ဝံပုလွေတစ်ကောင်ကို အိမ်ထဲသို့ ဝင်ခွင့်ပြုမိခဲ့ခြင်း
Vol. 43 Ch. 638
နာ့တန်မူ၏အစ်ကိုကြီးဖြစ်သူ ကုချာ့လ်ဟာ့က အေးတိအေးစက် နှာမှုတ်လိုက်ပြီး စူးချင်းက လိုင်ယာကို အဆိပ်ခတ်ခဲ့သည်ဟု စွပ်စွဲပြောဆိုနေခဲ့သည်။
“အစ်ကိုတော်၊ အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောပါနဲ့။ ဒီသခင်မလေးက ကျွန်တော့်ကို ကောင်းကင်တောင်တန်းကနေ ကယ်တင်ပေးခဲ့တာပါ"
နာ့တန်မူက စူးချင်းကို အလွန် အားနာသွားပြီး ချက်ချင်း ငြင်းဆန်လိုက်သည်။ သူ့အစ်ကိုတော်က အလွန်ဝေးလံခေါင်သီသော နေရာတွင် နေထိုင်ရပြီး အထီးကျန်ဆန်သောကြောင့် အခြားလူများအပေါ် အမြင်ဆိုးများရှိနေသည်ဟုသာ သူ တွေးလိုက်သည်။ သူ့အစ်ကိုတော်၏မယ်တော်ဘက်မှ မိသားစုက ပုန်ကန်ခဲ့သည့်အတွက် သူတို့၏ခမည်းတော်က သူ့အစ်ကိုတော်ကြီးကို လျစ်လျူရှုထားခဲ့သည်။ သူတို့၏ခမည်းတော်က သူ့အစ်ကိုတော်ကြီးအတွက် ဝေးလံခေါင်သီသည့် ဒေသတစ်ခုကို နယမြေအပိုင်စား ပေးထားခဲ့ပြီး ထီးနန်းကို အမွေဆက်ခံပိုင်ခွင့်မရှိဟုလည်း အတိအလင်း အမိန့်တော်ထုတ်ပြန်ထားခဲ့သည်။ အစ်ကိုတော်ကြီး၏မယ်တော်ကိုလည်း အအေးနန်းဆောင်၌ အကျဥ်းချထားပြီး အမေနှင့် သားက တစ်ယောက်နှင့် တစ်ယောက် တွေ့ခွင့်မရတော့ပေ။
တစ်နည်းအားဖြင့်ဆိုသော် သူတို့၏အစ်ကိုတော်ကြီးက နယ်မြေအပိုင်စားရထားသည့် မင်းသားတစ်ပါး ဖြစ်နေသည်မှလွဲ၍ အခြားအာဏာနှင့် အခွင့်အရေးများ မရှိတော့ပေ။ တိုက်ဆိုင်စွာပင် သူ့အစ်ကိုတော်ကြီး၏ နယ်မြေက နာ့တန်မူ၏နယ်မြေနှင့် ကပ်လျက် တည်ရှိသည်။ ကုချာ့လ်ဟာ့က သူ့ညီလေးဆီသို့ အမြဲလာရောက်လည်ပတ်လေ့ရှိပြီး သူ့အစ်ကိုကြီး အထီးကျန်နေပြီး သနားစရာကောင်းသည်ဟု ခံစားရသည့် နာ့တန်မူကလည်း အစ်ကိုဖြစ်သူကို အမြဲကူညီပေးခဲ့သည်။
အစပိုင်းတွင် ကုချာ့လ်ဟာ့က သူ့စည်းကိုယ့်စည်းဖြင့် အလိုက်သိသိ နေထိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူက နာ့တန်မူ ဘာမှမပြောသည်ကို အခွင့်ကောင်းယူကာ မင်းမူလာပြီး အစ်ကိုကြီးတစ်ယောက်အနေဖြင့် အရာရာကို ပို၍ ပို၍ ဝင်ရောက်စွက်ဖက်လာခဲ့သည်။
ယနေ့တွင်လည်း နာ့တန်မူ စူးချင်းကို အားတုံ့အားနာ ဖြစ်နေပြီး သူ့အစ်ကိုတော်ကို ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။
