အချစ်ကြီးတဲ့ မင်းသား
Vol. 43 Ch. 632
“ဘယ်သူမှ ငါ့ကို ခြိမ်းခြောက်လို့ မရဘူး။ ငါ့ကို ခြိမ်းခြောက်ဖူးတဲ့သူတွေ အားလုံး သေကုန်ပြီ”
စူးချင်းက အေးစက်စက် လှောင်ပြောင်ရယ်မောရင်း တုံ့ပြန်လိုက်သလို သူမ၏ သတ်ဖြတ်ရောင်ဝါကလည်း ပိုပြင်းထန်လာသည်။
ဒီလူက သူမရဲ့ အောက်ခြေစည်းကို လာစိန်ခေါ်နေတာပဲ။ သူမရဲ့မျက်လုံးထဲမှာ သူက လူသေဖြစ်သွားပြီ။
“ဘယ်လောက်တောင် လေကျယ်ပြီး မောက်မာနဲ့ မိန်းခလေးလဲ?”
ထိုလူကလည်း စူးချင်းကို မျက်လုံးထဲပင် လုံးဝ မထည့်ဘဲ သူ့ခေါင်းကို မော့ကာ ကျယ်ကျယ်လောင်လောင် လှောင်ပြောင်ရယ်မောလိုက်သည်။ သူက ၎င်း၏ အစွမ်းသတ္တိကို အဆမတန် တွက်ဆပြီး ကျားကို ပြန်အံ့တုနေသည့် သိုးငယ်လေးကို ကြည့်နေသလိုမျိုး စူးချင်းကို ငုံ့ကြည့်နေသည်။
သူ့၏မာနထောင်လွှားနေသည့် အကြည့်ကို မြင်လိုက်ရသောကြောင့် စူးချင်း၏ လှပသော မျက်နှာက ပိုအေးစက်လာပြီး သူမ၏လက်ကို မြှောက်လိုက်ရာ လျှို့ဝှက်မြှားအိမ်အတွင်းမှ မြှားတစ်စင်း ပျံထွက်လာသည်။ သူမ ဒီဇိုင်းထုတ်ထားသော မြှားအိမ်မှ မြှားက အကွာအဝေး များစွာ ခရီးနှင်နိုင်ပြီး ပြင်အားကလည်း ကြီးမားလွန်းလှသည်။ ထိုမြှားက လေတိုးသံနှင့်အတူ နှာခေါင်းချွန်ဟွေ့အမျိုးသားဆီသို့ ပျံသန်းသွားသည်။
စူးချင်းထံမှ နှင်းကြာပန်းကို ရနိုင်ရန် အတင်းအကျပ် ဖိအားပေးတော့မည့် ထိုနှာခေါင်းချွန်ဟွေ့အမျိုးသားက လေတိုးသံကို ကြားသွားပြီး ချက်ချင်း ရှောင်ထွက်သွားသည်။ မြှားက သူ့လည်ချောင်းမှ လွဲချော်သွားသော်လည်း သူ့၏ဘယ်ဘက်ပခုံးထဲသို့ စိုက်ဝင်သွားသေးသည်။ ထိုလူလည်း နာကျင်မှုကြောင့် အော်ဟစ်လိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားရသည်။
သူက ချောက်ကမ်းပါးစွန်းသို့ နောက်တစ်ကြိမ် မလာရဲတော့ဘဲ အနောက်ဘက်သို့ တွားသွားရင်း ပြန်ဆုတ်ခွာသွားသည်။
ဒီအမျိုးသမီးက ရက်စက်လွန်းတယ်။ သူ ဒီလောက် မြင့်တဲ့နေရာမှာ ရှိနေတာတောင် မြှားနဲ့ လှမ်းပစ်နိုင်တယ်။ အဲဒါက ဘယ်လိုလက်နက်မျိုးလဲ?
