← Chapters

သတင်းဆိုး

Vol. 43 Ch. 635

သတင်းဆိုး

Vol. 43 Ch. 635

စူးချင်းအတွက်လည်း အဆိပ်ဖြေဆေး ဖော်ရန် ပါဝင်ပစ္စည်းတစ်မျိူးသာ လိုအပ်နေတော့သည့် အချိန်ဖြစ်သည်။ ဟွေ့မင်းသား၏စကားကို ကြားလိုက်ရချိန်တွင် စူးချင်းက ကြင်ယာတော်မင်းသမီးလေးထံမှ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဟွေ့မင်းသားကို လှမ်းကြည့်လိုက်သည်။

စူးချင်းက သူမ၏အရင်ဘဝတွင် သတင်းထဲ၌ ပါခဲ့သော ထိုက်စွေ့ဟု ခေါ်သည့် အသားပုံသဏ္ဍန် ဝိညာဉ်မှိုကို မြင်ဖူးခဲ့ခြင်း ဖြစ်သည်။ ထိုမှိုက ရွေ့လျားနိုင်ပြီး ပုံသဏ္ဍန်လည်း အမျိုးမျိုးပြောင်းနိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ၎င်းကို တွေ့နိုင်မည့် နေရာက ပြောင်းလဲနေတတ်ပြီး ပုံသဏ္ဍန်လည်း ကွဲပြားနေမည်ဟု မှတ်တမ်းများဟု ဖော်ပြထားသည်။

ထိုစဥ်က အမှိုက်သွားကောက်ရင်း ထိုက်စွေ့ကို ရှာတွေ့ခဲ့သည့် အမျိုးသားတစ်ယောက်အကြောင်းလည်း သူမ ကြားခဲ့ဖူးသည်။ အစပိုင်းတွင် ထိုနေရာ၌ အမှိုက်ပုံကြီး ရှိခဲ့ဖူးပြီး နောက်ပိုင်းအလွန်တိုးတက်လာသောအချိန်တွက် အမှိုက်ပုံးများရှိလာခဲ့သည်။ အမှိုက်ပုံဖြစ်လာရန် မဆိုထားနှင့် အမှိုက်တစ်ပင် မြေကြီးပေါ်သို့ မချနိုင်တော့ပေ။

ထိုခေတ်၌ လူများက အမှိုက်များကို အမှိုက်ပုံတွင် စွန့်ပစ်ကြပြီး ထိုလူက အမှိုက်များကို ရှင်းလင်းရသူ ဖြစ်သည်။ သူက အမှိုက်ကောက်နေရင်း လူအသက်ရှုသံနှင့်တူသော တစ်စုံတစ်ခုကို ခံစားမိကာ မော့ကြည့်ခဲ့သည်။ ထိုအချိန်တွင် လှုပ်ရှားနေသည့်အရာတစ်ခုတစ်ခုကို သူ တွေ့လိုက်ရပြီး စူးစမ်းလိုစိတ်ဖြင့် သွားကြည့်ခဲ့သည်။

သူ အိမ်ပြန်ရောက်ပြီး သုံးရက်အကြာတွင် နာမကျန်းဖြစ်ခဲ့သည်။ ရှေးလူကြီးများက သူ ထိုက်စွေ့ကို ပြစ်မှားမိသောကြောင့် ဒုက္ခရောက်ခြင်းဟု ပြောလာကြသည်။ နောက်ပိုင်းတွင် ထိုက်စွေ့က လက်စားချေရန် သူ့အသက်ကို နှုတ်ယူလိုက်ပြီဟုလည်း ပြောခဲ့ကြသည်။

ထိုရွေ့လျားနိုင်သော ပုပ်ပွနေသည့် အသားအပိုင်းအစကို ဆေးပညာအရ ထိုက်စွေ့ဟု ခေါ်ပြီး လူအများကတော့ အသားလင်ဇီးဟုလည်း ခေါ်ဝေါ်ကြသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် စူးချင်းတစ်ယောက် အလွန်သိချင်စိတ်ပြင်းပြနေခဲ့သည်။

ဒီမင်းသား ရှာတွေ့ခဲ့တဲ့ ထိုက်စွေ့က ဘယ်လိုပုံစံလဲ။ အဲ့ဒါက တကယ်ပဲ အသက်ရှုနေပြီး လူလို လှုပ်ရှားနိုင်တာလား?

