနှိပ်စက်မှုများကို တောင့်ခံနေခဲ့သည်။ သူမကို ခွဲရန် ခက်ခဲသော အခွံမာသီးဟု သတ်မှတ်နိုင်ပေသည်။ သူမက မုန်းတီးမှုက သူမကို ပို၍ အချိန်ကြာကြာ တောင့်ခံနိုင်စေပုံရသည်။ လီဖူဟိုင်ကလည်း အလွန်စိုးရိမ်ပူပန်နေပြီ ဖြစ်သည်။
သူ ဧကရာဇ်မင်းမြတ် ပေးအပ်တဲ့ တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ရင် ဧကရာဇ်မင်းမြတ်ရဲ့ အမျက်ဒေါသကို ခံစားရတဲ့လူက သူ ဖြစ်သွားတော့မှာ မဟုတ်ဘူးလား?
ရှောင်းကျဲယွိက အကျဥ်းထောင်ထဲသို့ ၀င်လာသည့်အချိန်တွင် လီဖူဟိုင်က ဝမ်ရှို့အား သံပြားပူဖြင့် ကပ်ရန် ပြင်ဆင်နေခဲ့သည်။ ဝမ်ရှို့က ကြောက်ရွံ့တုန်လှုပ်နေပုံရပြီး သံပူချောင်းကို အလိုလို ရှောင်တိမ်းနေသည်။
"သူ(မ)ကို ဒါတိုက်လိုက်"
ရှောင်းကျဲယွိက ဝမ်ရှို့အား သံပူကပ်ရန် ပြင်နေသည့် ရဲမက်က လှမ်းတားလိုက်ပြီး ဆေးတစ်ထုတ် လှမ်းပေးလိုက်သည်။ ဤဆေးထုပ်နှင့် နှိုင်းယှဥ်နိုင်သည့် နှိပ်စက်ညှဉ်းပန်းမှုဟူ၍ မရှိနိုင်ပေ။
"အရှင်မင်းမြတ်"
လီဖူဟိုင်က ရှောင်းကျဲယွိအတွက် သူ့ထိုင်ခုံကို အမြန်ဖယ်ပေးလိုက်သည်။ သူကိုယ်တိုင်ကတော့ ဧကရာဇ်မင်းမြတ် အမျက်ဒေါသထွက်မည်ကို စိုးရိမ်ပူပန်နေကာ ကြောက်လန့်တကြားဖြင့် ကုတ်ကုတ်လေး မတ်တပ်ရပ်နေသည်။
သူ့ရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိနေတဲ့မြို့မှာ လူသတ်သမားတစ်ယောက်ပေါ်လာပြီး သူ့ရဲ့ စစ်ဆေးမေးမြန်းမှုကလည်း ဘာအဖြေမှ မရသေးဘူး။ ဧကရာဇ်မင်းမြတ်က သူ့ကို အပြစ်တင်မှာ သူ ကြောက်တယ်။
“အင်း”
ရှောင်းကျဲယွိက မှိုင်းညှို့နေသော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
လီဖူဟိုင်ကလည်း သူ့တာဝန်ကို မကျေပွန်ဘူး။ နောက်မှ သူ့ကို ကိုင်တွယ်ဖြေရှင်းရမယ်။
ဆေးသောက်ပြီးနောက်တွင် ဝမ်ရှို့တစ်ယောက် ဆက်မထိန်းနိုင်တော့ပေ။ သူမက မြေပြင်ပေါ်သို့ ပုံကျသွားပြီး လူးလှိမ့်နေသည်။
“ပြောမယ်... ငါ ပြောပြပါ့မယ်”