“ကျောက်ခဲတွေ ပစ်ချပြီး သူ(မ)ကို သတ်ပစ်လိုက်”
စူးချင်းက အပေါ်မှ အော်သံများကို ကြားနေရသည်။ သူမက ငေါ့ထွက်နေသည့် ကျောက်တုံးပေါ်တွင် ရပ်နေခြင်း ဖြစ်ပြီး ကျောက်တုံးများ ပြုတ်ကျလာလျှင် သူမ ရှောင်တိမ်းရန် နေရာမရှိတော့ပေ။
မင်းသားကို ပြုစုစောင့်ရှောက်နေသည့် အခြားဟွေ့လူမျိုးများက ထိုနှာခေါင်းချွန်၏စကားကို နားမထောင်ကြပေ။ သူတို့က ယုံကြည်မှုနှင့် ဂုဏ်သတင်းကို တန်ဖိုးထားကို အလွန်တန်ဖိုးထားသူများ ဖြစ်ကြသည်။ ဤမိန်းကလေးက သူတို့၏ မင်းသားကို ကယ်တင်ပေးခဲ့သောကြောင့် သူတို့အနေဖြင့် ကျေးဇူးတရားနှင့် ကြင်နာမှုကို ရက်စက်မှုဖြင့် မည်သို့ ပြန်ပေးမည်မဟုတ်ပေ။
“သွားကြစမ်း၊ မင်းတို့က ဘာကို စိုက်ကြည့်နေကြတာလဲ? ငါတို့ သူ(မ)ကို မသတ်နိုင်ရင် ဘယ်လိုလုပ်ပြီး ကြာပန်းကို ရနိုင်မှာလဲ? ကြင်ယာတော်မင်းသမီးကို ဘယ်လို ကယ်တင်နိုင်တောမှာတုန်း”
သူတို့၏မျိုးနွယ်စုမှ လူများက သူ့အမိန့်ကို မနာခံကြောင်း နားလည်သွားချိန်တွင် ဒဏ်ရာရနေသည့် နှာခေါင်းချွန်ဟွေ့အမျိုးသားက အော်ဟစ်လိုက်ပြန်သည်။ သူတို့အားလုံးက မင်းသား၏သက်တော်စောင့်များ ဖြစ်ကြသော်လည်း သူက သက်တော်စောင့်တပ်မှူးဖြစ်ပြီး ဤလူများ၏ခေါင်းဆောင် ဖြစ်သည်။
တခြားလူများက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အကြည့်ဖြင့် စကားဖလှယ်နေကြသည်။
သူတို့ခေါင်းဆောင်ရဲ့ အမိန့်ကို နားမထောင်ရင် ပြန်သွားတဲ့အခါ အပြစ်ပေးခံရမှာကို ကြောက်ရသေးတယ်။ ခေါင်းဆောင် ပြောတာကို နားထောင်ဖို့ကလည်း ဒီမိန်းခလေး ထိခိုက်အောင် မလုပ်ချင်ဘူးလေ။
ကျန်နေသည့်သက်တော်စောင့်များအားလုံး ခဏတာမျှ အကျပ်ရိုက်နေကြသည်။
သက်တော်စောင့်များ စိတ်လွန်ဆွဲနေချိန်တွင် ဟွေ့မင်းသား ပြန်သတိရလာသည်။ သူက ဖြစ်ပျက်နေသည့်အကြောင်းအရာကို သိသွားပြီး အားနည်းနေသောလေသံဖြင့် အမိန့်ပေးလိုက်သည်။
“သူ(မ)ကို ဆွဲတင်ပြီး လွှတ်ပေးလိုက်။ သူ့(မ)ကို ဘယ်သူမှ တားခွင့်မရှိဘူး”
မင်းသား၏အသံက အားနည်းနေဆဲဖြစ်သော်လည်း ငြင်းဆန်ခွင့်မရှိသည့် အမိန့်ပေးသံ ဖြစ်နေဆဲပင်။
"မင်းသား သူ(မ) ထွက်သွားရင် နှင်းကြာပန်းကို ဆုံးရှုံးရလိမ့်မယ်"
ဒဏ်ရာရနေသည့် နှာခေါင်းချွန်ဟွေ့အမျိုးသားက စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။
အဲ့မိန်းမက သူ့ကို မြှားနဲ့ မပစ်ခဲ့ရင်တောင် သူက အဲ့ဒီမိန်းမကို လွှတ်ပေးမှာ မဟုတ်ဘူး၊ အခု သူ ဒဏ်ရာရသွားပြီဆိုတော့ သူမကို ပိုပြီး လွှတ်မပေးနိုင်တော့ဘူး။