ထိုက်စွေ့က ကြင်ယာတော်မင်းသမီးအား ကုသရန် မရှိမဖြစ် လိုအပ်သော ဆေးဖက်ဝင်ပစ္စည်းဖြစ်သည်။ ထို့ကြောင့် အစောင့်အကြပ်များ အမြဲချထားပြီး ၎င်းကို အမြဲစောင့်ကြပ်စေခဲ့သည်။ သက်တော်စောင့်များက ထိုအသားလင်ဇီးမှိုကြီးကို သယ်တောင်လာကြသည်။ လူလေးယောက် သယ်ဆောင်ရသည့် သစ်သားစည်ကြီးကို သယ်ဆောင်လာသော သက်တော်စောင့်များကို ကြည့်ကာ စူးချင်း မျက်ခုံးပင့်လိုက်မိသည်။

ဒီအသားလင်ဇီးမှိုကြီးက ဒီလောက်တောင် ကြီးတာလား?

သက်တော်စောင့်များက သစ်သားစည်ကြီးကို ကြမ်းပြင်ကြီးပေါ်မှာ ချလိုက်ကြသည်။ စူးချင်း လှမ်းကြည့်လိုက်ရာ ၎င်းက သူမ ကြားဖူးသည်နှင့် ကွာခြားနေသည်။ ဤအသားလင်ဇီးမှိုူက အလွန် ဖြူဖွေးသန့်စင်နေပြီး ရေထဲတွင် ပြန့်ကျဲနေသော အဖြူရောင် အဆီဖတ်များသဖွယ် ဖြစ်နေသည်။ ရေကလည်း ထူးထူးခြားခြား ကြည်လင်နေသည်။

“ဒီအသားမှိုက အရမ်း ထူးဆန်းတယ်။ ဒါကို စိမ်ထားတဲ့ရေတောင်မှ ချိုနေပြီး စိတ်ကို လန်းဆန်းစေနိုင်တယ်၊ ပြီးတော့ ခွန်အားလည်း တိုးစေနိုင်တယ်။ ဖျားနာတာတွေကိုလည်း ကုသပေးနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း သန်မာစေတယ်”

နာ့တန်မူက သူ ဤအသားလင်ဇီးမှိုကြီးအား ဝယ်ရန် ငွေများစွာ သုံးစွဲခဲ့ရကြောင်း စူးချင်းအား ရှင်းပြနေသည်။ သူက ၎င်းကို လျန်တစ်ထောင်ပေးခဲ့သောကြောင့်သာ ရောင်းသူက ရောင်းရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။

ထိုမှို၏အသားတစ်ခြမ်းကို လှီးဖြတ်စားလိုက်လျှင် လူသေများကိုပင် အသက်ပြန်ရှင်စေနိုင်ကြောင်း သူ ကြားသိခဲ့ရသောကြောင့် သူ့၏ ကြင်ယာတော်မင်းသမီးအတွက် ပြုတ်ပေးရန် သူ့လူများအား လှီးဖြတ်ဖို့ အမိန့်ပေးလိုက်သည်။ အံ့အားသင့်စရာကောင်းသည်က နောက်တစ်နေ့တွင် အသားနှင့်တူသော မှိုများ ပြန်လည်ပေါက်ရောက်လာခြင်းဖြစ်ပြီး အလွန်အံ့ဖွယ်မြင်ကွင်းတစ်ခု ဖြစ်လာသည်။

