နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခြင်း
Vol. 39 Ch. 541
ချင်းယွီက ကမန်းကတမ်း ပြေးထွက်လာ၏။ ကျန်းရီက သူမကို ထိုအရာ ပြုလုပ်ရန် အမိန့်ပေးခဲ့လျှင် သူမ ဘယ်တော့မှ ငြင်းမှာ မဟုတ်ပေ။ သို့သော် ကျန်းရီက သူမကို စရုံသာ စနေခြင်း ဖြစ်နေခဲ့လျှင် သူမက ခါးသီးမှုကို ခံစားရပေလိမ့်မည်။
ကျန်းရီက သူမ၏ သခင်ဖြစ်သော်ကြောင့် သူ့စိတ်ဆန္ဒကို သူမ မဆန့်ကျင်ခဲ့ချေ။ သူမ နှလုံးသားထဲတွင် ကျန်းရီအတွက် ရှုပ်ထွေးသော ခံစားချက်မျိုး ရှိနေသေး၏။ သူမ နှလုံးသားက ယောက်ျားသားများအပေါ် ဒွိဟဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။ သူမက ထိုသို့သော အရာမျိုးကို အမျိုးသားတစ်ဦးနှင့် ပြုလုပ်ရမည် ဆိုပါက အင်မတန် မသက်မသာ ဖြစ်မှုကို ခံစားရပေလိမ့်မည်။
ထို့အပြင် သူမနှင့် ဖုန်းလန်က ကျန်းရီကို အပြည့်အဝ မသိကျွမ်းသေးပေ။ ထို့ကြောင့် သူတို့အတွက် အချိန်တိုအတွင်း သူ့ကို လိုလိုလားလား ခစားဖို့က မဖြစ်နိုင်ချေ။ ထို့အပြင် ဖုန်းလန်၏ ခွန်အားက ကျန်းရီထက် ပိုကောင်း၏။
ကျန်းရီ အမိန့်ပေးလိုက်သည်နှင့် ဖုန်းလန်နှင့် ချင်းယွီက အလုပ်များသွားတော့သည်။ မဟူရာဖီးနစ်မြို့အတွင်းရှိ တပ်ဖွဲ့များနှင့် ပညာရှင်များက တိတ်တဆိတ် ထွက်ခွာပြီးနောက် ရှေ့တန်းကို စစ်ကူများ ပို့ကြတော့သည်။ ထိုအမိန့်က မြို့ကို ကာကွယ်ပေးနေသော ကျွမ်းကျင်သူ များစွာကို အတော်လေး စိတ်ရှုပ်ထွေးစေခဲ့ပြီး အများစုကမူ ခါးသီးသော မျက်ရည်များ ကျနေ၏။ သူတို့က ထွက်မသွားချင်ပေ။ အကြောင်းမှာ အပြင်၌ နတ်ဆိုးဧကရာဇ်နှစ်ပါး ရှိနေသည်။ နတ်ဆိုးဧကရာဇ်က သူတို့ထွက်သွားချိန်၌ တိုက်ခိုက်လာလျှင် မည်သို့ ဖြစ်မည်နည်း။ ဖုန်းလန် တစ်ဦးတည်းဖြင့် သူတို့ကို ရင်ဆိုင်ရန် အခွင့်အရေး ရှိမှာ မဟုတ်ပေ။ သူမ သေသွားခဲ့လျှင် နယ်မြေအတွက် ပြီးဆုံးသွားမှာပဲ ဖြစ်၏။
ဖုန်းလန်က သူတို့ကို မရှင်းပြခဲ့ဘဲ အမိန့်သာ ပေးလိုက်၏။ အမိန့်ကို ဆန့်ကျင်သည့်သူက ကွပ်မျက်ခံရမှာ ဖြစ်သည်။ ဧကရီက အမိန့်ပေးပြီ ဖြစ်သောကြောင့် ရွေးချယ်စရာ မရှိဘဲ တပ်ဖွဲ့များနှင့်အတူ တိတ်တဆိတ် ထွက်ခွာရတော့သည်။ မဟူရာဖီးနစ်မြို့ထဲ၌ စစ်သည် သန်းချီက တစ်ဝက်သာ ကျန်ရစ်ပြီး ကျန်တစ်ဝက်က ထွက်သွားပြီ ဖြစ်သည်။ တစ်ဝက် ထွက်သွားပြီးနောက် သန်မာသည့် တပ်သားတစ်သန်း ကျန်ခဲ့ပြီး ဗာဂျရာနယ်ပယ် သိုင်းပညာရှင် အယောက်(၃၀) ကျန်ခဲ့၏။ ကျန်းရီ၏ ရည်ရွယ်ချက်ကြောင့် ဖုန်းလန်က ထိုမျှ ပြတ်သားနေတာ ဖြစ်သည်။