“အဲဒါ လင်အာရဲ့ကံပဲ။ သူ(မ) သေရင် ငါ သူ(မ)နဲ့အတူ အဖော်လုပ်ပေးမယ်။ ကျေးဇူးကန်းလို့တော့ မဖြစ်ဘူး”
မင်းသား၏ အကြည့်များက စူးရှလာပြီး သူက တင်းမာသောလေသံဖြင့် ထပ်အမိန့်ပေးလို့သည်။
"အခုချက်ချင်း သူ(မ)ကို ဆွဲတင်ပေးလိုက်၊ မနာခံတဲ့သူ ခေါင်းဖြတ်ကွပ်မျက်ခံရမယ်”
အောက်ဘက်၌ ရှိနေသည့် စူးချင်းက အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သူမက အပေါ်ဘက်မှ ကျောက်နံရံကို ထိုးဖောက်ပြီး ချောမွေ့စွာ တက်နိုင်စေမည့် လက်သည်းချိန်ကောက်ပါသော ကြိုးအသစ်တစ်ချောင်း ထပ်ပေးရန် စနစ်ထံမှ တောင်းဆိုထားပြီး ဖြစ်သည်။
မင်းသား၏စကားကို ကြားနေရသော်လည်း သူမက သူမ၏ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်နေဆဲ ဖြစ်သည်။
သူမက သူမရဲ့အသက်ကို ဘယ်သူ့လက်ထဲကိုမှ အပ်ထားမှာ မဟုတ်ဘူး။
လက်သည်းချိတ်က ကျောက်နံရံကို ထိုးဖောက်သွားပြီး ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ဒဏ်ရာရနေသည့် နှာခေါင်းချွန်ဟွေ့အမျိုးသားက ချောက်ကမ်းပါးစွန်းသို့ အပြေးရောက်လာကာ ငုံ့ကြည့်လိုက်သည်။ စူးချင်း တက်လာနေသည်ကို မြင်လိုက်ရချိန်တွင် သူက သူ့ခါးမှ ဓားကို ဆွဲထုတ်ပြီး ကြိုးကို ဖြတ်ချရန် ဓားကို လွှဲယမ်းလိုက်သည်။
"ပါ့တန်းမုကို တားကြစမ်း"
မင်းသားက ပါ့တန်းမု၏လုပ်ရပ်ကို မြင်သွားပြီး သူ့ဘေးနားမှ သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ သက်တော်စောင့်များက အမိန့်ကို နာခံစွာဖြင့် ဒဏ်ရာရနေသည့် ဟွေ့လူမျိုးကို တားဆီးရန် ပြေးလာကြသည်။
“မင်းသား၊ ဒါ မင်းသားအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။ သူ(မ) တက်လာရင် မင်းသားကိုပါ သတ်လိမ့်မယ်”
ပါ့တန်းမုက အရှုံးမပေးချင်သေးပေ။ မြေကြီးပေါ်သို့ ဖိချခံထားရသော်လည်း သူက မင်းသား ကြောက်လန့်စေရန် အော်ပြောနေသေးသည်။
“သူ(မ)က ငါ့ကို သတ်ချင်မှတော့ ငါ့ကို ဘာလို့ ကယ်တင်ပေးမှာလဲ? မင်းကမှ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့သူပဲ၊ ဒါတောင်မှ မင်းက ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောရဲသေးတယ်၊ သူ့ရဲ့ပါးစပ်ကို ရိုက်ကြစမ်း"