သို့သော်လည်း ထိုအသားမှိုကို စားပြီးနောက်တွင်ပင် ကြင်ယာတော်မင်းသမီးက ပြန်မနိုးလာဘဲ နာ့တန်မူကို အလွန်စိတ်ပူပန်စေခဲ့သည်။ ဆယ်ရက်အတွင်း အဆိပ်ဖြေဆေး မဖော်နိုင်ပါက ကြီးမြတ်သော မသေမျိုးများပင် ကြင်ယာတော်မင်းသမီး၏အသက်ကို ကယ်တင်နိုင်မည်မဟုတ်ဟု အံ့ဖွယ်သမားတော်က ပြောလာခဲ့သည်။ ထို့ကြောင့် နာ့တန်မူက နှင်းကြာပန်းကို ရှာရန် ကောင်းကင်တောင်တန်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

"ဪ အဲ့လိုလား?"

စူးချင်းက ၎င်းကို နမ်းကြည့်လိုက်သော်လည်း အနံ့မရှိပေ။ သူမက ထိုက်စွေ့ ဟုတ်မဟုတ် စစ်ဆေးရန် စနစ်ကို စကင်န်ဖတ်ခိုင်းလိုက်သည်။

စနစ်က ရှောင်ချီနှင့်မတူဘဲ စူးချင်းအတွက် တက်တက်ကြွကြွ အလုပ်လုပ်ပေးရန် ဆန္ဒမရှိပေ။ အချိန်အတော်ကြာအောင် စစ်ဆေးပြီးမှ ပြန်ဖြေလာခဲ့သည်။

[ဒါက ထိုက်စွေ့ပါ။ အမြင့်ဆုံးအဆင့် ထိုက်စွေ့ဖြစ်ပါတယ်]

စနစ်၏အတည်ပြုချက်က စူးချင်းကို စိတ်သက်သာရာရသွားစေခဲ့သည်။ သူမက ဟွေ့မင်းသားကို ကြည့်ရင်း စတင်ကမ်းလှမ်းလိုက်သည်။

“မင်းရဲ့ ထိုက်စွေ့တစ်ဝက်ကို ကြာပန်းတစ်ပွင့်နဲ့ လှဲလယ်ချင်တယ်၊ အဆင်ပြေမလား?"

"ရပါတယ်၊ ရပါတယ်၊ ဒါက အတိုင်းထက်အလွန်ပါပဲ"

စူးချင်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေသည့် နာ့တန်မူက စိတ်လှုပ်ရှားစွာဖြင့် အဆောတလျင် သဘောတူလိုက်သည်။

စူးချင်းက ထိုအသားလင်ဇီးမှိုကို လှီးဖြတ်ရန် သက်တော်စောင့်တစ်ယောက် ဓားဖြင့် ရှေ့တိုးလာသည်ကို စောင့်ကြည့်နေခဲ့သည်။ ၎င်းက အသက်ရှင်နေသကဲ့သို့ ဖြစ်နေကာ မည်သို့ရှောင်တိမ်းရမည်ကိုပင် သိနေပုံရသည်။ ထိုက်စွေ့ကို လှီးဖြတ်ရမည့် သက်တော်စောင့်ကလည်း တုန်လှုပ်နေပြီး သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။ သူ့မျက်လုံးများကလညး မှိုင်းညို့နေပြီး စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေကာ မကြာခင်သေရတော့မည့်လူအလား ဖြစ်နေခဲ့သည်။

သူက အသားလင်ဇီမှိုကို ခေါင်းငုံလှီးဖြတ်‌သည်။ ခဏအကြာတွင် သူ့နှာခေါင်းမှ သွေးများ စီးကျလာပြီး သူ့မျက်နှာလည်း ပြာနှာလာကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

တခြားသက်တော်စောင့်များက သူ့ကို စာနာစိတ်ဖြင့် ကြည့်နေကြသည်။

ဒီအသားလင်ဇီးမှိုကို နောက်ဆုံးအကြိမ် လှီးဖြတ်ခဲ့တဲ့ သက်တော်စောင့်လည်း သေဆုံးသွားခဲ့တယ်။ သူတို့က တိုက်ဆိုင်မှုလို့ ထင်ခဲ့ကြပေမယ့် အခု နောက်တစ်ယောက် သေသွားပြန်ပြီ။

