← Chapters

စူးချင်း အကြမ်းပတမ်း ပြုမှုနေခြင်း

Vol. 43 Ch. 639

စူးချင်း အကြမ်းပတမ်း ပြုမှုနေခြင်း

Vol. 43 Ch. 639

စူးချင်းက သူ့လှုပ်ရှားမှုကို ချက်ချင်း သတိပြုမိသွားပြီး သူ့လက်မောင်းကို ဖြတ်ချလိုက်သည်။ နန်းတော်တစ်ခုလုံးတွင် ကုချာ့လ်ဟာ့၏ အော်သံများ ပဲ့တင်ထပ်နေသည်။ လိုင်ယာက ကြောက်လန့်တုန်လှုပ်သွားပြီး နာ့တန်မူ၏ရင်ခွင်ထဲသို့ ဝင်ပုန်းလိုက်သည်။

မည်သူမျှ မတုံ့ပြန်နိုင်သေးခင်မှာပင် စူးချင်းက စစ်တပ်ဆီသို့ သတင်းပို့ရန် ပြင်နေသည့် သက်တော်စောင့်ကိုပါ လျှို့ဝှက်မြှားဖြင့် ပစ်သတ်လိုက်သည်။ စူးချင်း မည်ကဲ့သို့ တိုက်ခိုက်လိုက်သည်ကိုပင် မမြင်နိုင်ကြဘဲ အရာအားလုံးက အလျင်အမြန် ဖြစ်ပျက်သွားခဲ့သည်။ တစ်ယောက်က ဒဏ်ရာရပြီး တစ်ယောက် သေဆုံးသွားသည်။

အနောက်ပိုင်းဒေသများက သူမတို့နယ်မြေ မဟုတ်သော်လည်း စူးချင်းကတော့ အကြောက်အလန့် မရှိ‌ပေ။ သူမက အနောက်ဒေသ၏မင်းသား ကုချာ့လ်ဟာ့၏လက်မောင်းကိုပင် ဖြတ်တောက်ပစ်လိုက်သည်။

နာ့တန်မူလည်း အကြီးအကျယ် အံ့သြထိတ်လန့်နေခဲ့သည်။

သူ ဒီသခင်မလေးကို ဖမ်းဖို့ သူ့လူတွေကို အမိန့်ပေးခဲ့ရင် သူမက သူ့လက်မောင်းကို မညှာတာဘဲ ဖြတ်ပစ်မှာ သေချာတယ်။

“စစ်သည်တွေ လာကြစမ်း၊ ကုချာ့လ်ဟာ့ရဲ့စစ်တပ်ကို သွားနှိမ်နင်းလိုက်ကြ”

နာ့တန်မူက သူ့လက်အောက်ငယ်သားများကို ဆင့်ခေါ်လိုက်ပြီး သူ့အစ်ကိုကြီး၏တပ်ကို သွားနှိမ်နင်းခိုင်းလိုက်သည်။

အခုချိန်မှာ ပျော့ညံ့နေလို့ မရတော့ဘူးဆိုတာ သူ သိတယ်။ သူ အခုထိ ပျော့ညံ့နေသေးရင် သူ့အသက်ကို ဆုံးရှုံးရလိမ့်မယ်။ ဒီလူက သူ့ရဲ့အစ်ကိုတော်ကြီး ဖြစ်နေပေမယ့် သူ့အပေါ်ကို အကောက်ကြံခဲ့တယ်။ သူ့အစ်ကိုတော်ကြီးက သူ့အပေါ် ညီလေးတစ်ယောက် ရသင့်တဲ့ ချစ်ခင်ကြင်နာမှုတွေကို ပြသခဲ့ပေမယ့် အစကတည်းက သူ့အပေါ် အစစ်အမှန် ကြင်နာပေးဖို့ မရည်ရွယ်ထားခဲ့ဘူး။

