← Chapters

အခန်း (၆၃၄)

Vol. 43 Ch. 634

အခန်း (၆၃၄)

Vol. 43 Ch. 634

"အရင်က မင်း ဘယ်သူနဲ့ အဆက်အသွယ်ရှိဖူးလဲ? ဘယ်သူက သူ့ကို သတ်ဖို့ မင်းကို စေလွှတ်လိုက်တာလဲ?”

စူးချင်းက ရူးသွပ်နေမှုမှ တဖြည်းဖြည်း ပြန်ကြည်လင်ပြတ်သားလာသည့် ထိုမိန်းမငယ်လေး၏မျက်လုံးများကို စိုက်ကြည့်ရင်း စတင်မေးမြန်းလိုက်သည်။ စူးချင်း၏ ပင်ကိုယ်စရိုက်က အေးစက်သည့်အပြင် ယခုကဲ့သို့ ခက်ထန်သော အမူအရာကို ဖော်ပြထားသောကြောင့် ပို၍ကြောက်စရာကောင်းနေသည်ဟု ထင်ရစေသည်။

မိန်းမငယ်လေးက ကြောက်စိတ်ကြောင့် နောက်ဆုတ်သွားသည်။ ထိုမိန်းမငယ်လေး၏မိခင်ဖြစ်သူက သက်တော်စောင့်များ၏ ထိန်းချုပ်မှုကို ခံထားရပြီး မလှုပ်ရှားနိုင် ဖြစ်နေခဲ့သည်။ သမီးဖြစ်သူ၏သွေးထဲမှ အနက်ရောင်ပိုးကောင်များကို တွေ့လိုက်ရချိန်တွင်တော့ သူမလည်း ထိတ်လန့်သွားပုံရသည်။ ယခု သူမ၏သမီး ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသောကြောင့် မိခင်ဖြစ်သူက စူးချင်းကို ငိုယိုတောင်းပန်လိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်မရဲ့ သမီးလေးကို ခွင့်လွှတ်ပေးပါ။ သူ(မ)က ဘာမှ မသိပါဘူး"

"သူ(မ)မသိပေမယ့် နင် သိတယ်"

စူးချင်းက မိန်းမငယ်လေး၏မိခင်ကို စိုက်ကြည့်နေပြန်သည်။ ထိုအမျိူးသမီး၏ ငိုသံက အလွန်ချဲ့ကားနေသည်ဟု စူးချင်း ခံစားခဲ့ရပြီး သူမက သူ့ပတ်ဝန်းကျင်မှ လူများ ဒေါသထွက်လာအောင် နှိုးဆွနေပြီး လူအများ၏အာရုံစိုက်မှုနှင့် တီးတိုးပြောဆိုမှုများကို ဆွဲဆောင်နေသည်ဟု စူးချင်း ခံစားနေရသည်။

ဒီအမျိုးသမီးက လူတွေရဲ့ နှလုံးသားကို ကောင်းကောင်းအသုံးချတတ်တဲ့သူပဲ။

"ကျွန်မ... ကျွန်မလည်း မသိပါဘူး! ကျွန်မတို့က ဒီနေရာမှာ သိုးခွာအစပ်ဟင်း ရောင်းတဲ့ စျေးသည်တွေပါ၊ ကျွန်မတို့ စာရင်းလည်း သွင်းထားပါတယ်”

ထိုအသက်လတ်ပိုင်း အမျိုးသမီးက အံ့အားသင့်သွားပြီး ခဏတာမျှ တုံ့ဆိုင်းသွားသည်။ စူးချင်းက သူမကို သံသယဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားသောကြောင့် တုံ့ဆိုင်းသွားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မြန်မြန်ဆန်ဆန် သတိပြန်ဝင်လာကာ သူမကိုယ်သူမ ခုခံကာကွယ်လိုက်သည်။

စူးချင်းက ထိုအမျိုးသမီးဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်ပြီး သူမ၏မျက်နှာကို လက်ညှိုးဖြင့် ပွတ်သပ်လိုက်သည်။ ထိုအမျိုးသမီးက တုန်လှုပ်ချောက်ချားသွားပုံရပြီး သူမ၏ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းလာသည်။ စူးချင်းက ထိုအမျိုးသမီး၏နားရွက်ကို ကိုင်ထားရာမှ သူမ၏လက်ကို ရုတ်တရက် ပြန်မြှောက်လိုက်ရာ ထိုအမျိုးသမီး၏ မျက်နှာပေါ်မှ ပါးလွှာသော မျက်နှာဖုံးတစ်ခု ကွာကျလာသည်။