ကျန်းရီ ပြောပုံအရ ထိုမျှ လူများစွာ ရှိနေခြင်းက မည်သည့်အရေးနည်း။ နတ်ဆိုးဧကရာဇ်နှစ်ပါးက တိုက်ခိုက်လိုက်လျှင် သူတို့ကိုယ်သူတို့တောင် ကာကွယ်နိုင်မည်လော။ ဖုန်းလန် ပျောက်ကွယ်သွားသည်နှင့် ကျန်သူများက အသတ်ခံရရန် စောင့်နေရုံသာရှိသည်။
ထိုကဲ့သို့ ရှိမည့်အစား သူက သူတို့ကို တပ်ဖြန့်ခြင်းဖြင့် ရေသူတပ်ဖွဲ့ကို သုတ်သင်ရှင်းလင်းရန် အကောင်းဆုံး ဆောင်ရွက်နိုင်မည် ဖြစ်ကာ စစ်သားတစ်သန်းကျော် ချန်ထားခဲ့ခြင်းက လုံလောက်တာထက် ပိုနေပြီ ဖြစ်သည်။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က နောက်ဆုတ်သွားမသွားကို သူတို့က စောင့်နေရန်သာ ရှိ၏။
နေ့တစ်ဝက်ခန့် အလုပ်များနေပြီးနောက် အားလုံးကို သင့်တော်စွာ ပြင်ဆင်ခဲ့ပြီး ဖြစ်ကာ ဖုန်းလန်သည် နန်းတော်သို့ ပြန်လာခဲ့၏။ အရာအားလုံး ပြင်ဆင်ပြီးချေပြီ။ ပြုလုပ်ရန် လိုအပ်သည့်အရာအားလုံး ပြုလုပ်ပြီး ဖြစ်သည်။ ကျန်သည့်အရာက ကောင်းကင်ဘုံ၏ ဆန္ဒအပေါ် မှီခိုနေပေသည်။
နောက်ထပ် နေ့ရက်များက အလွန်တိတ်ဆိတ်နေပေသည်။ မဟူရာဖီးနစ်မြို့ အနောက်ဘက်ရှိ ရေသူတပ်ဖွဲ့တွင် မူမမှန်သော ပြောင်းလဲမှုများ မရှိဘဲ ဖုန်းလန်စေလွှတ်ခဲ့သော တပ်ဖွဲ့များက လမ်းတစ်ဝက်ကို ရောက်နေပြီဖြစ်သည်။ ကျန်သည့် နယ်မြေနှစ်ခုမှ စစ်ကူကလည်း ရောက်လာပြီ ဖြစ်သည်။ ရေသူတပ်ဖွဲ့က ဆက်လက် အသာစီး ရချင်လျှင် နှစ်ဖက်လုံး ပြင်းပြင်းထန်ထန် သေကြေပျက်စီးမှုကို ခံလိုက်ရပြီးမှ အဆုံးသတ်မှာပဲ ဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်လုံးက တစ်စတစ်စ ယုတ်လျော့လာသည့် စစ်ပွဲဖြင့်သာ နှစ်ဖက်လုံး ရင်ဆိုင်ရမှာပဲ ဖြစ်သည်။
ဖုန်းလန်က ထွက်ပြေးခြင်း နည်းစနစ်ကို ပိုင်ဆိုင်ထားသည့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ပို့ခဲ့သည်။ ရေသူတပ်ဖွဲ့နှင့် ဆယ်မိုင်အကွာနားတွင် သူမကိုယ်သူမ ရုပ်ဖျက်ပြီး ရေသူတပ်ဖွဲ့၏ အခြေအနေကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။ သူမက ဧရိယာကို စစ်ဆေးရန်အတွက် ကောင်းကင်စိတ်အာရုံကို ဖြန့်ထုတ်ရဲခြင်း မရှိချေ။ ထို့အပြင် နတ်ဆိုးဧကရာဇ်နှစ်ပါး၏ အရှိန်အဝါက သန်မာလွန်းနေ၏။ သူမအဖို့ ဧရိယာကို ရှာဖွေရန်အတွက် ကောင်းကင်စိတ်အာရုံကို အသုံးပြုရန်တောင် မလိုဘဲ သူတို့ကို အာရုံခံနိုင်ပြီဖြစ်သည်။ ထို့ကြောင့် သူမ မသေသေးသရွေ့ နတ်ဆိုးဧကရာဇ်နှစ်ပါး၏ လှုပ်ရှားမှုတိုင်းက ဖုန်းလန်၏ တွက်ချက်မှုထဲတွင် ရှိနေပေသည်။