စူးချင်းက ထောက်ခံသည့်အကြည့်ဖြင့် နာ့တန်မူကို လှမ်းကြည့်လိုက်သည်။

မဆိုးဘူး။ ဒီလိုအရေးကြီးတဲ့အခိုက်အတန့်မှာတော့ သူက ပြတ်သားနိုင်သားပဲ။ ဒီအတွေ့အကြုံကြောင့် နောက်ပိုင်းမှာ တော်ဝင်မိသားစုအတွက် ဆွေမျိုးသားချင်း မရှိဘူးဆိုတာ သူ သိသွားနိုင်ဖို့ သူမ မျှော်လင့်မိတယ်။ ခွန်အားကြီးတဲ့သူကပဲ အာဏာကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ ပျော့ညံ့တဲ့သူက အသားတုံးဖြစ်သွားလိမ့်မယ်။ စိတ်ပျော့တဲ့သူက ဒုက္ခကိုဖိတ်ခေါ်တာနဲ့ အတူတူပဲ၊ တော်ဝင်မိသားစုမှာ ဆက်နေချင်ရင် သူ ရက်စက်တတ်ဖို့ သင်ယူသင့်ပြီ။

နာ့တန်မူ၏စစ်သည်များ ထွက်သွားပြီး ကုချာ့လ်ဟာ့၏စစ်တပ် နန်းတော်အား ဝိုင်းရံထားသည်ကို အမှန်တကယ် တွေ့လိုက်ရသည်။ သူတို့က အမိန့်မရသေးသည့်အတွက် ဘာမှ မလှုပ်ရှားဘဲ စောင့်ဆိုင်းနေကြသည်။

နာ့တန်မူ၏စစ်သည်များ သူတို့ကို ဖမ်းဆီးချိန်တွင် သူတို့ကလည်း အလွယ်တကူ လက်နက်မချကြပေ။ နှစ်ဦးနှစ်ဖက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး မြို့တွင်းရှိ အရပ်သားများအားလုံး ကြောက်လန့်တကြား ထွက်ပြေးနေကြရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လမ်းများပေါ်၌ မျက်နှာချင်းဆိုင်နေသည့် စစ်တပ်နှစ်တပ်သာ ကျန်ရစ်နေတော့သည်။

“တတိယညီတော်၊ တတိယညီတော်၊ မင်းရဲ့အစ်ကိုတော်ကြီး ပြောတာကို နားထောင်ပါဦး၊ ဒီစုန်းမရဲ့လှည့်ကွက်တွေထဲမှာ ပိတ်မိ မနေပါနဲ့၊ သူ(မ)က အလယ်ပိုင်းလွင်ပြင်က ဖြစ်နိုင်တယ်၊ အလယ်ပိုင်းလွင်ပြင်ကလူတွေက ငါတို့ကို အမြဲတမ်း ကြံစည်နေကြတာ”

ကုချာ့လ်ဟာ့က နာကျင်မှုကို သည်းခံပြီး သူ့၏ညီတော်ကို ထပ်အယုံသွင်းရန် ကြိုးစားနေခဲ့သည်။

သူ အခု ဒီစုန်းမဆီမှာ အဖမ်းခံထားရပြီး မလွတ်မြောက်နိုင်တော့ဘူး။ ဒီစုန်းမက အရမ်း ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုကင်းမဲ့လွန်းတယ်။ အခု သူ နှလုံးသားထဲကနေ ကြောက်လန့်နေပြီ။ ဒီအချိန်မှာ သူ့ညီတော်ကပဲ သူ့ကို ကယ်တင်ပေးနိုင်တော့မှာ”

"ဒါ့ဆို အပြင်မှာ စစ်သည်တွေ ဘာဖြစ်နေကြတာလဲ? သူတို့အားလုံးက လက်နက်တွေ ကိုင်ထားကြတယ်။ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? အလယ်ပိုင်းလွင်ပြင်က ငါတို့ကို ကြံစည်နေတယ်လို့ မင်း ပြောနေပေမယ့် ငါနဲ့ ငါ့ဝမ်ဖေးကို ကယ်တင်ခဲ့တာက မင်းပြောနေတဲ့ အကြံအစည်ရှိသူပဲ။ အဲဒီအစား မင်းက ငါ့ကို အယောင်ဆောင် ညီအစ်ကိုသံယောဇက်အောက်ကနေ ပုန်းလျှိုးကွယ်လျှိုး လုပ်ကြံခဲ့တယ်။ မင်းမှာ ညီအကို မေတ္တာ မရှိဘဲ မသမာစိတ်ရှိနေမှတော့ ငါ့ကို အကြင်နာမဲ့တယ်လို့ အပြစ်မတင်နဲ့”

နာ့တန်မူက သူ့အင်္ကျီလက်ကို ခါယမ်းပြီး မျက်နှာလွှဲသွားသည်။ အဓိပ္ပါယ်မှာ စူးချင်း သူ့အစ်ကိုတော်ကြီးအား မည်သို့ ဖြေရှင်းပါစေ သူ သဘောတူသည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