မျက်နှာဖုံးအောက်တွင် ပိန်လှီသောမျက်နှာတစ်ခု ရှိနေပြီး အရေပြားမှ လွဲ၍ အသားမရှိပေ။ ထို့အပြင် သူမ၏မျက်လုံးများက ကောင်းကင်ယံ၌ ဝဲပျံနေတတ်သည့် လင်းတများ၏မျက်လုံးများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။ အရေးကြီးဆုံးအချက်က အမျိုးသမီးမျက်နှာဖုံးအောက်မှ ယောက်ျားတစ်ယောက်၏မျက်နှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"သူ့ကို ဖမ်း"

စူးချင်းက ထိုလူ၏မျက်နှာမှ မျက်နှာဖုံးအား ဆွဲခွာလိုက်သည်ကို ဟွေ့မင်းသားလည်း မြင်လိုက်ရပြီး သူ့ဦးရေပြားပင် စပ်ဖျဉ်းဖျဉ်းဖြစ်လာတော့သည်။

ဒီလိုကိစ္စမျိုးတွေက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ဖြစ်လာရတာတုန်း။ ဒီယောက်ျားက မိန်းမလို ဟန်ဆောင်ထားတယ်ပေါ့၊ တကယ်ကို မယုံနိုင်စရာပဲ။ သူ့အသံက မိန်းမသံနဲ့တူလွန်းလို့ အစစ်လား အတုလားဆိုတာ ပြောဖို့ ခက်ခဲလွန်းတယ်။

တစ်ယောက်ယောက်က သူ့ကိုယ်သူ ဒီလို ဖုံးကွယ်ထားပြီး သူ့ကို ချောင်းမြောင်း တိုက်ခိုက် လုပ်ကြံခဲ့ရင် သူ သူတို့ကို လုံးဝ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ တွေးကြည့်ရုံနဲ့တင် တော်တော်ကြောက်ဖို့ကောင်းနေပြီ။

လက်ကောက်ဝတ် လှီးဖြတ်ခံထားရသည့် မိန်းမငယ်လေးကလည်း သူမ၏မိခင် ယောက်ျားကြီး ဖြစ်သွားသည်ကို မြင်လိုက်ရပြီး အလွန်ကြောက်လန့်သွားသည်။ သူမက သူမ၏ခေါင်းကို အုပ်ထားပြီး မိခင်ဖြစ်သူကို တမ်းတာကာ အော်ဟစ်ငိုကြွေးနေသည်။

ထိုမိန်းမငယ်လေး ကူကောင်ဖြင့် ထိန်းချုပ်ခံထားရသည်ကို အတည်ပြုနိုင်ခဲ့သော်လည်း စူးချင်းက သူမကို ချက်ချင်း ပြန်မလွှတ်ပေးနိုင်သေးပေ။

သူမကလည်း နောက်ကွယ်ကလူဆိုးရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်နိုင်သေးတယ်။ တစ်ချို့ခေါင်းဆောင်တွေက သူတို့ရဲ့ နောက်လိုက်တွေကို ထိန်းချုပ်ဖို့ ကူကောင်တွေနဲ့ အဆိပ်တွေကို မကြာခဏ အသုံးပြုလေ့ရှိကြတယ်။

"သူ့(မ)ကိုလည်း စစ်ဆေးမေးမြန်းဖို့ ပြန်ခေါ်သွားလိုက်"

ဟွေ့မင်းသားက လူသတ်သမားနှင့် မိန်းမငယ်လေးကို ပြန်ခေါ်သွားရန် သူ့သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။ သက်တော်စောင့်များက နာခံမှုအပြည့်ဖြင့် ထိုလူကို မြေကြီးပေါ်မှ ဆွဲထူပြီး ကြိုး ချည်လိုက်ကြသည်။

စူးချင်းက မင်းသားနှင့်အတူ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ သူမတို့ မလှမ်းမကမ်းသို့အရောက်တွင် နောက်မှ အော်သံကြား၍ စူးချင်း လှည့်ကြည့်လိုက်ရာ ရုပ်ဖျက်ထားသည့်လူ၏လည်ပင်း၌ အဆိပ်မြှားတစ်ချောင်း စိုက်ဝင်နေသည်ကို သူမ တွေ့လိုက်ရသည်။ ထိုလူက ချက်ချင်း လဲကျသွားပြီး သူ့လည်ပင်းရှိ ဒဏ်ရာတွင် အနက်ရောင်သွေးများ ဖုံးလွှမ်းနေကာ အနံ့အသက်က အလွန်ဆိုးရွားနေသည်။