ဝမ်ရှို့က မော့ချန်၌ သူမတို့ စုဆောင်းထားသည့် သူလျှိုများနှင့် သူမနှင့်အတူ ခေါ်ဆောင်လာသော သူလျှိုများအကြောင်း ဝန်ခံလာခဲ့သည်။ သူမက ဟာဆာပြည်ထောင်၏မင်းသမီးဖြစ်ပြီး ချူကျင်းဖုန်း၏ညီမလည်း ဖြစ်သည်။ သူမကို မင်ကျူးဟု ခေါ်ပြီး သူမထံတွင် မင်ယွဲ့ဟုခေါ်သော အမြွှာအစ်မတစ်ဦး ရှိသည်။ သူမတို့ ညီအစ်မနှစ်ယောက်က ငယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့ကြသည်။ သို့သော်လည်း မင်ကျူးက စုန်းအတတ်ကို ပိုစွဲလမ်းနေခဲ့ပြီး စုန်းသခင်ကြီးတစ်ဦးထံမှ ရွံရှာဖွယ်နည်းလမ်းများကို သင်ယူခဲ့သည်။ သူမက တာတာလူမျိုးများနှင့် အလယ်ပိုင်းလွင်ပြင်မှ လူများကို အထူးဒုက္ခပေးခဲ့သည်။
သူမ စုန်းအတတ် လေ့ကျင့်ရန်အတွက် ယန်နှစ်၊ ယန်လ၊ ယန်အချိန်ဖွား အမျိုးသားတစ်ရာနှင့် ယင်နှစ်၊ ယင်လ၊ ယင်အချိန်ဖွား အမျိုးသမီးတစ်ရာကိုပင် သတ်ပစ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် သူမက လူများကို အသက်ရှိပြီး ဦးနှောက်မဲ့သော ဖုတ်ကောင်များအဖြစ် ပြောင်းလဲပေးနိုင်သည့် အချစ်ကူတစ်မျိုးနှင့် စုန်းအတတ်တစ်မျိုးကို ဖန်တီးနိုင်ခဲ့သည်။
ဟာဆာတိုင်းပြည် ပျက်စီးသွားချိန်တွင် ညီအစ်မနှစ်ယောက် အလယ်ပိုင်းလွင်ပြင်သို့ ခိုးဝင်လာကြပြီး အလယ်ပိုင်းလွင်ပြင်မှ ပိုးမွှားများကို ဖမ်းဆီးသန့်စင်ကာ စုန်းအတတ်ကို ဆက်လက်လေ့ကျင့်ခဲ့ကြသည်။ သူမတို့၏တိုင်းပြည် ပျက်စီးရခြင်းက ရှောင်းကျဲယွိနှင့် စူးချင်းတို့ကြောင့် ဖြစ်ပြီး သူမတို့၏ ချစ်လှစွာသော ဒုတိယအစ်ကို သေဆုံးရခြင်းကလည်း ထိုနှစ်ယောက်၏လက်ချက်ဟု သိလိုက်ရချိန်တွင် ညီအစ်မနှစ်ဦးက တိုင်းပြည်ပြန်လည်ထူထောင်ရန်နှင့် လက်စားချေရန် စတင်ကြံစည်ခဲ့ကြသည်။
သူမတို့ တစ်နှစ်ကျော်ကြာ ကြိုတင်ကြံစည်နေကြပြီး အချက်အလက်များစွာ ရရှိလာခဲ့သည်။ ယခုနှစ်တွင် ကျုံးယုံမိခင်၏သုံးနှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်းလည်း သူမတို့ သိလိုက်ကြရပြီး ရှောင်းကျဲယွိလည်း ဂါရဝပြုရန် ပြန်လာရမည်ဟု သူမတို့ တွက်ဆနိုင်ခဲ့ကြသည်။
ထို့ကြောင့် သူမတို့က အစီအစဉ်တစ်ခု ချမှတ်ကာ ထောင်ချောက်များ အဆင့်ဆင့်ပြင်ဆင်ထားခဲ့ကြသည်။ သူမတို့ထဲမှ တစ်ယောက်က ယဲ့လွီချွမ်းကို အချစ်ကူသွင်းခဲ့ပြီး ရှောင်းလန်ရှင်းကို ရင်ဆိုင်ရန် တာ့ထန်သို့ သွားခဲ့သည်။ သူမတို့ ရှောင်းလန်ရှင်းအား နှိပ်စက်ခဲ့ရသည့်အကြောင်းမှာ ရှောင်းကျဲယွိကို မုန်းတီးခြင်းအပြင် သူမတို့၏ဇာတိမြေကို သိမ်းပိုက်ခဲ့သော ယဲ့လွီချွမ်းနှင့် တာတာလူမျိုးများကိုလည်း မုန်းတီးသောကြောင့် ဖြစ်သည်။