“ကောလဟာလတွေအရ ထိုက်စွေ့က သန့်စင်တဲ့ဝိညာဉ်ပစ္စည်းလို့ ပြောကြတယ်။ ပြစ်မှားမိရင် ကျိန်စာသင့်ခံရလိမ့်မယ်”

ဟွေ့မင်းသား၏အမူအရာကလည်း ပျက်ယွင်းနေပြီး သူ စိတ်မသက်မသာဖြစ်နေမှန်း သိသာလှသည်။

သူ ဒီကောလဟာလကို မယုံချင်ပေမယ့် အခုတော့ လူနှစ်ယောက် သေဆုံးသွားခဲ့ပြီ။

"ဒီတစ်ဝက်ဆိုရင် ဆေးဖော်ဖို့ လုံလောက်တယ်"

စူးချင်းက အသားလင်ဇီးမှို၏အခြားတစ်ဝက်ကို မည်သူမျှ မကိုင်ရဲတော့ကြောင်း နားလည်လိုက်ပြီး သူမသာသာ အောက်သို့ ငုံ့ကာ ရေထဲမှ အသားလင်ဇီးကို နှိုက်ယူလိုက်သည်။ သူမ ထိုအရာကို ရေထဲမှ ကောက်ကိုင်လိုက်သည်နှင့် သူမလက်ထဲမှ အသားမှိုက အလျင်အမြန် ကျုံ့ဝင်သွားသည်။ ၎င်းက တစ်မိနစ်အတွင်း ဖရဲသီးအရွယ်အစားမှ လက်သီးဆုပ်အရွယ်အထိ ကျုံဝင်သွားသည်။

မူလက ဖြူဖွေးနေသည့် မှို၏အပြင်ခွံကလည်း ရှုံတွသွားပြီး အရေးအကြောင်းများ ပေါ်လာကာ ညိုညစ်ညစ် ဖြစ်သွားသည်။ ဘေးတွင် ကြည့်နေသော သက်တော်စောင့်များက ကြောက်ရွံ့ထိတ်လန့်နေကြပြီး စူးချင်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။ သူတို့က သူမ၏ ဒွါရခုနစ်ပေါက်မှ သွေးများထွက်ကြလာတော့မည်ဟု ထင်နေကြခြင်း ဖြစ်သည်။

“မဆိုးဘူး၊ ကောင်းတယ်၊ ဒါက တကယ်ကို ဆေးဝါးအဖြစ်သုံးနိုင်တဲ့ ထိုက်စွေ့ပဲ”

စူးချင်းက နာ့တန်မူ တချက်ကြည့်ကာ လှမ်းပြောလိုက်သည်။

“အသုံးဝင်တယ်ဆိုရင် အကောင်းဆုံးပေါ့”

နာ့တန်မူကလည်း အလွန်တုန်လှုပ်နေပြီး သူ့မျက်လုံးများထဲတွင် များစွာသော ပဟေဠိများ ရှိနေခဲ့သည်။

နောက်ဆုံးအကြိမ်က သက်တော်စောင့် သေသွားတာကို တွေ့ခဲ့ရတာကြောင့် သူတောင်မှ သူ့ဝမ်ဖေးကို အဲ့ဆေး ထပ်မတိုက်ရဲတော့ဘူးလေ။

စူးချင်းက စနစ်ထဲမှ နှင်းကြာပန်းကို ထုတ်ယူလိုက်သည်။ ထိုအရာက နာ့ထန်မူးအပါအဝင် သူ့လူများအားလုံးကို အံ့ဩထိတ်လန့်သွားစေပြန်သည်။

သူမက နတ်ဘုရားတစ်ပါးလား?