စူးချင်းက ထိုလူကို လျစ်လျူရှုလိုက်ပြီး အနီးနားရှိ အမိုးပေါ်သို့ အမြန်ခုန်တက်လိုက်သည်။ သူမ အပေါ်စီးမှ အောက်သို့ ငုံ့ကြည့်လိုက်ရာ ထွက်ပြေးနေသည့်သူဟူ၍ တစ်ယောက်မျှ မရှိပေ။ လုပ်ကြံသတ်ဖြတ်သူက အခင်းဖြစ်သည့်နေရာ၌သာ ရှိနေသည်ဟု သူမ သတ်မှတ်လိုက်သည်။

“ဒီမှာ ရှိနေတဲ့ လူတွေကို ရှာဖွေဖို့ အမိန့်‌ပေးလိုက်၊ ဘယ်သူ့မှာ လက်နက်ပုန်း ရှိနေတယ် ဆိုတာကို သေသေချာချာ ရှာခိုင်း”

စူးချင်းက ဟွေ့မင်းသားကို လှမ်းအော်ပြောလိုက်ပြီး ဟွေ့မင်းသားက သူ့သက်တော်စောင့်များကို ရှာဖွေရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သို့သော် ပြဿနာက သူနှင့် သူ့လူများအားလုံး သာမန်အဝတ်အစားများ ၀တ်ဆင်ထားကြခြင်း ဖြစ်သည်။ ထို့ကြောင့် သာမန်ပြည်သူများက သူတို့ကို လုံးဝမျက်နှာသာ မပေးပဲ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ကြသည်။ သူတို့ စတင်ရှာဖွေသည်နှင့် အားလုံး ထွက်ပြေးသွားကြသည်။

လူသတ်သမားကလည်း ထွက်ပြေးသွားသူများကြားထဲ၌ ပါဝင်သွားနိုင်သည်။ အပေါ်မှ ကြည့်နေသည့် စူးချင်းအတွက်လည်း ထွက်ပြေးနေသူများ၏ နောက်ကျောများကိုသာ မြင်နေရပြီး အချိန်အတော်ကြာအောင် ကြည့်နေသည့်တိုင် လူသတ်သမားကို မရှာနိုင်ခဲ့ပေ။

မင်းသား၏လူများဘက်တွင်လည်း အလားတူဖြစ်သည်။ ထွက်ပြေးနေသည့် ဤလူများ အားလုံးက သာမန်လူများ ဖြစ်နေကြပြီး သူတို့အးလုံး၏အဝတ်အစားများနှင့် ခေါင်းစည်းများက ဆင်တူဖြစ်နေသည်။ လူသတ်သမားကို ခန့်မှန်းရန်က မလွယ်ကူလှပေ။

စူးချင်းက ငုတ်တုတ်ထိုင်ချလိုက်ပြီး အဆိပ်မြှားဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရသူကို စစ်ဆေးလိုက်သည်။ အဆင့်မြင့်ကြိုးကြာနီ အဆိပ်ဖြစ်နေသည်ကို သူမ ရှာတွေ့လိုက်ပြီး အဆိပ်က ထိုလူ၏နှလုံးသားထဲသို့ ဝင်ရောက်နေပြီဖြစ်သောကြောင့် သူ့ကို ကယ်တင်ရန် နည်းလမ်းမရှိတော့ပေ။

လျင်လျင်မြန်မြန် ဆုံးဖြတ်ပြီး တိတိကျကျ ပြုမူလိုက်တဲ့ နှုတ်ပိတ်မှုတစ်ခုပဲ...

တစ်ဖက်မှ မိန်းမငယ်လေးကိုတော့ နှုတ်ပိတ်ရန် မကြိုးစားကြပေ။ ထိုမိန်းမငယ်လေးကလည်း အလွန်ကြောက်လန့်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမက သူမ၏ရှေ့မှ သေဆုံးနေသည့် အမျိုးသားကို ထိတ်လန့်စွာ စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးကြီးများထဲတွင် မျက်ရည်များ ပြည့်နှက်လာကာ သူမ အလွန် ခိုကိုးရာမဲ့ဖြစ်နေပုံရသည်။

"နန်းတော်ကို အရင် ပြန်ကြမယ်"