သူမတို့က စူးချင်းနှင့် ရှောင်းကျဲယွိကို သတ်ရန် ယဲ့လွီချွမ်းကို အသုံးချဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သူမတို့ စူးချင်းနှင့် ရှောင်းကျဲယွိကို မသတ်နိုင်လျှင်ပင် တိုင်းပြည်နှစ်ခုကြား၌ ပဋိပက္ခဖြစ်ပွားစေရန် မျှော်လင့်ထားကြသည်။
တာ့ထန်တိုင်းပြည်ဖြစ်စေ တာ့ထန်အင်ပါယာပဲဖြစ်စေ ဘယ်တစ်ခုပဲ ပျက်စီးသွားပါစေ သူမတို့အတွက် အကျိုးရှိမည် ဖြစ်သည်။
တာ့ထန်အင်ပါယာက တာတာလူမျိုးများအား အနိုင်ယူနိုင်ခဲ့လျှင်ပင် သိသိသာသာ အားနည်းနေသေးသည့် တာတာလူမျိုးများကို တိုက်ခိုက်ခြင်းအတွက် အလယ်ပိုင်းလွင်ပြင်က ကျေးဇူးကန်းသည့်ဟူသာ ဂုဏ်သတင်း ကျန်ရစ်နေမည် ဖြစ်သည်။
ရှောင်းလန်ရှင်းကို ညှဉ်းပန်းနှိပ်စက်ခြင်းက ရုပ်ဖျက်၍ လက်စားချေခြင်းနှင့် ညီမျှသည်။
သူမကို ရှောင်းကျဲယွိရဲ့ညီမဖြစ်ဖို့နဲ့ ယဲ့လွီချွမ်းရဲ့ဝမ်ဖေးဖြစ်ဖို့ ဘယ်သူက တောင်းဆိုခဲ့လို့လဲ?
ယဲ့လွီချွမ်း၏ကလေး အဆိပ်သင့်သည့်ကိစ္စနှင့် ပတ်သတ်လျှင်လည်း ကုသဆေး မရှိခဲ့ပေ။ သူမတို့က ထိုကလေးကို လုံးဝ မရှင်သန်စေချင်ဘဲ ရှောင်းကျဲယွိနှင့် စူးချင်းတို့အား တာ့ထန်ပြည်ထောင်သို့ မြှားခေါ်ရန် ကလေးကို ငါးစာအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
မင်ယွဲ့ မအောင်မြင်ခဲ့လျှင်ပင် မင်ကျူးက လီတာ့နျိုကို ထိန်းချုပ်ထားပြီး ရှောင်းကျဲယွိအပေါ် အချစ်ကူ အသုံးပြုရန် စောင့်ဆိုင်းနေခဲ့သည်။
သို့သော်လည်း ရှောင်းကျဲယွိက ညစာစားရန် လီအိမ်သို့ပင် မလာခဲ့သောကြောင့် သူမအတွက် အခွင့်အရေးမရခဲ့ပေ။
အကယ်၍ ထိုနေ့က ရှောင်းကျဲယွိ အဒေါ်လီ၏ဖိတ်ခေါ်မှုကို လက်ခံလိုက်ပါက သူလည်း ဒုတိယယဲ့လွီချွမ်း ဖြစ်လာမည် ဖြစ်သည်။