သူမ နှင်းကြာပန်းကို ကိုင်ထားတာကို သူတို့ တစ်ခါမှ မတွေ့ခဲ့ရတာ အံ့သြစရာ မဟုတ်တော့ဘူး။ ဒီလိုဆိုရင် ဘယ်သူက သူမဆီကနေ လုယူနိုင်ပါ့မလဲ?

ဟွေ့မင်းသားက သူ သူ့သက်တော်စောင့်တပ်မှူး ပြောခဲ့သည့်စကားကို နားထောင်ပြီး စူးချင်းအား သတ်ရန် အမိန့်မပေးခဲ့မိသည့်အတွက် အလွန်ဝမ်းသာနေခဲ့သည်။

အဲ့လို မဟုတ်ရင် သူ မသေမျိုး နတ်ဘုရားကို စော်ကားမိသလို ဖြစ်သွားလိမ့်မယ်။

"မသေမျိုးနတ်မိမယ်ကို နှုတ်ဆက်ပါတယ်၊ ကျွန်တော်ရဲ့ဇနီးအတွက် အဆိပ်ဖြေဆေး စွန့်ကြဲဖို့ တောင်းပန်ပါရစေ”

စူးချင်းက မသေမျိုး ဖြစ်ကြောင်း အတည်ပြုပြီးနောက် နာ့တန်မူက စူးချင်းကို လေးလေးစားစား အရိုအသေပြုရန် ချက်ချင်း ရှေ့တိုးလာပြီး ဒူးတစ်ဖက်ထောက်ကာ တောင်းပန်လိုက်သည်။

"ငါကို အရင် ကြည့်ခွင့်ပေးဦး"

ကြင်ယာတော်မင်းသမီးရဲ့အဆိပ်နဲ့ လီအာရဲ့အဆိပ်က တူ မတူ အခုထိ မသိရသေးဘူး။ ရောဂါရှာဖွေပြီးမှပဲ သူမလည်း အတိအကျ ပြောနိုင်တော့မယ်။ သူမရဲ့ လက်ရှိ ဆေးပညာ အရည်အချင်းက အဆင့်တစ်ဆယ်ကို ရောက်နေပြီ။ ကြင်ယာတော်မင်းသမီးရဲ့ သွေးခုန်နှုန်းကို စမ်းလိုက်တာနဲ့ အတွင်းက အဆိပ်ကို သူမ အတိအကျ တွက်ဆနိုင်တယ်။

ဟွေ့မင်းသားနှင့် သူ့၏သက်တော်စောင့်များက စူးချင်းကို လုံးဝ မနှောင့်ယှက်ရဲကြပေ။ သူတို့က ဘေးဘက်တွင် နာခံမှုရှိရှိ ရပ်စောင့်နေကြပြီး သက်တော်စောင့်များဆိုလျှင် အသက်ပင် ကျယ်ကျယ် မရှုရဲကြပေ။

စူးချင်းက ကြင်ယာတော်မင်းသမီး၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်ပြီး သူမ ခံစားနေရသည့် အဆိပ်က လီအာ၏အဆိပ်နှင့် အတိအကျ တူနေကြောင်း ဆုံးဖြတ်နိုင်ခဲ့သည်။

မိုင်ထောင်ချီဝေးတဲ့ ဒီနေရာမှာ ဒီအဆိပ်ကို ပြန်တွေ့ရတယ်။ သူတို့ကို ဘယ်သူက အဆိပ်ခတ်ခဲ့တာတုန်း?

စူးချင်း၏ အမူအရာက လေးနက်ပြီး သူမ၏မျက်လုံးများက ပို၍ အေးစက်လာကာ ပိုစူးရှလာသည်။ ဘေးမှ ကြည့်နေသော ဟွေ့မင်းသားက အလွန်ထိတ်လန့်သွားပြီး သူလည်း အသက်မရှုရဲဖြစ်လာကာ တုန်ယင်နေ‌သောအသံဖြင့် မေးလာခဲ့သည်။

"မသေမျိူးနတ်မိမယ်၊ ကျွန်တော်မျိုးရဲ့ ဝမ်ဖေးအတွက် အဆိပ်ဖြေဆေး မရနိုင်တော့ဘူးလား?"