မည်သို့ဖြစ်စေ ယနေ့ သူ့အစ်ကိုတော်ကြီး ရုတ်တရက် ရောက်လာခြင်ူက နာ့တန်မူကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။ စူးချင်းက သူ၏ကယ်တင်ရှင်ဖြစ်သလို သူချစ်ရသည့်ကြင်ယာတော်အားလည်း ကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် သူက မည်သူ့ကိုမျှ စူးချင်းအား ပုတ်ခတ်ပြောဆိုခွင့် မပေးနိုင်ပေ။
“နာ့တန်မူ၊ ငါ မင်းကို အဓိပ္ပါယ်မရှိတာတွေ မပြောဘူး၊ ဒါပေမယ့် မင်းစိတ်က အရမ်း ရိုးရှင်းလွန်းတယ်။ သူ(မ)က ကောင်းကင်တောင်တန်းကို တမင်လိုက်လာတာလည်း ဖြစ်နိုင်သေးတယ်၊ တိုက်ဆိုင်မှုသက်သက် ဖြစ်နိုင်ပါ့မလား? သူ(မ)က လိုင်ယာကို အဆိပ်ခတ်တဲ့သူ ဖြစ်နေမှတော့ မင်းက ကောင်းကင်တောင်တန်းကို သွားမယ်ဆိုတာလည်း သိနေမှာပေါ့၊ မင်းကို ကြိုစောင့်နေဖို့ သွားလိုက်ရုံပဲ"
ကုချာ့လ်ဟာ့က နာ့တန်မူကို အရူးတစ်ယောက်အား ကြည့်နေသလို ကြည့်နေပြီး သူ့ကို ငတုံးဟု ခေါ်မိလုနီးပါး ဖြစ်နေလေသည်။
“အစ်ကိုတော်၊ ဒါက ငါ့မိသားစုကိစ္စပါ၊ မင်း ပြန်သွားသင့်တယ်"
နာ့တန်မူက မည်မျှပင် စိတ်ကောင်းရှိနေပါစေ သူထံတွင်လည်း အမျက်ဒေါသတော့ ရှိနေသေးသည်။
သူ့အစ်ကိုတော်က သူ့ကို တစ်ကြိမ်ထက်ပိုပြီး အထင်သေးအမြင်သေး ဆက်ဆံခဲ့တယ်။ သူ အမြဲသည်းခံပေးခဲ့ပေမယ့် ဒီတစ်ခါတော့ သူ့အစ်ကိုတော်က အရမ်းလွန်နေပြီ။ သူ နန်းဆောင်ထဲကို ဝင်လာတာနဲ့ လိုင်ယာရဲ့ရောဂါအကြောင်း အရင်မမေးဘဲ သူတို့ရဲ့ကျေးဇူးရှင်ကိုတောင် မမှန်မကန် စွပ်စွဲနေပြီး သူ့ကို မျက်နှာပျက်စေခဲ့တယ်။
“တတိယညီတော်၊ ဒီအစ်ကိုတော်က မင်း လှည့်စားခံနေရတာကို ဒီအတိုင်း မကြည့်နေနိုင်ဘူး။ ဒီကိစ္စအတွက် မင်း စိတ်ပူဖို့ မလိုပါဘူး။ ငါ သူ(မ)ကို ခေါ်သွားလိုက်မယ်၊ ခနလောက် စစ်ဆေးလို်ကတာနဲ့ လိုင်ယာအပေါ် သူ(မ) ဘာတွေလုပ်ခဲ့လဲဆိုတာ သိလာလိမ့်မယ်။ သူ(မ)ကို ဒီကို လာဖို့ ဘယ်သူ အမိန့်ပေးခဲ့တာ ဖြစ်နိုင်မလဲ? ငါကတော့ ဒုတိယညီတော်နဲ့ စတုတ္ထညီတော်ကို သံသယရှိတယ်။ သူတို့က မင်းဆီက အိမ်ရှေ့စံမင်းသားရာထူးကို လုယူချင်နေကြတာ။ မင်း လှည့်စားခံနေရတာကို ငါ မကြည့်နေနိုင်ဘူး။ ငါ လူဆိုးလုပ်ပြီး မင်းရဲ့ရန်သူတွေကို ဖြေရှင်းပေးမယ်"
ကုချာ့လ်ဟာ့က ငဲ့ညှာတတ်သော အစ်ကိုကောင်းတစ်ယောက်အဖြစ် သရုပ်ဖော်နေပြီး စူးချင်းကို ခေါ်ထုတ်သွားရန် စိတ်အားထက်သန်နေသည်။