အချိန်က တတိတိ ကုန်ဆုံးသွားပြီး ရက်ပေါင်းများစွာ ကုန်လွန်သွား၏။ ရေသူမျိုးနွယ်စုထဲတွင် မူမမှန်သည့် ပြောင်းလဲမှုများ မရှိသေးဘဲ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကမူ ထွက်ခွာသွားမည့် ရည်ရွယ်ချက် အနည်းငယ်တောင် မပြပေ။ ချင်းယွီက အတော်လေး စိတ်မရှည် ဖြစ်နေပြီး နန်းတော်ခန်းမထဲ၌ အနားမရနိုင် ဖြစ်နေ၏။ ဖုန်းလန်ကတောင် ကျန်းရီ၏ အစီအစဉ် အလုပ်ဖြစ်မလားဆိုတာကို စတင်သံသယဝင်လာခဲ့ပြီ ဖြစ်သည်။
သို့သော် ကျန်းရီက ပလ္လင်ပေါ်တွင် ထိုင်နေပြီး မျက်လုံးမှိတ်ထားလျက် ပြန်လည်ကုစားနေလေသည်။ လှပသည့် မျက်ဝန်းနှစ်စုံက သူ့ဆီ ရံဖန်ရံခါ ရောက်လာတာကို သူ အပြည့်အဝ လျစ်လျူရှုထား၏။
“သခင်လေး..”
ချင်းယွီက သည်းမခံနိုင်တော့ဘဲ အံကြိတ်ကာ မေးလိုက်တော့သည်။ ဖုန်းလန်က မျက်ခုံးပင့်လိုက်၏။ သို့သော် နောက်ဆုံးတွင်မူ သူမက ချင်းယွီကို မတားခဲ့ပေ။ ကျန်းရီက မျက်လုံးဖွင့်ပြီး ချင်းယွီကို တစ်ချက်ကြည့်ကာ လက်ယမ်းပြလိုက်၏။
“ဘာဖြစ်လို့လဲ ချင်းယွီလေးက ပျင်းလို့လား လာ လာ လာ.. သခင်လေးရဲ့ခြေထောက်ကို လာနှိပ်ပေး”
“ကျွန်မ..”
ချင်းယွီက သူမဖာသာ မကျေမနပ် ဖြစ်နေပြီးနောက် ကူကယ်ရာမဲ့စွာ လျှောက်သွား၏။ သူမက မြေပြင်ပေါ်၌ ခင်းထားသော စောင်ပေါ် ဒူးထောက်လျက် ကျန်းရီ၏ ခြေထောက်ကို နှိပ်နယ်ပေးရန် ခါးကိုင်းလိုက်သည်။ သူမသည် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ် နောက်မဆုတ်သွားသည့် အကြောင်းအရင်းနှင့် ကျန်းရီ၏ အစီအစဉ် ကျရှုံးသွားသလားဟု မေးချင်နေတာ ဖြစ်သည်။ သို့သော် စကားလုံးများက သူမပါးစပ်ထဲတွင်သာ တစ်နေပြီး သူမ မမေးရဲချေ။
သူမက ကျန်းရီကို ဒေါသထွက်စေပြီး သူမကို သူက အဝတ်အစားချွတ်ရန် အမိန့်ပေးခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ ကျန်းရီက အနားယူရန်အတွက် မျက်လုံးများကို ထပ်မှိတ်လိုက်ပြန်သည်။ သူက ချင်းယွီ၏ မကျေမချမ်း ဖြစ်နေသော အမူအရာကို အပြည့်အဝ လျစ်လျူရှုထားခြင်းက ချင်းယွီကို ယခုအချိန်တွင် စိတ်တိုစေပြီး အံကြိတ်စေတော့၏။ ဖုန်းလန်က သူမ၏အကြည့်ကို သိလိုက်သည်။ သူမ မျိုးနွယ်စုမှ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က သူ၏ နည်းလမ်းအတိုင်း အနောက်ဘက် ပင်လယ်ဆီသို့ခိုးဝင်သွားပြီး ကျန်းရီ၏ အစီအစဉ်အတိုင်း နတ်ဆိုးဘုရင်၏ အလောင်းကို ယူကာ ထွက်ပြေးသင့်၏။ ထိုသို့တိုင် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က လှုပ်ရှားမှု မပြသေးဘဲ ရှိနေသေးသည်။ သူမ၏ မျိုးနွယ်စုက ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို အချည်းနှီး ဆုံးရှုံးသွားတာ ဖြစ်နိုင်၏။ ထို့ကြောင့် ယခုအချိန်တွင် သူမ၌ ကျန်သည့်အတွေး ရှိမနေဟု ဆိုလျှင် ယင်းက အလိမ်အညာတစ်ခုသာ ဖြစ်ပေ၏။