"အဲ့လို မဟုတ်ဘူး၊ ဖြေဆေးက ရှိတယ်၊ ကုသလို့ ပျောက်ကင်းမှာလည်း သေချာတယ်၊ ဒါပေမယ့် အခု ငါ ကုသပေးလို့ အဆိပ်ပြေသွားရင်တောင် ဘယ်သူကမှ သူ့(မ)ကို နောက်တစ်ကြိမ် အဆိပ်ထပ်ခပ်မှာ မဟုတ်ဘူးလို့ မင်းသားဘက်က အာမခံနိုင်လား?”

စူးချင်းက ဟွေ့မင်းသားကို မော့ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

သူရဲ့ ဇနီးအပေါ် စွဲလန်းမြတ်နိုးမှုက ချီးကျူးစရာကောင်းပေမယ့် ဒီရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်မှန်ကိုတော့ သတိပေးမှ ဖြစ်မယ်။

“မင်းသားအနေနဲ့ ဝမ်ဖေးရဲ့ဘေးက လူတွေကို စုံစမ်းသင့်တယ်၊ ဝမ်ဖေးရဲ့နေ့စဉ်ကိစ္စအဝဝနဲ့ စားသောက်မှုတွေကို ဘယ်သူ တာဝန်ယူထားတာလဲ?”

စူးချင်းက ဟွေ့မင်းသားကို သတိပေးလိုက်သည်။ သူမက ဤဒေသ၏ခေါင်းဆောင်ဖြစ်သော ဟွေ့မင်းသားနှင့်မတူပေ။ သူမက ဤနေရာနှင့် မရင်းနှီးသောလည်း ဟွေ့မင်းသားအတွက်တော့ သူ စုံစမ်းချင်စိတ်ရှိနေသရွေ့ ဤနေရာမှ အရာအားလုံးကို သူ သိနိုင်ပေလိမ့်မည်။

“ကောင်းပြီ၊ ကျွန်တော် ကျွန်တော့်လူတွေကို အခုချက်ချင်း စုံစမ်းခိုင်းလိုက်ပါ့မယ်”

ဟွေ့မင်းသားက ခေါင်းညိတ်လိုက်သည်။

အမှန်တော့ သူ အကြီးအကျယ် စစ်ဆေးပြီးပြီ။ သူက ဘယ်လိုလုပ်ပြီး သူ့ဝမ်ဖေး အဆိပ်ခတ်ခံရတာကို မစုံစမ်းဘဲ နေနိုင်ပါမလဲ? ဝမ်းဖေးရဲ့စားတော်ပွဲကို ထိတွေ့ခဲ့တဲ့ စားတော်ကဲတွေ၊ စားဖိုဆောင်အကူတွေ၊ နန်းတွင်းအစေခံတွေနဲ့ မိန်းမစိုးတွေအားလုံးကို ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်ခိုင်းခဲ့တယ်၊ ဒါပေမယ့် ဘယ်သူမှ ဝန်မခံခဲ့ကြဘူး။ စားတော်ကဲနှစ်ယောက်ဆိုရင် ရိုက်နှက်ခံရလို့ သေတောင်မှ သေသွားကြတယ်။

သူက နည်းနည်း ကြင်နာတတ်တော့ စားတော်ကဲနှစ်ယောက် သေသွားတာကို ကြားပြီး စိတ်မကောင်း ဖြစ်ရပြန်တယ်။ နောက်ဆုံးတော့ သူ အဲ့လူတွေ အားလုံးကို လွှတ်ပေးလိုက်တယ်။ ဒါပေမယ့် သူ အဲ့လူတွေကို သူတို့ တာဝန်ကျတဲ့ နန်းဆောင်မှာ ဆက်မထားတော့ဘဲ အားလုံးကို နန်းတော်ကနေ နှင်ထုတ်ခဲ့တယ်။