“ဟုတ်ပြီ၊ ငါ့မှာ အဲဒီနန်းတွင်းအစေခံအတွက် ဆေးတစ်လုံး ရှိတယ်၊ ခုလိုတွေ ဖြစ်နေမှတော့ ငါ ဒီဆေးကို နင့်အတွက် အရင်ပေးလိုက်မယ်"

စူးချင်းက ဆေးကို ထုတ်ယူလိုက်သည်။

နန်းတွင်းအစေခံကို ဝန်ခံခိုင်းနေမယ့်အစား ကုချာ့လ်ဟာ့ကို ကိုယ်တိုင် ပြောခွင့်ပေးလိုက်တာက ပိုကောင်းတာပေါ့။

စူးချင်းက အငြိုးအတေးကြီးပြီး ရန်လိုသူ ဖြစ်သည်။ သူမကို စော်ကားမိသူတိုင်းက သူတို့ မွေးဖွားလာခဲ့သည်ကိုပင် နောင်တရသွားလေ့ရှိကြသည်။

ကုချာ့လ်ဟာ့က စူးချင်း ကိုင်ထားသည့် ဆေးလုံးကို မသိသော်လည်း နန်းတွင်းအစေခံအတွက် ဆေးဟု ပြောလိုက်သည်နှင့် ကောင်းသောအရာမဟုတ်မှန်း ခန့်မှန်းနိုင်သွားခဲ့သည်။ သူက ထိုဆေးကို မစားရရန် သူ့ပါးစပ်ကို တင်းတင်း ပိတ်ထားခဲ့သည်။

စူးချင်းက သူ့ပါးစပ်ကို အတင်းဆွဲဖြဲပြီး ဆေးကို အထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူမက သူ့မေးစေ့ကို ဆွဲမော့လိုက်ရာ ဆေးလုံးက သူ့လည်ချောင်းထဲသို့ လိမ့်ဆင်းသွားပြီး သူ ပြန်ထွေးရန်ပင် မဖြစ်နိုင်တော့ပေ။

"စုန်းမ၊ မင်းက ငါ့ကို ဘာစားခိုင်းလိုက်တာလဲ?"

ကုချာ့လ်ဟာ့က အဆုတ်ထိပ်မှ လေသံဖြင့် အော်ဟစ်လိုက်သည်။

“မင်းက စုန်းမကြီးပဲ၊ ငါ့ကို လွှတ်ပေးစမ်း"

သူ့သက်တော်စောင့်များက သူ့ကို ကူညီရန် ပြေးလာကြသော်လည်း နာ့တန်မူ၏ သက်တော်စောင့်များက သူတို့ကို ဝိုင်းရံလိုက်ကြသည်။ နာ့တန်မူ၏ သက်တော်စောင့်များကလည်း ငတုံးများ မဟုတ်ဘဲ ပထမမင်းသားကြီးက သူတို့၏မင်းသားအား အန္တရာယ်ပြုရန် ရောက်လာမှန်း သူတို့ နားလည်နိုင်သည်။

ဆေးသောက်ပြီး သိပ်မကြာခင်မှာပင် ကုချာ့လ်ဟာ့က သူ့နှလုံးသားထဲမှ စူးစူးရှရှ နာကျင်မှုကို ခံစားမိသွားသည်။ ယခုနာကျင်မှုနှင့် ယှဉ်လျှင် သူ့လက်ကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုက ဘာမှ မဟုတ်တော့ပေ။ ယခု သူ့၏အရေပြား လက်တစ်ထောက်စာတိုင်းနှင့် အရိုးတိုင်းကို ဓားတစ်ထောင်ဖြင့် အစိတ်စိတ်အမြွှာမြွှာ လှီးဖြတ်နေသလို ပြင်းထန်သည့် နာကျင်မှုကို သူ ခံစားနေရသည်။

မောက်မာပြီးရင်း မောက်မာလှသော ပထမမင်းသားကြီးက အချိန်အကြာကြီးပင် တောင့်မခံနိုင်ပဲ အရာအားလုံးကို ဝန်ခံလာခဲ့သည်။ စူးချင်း မျှော်မှန်းထားသည့်အတိုင်း ပထမမင်းသားကြီးက ထီးနန်းအမွေဆက်ခံခွင့်ကို ဆုံးရှုံးခဲ့ပြီး ဝေးလံခေါင်သီသော နယ်စပ်မြို့သို့ ပို့ဆောင်ခံခဲ့ရသည်။ သူက ထိုပြည်နှင်ဒဏ်ကို မကျေမနပ်ဖြစ်နေခဲ့သည်။ ထို့အပြင် သူက ရည်မှန်းချက်ကြီးလွန်းသူ ဖြစ်ပြီး သူ့၏ကျန်ဘဝတစ်လျှောက်လုံးကို ဤသဲကန္တာရ၌ မကုန်ဆုံးချင်ပေ။