သူမသည် အရေထူပြီး အေးတိအေးစက် အရည်အချင်း ရှိရုံသာ ဖြစ်သော်ငြား သူမက ထိုအကြောင်းကို မမေးရဲချေ။ ချင်းယွီက သူမကို တစ်ချက် လှည့်ကြည့်လိုက်၏။ သူမ၏ စိုးရိမ်ပူပန်မှုကို မြင်သည့် အချိန်တွင် ထပ်မေးလိုက်ပြန်၏။ ထိုစဉ် ကျန်းရီက လက်မြောက်ပြီးနောက် ပြောလိုက်တော့သည်။
“တော်လောက်ပြီ ချင်းယွီလေး မင်း ဆက်နှိပ်ပေးဖို့ မလိုတော့ဘူး မင်းတို့ နှစ်ယောက် ဘာကို စိုးရိမ်နေလဲဆိုတာ ငါ သိတယ် ငါ့ကိုယုံ သုံးရက်အတွင်း ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ဆုတ်ခွာသွားမှာသေချာတယ်”
ကျန်းရီ၏ စကားထဲတွင် ပြောမပြတတ်သည့် ခိုင်မာမှုမျိုး ပါဝင်နေပြီး နှစ်ယောက်လုံးကို လွှမ်းမိုးသွားတော့၏။ ရုတ်တရက် သူတို့နှစ်ယောက်၏ အမူအရာက ပြောင်းလဲသွားပြီးနောက် ကျန်းရီအပေါ် အကြည့်ရောက်သွားသည့် အချိန်တွင် အတော်လေး ကွဲပြားခြားနားသွားတော့သည်။
ဒီလူက သူတို့ကို ဒီလိုမျိုး မဖော်ပြနိုင်တဲ့ တည်ငြိမ်မှုမျိုး ဘယ်လိုလုပ် ပေးနိုင်စွမ်း ရှိတာလဲ။
ရှပ် ရှပ် ရှပ်..
ထိုစဉ် အလျင်စလို ခြေသံများကို ကြားလိုက်ရ၏။ ထိုလူက နန်းဆောင်ခန်းမထဲ မဝင်ရဲဘဲ ဒူးတစ်ဖက် ထောက်လိုက်ပြီးနောက် လေးလံသည့် လေသံဖြင့် ပြောသည်။
“ဧကရီ ဟော်လီက သတင်းပို့လာပါတယ်။ ခြင်္သေ့ချီဧကရာဇ်က ရေသူမျိုးနွယ်စုစခန်းကနေ ရုတ်တရက် ထွက်ခွာသွားပြီး အနောက်အရပ်ဆီကို ဦးတည်သွားနေတယ် အဲဒါ လှည့်စားနေတာလား ဆိုတာ သိရအောင် ဧကရီကို စစ်ဆေးဖို့ တောင်းဆိုထားပါတယ်”
ဘီး..
ဖုန်းလန်နှင့် ချင်းယွီ၏ လှပသော မျက်လုံးများက တစ်ပြိုင်နက်တည်း တောက်ပသွားကာ သူတို့မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်သွား၏။ ကျန်းရီကို အလိုလို ကြည့်မိသွားကြသည်။ သို့သော် သူ မျက်လုံးမှိတ်လျက်သား ဖြစ်နေသေးတာကို တွေ့လိုက်ရသည်။ သူက အတော်လေး စိတ်အေးလက်အေး ရှိနေပုံရ၏။
ဖုန်းလန်က သဘောပေါက်သွားပြီးနောက် လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။
“ဟော်လီကို ချက်ချင်း သတင်းပို့လိုက်.. မလှမ်းမကမ်းကနေ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကိုလိုက် ပြီးရင် မိနစ်သုံးဆယ်တိုင်း ငါ့ကို သတင်းပြန်ပို့ဖို့ ပြောလိုက်..”