စူးချင်းကလည်း သူ မဟုတ်မမှန် စွပ်စွဲနေသည့် စကားများကို စကြားကတည်းက ဒေါသထွက်နေခဲ့သည်။ သို့သော် သူမက သူ့၏သရုပ်ဆောင်စွမ်းရည်ကို ကြည့်ချင်သေးသောကြောင့် သူမ၏ဒေါသကို ထိန်းထားခဲ့သည်။
သူမကို ခေါ်သွားတော့မည်ဟု ပြောနေသည့်အသံကို ကြားလိုက်ရချိန်တွင် စူးချင်းက လီအာကို စနစ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဤမောက်မာပြီး အကျင့်မကောင်းသည့်လူကို ဆုံးမပေးရန် ပြင်ဆင်လိုက်သည်။
စူးချင်းက ကလေး ချက်ချင်း ပျောက်ကွယ်သွားအောင် မှော်ပညာသုံးလိုက်သည်ဟု ထင်သွားသည့် ကုချာ့လ်ဟာ့၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူ့က သက်တော်စောင့်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဒီစုန်းမကို မြန်မြန် ဖမ်းကြစမ်း၊ ပြီးရင် မီးရှို့သတ်ပစ်ရမယ်။ သူ(မ)က စုန်းမပဲ”
အနောက်ဘက်ဒေသများတွင် စုန်းမဟု ယူဆခံရသူများကို မီးရှို့သတ်ပစ်လေ့ရှိကြသည်။ စုန်းမများနှင့် ဆက်ဆံဖူးမိသူများကိုလည်း ကံဆိုးသူများဟု သတ်မှတ်ကြသည်။ မင်းသားများအနေဖြင့် စုန်းမများနှင့် ပူးပေါင်းမိလျှင် ရာဇပလ္လင်ကို အမွေဆက်ခံနိုင်ရန် နေနေသာသာ လက်ရှိ မင်းသားရာထူးကိုပင် ဖြုတ်ချခံရမည် ဖြစ်သည်။
နာ့တန်မူ၏အမူအရာကလည်း ချက်ချင်း ပြောင်းလဲသွားသည်။
သူ့အစ်ကိုကြီးက သူ့ကို အန္တရာယ်ပြုဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား?
နာ့တန်မူ ဘာမှ ပြန်မပြောရသေးခင်မှာပင် စူးချင်းက ပြေးဝင်လာသည့် သက်တော်စောင့်များကို မိုးကြိုးပစ်သလို ရှောင်ရှားလိုက်ပြီး မောက်မာလွန်းသည့် ကုချာ့လ်ဟာ့ကို ဖမ်းဆွဲလိုက်သည်။ အေးစက်သည့်ဓားတစ်ချောင်းကလည်း သူ့လည်ပင်းပေါ်သို့ ရောက်ရှိလာသည်။
ကုချာ့လ်ဟာ့က စူးချင်း ဤမျှအစွမ်းထက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ အလွန်ကြောက်လန့်သွားပြီး မျက်နှာအမူအရာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သူက စူးချင်းအား ထပ်ရန်မစရန် သူ့သက်တော်စောင့်များကို လက်ဖြင့် အချက်ပြ တားဆီးလိုက်သည်။
“တတိယညီတော်၊ ဒီမိန်းမကို မြန်မြန် ဓားပြန်ချခိုင်းလိုက်ပါ”
“အစ်ကိုတော်ကြီး၊ ဒီသခင်မလေးက ငါတို့ တိုင်းပြည်ကလူ မဟုတ်ဘူး၊ ငါ့မှာ သူ(မ)ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး”