အစပိုင်းတွင် သူက မိသားစုဆက်ဆံရေးကို အခွင့်ကောင်းယူခဲ့ပြီး နာ့တန်မူကို စမ်းသပ်ရုံသက်သက်သာ လုပ်ဆောင်ခဲ့သည်။ သူက နာ့တန်မူထံသို့ မကြာခဏ လာရောက်လည်ပတ်တတ်ပြီး နာ့တန်မူက လိုင်ယာကို အလွန်ချစ်ခင်မြတ်နိုးကြောင်း သူ သိလာခဲ့ရသည်။ ထို့ကြောင့် သူ့က နာ့တန်မူကို သိမ်းသွင်းရန် လိုင်ယာကို အသုံးချဖို့ အစီအစဥ် ဆွဲခဲ့သည်။

သူက သူ့၏ တတိယညီတော်အတွက် အံ့ဖွယ်သမားတော်တစ်ဦးကိုပင် စီစဉ်ပေးခဲ့သည်။ သူက နာ့တန်မူ ကောင်းကင်တောင်တန်းသို့ သွားပြီး နှင်းကြာပန်း သွားခူးစေရန် ထိုအံ့ဖွယ်သမားတော်မှတဆင့် လှည့်စားခဲ့သည်။ နာ့တန်မူ ချောက်ကမ်းပါးမှ ပြုတ်ကျခဲ့သည်မှာလည်း သူ စီစဥ်ထားသည့်အတွင်းလူကြောင့် ဖြစ်သည်။ နာ့တန်မူ သေသွားလျှင် သူက ကက်ရှ်ဂါနယ်မြေကို သိမ်းပိုက်ပြီး ဤနေရာကို တဖြည်းဖြည်း တိုးချဲ့ကာ သူ့၏အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် ကြံရွယ်ထားခဲ့သည်။ နောက်ပိုင်းတွင် သူက အနောက်ဒေသ၏ ဧကရာဇ် ဖြစ်လာရန်ပင် တွေးထားခဲ့သေးသည်။

သူ အစစအရာရာ ကောင်းစွာ ပြင်ဆင်ထားပြီး အရာအားလုံး ချောမွေ့နေချိန်တွင် အလယ်ပိုင်းလွင်ပြင်မှ အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်လာပြီး နာ့တန်မူနှင့် လိုင်ယာတို့ကို ကယ်တင်ပေးခဲ့သည်။ အဆိုးဆုံးကတော့ သူ့၏တတိယညီတော်က သူ့ကို သံသယ ဖြစ်လာခြင်း ဖြစ်သည်။ သူ့၏တတိယညီတော်က တစ်ခုခုကို သံသယဝင်သွားပြီး အဆိပ်ခတ်သူကို ထပ်မံရှာဖွေနေခဲ့သည်။

အခြေအနေ မကောင်းတော့သည်ကို မြင်နေသည့် ကုချာ့လ်ဟာ့က နာ့တန်မူ အမှန်တရား ရှာတွေ့သွားမည့်အချိန်ကို မစောင့်နိုင်တော့ဘဲ သူ့စစ်တပ်ကို ခေါ်ကာ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် သူက ချက်ချင်း မတိုက်ခိုက်ဘဲ နာ့တန်မူကို ထပ်မံလှည့်စားကာ ဖားတစ်ကောင်ကို ရေနွေးဖြင့် ပြုတ်သလို တဖြည်းဖြည်း ချော့မော့ပြီး တတိယညီတော်၏နယ်မြေများကို ကျူးကျော်ရန် ဆုံးဖြတ်ထားခဲ့သည်။

သူ နာ့တန်မူအား မလှည့်စားနိုင်လျှင်တော့ အတင်းလုယူသိမ်းပိုက်ရန် စစ်တပ်ကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ စူးချင်း မရှိလျှင် သူ၏အစီအစဥ် အောင်မြင်နိုင်သွားပေလိမ့်မည်။ သို့သော် ကောင်းကင်က တခြားအစီအစဉ် ရှိနေပုံဖြင့် စူးချင်းကို စေလွှတ်ခဲ့ပြီး နောက်ဆုံးအဆင့်၌ သူ ကျရှုံးခဲ့သည်။