နောက်ပိုင်းတွင် မင်ကျူးက စူးချင်းကို သတ်ရန် ရှောင်းကျဲယွိကို တွန်းအားပေးပြီး သူ့ကိုလည်း အဆိပ်ဖြင့် ဖြည်းဖြည်းချင်း သတ်ပစ်မည်ဖြစ်သည်။ သူမ အိမ်ရှေ့စံမင်းသားကို ဖွားမြင်နိုင်ပြီးနောက် သူမက ညီလာခံကို ကန့်လန့်ကာနောက်ကွယ်မှ ထိန်းချုပ်ကာ တာ့ထန်အင်ပါယာကို ဟာဆာအင်ပါယာအဖြစ် ပြောင်းလဲမည် ဖြစ်သည်။
သူမတို့၏ အကြံအစည် အောင်မြင်ခဲ့ပါက တာ့ထန်အင်ပါယာနှင့် တာ့ထန်ပြည်ထောင်တို့က သူမ၏ပိုင်နက် ဖြစ်လိမ့်မည်ဟု သူမတို့ ယူဆထားကြသည်။ စူးချင်း၊ ရှောင်းလန်ရှင်း၊ ယဲ့လွီချွမ်း နှင့် ရှောင်းကျဲယွိတို့ အားလုံးကတော့ သေပွဲဝင်ကြရပေလိမ့်မည်။
ထိုအစီအစဥ်က ရှောင်းကျဲယွိကို ကျောရိုးအထိ အေးစိမ့်သွားသလို ခံစားရစေသည်။
“အဆိပ်အပြင်းဆုံးက မိန်းမတစ်ယောက်ရဲ့နှလုံးသား”ဆိုတဲ့ စကားက တကယ်မှန်နေတာပဲ။ သူမတို့ရဲ့ ကောက်ကျစ်တဲ့ အတွင်းစိတ်နဲ့ စေ့စေ့စပ်စပ် စီစဥ်နိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်တယ်။ သူမတို့ရဲ့နည်းလမ်းတွေကို တားဆီးဖို့က မဖြစ်နိုင်သလောက်ပဲ။
ဒီလိုလူမျိုးတွေကို ဆန့်ကျင်ဖို့က အစွမ်းထက်ပါတယ်ဆိုတဲ့ သိုင်းပညာတောင် အသုံးမဝင်နိုင်လောက်ဘူး။ ညစ်ညမ်းတဲ့ပိုးကောင်တွေက လူတွေရဲ့ ဆင်ခြင်တုံတရားနဲ့ အသိစိတ်ကို ဆုံးရှုံးစေပြီး နာခံတတ်တဲ့ ရုပ်သေးတွေလို ဖြစ်သွားနိုင်တယ်။
ရှောင်းကျဲယွိက အသက်ကို ပြင်းပြင်းရှူရင်း မင်ကျူးကို စူးစူးရဲရဲ စိုက်ကြည့်ကာ ထပ်မေးလိုက်ပြန်လိုက်သည်။
"မင်း လီတာ့နျိုကို ဘယ်လို ပိုးမွှာတွေ ထည့်ထားတာလဲ?"
“ငါ သူ့အပေါ် နာခံမှုကူနဲ့ စုန်းအတတ်ကို သုံးထားတာ။ သူ သက်ရှိအလောင်းကောင်ဖြစ်သွားအောင် သူ့ရဲ့သွေးကိုလည်း သုံးထားခဲ့တယ်။ အခု ခြေတစ်လှမ်းပဲ လိုတော့တယ်။ လပြည့်နေ့အထိ စောင့်ပြီးရင် ငါတို့ ရှုံးတော့မှာ မဟုတ်ဘူး။ သူက ဘာနဲ့မှ မထိုးဖောက်နိုင်တဲ့ ဗားဂျရာခန္ဓာကိုယ် ဖြစ်လာပြီး နင့်ရဲ့အသက်ကို သေချာပေါက် ယူသွားလိမ့်မယ်"
ဝမ်ရှို့က သူမ၏ ခေါင်းကို အားမရှိသလို မော့ထားရင်း စကားဆက်ပြောနေသေးသည်။ သူမ၏အရိုးများကို ကြာပွတ်ဖြင့် ရိုက်နေသလို ခံစားနေရသောလည်း သူမ၏အသံတွင် မကျေမနပ်မှုများ ရှိနေသေးသည်။
"အဲ့ဒါကို ဘယ်လိုဖြေရှင်းရမလဲ"
ရှောင်းကျဲယွိက သူမကို တချက်ကန်လိုက်ပြီးမှ မာမာထန်ထန် ထပ်မေးလိုက်သည်။