နာ့တန်မူက သဘောထားက အေးစက်နေပြီ ဖြစ်ကာ သူ့အစ်ကိုတော်ကြီးကို ချက်ချင်း ငြင်းဆန်လိုက်သည်။ နာ့တန်မူက ကြင်နာတတ်သော်လည်း ငတုံးတော့ မဟုတ်ပေ။
သူ့အစ်ကိုတော်ကြီးရဲ့စကားတွေက သူ့ကို ဒုက္ခပေးဖို့အထိ ရည်ရွယ်နေပြီလေ။ ဒီလိုဖြစ်လာမှတော့ သူဘက်ကနေ ညီအကိုသံယောဇဥ်ကို လျစ်လျူရှုတာက သူ့အပြစ်မဟုတ်ဘူး။
ပြီးတော့ ဒီသခင်မလေးကို သူက တားနိုင်မယ်တဲ့လား? အိပ်မက်ထဲမှာတောင် မဖြစ်နိုင်ဘူး။
"မင်း... မင်းက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ"
ကုချာ့လ်ဟာ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူက ဘာမှ အသုံးမဝင်တဲ့သူ ဖြစ်နေတာကြောင့် နာ့တန်မူကလည်း သူ့ကို လူဆိုးတစ်ယောက်လို့ သတ်မှတ်ထားတယ်ပေါ့လေ။
"အဲ့လို မဟုတ်ဘူး"
နာ့တန်မူက အဖြေသာ ပြန်ပေးလိုက်ပြီး ရှင်းပြရန် မကြိုးစားတော့ပေ။
သူ ဒီသခင်မလေးကို ဘယ်လိုမှ အမိန့်မပေးနိုင်ဘူး။ အစ်ကိုတော်ကြီးမှာ အရည်အချင်း ရှိတယ်ဆိုရင်တော့ သူကိုယ်တိုင် ကြိုးစားကြည့်ပေါ့။
“ပြောပါဦး၊ လိုင်ယာကို အဆိပ်ခတ်ပြီး ဒီနန်းတော်ထဲမှာ သူလျှိုတွေ ထည့်ထားခဲ့တာ နင်မှတ်လား? သူလျှိုတွေကို ဖမ်းမိသွားတာနဲ့ ဖော်ထုတ်ခံရမှာကို စိုးရိမ်ပြီး အရင်တိုက်ခိုက်ဖို့ အစပြုလာတယ်ပေါ့လေ”
စူးချင်းက သူမလက်ထဲမှ ဓားဖြင့် ကုချာ့လ်ဟာ့၏လည်ပင်းကို အနည်းငယ် ထပ်ဖိလိုက်ရာ ချွန်ထက်သောဓားက ကုချာ့လ်ဟာ့၏လည်ပင်းထဲသို့ အနည်းငယ် စိုက်ဝင်သွားသည်။
"မင်း ဘာတွေပြောနေမှန်း ငါ မသိဘူး"
စူးချင်း၏မေးခွန်းကို ကြားလိုက်ရချိန်တွင် ကုချာ့လ်ဟာ့က ဒေါသတကြီး ပြန်ဖြေလိုက်သည်။ သူ့လည်ပင်းက အလွန်နာကျင်နေသော်လည်း သူ့က သူ့လူများအား ရှေ့မတိုးခိုင်းရဲပေ။ သူက စူးချင်း၏လက်ထဲမှ လွတ်မြောက်အောင် ကြံစည်နေပြီး သူ့မျက်လုံးများက လှည့်ပတ်ကြည့်ရှူနေသည်။
“မင်းသား၊ မင်းရဲ့ နန်းတော်ကို တပ်တွေ ဝိုင်းထားလားဆိုတာ စစ်ဆေးဖို့ လူတွေ လွှတ်လိုက်”
စူးချင်းက ခေါင်းပင် မလှည့်ဘဲ နာ့တန်မူကို အမိန့်ပေးလိုက်သည်။
သူမက ရာဇပလ္လင်အတွက် တိုက်ပွဲတွေနဲ့ လှည့်စားမှုတွေ အများကြီးကို မြင်ဖူး ကြားဖူးပြီးပြီ။ ဒီကုချာ့လ်ဟာ့ရဲ့ အကြံကိုတော့ တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်။