သတင်းလာပို့သည့် စစ်သူကြီးက အနားယူနေစဉ် ဖုန်းလန်နှင့် ချင်းယွီက ထရပ်လိုက်၏။ သူတို့နှစ်ယောက်က ပင်မခန်းဆောင်ထဲ၌ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်ဖြင့် သူတို့မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နေတော့သည်။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်နောက်ဆုတ်သွားခဲ့လျှင် ပြန်မလာနိုင်ချေရှိသည်ဟု မတွေးထားသော်ငြား သူတို့သာ ဆယ်ရက် ဆယ့်ငါးရက် အချိန်ဆွဲထားနိုင်လျှင် ရေသူမျိုးနွယ်စုက ပြင်းထန်သော ဆုံးရှုံးမှုကို သေချာပေါက် ခံစားရပြီး ရွေးချယ်စရာ မရှိဘဲ သူတို့တပ်ဖွဲ့များကို ဆုတ်ခွာရမှာပဲ ဖြစ်သည်။
“မင်းတို့ ဘာလို့ ရှေ့လျှောက် နောက်လျှောက် လုပ်နေတာလဲ၊ ဒီလို လျှောက်နေတာ ငါ့ကို မူးအောင် လုပ်နေတာပဲ”
ကျန်းရီက မတ်တတ်ထရပ်ပြီးနောက် မကျေမချမ်းဖြင့် ရေရွတ်ပြောဆိုလိုက်သည်။ သူက အနားယူသည့် အခန်းဆီသို့ လျှောက်သွားလိုက်ပြီးနောက် အမိန့်ပေးလိုက်တော့သည်။
“နတ်ဆိုးဧကရာဇ် ပင်လယ်ထဲ ထွက်သွားတာ အတည်ပြုပြီးရင် ငါ့ကို နိုးလိုက် ငါ အရင်ဆုံး တစ်ရေးအိပ်အုံးမယ်”
“အမ်..”
ဖုန်းလန်နှင့် ချင်းယွီက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး နှစ်ယောက်လုံး ဆွံ့အသွားသည်။
အပြင်ဘက်တွင် ရေသူမျိုးနွယ်စုက သူတို့ကို မျက်စိတောက်ထောက် ကြည့်နေ၏။ အချိန်မရွေး ခြုံခိုတိုက်ခိုက်နိုင်သည်။ သူတို့က နိုးနိုးကြားကြား ရှိရန် လိုအပ်သောကြောင့် မအိပ်ခဲ့တာ ရက်အတော်ကြာပြီ ဖြစ်သည်။ သူတို့က ခဏတဖြုတ်သာ မျက်စိမှိတ်ထားသောကြောင့် သူတို့သည် မောပန်းမှုကို ခံနိုင်ရည် မရှိသည်နှင့် မျက်လုံးသာ ခဏမှိတ်ကြ၏။ ကျန်းရီကမူ စိတ်အေးလက်အေး ရှိနေပေသည်။ နေ့စဉ်နေ့တိုင်း သူက ကောင်းကောင်းမွန်မွန် စားသောက်အိပ်စက်နေကာ သူ့ကို အင်မတန် လွတ်လပ်ပေါ့ပါးနေစေသည်။ သူက ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က ထောက်ချောက်မှန်းသိပြီး ဆုတ်ခွာလာမှာ မကြောက်ဖူးလား။ နတ်ဆိုးဧကရာဇ်နှစ်ပါး ပေါင်းပြီး တိုက်ခိုက်ရင်ရော ဘယ်လို လုပ်မလဲ။
ကျန်းရီက စိုးရိမ်ပူပန်ပေ၏။ သို့သော် စိုးရိမ်ပူပန်နေလျှင်တောင် အသုံးမဝင်မှန်း သူသိပေသည်။ သူက နေရစ်ရန် ဆုံးဖြတ်ပြီဲး ဖြစ်သောကြောင့် အခြေအနေ မျိုးစုံကို ရင်ဆိုင်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ နေ့စဉ်နေ့တိုင်း စိုးရိမ်ပူပန်နေခြင်းထက် စစ်ပွဲအတွက် ပြင်ဆင်ထားတာ ပိုကောင်းပေမည်။ မည်သည့်နည်းနှင့်မဆို အခြေအနေက ဆိုးရွားမှုအဖြစ် ပြောင်းလဲသွားခဲ့လျှင်တောင် အရင်ဆုံး ခုခံရန်အတွက် ဖုန်းလန် ရှိသေးသည်။