"ငါ သေရင် သူလည်း ငါနဲ့အတူ သေရလိမ့်မယ်။ အခု သူ့အသက်က ငါ့အသက်နဲ့ ဆက်နွယ်ထားပြီးပြီ။ ဒါက စုန်းအတတ်တွေထဲက အဆိပ်အပြင်းဆုံးကူပဲ၊ ငါတောင်မှ ဘယ်လို ကုသရမှန်း မသိဘူး။ ကုသဖို့ ဆေးလည်း မရှိဘူး၊ ဒါက အဆိပ်အပြင်းဆုံး သေမင်းကျိန်စာပဲ"
ဝမ်ရှို့က ယုတ်ယုတ်မာမာ ရယ်မောနေပြန်သည်။
လီတာ့နျိုက သူမရဲ့ အသက်ကယ် မှောပစ္စည်းပဲ။ ရှောင်းကျဲယွိက သူနဲ့ လီတာ့နျိုကြားက ညီအကိုသံယောဇဉ်ကို ဂရုစိုက်နေသေးသရွေ့ သူမ သေရမှာ မဟုတ်ဘူး။
"ကောင်းတယ်၊ အရမ်း ကောင်းတယ်၊ ဒါဆိုလည်း ကျန်း မင်းကို မသတ်တော့ဘူး။ ဒါပေမယ့် မင်း သေချင်ပါပြီလို့ တောင်းပန်ရတဲ့အထိ ကျန်း လုပ်ပေးမယ်"
ရှောင်းကျဲယွိ၏ မျက်နှာက ရေသေအိုင်ကဲ့သို့ မည်းမှောင်နေပြီး သူ့တစ်ကိုယ်လုံးမှ အေးစက်သော အရှိန်အဝါများ ဖြာထွက်နေကာ လူသတ်ချင်စိတ်မျာလည်း ရောထွေးပါဝင်နေသည်။
သူ ပြန်သွားပြီး ဒီစုန်းအတတ်ပညာနဲ့ ဆိုင်တဲ့ စာအုပ်တွေကို ဖတ်ရှုရမယ်။ ပြီးရင် ဒီစုန်းမရဲ့ကျိန်စာကို ဖယ်ရှားဖို့ နည်းလမ်းရှာရမယ်။ သူ နည်းလမ်း ရှာမတွေ့သေးခင်မှာ မင်ကျူး မသေအောင် ထားပေးနိုင်တယ်။ ဒါ့ပေမယ့် သူမ ကောင်းကောင်းနေရဖို့တော့ မမျှော်လင့်နဲ့။
အဒေါ်လီနဲ့ ဦးလေးလီတို့ရဲ့သေဆုံးမှုအတွက် အချည်းနှီးမဖြစ်စေရဘူး။ သူမ အဲ့အတွက် ပြန်ပေးဆပ်ရမယ်။
တစ်ဖက်တွင် ရှောင်းကျဲယွိက သေမင်းကျိမ်စာကို ကုစားရန် ကြိုးစားနေသလို အရည်အချင်းရှိသူများကိုလည်း ရှာဖွေနေခဲ့သည်။ သူက ငွေအမြောက်အမြား အကုန်အကျခံကာ တိုင်းပြည်တစ်ဝှမ်းလုံးသို့ ဆုကြေးငွေများ ကြေငြာထားခဲ့သည်။
အခြားတစ်ဖက်တွင်လည်း စူးချင်းက မင်းသားကို ကယ်တင်ပေးခဲ့ပြီး အပေါ်မှလူများကို ဆွဲတင်ရန် အမိန့်ပေးနေခဲ့သည်။
သူမက မင်းသားနောက်မှ လိုက်တက်ရန် အောက်ဘက်၌ စောင့်ဆိုင်းနေခဲ့သည်။
အပေါ်မှလူများက မင်းသားကို ဆွဲတင်သွားပြီး ကြိုးကိုပါ ဆွဲတင်သွားကြသည်။ ထိုမြင်ကွင်းက စူးချင်း၏ အမူအရာကို အေးစက်သွားစေသည်။
သူမ ကျေးဇူးကန်းတဲ့ဝံပုလွေကို ကယ်တင်မိသွားတာလား?
"သခင်မလေး၊ မင်း တောင်ပေါ်ကနေ နှင်းကြာပန်းကို ရှာတွေ့ခဲ့တယ် မဟုတ်လား?"