‌ဟွေ့မင်းသားက လူသတ်သမားကို မဖမ်းနိုင်မှန်း ရိမ်မိသွားပြီး ဤနေရာ၌ ဆက်နေခြင်းက အန္တရာယ်ပိုများကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့် သူက နန်းတော်သို့ အရင် ပြန်ရန် ဆုံးဖြတ်လိုက်သည်။

သူ သူ့ကျေးဇူးရှင်အတွက် ထိုက်စွေ့ ပေးရဦးမယ်။ ဒီသခင်မလေးက အလဲအလှယ်အနေနဲ့ နှင်းကြာပန်း ပြန်ပေးရင်တော့ အကောင်းဆုံးပေါ့။ သူမ ဘာမှ မပေးရင်လည်း ဒီထိုက်စွေ့တစ်ဝက်က သူ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့လက်ဆောင်လို့ သတ်မှတ်နိုင်တယ်။

" ဘာတွေဖြစ်နေတာလဲ?"

လမ်းပေါ်တွင် အလောင်းတစ်လောင်း ရှိနေသောကြောင့် ကင်းလှည့်တပ်ဖွဲ့တစ်ဖွဲ့ ချက်ချင်းရောက်ရှိလာသည်။ ခေါင်းဆောင်ဖြစ်သူက ကြည့်ရှုနေသည့် လူအုပ်ကြားထဲမှ တွန်းထိုးထွက်လာပြီး လေသံမာမာဖြင့် အော်မေးလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ?”

“သူက လူသတ်သမားပဲ"

ဟွေ့မင်းသားက မောက်မာဟန်ဖြင့် ရှေ့ထွက်လာသည့် ခေါင်းဆောင်ကို အေးစက်သောမျက်နှာဖြင့် လှမ်းပြောလိုက်သည်။ ထိုခေါင်းဆောင်က တချက်ကြည့်ရုံဖြင့် သူတို့ပြည်ထောင်၏ မျက်နှာသာအပေးခံရဆုံး မင်းသား နာ့တန်မူကို မှတ်မိသွားပြီး သူ့ကို အရိုအသေပေးနှုတ်ဆက်ရန် ကမန်းကတမ်း ‌ရှေ့တိုးလာသည်။

"အရှင်မင်းသားကို နှုတ်ဆက်ပါတယ်၊ အရှင် အဆင်ပြေပါရဲ့လား?"

"ဒီမင်းသား ဘာမှ မဖြစ်ဘူး၊ အလောင်းကို ယူသွားပြီး ဒီလူစုလူဝေးကို ခွဲထုတ်လိုက်”

‌ဟွေ့မင်းသားက ခေါင်းယမ်းလိုက်ရင်း မြေပြင်ပေါ်မှ အလောင်းကို ညွှန်ပြကာ ညွန်ကြားချက်ပေးလိုက်သည်။

“မင်းသား၊ သူ့ကို သိတဲ့သူ ရှိ မရှိ သိရအောင် သူ့ရဲ့ပုံတူနဲ့ ဆုငွေထုတ်ဖို့ အကြံပေးချင်တယ်”

စူးချင်းက ဤမင်းသားတွင် အတွေ့အကြုံ နည်းသည်ကို သတိပြုမိသွားပြီး သူမ သူ့ကို သတိပေးလိုက်သည်။

"ဟုတ်သားပဲ၊ ပုံတူ ဆွဲပြီး ဆုလာဘ်တစ်ခုပေးလိုက်ရင် သဲလွန်စရလာလိမ့်မယ်၊ ပုံတူဆွဲပြီး သဲလွန်စပေးနိုင်တဲ့သူ ဆုငွေရမယ်လို့ ကြေငြာလိုက်"

စူးချင်း သတိပေးလိုက်ပြီးနောက်တွင် ဟွေ့မင်းသားက ကင်းလှည့်အဖွဲ့၏ခေါင်းဆောင်အား ထပ်အမိန့်ပေးနေပြန်သည်။

"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခုချက်ချင်း ပုံတူဆွဲဖို့ တစ်ယောက်ယောက်ကို သွားရှာလိုက်ပါ့မယ်"

သူတို့၏မင်းသားက တိုင်းတပါးမှ အမျိုးသမီးတစ်ယောက်၏စကားကို နားထောင်နေမှန်း သိလိုက်ရသောကြောင့် ကင်းတပ်သားခေါင်းဆောင်က စူးချင်းကို နားမလည်နိုင်သည့်အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက သူ့လက်ကို ရင်ဘတ်ပေါ်တင်ကာ မင်းသားကို ဦးညွှတ်နှုတ်ဆက်ပြီးမှ နောက်ပြန်ဆုတ်သွားသည်။