ထိုစကားများကို ကြားနေရသည့် နာ့တန်မူကတော့ သူ့တစ်ကိုယ်လုံး ချွေးအေးများ ဖုံးလွှမ်းလာသည်ကို ခံစားလိုက်ရသည်။ သူ့အစ်ကိုတော်ကြီး၏ အကြံအစည်ကို သိရပြီးနောက် သူ ပိုနာကျင်ပြီး ပိုကြောက်လန့်လာသလို စူးချင်းကိုလည်း ပို၍ ကျေးဇူးတင်နေမိသည်။

"နင် ဒီဆေးကို ဘယ်ကနေ ရလာတာလဲ?"

စူးချင်းက တော်ဝင်မိသားစုများကြားမှ ရန်ပွဲများကို စိတ်မဝင်စားပေ။ သူမ၏အဓိက ရည်ရွယ်ချက်က အဆိပ်ဖော်စပ်သူကို ရှာရန် ဖြစ်သည်။

“အဲဒီဆေးကို မြောင်လူမျိုးတစ်ယောက်ဆီကနေ ဝယ်ခဲ့တာပါ။ ဆေးတစ်လုံးတည်းနဲ့ ငွေလျန်တစ်ထောင် ပေးခဲ့ရတယ်”

ကုချာ့လ်ဟာ့က တုန်လှုပ်နေသည့်လေသံဖြင့် တိုးတိုးလေး ပြန်ဖြေလိုက်သည်။ သူ အလွန်နာကျင်နေသောကြောင့် စကား အကျယ်ကြီး ပြောရန်ပင် ခွန်အားမရှိတော့ပေ။ ထို့အပြင် သူ စူးချင်းကိုလည်း မလိမ်ရဲတော့ပေ။

သူ သူမကို လိမ်ညာလိုက်ရင် သူမက သူ့အပေါ် ပိုဆိုးတဲ့ အရာတွေ လုပ်လာမှာကို သူ ကြောက်တယ်။

"အဲဒီလူက ဘယ်မှာလဲ?"

စူးချင်းက သူ့ကို ကြည့်ကာ ထပ်မေးလိုက်သည်။ ကုချာ့လ်ဟာ့က အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း စူးချင်း ခန့်မှန်းနိုင်သည်။

သူမလည်း အစကတည်းက မြောင်လူမျိူးတွေရဲ့လက်ချက်လို့ ထင်ထားပြီးသားလေ။ သူတို့က အဆိပ်နဲ့ ကူကောင်တွေကို ကောင်းကောင်းသုံးနိုင်ကြတယ်။ သူတို့က ဘယ်သူမှမသိဘဲ အလွယ်တကူ အဆိပ်ခတ်နိုင်ကြတယ်။ အဲ့ဒါကြောင့်လည်း ဟန်လူမျိုးတွေက မြောင်မျိုးနွယ်ကလူတွေကို စော်ကားမိမှာ အရမ်းအကြောက်ဆုံးနေကြတာပေါ့။

"ငါ မသိဘူး၊ အဲ့ဒီလူက ငါ့ကို ဆေးရောင်းခဲ့ပြီး သူ ထွက်မသွားခင် အဆိပ်ဖြေဆေးဖော်စပ်တဲ့နည်းကိုပါ ပြောပြခဲ့တယ်”

ကုချာ့လ်ဟာ့က ခေါင်းယမ်းလိုက်သည်။

သူ တကယ် မသိဘူး။ အဲဒီလူက သူ့ကို လာရှာပြီး ဆေးရောင်းခဲ့တယ်။ ပြီးတော့ ငွေကို လက်ခံပြီး ချက်ချင်း ပြန်ထွက်သွားတယ်။ သူ ဘယ်ကို သွားမှာလို့လို့တောင် မမေးလိုက်ရဘူး။

"အဲ့လူက ဘယ်လိုပုံစံမျိုးလဲ?"