မင်းသားက ဒေါသထွက်နေပုံဖြင့် ပါ့တန်းမု၏ပါးစပ်ကို ရိုက်ရန် တခြားလူများအား အမိန့်ပေးနေပြန်သည်။ သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် စူးချင်းက ကျောက်နံရံပေါ်သို့ တက်လာပြီ ဖြစ်သည်။ သူမက မင်းသားကို အေးစက်စွာ ကြည့်လိုက်ပြီး သူနှင့် ဆွေးနွေးရမည့်အစား အသိပေးရုံသာ လှမ်းပြောလိုက်သည်။
“ဒီလူက ငါ့ကို ဒုက္ခပေးချင်တဲ့သူပဲ၊ အဲ့အတွက် သူ သေရမယ်”
ထို့နောက်တွင် စူးချင်းက မင်းသား၏တုံ့ပြန်ချက်ကိုပင် မစောင့်ဘဲ ပါ့တန်းမု၏လည်ချောင်းထဲသို့ မြှားတစ်စင်းကို ပစ်သွင်းလိုက်သည်။ ပါ့တန်းမု၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ့ပါးစပ်ထဲမှ သွေးများ စီးကျလာသည်။ သူမသေဆုံးမီ သူ့ခြေထောက်များကို ကန်ကြောက်ရုန်းကန်နေပြီး သိပ်မကြာခင် အသက်ထွက်သွားတော့သည်။
အခြားသက်တော်စောင့်များက သူတို့၏ဓားများကို ဆွဲထုတ်လိုက်ပြီး သူတို့မင်းသားကို ကာကွယ်ရန် ရှေ့တိုးလာကြသည်။ စူးချင်းက သူတို့ကို အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်ပြန်သည်။ သက်တော်စောင့်များအားလုံး သူတို့အပေါ်သို့ လေအေးများ တိုက်ခတ်သွားသလို ခံစားလိုက်ရပြီး ခေါင်းမှ ခြေဖျားအထိ အေးစက်သွားသလို ခံစားလိုက်ကြရသည်။ ၎င်းက လူသတ်ချင်စိတ်ပြည့်နေသည့် ကြောက်မက်ဖွယ် အေးစက်စက် အကြည့်တစ်ချက် ဖြစ်သည်။
သူတို့အားလုံး တောင့်တင်းသွားသော်လည်း သူတို့၏မင်းသားအတွက် တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြဆဲ ဖြစ်သည်။
“သခင်မလေး၊ ငါ တောင်းပန်ပါတယ်။ သူတို့ကို ကောင်းကောင်း မသင်ပြနိုင်ခဲ့တာက ငါ့အမှားပါ။ မင်း ဒေါသထွက်တယ် ဆိုရင်တောင် ငါ့ကို အပြစ်ပေးပါ။ ဒီသက်တော်စောင့်တွေက မင်းကို ဘာမှ မစော်ကားမိခဲ့ပါဘူး၊ ဒါကြောင့် သူတို့ရဲ့ အသက်ကိုတော့ ချမ်းသာပေးပါ"
မင်းသားက သူ့ဘာသာသူ ထထိုင်ရန် ကြိုးစားရုန်းကန်နေပြီး စူးချင်းကို လက်သီးအုပ် အရိုအသေပေးရင်း တောင်းပန်လိုက်သည်။ ထိုလှုပ်ရှားမှုက သူ့ကို ပိုနာကျင်သွားစေပြီး သူ အပြင်းအထန် မောဟိုက်လာပြန်သည်။
သူ့ရှေ့က အမျိုးသမီးမှာ ပြင်းထန်တဲ့အရှိန်အဝါတစ်ခု ရှိနေတာကို သူ မြင်နိုင်တယ်။ သူတို့ထဲက ဘယ်သူကမှ သူမရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။
အဲ့ဒါ့အပြင် သူမကို အရင် ပြစ်မှားမိခဲ့တာက သူတို့ပဲ၊ သူမကို အပြစ်တင်လို့ မရဘူး။ အခုအချိန်မှာ သူမ ဒေါသပြေစေဖို့ သူတစ်ယောက်ကိုပဲ သတ်ပစ်ပါစေလို့ သူ ဆုတောင်းရုံပဲရှိတော့တယ်၊ သူ ငယ်ငယ်ကတည်းက သူ့နောက်ကို လိုက်ပါလာတဲ့ သက်တော်စောင့်တွေကိုတော့ လွတ်မြောက်သွားစေချင်တယ်။