ရထားလုံးက နန်းတော်ဆီသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ နန်းတော်သို့ နီးကပ်လာသည်နှင့်အမျှ စူးချင်းက အရာရာကို အကဲခတ်စောင့်ကြည့်နေခဲ့သည်။ အဆောက်အဦးများ၏ ဗိသုကာလက်ရာက ထူးခြားလှပြီး တိုင်းရင်းသားမျိုးနွယ်စု၏ဟန်ပန်ကငို အပြည့်အဝ ဖော်ပြနေသည်။ အမိုးခုံးအိမ်များနှင့် အဖြူရောင်နံရံများက အလယ်ပိုင်းလွင်ပြင်ရှိ လှလှပပ ပုံဖော်ထားသော ထုပ်တန်းများ၊ ဆေးသုတ်ထားသော တိုင်လုံးကြီးများနှင့် အကွာကြီး ကွာခြားနေသည်။ အလယ်ပိုင်းလွင်ပြင်မှ အိမ်များကတော့ အပြာရောင်ဖြင့် အလှဆင်ထားပြီး ပြေပြစ်ခြင်းဖြင့် ဆွဲဆောင်နိုင်သည်။

"သခင်မလေး၊ ငါတို့ ရောက်ပါပြီ၊ အောက်ဆင်းပြီး အနားယူလို့ ရပါတယ်"

‌ဟွေ့မင်းသားက ရထားလုံးပေါ်မှ ခုန်လာပြီး စူးချင်းကို နန်းတော်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

ဤနေရာက သူ့နယ်မြေဖြစ်သည်။ မင်းညီမင်းသားများ ကြီးပြင်းလာချိန်၌ နယ်မြေများ ပေးအပ်ပြီး သူတို့၏နယ်မြေတွင် နေထိုင်ရသည်မှာ သူတို့၏စည်းမျဥ်းဖြစ်သည်။ သူတို့နယ်မြေကို တိုးတက်အောင်လုပ်ရမည်က သူတို့၏တာဝန်ဖြစ်ပြီး တစ်ဦးစီ၏ အရည်အချင်းပေါ် မူတည်ကာ တိုးတက်မှုလည်း မတူညီကြပေ။

ဤကက်ရှ်ဂါနယ်မြေက နာ့တန်မူ၏အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ သူကို ကြင်နာတတ်သော အုပ်စိုးရှင်အဖြစ် သတ်မှတ်ထားကြပြီး သူက သူ့၏ကိုယ်ပိုင်ကြီးပွားရေးအတွက် အခွန်မကောက်သလို သူ့ကို ပျော်တော်ဆက်ရန် ကျေးကျွန်များ သိမ်းသွင်းခြင်းလည်း မရှိပေ။ ထို့ကြောင့် ဤကက်ရှ်ဂါနယ်မြေရှိ လူများက သူ့ကို အလွန်ချစ်ခင်လေးစားကြသည်။

နန်းတော်ထဲသို့ ဝင်လာပြီးနောက် နူးညံ့ပျော့ပျောင်းသော ကော်ဇောပေါ်သို့ ခြေချလိုက်ရသည်။ ထူးခြားဆန်းပြားသော လေထုက ပို၍ သက်ဝင်လှုပ်ရှားလာသည်။

ဟွေ့မင်းသားက သူ့နန်းတော်သို့ ပြန်ရောက်သည်နှင့် ကြင်ယာတော်မင်းသမီး၏ အခြေအနေကို စိုးရိမ်တကြီး အရင် မေးလိုက်သည်။ အခြားမင်းသားများတွင် မောင်းမမိဿံများစွာ ရှိသော်လည်း သူ့ထံတွင် ကြင်ယာတော်တစ်ဦးတည်းသာ ရှိပြီး သူက သူ့ဇနီးကို ရတနာသဖွယ် ချစ်ခင်မြတ်နိုးတန်ဖိုးထားသူ ဖြစ်သည်။