ထိုလျှို့ဝှက်ဆန်းကြယ်သော မြောင်လူမျိုးက လီအာကို အဆိပ်ခတ်ခဲ့သူဖြစ်နိုင်ကြောင်း စူးချင်း ကောက်ချက်ချလိုက်ပြီး သူ့ကို မဖြစ်မနေ ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

“အသက်ငါးဆယ်ကျော် အဘွားကြီးတစ်ယောက်ပါ။ အရမ်းပိန်ပြီး မျက်နှာမှာ အရေးအကြောင်းတွေ အပြည့်ရှိတယ်။ သူ(မ)က လင်းတနဲ့ နည်းနည်းတူတယ်”

ကုချာ့လ်ဟာ့၏အသံက ပိုတိုးလာပြီး ထိုစကားကို ပြောပြီးနောက် မော့မျောသွားသည်။

"မင်းသား ဒီမြောင်လူမျိုးကို ရှာတွေ့ဖို့ မင်းရဲ့ အစွမ်းအစကိုပဲ သုံးရတော့မယ်"

စူးချင်းက နာ့တန်မူကို ကြည့်လိုက်ပြန်သည်။

ဒါက သူ့နယ်မြေလေ၊ သူ ကူညီသင့်တယ်။ ပြီးတော့ ဒီမြောင်မျိုးနွယ်က သူ့ရဲ့ဝမ်ဖေးကို ထိခိုက်စေခဲ့သူလည်း ဖြစ်နေသေးတယ်။ သူလည်း အဲ့အဘွားအိုကို ရှာချင်နေမယ်ဆိုတာ သူမ အတတ်သိတယ်။

“ကောင်းပါပြီ၊ ဒါက အရမ်းအပမ်းကြီးတဲ့ကိစ္စ မဟုတ်ပါဘူး”

နောက်ဆုံးတွင် နာ့တန်မူက သူ၏ ကျွမ်းကျင်မှုကို အသုံးပြုရန် နေရာတစ်ခု ရှာတွေ့သွားခဲ့သည်။ သူက မြောင်အဖွားအိုကို ရှာရန် ဆုငွေတစ်စောင် ထုတ်ဖို့ အမိန့်ပေးလိုက်သည်။

စူးချင်းကတော့ သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား မရှိပေ။ နာ့တန်မူကို လုပ်ကြံရန် ကြိုးပမ်းသူ အားလုံးက လူ့အရေပြား မျက်နှာဖုံးများ ၀တ်ဆင်ထားကြသည်။ ထို့ကြောင့် ထိုအဘွားအိုကလည်း သူမရဲ့ပင်ကိုယ်မျက်နှာ မဟုတ်ဘဲ မျက်နှာဖုံးသာ ဖြစ်နိုင်ကြောင်း သူမ ခန့်မှန်းနိုင်သည်။ ထိုကဲ့သို့ အမှောင်ထဲမှ ရန်သူက ကြောက်စရာအကောင်းဆုံးဖြစ်ပြီး မည်သည့်အချိန် ခုန်ထွက်ကာ တိုက်ခိုက်လာမည်ကို မည်သူမျှမသိနိုင်ပေ။

ထို့ကြောင့် စူးချင်းက ရှောင်းကျဲယွိ၏ လုံခြုံရေးအတွက် စိုးရိမ်သွားပြီး မော့ချန်သို့ ချက်ချင်းပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။ သူမက နာ့တန်မူအား သူမ၏ အထောက်အထား အမှန်ကို ပြောပြခဲ့ပြီး သူ့ကို ကယ်တင်ခဲ့သူက တာ့ထန်၏ဧကရီဖြစ်နေသည့်အပေါ် နာ့တန်မူတစ်ယောက် မယုံနိုင်ဖြစ်နေခဲ့သည်။

စူးချင်း နာ့တန်မူ၏အကျပ်အတည်းအား ဖြေရှင်းရန် ကူညီပေးနေချိန်တွင် ရှောင်းကျဲယွိက လီတာ့နျိုကို ကယ်တင်နိုင်ရန်အတွက် ဆုလာဘ်များ ကမ်းလှမ်းနေဆဲဖြစ်သည်။ သူက မင်ကျူးကို ညှဉ်းပန်းနှိပ်စက်ရန် နေ့တိုင်း လူလွှတ်နေပြီး သူမ သေချင်ပျောက်လာသည်အထိ နှိပ်စိက်ခိုင်းခဲ့သည်။ တနေ့တွင် မင်ကျူးက ရုတ်တရက် ရှောင်းကျဲယွိနှင့် တွေ့ခွင့်ရရန် တောင်းဆိုခဲ့သည်။

All Chapters