ဘာပဲဖြစ်ဖြစ် လင်အာသာ သေသွားခဲ့ရင် သူလည်း တစ်ယောက်တည်းနေဖို့ ဘာအကြောင်းပြချက်မှ မရှိတော့ဘူး။
အပြင်းအထန် နေမကောင်းဖြစ်နေသည့် သူ့ဇနီးအကြောင်းကို တွေးမိသွားချိန်၌ မင်းသား၏မျက်လုံးထဲမှ ပြတ်သားသော ဆုံးဖြတ်ချက်များ ထွက်ပေါ်လာသည်။
"သခင်မလေး၊ မင်းရဲ့ ဒေါသကို ဖြေဖျောက်ဖို့ ငါ့ကို သတ်လိုက်ပါ"
သို့သော်လည်း သူ ထိုသို့ ပြုမူလေလေ စူးချင်းက သူ့ကို လွှတ်ပေးချင်လေလေ ဖြစ်နေခဲ့သည်။
တကယ်တော့ ဒီမင်းသားရဲ့ စွမ်းဆောင်ရည်က မဆိုးဘူး။
"ဒီဆေးကို စားလိုက်"
စူးချင်းက အေးစက်သောအမူအရာဖြင့် အနက်ရောင်ဆေးတစ်လုံး ပစ်ပေးလိုက်သည်။ သက်တော်စောင့်တချို့က မင်းသားကို စိုးရိမ်တကြီး တားဆီးလိုက်ကြသည်။
“မင်းသား မလုပ်ပါနဲ့။ ကျွန်တော်မျိုးတို့ မင်းသားနဲ့အတူ အသက်ရှင်ပြီး မင်းသားနဲ့အတူ သေရဲပါတယ်။ သူ(မ) စကားကို နားမထောင်ပါနဲ့”
"ထွက်သွား၊ မင်းတို့ ထွက်သွားကြတော့"
ဟွေ့မျိုးနွယ်စု၏မင်းသားက ဆေးလုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့သက်တော်စောင့်များ မြန်မြန်ထွက်သွားစေရန် အေးစက်သောအမူအရာဖြင့် အမိန့်ပေးလိုက်သည်။ သူက လူတိုင်း အသက်ရှင်နိုင်ရန် ထွက်ပေါက်တစ်ခု ရှာဖွေပေးပြီး ဖြစ်သည်။
“မသွားဘူး၊ ကျွန်တော်မျိူးတို့ ထွက်သွားမှာ မဟုတ်ဘူး၊ ကျွန်တော်မျိုးတို့က မင်းသားနဲ့အတူ သေအတူ ရှင်မကွာရှိနေဖို့ ကျိန်ဆိုထားတဲ့လူတွေလေ”
သက်တော်စောင့်များက မားမားမတ်မတ် ရပ်နေရင်း အော်ဟစ်နေကြသည်။ သူတို့က မျက်ရည်များဖြင့် မတ်တပ်ရပ်နေရင်း သူတို့၏ ဓားရှည်များကို သူတို့၏လည်ပင်းပေါ်သို့ တင်ကာ စူးချင်းကို တောင်းဆိုနေကြသည်။
“သခင်မလေး ကျေးဇူးပြုပြီး မင်းသားကို လွှတ်ပေးပါ။ ကျွန်တော်တို့ရဲ့အပြစ်အတွက် အသက်နဲ့ ပြန်ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်”
စူးချင်းက အေးစက်သောမျက်နှာဖြင့် ဘေးတွင် ရပ်နေကာ စကား လုံးဝ မပြောဘဲ သခင်နှင့် ကျေးကျွန်များကြားမှ ဆက်ဆံရေးကို စောင့်ကြည့်နေသည်။
“အားလုံး ရပ်လိုက်ကြစမ်း”
ဟွေ့မင်းသားက ပြင်းပြင်းထန်ထန် ချောင်းဆိုးနေပြီး သူ့သက်တော်စောင့်များကို ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။ သူက စူးချင်း၏ အေးစက်သော မျက်လုံးများကို ကြည့်ကာ ခါးခါးသီးသီး ပြုံးလိုက်ပြန်သည်။