အခြေအနေတစ်ခု ပြောင်းသွားတိုင်းမှာ သူက တခြားပြင်ဆင်မှုတွေ လိုက်လုပ်နေပုံရတယ်။ ဒီတစ်ကြိမ်သူ ရောက်လာတာကလည်း နာ့တန်မူကို စမ်းသပ်ဖို့ပဲ နာ့တန်မူက သူ့ကို သံဿယမဝင်ဘူးဆိုရင် ဖမ်းမိထားတဲ့လူတွေကို ပြန်ခေါ်သွားပြီး ချက်ချင်း သတ်ပစ်လိမ့်မယ်။ နာ့တန်မူက သူ့ကို သံသယရှိနေရင်တော့ နာ့တန်မူရဲ့ နယ်မြေကို သိမ်းပိုက်ပြီး နာ့တန်မူနဲ့ သူ့ကြင်ယာတော်ကို သတ်ပစ်လိမ့်မယ်။
ထိုအတွေးများကြောင့် စူးချင်းက အဆိပ်ခတ်သည့်လူနှင့် ဤကုချာ့လ်ဟာ့ တစ်ခုခု ပတ်သက်နေမသည်ဟု ခံစားနေရသည်။ သူ့ကို ဖမ်းမိလျှင် အဆိပ်ခတ်သည့်လူကို ရှာတွေ့နိုင်မည် ဖြစ်သောကြောင့် နာ့တန်မူ အမိန့်ပေးလျှင်ပင် စူးချင်းက ကူချာ့လ်ဟာ့ကို လွှတ်ပေးမည်မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် နာ့တန်မူက သူ့နေရာကို သူ သိနေပြီး ဤပြသနာထဲသို့ ကြားမဝင်လာခဲ့ပေ။
အစပိုင်းတွင် စူးချင်းက အခြားသူများ၏ကိစ္စများကြားထဲသို့ ဝင်ရောက်စွက်ဖက်ရန် အစီအစဉ် မရှိခဲ့ပေ။ သူမက ကျန်နေသည့်ထိုက်စွေ့တဝက်ကို လိုချင်သောကြောင့် ကြင်ယာတော်မင်းသမီးကို ကယ်တင်ပေးခဲ့သည်။ သူမနှင့် ဟွေ့မင်းသားတို့ အပြန်အလှန် အကြွေးမရှိဘဲ သူမက လီအာကို ခေါ်ကာ သူမတို့တိုင်းပြည်သို့ ပြန်ရန် ပြင်ဆင်နေခဲ့သည်။
ဒီညီအကိုနှစ်ယောက်ကြားက ရန်ပွဲက သူမနဲ့ ဘာမှ မဆိုင်ဘူးလေ။ သူမက တခြားသူတွေရဲ့ ကိစ္စကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။
ဒါပေမယ့် ဒီကုချာ့လ်ဟာ့က သူမကို ဖမ်းချင်တယ်ဆိုမှတော့ ဒါက ညီအစ်ကိုနှစ်ယောက်ကြားက ကိစ္စမဟုတ်တော့ဘူး။ တစ်ချိန်တည်းမှာပဲ ဟွေ့မင်းသားက သူမကို တစ်သက်လုံး ကျေးဇူးတင်နေပြီး သူမကို အမှတ်ရစေဖို့ သူမ စလုပ်ရှားမှဖြစ်တော့မယ်။ နောင်မှာ တိုင်းပြည်နှစ်ခုကြား သံတမန်ဆက်ဆံရေး ထူထောင်နိုင်ရင် ဒီနယ်စပ်ဒေသရဲ့ငြိမ်းချမ်းရေးကိုလည်း အာမခံနိုင်လိမ့်မယ်။
စူးချင်း၏စကားများက နာ့တန်မူ၏နှလုံးသာကို ခုန်ပေါက်သွားစေသည်။ သူက သူ့အစ်ကိုတော်ကြီးကို မယုံကြည်နိုင်သလို စိုက်ကြည့်လိုက်သည်။ သို့သော် သူ့အစ်ကိုတော်ကြီးက တစ်ယောက်ယောက်ကြောင့် လျှို့ဝှက်ချက်များ ဖော်ထုတ်ခံလိုက်သလိုမျိုး ဖြစ်သွားပြီး အမူအရာ မမှန်တော့သည်ကို သူ မြင်လိုက်ရသည်။ သို့သော် ကုချာ့လ်ဟာ့က အလျင်အမြန် တုံ့ပြန်နိုင်ပြီး ချက်ချင်း ငြင်းဆိုလိုက်သည်။