သို့သော်လည်း ယခု စူးချင်းက သူ့ကို စစ်ဆေးရန် ပြောလာချိန်တွင် ‌ဟွေ့မင်းသားက သူ အရင် စုံစမ်းခဲ့သမျှနှင့် ပတ်သက်ပြီး ဘာမှ မပြောတော့ဘဲ ထပ်စုံစမ်းခိုင်းလိုက်သည်။

သူ့ကျေးဇူးရှင် ပြောတာ မှန်တယ်လေ။ သူ သေသေချာချာ စုံစမ်းရမယ်။ မဟုတ်ရင် အနာဂတ်မှာ သူ့ကိုပါ အဆိပ်ခတ်ရင် ဘယ်လို လုပ်ကြမလဲ?

ထိုသို့ဖြင့် နန်းတော်၏အတွင်းရော အပြင်ပါ နောက်ထပ် ရုန်းရင်းဆန်ခတ် ဖြစ်လာပြန်သည်။ နန်းတော်မှ နှင်ထုတ်ခံလိုက်ရသော စားတော်ကဲများ၊ စားဖိုဆောင်အကူများ၊ အစေခံများနှင့် မိန်းမစိုးများအားလုံး ထပ်မံဖမ်းဆီးခံရပြန်သည်။ နန်းတော်ရှိလူအားလုံး ကြောက်ရွံ့မှုများနှင့် မရေမရာမှုများ ခံစားနေရပြီး အချိန်အတိုင်းအတာတစ်ခုအထိ လူတိုင်း အန္တရာယ်ရှိနေမှန်း နားလည်သွားကြသည်။

တစ်ချို့လူများက မင်းသား အဆိပ်ခတ်သည့်လူကို ထပ်ရှာနေမှန်း သိသွားပြီး နန်းတော်မှ တိတ်တိတ်လေး ထွက်သွားကြသည်။ သိပ်မကြာခင်မှာပင် နန်းတွင်း သက်တော်စောင့်များက သူတို့ကို ပြန်ဖမ်းမိခဲ့သည်။ သို့သော်လည်း အသေကောင်များကိုသာ သူတို့ ပြန်ဖမ်းမိခဲ့ပြီး သူတို့ အမြဲတမ်း ခြေတစ်လှမ်း နောက်ကျနေသည်။ မျက်လုံးတစ်စုံက သူတို့ကို စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေပြီး တစ်ဖက်လူက သူတို့၏လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နေသလို ဖြစ်နေပြန်သည်။

စူးချင်းက အပြင်၌ ဘာဖြစ်နေမှန်း မသိဘဲ ဟွေ့မင်းသားကို ထပ်ပြောလိုက်သည်။

"မင်းရဲ့ဝမ်ဖေးကို စမ်းသပ်ပေးခဲ့တဲ့ နတ်ဆေးသမားတော် ဒီမှာ ရှိနေသေးလား? ငါ သူ့ကို တွေ့ချင်တယ်"

“ဟုတ်ကဲ့၊ ရှိပါတယ်၊ သူက ဝမ်ဖေးအတွက် အဆိပ်ဖြေဆေး ဖော်ပေးဖို့ နှင်းကြာပန်းကို စောင့်နေတာပါ။ မသေမျိုးနတ်မိမယ်က သူ့ကို တွေ့ချင်ရင် သူ့ကို ဖိတ်ခေါ်ဖို့ ချက်ချင်း လူလွှတ်လိုက်ပါ့မယ်”

နာ့တန်မူက ကမန်းကတန်း ခေါင်းညိတ်ပြပြီး နတ်ဆေးသမားတော်ကို ခေါ်ခိုင်းလိုက်သည်။ သို့သော် သူ လွှတ်လိုက်သည့်လူက သတင်းဆိုးနှင့်အတူ ပြန်ရောက်လာသည်။

All Chapters