အစောပိုင်းက စူးချင်းထံမှ အကူအညီ တောင်းခဲ့သည့်လူက ချောက်ကမ်းပါးကို အမှီပြုရင်း စူးချင်းကို လှမ်းမေးလိုက်သည်။
"ငါ ရှာတွေ့တော့ ဘာဖြစ်လဲ?"
စူးချင်းက အေးစက်စက် မထီမဲ့မြင်ဟန်ဖြင့် ပြန်မေးလိုက်သည်၊ သူမ၏လေသံတွင်လည်း လူသတ်ချင်စိတ်များ ပြည့်နေပြီ ဖြစ်သည်။
“သခင်မလေး၊ ငါတို့အတွက် အဲ့ဒါကို ခွဲပေးပါ၊ ငါတို့ရဲ့ ကြင်ယာတော်မင်းသမီးက အဆိပ်သင့်နေတယ်၊ ကောင်းကင်တောင်တန်း နှင်းကြာပန်းကပဲ ကြင်ယာတော်မင်းသမီးကို ကယ်တင်ပေးနိုင်လိမ့်မယ်"
ထိုဟွေ့အမျိူးသား၏အသံက ရေခဲပြင်တစ်လျှောက် ပဲ့တင်ထပ်နေသည်။ သူက ယုံကြည်မှုအပြည့်ဖြင့် ပြောနေပြီး သူ ဆိုလိုချင်သည့် အဓိပ္ပါယ်က ရှင်းလင်းလှသည်။
မင်း နှင်းကြာပန်းကို လက်လွှဲမပေးရင် ငါကလည်း မင်းကို အပေါ်တက်ခွင့် မပေးဘူး။
"နင် လိုချင်ရင် ဆင်းလာပြီး ကိုယ်တိုင်လာယူ"
ထိုအရာက ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး စူးချင်းကလည်း မည်သည့်ခြိမ်းခြောက်မှုကိုမျှ မကြောက်တတ်သူ ဖြစ်သည်။ သူမက ထိုနှာခေါင်းချွန်ချွန် ဟွေ့အမျိုးသားကို အေးတိအေးစက် စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူ့၏မျက်လုံးများက နေရောင်အောက်တွင် အပြာရောင်သန်းနေပြီး ထူးဆန်းနေသလို လောဘကြီးပုံလည်း ရသည်။
ဒီလူက သွေးနှောဖြစ်နိုင်တယ်၊ ဟွေ့လူမျိုးစစ်စစ် မဟုတ်ဘူး။
“သခင်မလေး၊ ရယ်စရာမပြောပါနဲ့။ ငါ ဆင်းနိုင်ရင် ဆင်းပြီးတာ ကြာလှပေါ့။ နှင်းကြာပန်းကို လွှဲပေးပါ၊ ငါ မင်းကို ချက်ချင်း ဆွဲတင်ပေးမယ်"
နှာခေါင်းချွန် ဟွေ့အမျိုးသားက ပြုံးနေပြီး သူ့၏စကားများက ယဉ်ကျေးနေဆဲဖြစ်သော်လည်း နှင်းကြာပန်းကို တပ်မက်နေဆဲ ဖြစ်သည်။
သူမက သူ့ကို နှင်းကြာပန်းမပေးရင် သူက သူမကို အပေါ်တက်ခွင့်မပြုနိုင်ဘူးလေ။ သူ တကယ်ကို တွေးတောပြီး သေသေချာချာ စီစဥ်လိုက်တာပါ။
အခု ဒီချောက်ကမ်းပါးက မတ်စောက်ပြီး နေရာတိုင်းမှာ ရေခဲတွေ ရှိနေတယ်လေ။ ဒီမိန်းမက ကြီးမြတ်တဲ့မသေမျိူး ဖြစ်နေရင်တောင် ကြိုးမပါဘဲ သူမ ပြန်တက်နိုင်မှာ မဟုတ်ဘူး။ ဒီအချိန်မှာ သူမဘက်က အလျှော့ပေးပြီး နှင်းကြာပန်းကို လက်လွှဲပေးရုံအပြင် သူမ ဘာတတ်နိုင်မှာတုန်း။