သို့သော်လည်း ကောင်းကင်ဘုံက ချစ်ခင်ကြင်နာလွန်းသည့်စုံတွဲများအပေါ် မနာလိုဖြစ်ပုံရသည်။ ကြင်ယာတော်မင်းသမီးက ရုတ်တရက် နာမကျန်း ဖြစ်လာပြီး နေ့ရောညပါ မေ့မြောနေခဲ့သည်။ သူမ၏နှုတ်ခမ်းများကလည်း ထူးထူးခြားခြား အနက်ရောင်သို့ ပြောင်းလဲသွားသည်။ မင်းသားက နာမည်ကြီးသမားတော်များစွာကို တွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် အံ့ဖွယ်သမားတော်တစ်ဦးက ကြင်ယာတော်မင်းသမီး အဆိပ်သင့်နေကြောင်း ထုတ်ဖော်နိုင်ခဲ့သည်။

စူးချင်းက ကြင်ယာတော်မင်းသမီး၏ အခြေအနေကို စစ်ဆေးချင်နေခဲ့သည်။

ဒီမင်းသားက လူကောင်းတစ်ယောက်ဆိုတော့ သူမ သူ့ရဲ့ဇနီးကို ကုသပေးနိုင်ရင် ကုသပေးဖို့ ဆုံးဖြတ်ထားတယ်။

ပြီးတော့ ဒီကြင်ယာတော်မင်းသမီးမှာ ရှိနေတဲ့ အဆိပ်က လီအာရဲ့အဆိပ်နဲ့ တူ မတူကိုလည်း သူမ သိချင်သေးတယ်။ အဆိပ်ကို ထုတ်ပေးတဲ့လူကရော တစ်ယောက်တည်း ဖြစ်နိုင်လား?

(အရှေ့အပိုင်းတွေမှာ ကလေးနံမည်ကို လဲ့အာလို့ သုံးမိရင် တောင်းပန်ပါတယ်၊ မှားကြည့်မိတာပါ၊ လီအာလို့ ပြောင်းသုံးသွားမယ်နော်)

စူးချင်းက အမျိုးသမီးတစ်ဦး ဖြစ်နေသည့်အပြင် သူ့၏ ကယ်တင်ရှင်လည်း ဖြစ်နေသောကြောင့် ဟွေ့မင်းသားက စူးချင်း အတွင်းနန်းဆောင်ထဲသို့ သွားရန် ဆန္ဒရှိနေသည့်အပေါ် မတားဆီးခဲ့ပေ။ သူက စူးချင်းကို သူ့နောက်မှ လိုက်လာရန် ခွင့်ပြုပေးခဲ့သည်။

သူ့ရဲ့ကျေးဇူးရှင်မှာ ကူညီပေးချင်စိတ်ရှိနေသရွေ့ သူရဲ့ဝမ်ဖေး ကယ်တင်ခံရမယ်လို့ သူ သေချာပေါက် ခံစားနေရတယ်။

စူးချင်းက ထိုမင်းသားလေး၏ဇနီးလည်း ဟွေ့လူမျိုးဖြစ်မည်ဟုသာ တွေးထားခဲ့သည်။ သာမာန်အခြေအနေအရ တိုင်းရင်းသားမျိုးနွယ်စုများ၏ မျိုးနွယ်စု၏သွေးမျိုးဆက်အပေါ် အစွဲအလမ်းကြီးကြပြီး အပြင်လူများနှင့် လက်ထပ်ခွင့်မပြုကြပေ။ သို့သော် ကြင်ယာတော်မင်းသမီးကို မြင်လိုက်ရချိန်တွင် စူးချင်း အံ့အားသင့်သွားရသည်။ ဤကြင်ယာတော်မင်းသမီးက ဟန်လူမျိုးနှင့် ဟွေ့လူမျိုးတို့၏ သွေးရောစပ်နေသည့် သွေးနှောဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ဤကြင်ယာတော်မင်းသမီး၌ အလယ်ပိုင်းလွင်ပြင်၏သွေးတစ်ဝက် ရှိနေသည်။

ဒါကို တော်ဝင်မိသားစုက ဘယ်လိုလုပ်ပြီး ခွင့်ပြုခဲ့တာတုန်း?

“တစ်ယောက်လောက် လာဦး၊ ထိုက်စွေ့ကို သွားယူပြီး ဒီကို ယူလာပေး”

စူးချင်းက သူ့ဇနီကို သေသေချာချာ အကဲခတ်နေမှန်း ဟွေ့မင်းသားက မြင်နိုင်ပြီး စူးချင်း သူ့ဇနီးကို ကုသပေးရန်အတွက် သူ့ဘက်မှ ရိုးသားမှုကို အရင်ဖော်ပြရန် ဆုံးဖြတ်လိုက်သည်။

All Chapters