“တတိယညီတော်၊ ဒီမိန်းမရဲ့ သွေးခွဲစကားတွေကို မယုံပါနဲ့။ ငါက မင်းကို ကာကွယ်ဖို့ ငါ့စစ်တပ်ကို ခေါ်လာခဲ့တာပါ"
ဆိုလိုသည်မှာ သူ့အစ်ကိုတော်က စစ်သည်များ အမှန်တကယ် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့က ညီအစ်ကိုများ ဖြစ်နေကြသော်လည်း နယ်မြေအသီးသီး၏အုပ်ချုပ်သူများလည်း ဖြစ်နေသေးသည်။ တယောက်နှင့် တစ်ယောက် တွေ့ဆုံကြသည့်အခါ သက်တော်စောင့်အနည်းငယ် အတူခေါ်ဆောင်လာခြင်းက ပုံမှန်သာ ဖြစ်သည်။ လူ ၃၀ ထက်မပိုလျှင် ဘာမှ ပြဿနာ မရှိပေ။
သို့သော်လည်း တဖက်က ခွင့်မပြုလျှင် ကိုယ်ပိုင်စစ်တပ်ကို အခြားလူ၏ နယ်မြေထဲသို့ ခေါ်ဆောင်လာခွင့် မရှိပေ။ ယခု ကုချာ့လ်ဟာ့က သူ့စစ်တပ်ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး နာ့တန်မူက ဘာမှ မသိခဲ့ရပေ။ ထိုအရာက မကောင်းသော စိတ်ကူးများ ရှိနေမှန်း သိသာထင်ရှားနေသည်။
ထိုအချိန်တွင် နာ့တန်မူက ကြင်ယာတော်၏နန်းဆောင်သို့ ထိုအစေခံ ရောက်လာခဲ့ပုံကို ပြန်သတိရသွားပြန်သည်။
ဒီအစေခံက သူ့မရီး ပို့ပေးခဲ့တဲ့တစ်ယောက် မဟုတ်ဘူးလား?
နန်းတွင်းအစေခံများက လိုင်ယာ၏နေ့စဉ်ကိစ္စအဝဝနှင့် စားစရာများကို ထိတွေ့နိုင်သောကြောင့် သူမကို အဆိပ်ခတ်ရန် လွယ်ကူလွန်းလှသည်။
ထိုအကြောင်းကို စဉ်းစားမိသွားသည့် နာ့တန်မူက သူ့အစ်ကိုတော်ကြီးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြန်သည်။
သူနဲ့ လိုင်ယာတို့က တစ်ယောက်နဲ့တစ်ယောက် လေးလေးနက်နက် ချစ်ခင်ကြတယ်။ လိုင်ယာ သေသွားရင် သူတစ်ယောက်တည်း ကျန်နေနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း သူ့အစ်ကိုတော်ကြီး သိထားပြီးပြီ၊ ဒါတောင်မှ လိုင်ယာကို အဆိပ်ခတ်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သေးတယ်ပေါ့။
"အစ်ကိုတော်ကြီး၊ မင်းက ငါ့ကို အရမ်း စိတ်ပျက်စေတယ်"
နာ့တန်မူက သူ့အစ်ကိုကြီးအား စိတ်ပျက်လက်ပျက် လှမ်းကြည့်နေသည်။
သူတို့က ညီအစ်ကိုတွေ ဖြစ်နေတာကြောင့် သူက သူ့အစ်ကိုတော်ကြီးကို ဘယ်တုန်းကမှ သတိနဲ့ မဆက်ဆံခဲ့ဘူး။ သူ့အစ်ကိုတော်ကြီးက သူ့ကို မကောင်းကြံနေမယ်လို့ သူ ဘယ်ထင်ရက်ပါ့မလဲ?
သူ့ညီတော်က စူးချင်းအား ယုံကြည်နေသည်ကို မြင်လိုက်ရသည့် ကုချာ့လ်ဟာ့က ပို၍ စိတ်တိုလာသည်။ သူက သူ့လက်ကို နောက်ကျောဘက်သို့ ပို့လိုက်ပြီး လျှို့ဝှက်အချက်ပြမှုူတစ်ခု ပြုလုပ်လိုက်သည်။