အချိန်က ကုန်ဆုံးနေသည်။ ဆန်းကျယ်သော ထွက်ပြေးသည့် သိုင်းကို ပိုင်ဆိုင်ထားသည့် ဟော်လီက သူတို့ကို ရံဖန်ရံခါ သတင်းပြန်ပို့၏။ ဖုန်းလန်နှင့် ချင်းယွီတို့က ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်သည် အနောက်ဘက်ပင်လယ်သို့ အမှန်တကယ် ပျံသန်းသွားကြောင်း သတင်းရသည့် အချိန်၌ အင်မတန် ပျော်ရွှင်သွားကြသည်။
ပြင်းထန်သော သတ်ဖြတ်ခြင်း ဆန္ဒကို မိုင်ပေါင်းများစွာ အကွာကနေတောင် ခံစားမိ၏။
နေထွက်ချိန် ရောက်လာပြီ။ ကောင်းကင်က နေထွက်ချိန်၌ သွေးပမာ ဖြစ်နေတော့သည်။ တိမ်တိုက်များ၏ အရောင်က ခမ်းနားသည့် မြင်ကွင်းအဖြစ် ပြောင်းလဲသွား၏။
“သခင်လေး သခင်လေး မြန်မြန်ထတော့..”
ကျန်းရီသည် အိပ်စက်နေရာမှ နူးညံ့သော လက်ဖြင့် အနိုးခံလိုက်ရသည်။ သူ မျက်လုံးဖွင့်လိုက်သည့် အချိန်တွင် ထူးကဲသည့် ပြုံးပျော်ရွှင်နေသော နှစ်လိုဖွယ် မျက်နှာကို တွေ့လိုက်ရကာ ချင်းယွီက အမြန်ပြော၏။
“သခင်လေး ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ပင်လယ်ဘက်ကို ထွက်သွားပြီ သူက ပင်လယ်ဘက်ကို ထွက်သွားပြီတဲ့ အခုအချိန် သူက နယ်မြေနဲ့ မိုင်တစ်သောင်းအကွာ ရောက်နေပြီးပြီ ပြီးတော့ အနောက်အရပ်ကို ပျံသန်းနေသေးတုန်းပဲ”
“သူ ပင်လယ်ဘက် ထွက်သွားတော့ရော ဘာအရေးလဲ မင်းက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ”
ကျန်းရီက အကြောဆန့်ကာ အကြိမ်ရေအနည်းငယ် သမ်းလိုက်ပြီးနောက် ပြောလိုက်သည်။
“စားသောက်ပွဲ ပြင်ဆင်ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက် ငါတို့ ဒီတစ်နပ်ကို စားသင့်တယ် စားပြီးတာနဲ့ လှုပ်ရှားကြမယ်”
“လှုပ်ရှားမှာလား ဘာလှုပ်ရှားမှာလဲ”
ချင်းယွီက ဇဝေဇဝါ ဖြစ်ကာ မျက်တောင်ခတ်လိုက်၏။ ဘေးတွင် ရပ်နေသော ဖုန်းလန်ကမူ သူမ မျက်လုံး၌ ရောင်ခြည်များ ဖြာထွက်လာကာ နုနယ်သော ခန္ဓာကိုယ်က တုန်ယင်လာတော့သည်။
“ချင်းယွီလေး မင်းကို မြတ်နိုးဖွယ် ကောင်းတယ်လို့ ပြောရမလား တုံးအတယ်လို့ပဲ ပြောသင့်လား”
ကျန်းရီက လက်ဆန့်ထုတ်ပြီး ချင်းယွီ၏ နှစ်လိုဖွယ် မျက်နှာကို ဆိတ်လိုက်ကာ သူ့နှုတ်ခမ်းက ကွေးတက်သွားပြီး ဆက်ပြောလိုက်၏။
“ငါတို့ စားသောက်ပြီးတာနဲ့ အလုပ်လုပ်ဖို့ အချိန်ရောက်ပြီလေ ပြီးရင် ရေသူမျိုးနွယ်စုရဲ့ နတ်ဆိုးဧကရာဇ်ကို ငါတို့ ဖယ်ရှားမှာပေါ့”
***