“သခင်မလေး၊ ငါ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောင်ဘဝမှပဲ ငါ မင်းရဲ့ကျေးဇူးကို ပြန်ဆပ်နိုင်တော့မယ်”
ထိုစကားကို ပြောပြီးနောက် သူက တုံ့ဆိုင်းမနေဘဲ ဆေးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ စူးချင်းက သူမ၏ မေးကို အနည်းငယ် မော့လိုက်ပြီး ချီးကျူးဟန်ဖြင့် သူမ၏မျက်လုံးများပင် တောက်ပလာခဲ့သည်။
ဒီမင်းသားက လူကောင်းတစ်ယောက်ပဲ။ သူက ရဲရင့်ပြီး ဖြောင့်မတ်တဲ့သူဖြစ်သလို သူ့ရဲ့သက်တော်စောင့်တွေအတွက် အသက်စွန့်ဖို့တောင် ဆန္ဒရှိနေသေးတယ်။
"မင်းသား"
သက်တော်စောင့်များက ဒူးထောက်ငိုကြွေးနေကြသည်။ မင်းသားက သူတို့ကို အမိန့်ပေးနေပြန်သည်။
"ငါ သေပြီးရင် မင်းတို့ထဲက ဘယ်သူမှ ဒီမိန်းကလေးကို ဒုက္ခမပေးကြနဲ့"
သက်တော်စောင့်များက ငိုကြွေးရင်း သဘောတူလိုက်ကြသည်။ သူတို့က သူတို့၏ မင်းသားကို ခိုင်မာပြတ်သားသော အကြည့်များဖြင့် ကြည့်နေကြသည်။
မင်းသား သေသွားပြီ သူတို့ မင်းသားကို သင်္ဂြိုဟ်ပေးပြီးတာနဲ့ သူတို့လည်း သူတို့ရဲ့သခင်နောက်ကို လိုက်သွားကြတော့မှာလေ။
သို့သော် သူတို့ အချိန်အကြာကြီး စောင့်ဆိုင်းနေသည့်တိုင် သူတို့၏မင်းသားက သွေးအန်ပြီး သေဆုံးသွားခြင်း မရှိပေ။ ထိုမျှမကဘဲ ချောင်းဆိုးရသောကြောင့် အပြင်းအထန် မောပန်းနေသည့် အမူအရာလည်း ရပ်တန့်သွားက မင်းသား၏မျက်နှာကလည်း သွေးရောင်ပြန်လွှမ်းလာသည်။ ယခင်ကကဲ့သို့ အားနည်းနေခြင်းမျိုးလည်း မရှိတော့ပေ။
ဒါက အဆိပ်ဖြစ်နေတာလား?
ဒါက ဘဝရဲ့ နောက်ဆုံးအခိုက်အတန့်ဖြစ်နေလို့ မသေခင် လက်ကျန်စွမ်းအင်တွေ ပေါက်ကွဲထွက်လာတာလား?
ဟွေ့မင်းသားက သူ့ထံတွင် တစ်ခုခု လွဲနေသည်ကို မသိသေးဘဲ သူ့၏နောက်ဆုံးစကားကို ဆက်ပြောနေသေးသည်။
“ငါ သေသွားရင် ငါ့ကို ပြန်သယ်သွားပြီး ဝမ်ဖေးနဲ့အတူ မြှပ်နှံပေးပါ"
ထိုဝမ်းနည်းစရာ စကားကို ပြောနေသည့်အချိန်တွင် ဟွေ့မင်းသားလေး၏မျက်လုံးများ နီရဲလာပြသည်။
လင်အာ့ကို နောက်ဆုံးအကြိမ်တောင် မတွေ့နိုင်တော့ဘူးဆိုတဲ့ အတွေးက သူ့နှလုံးသားကို ဓားနဲ့ထိုးလိုက်သလို ခံစားရစေတယ်။ အခုတောင် လင်အာရဲ့ အားနည်းနေတဲ့ ပုံရိပ်လေးကို သူ ပြန်မြင်ယောင်နေတုန်းပဲ။ သူမက သူ ပြန်လာမှာကို စောင့်နေရှာမယ် ထင်ပါရဲ့။
စူးချင်းက ထိုမင်းသား၏ အချစ်နာကျနေမှုကို မြင်သွားပြီး မနေနိုင်တော့ဘဲ လှမ်းမေးလိုက်သည်။
"မင်းရဲ့ဝမ်ဖေးက ဘာဖြစ်နေလို့လဲ?"