ရုတ်တရက်ရောက်ရှိလာခြင်း
Vol. 43 Ch. 641
ရှောင်းကျဲယွိက တံခါးဘက်သို့ မော့ကြည့်လိုက်သည်။ မိန်းမစိုးနှစ်ယောက်က လူတစ်ယောက်ကို ဟန့်တားရန် အစွမ်းကုန်ကြိုးစားနေကြပြီး သက်တော်စောင့်များကလည်း အပြေးအလွှား ကူညီပေးနေကြသည်။ သို့သော် ကြယ်ကြွေကျလာသလို ပြေးဝင်လာနေသည့် အမျိုးသားကိုတော့ မည်သူမျှ မတားဆီးနိုင်ကြပေ။
ထိုလူ၏ဆံပင်များက ရှုတ်ထွေးနေပြီး လက်မောင်းတစ်ဝက်ကိုသာ ဖုံးအုပ်ထားနိုင်တော့သည် တာတာလူမျိုးဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာက နက်မှောင်နေသည့်အပြင် ပိန်လှီလွန်းသောကြောင့် သူ့မျက်လုံးများ ချိုင့်ဝင်နေသည်ဟုပင် ထင်ရစေသည်။ သူ့မုတ်ဆိတ်မွေးများကလည်း ရှုပ်ထွေးနေပြီး သူ့တစ်ကိုယ်လုံးညစ်ပတ်ပေရေနေသည်။ ရှောင်းကျဲယွိက သူ့ကို တချက်ကြည့်ရုံဖြင့် မမှတ်မိနိုင်ဖြစ်နေခဲ့ပြီး ထိုလူ အတွင်းထဲသို့ ရောက်လာမှသာ မှတ်မိသွားခဲ့သည်။
ဒါက ယဲ့လွီချွမ်း မဟုတ်ဘူးလား?
သူတို့ မတွေ့ရတာ တစ်လခွဲလောက်ပဲရှိသေးပေမယ့် ယဲ့လွီချွမ်းက အရင်လို ချောမောတဲ့လူငယ်လေး မဟုတ်တော့ဘူး။ အဲ့ဒါအပြင် သူ့မျက်လုံးတွေကို ကြည့်ရတာ အရူးတစ်ယောက်ကို ကြည့်နေရသလိုပဲ။
ယဲ့လွီချွမ်းက အိမ်ထဲသို့ ပြေးဝင်လာပြီး ရှောင်းလန်ရှင်းရှေ့သို့ တည့်တည့်ပြေးသွားခဲ့သည်။ သူက သူမကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများကလည်း ချက်ချင်း နီရဲလာသည်။ ထို့နောက်တွင် အဆုံးမဲ့ တောင့်တမှုများနှင့် နာကျင်မှုများ ပြည့်နှက်နေပြီး ထိန်းမနိုင်သိမ်းမရ ပွင့်ထွက်လာဟန်ရသည့် အော်သံတစ်သံ ထွက်ပေါ်လာသည်။
"ရှောင်ယင်၊ နောက်ဆုံးတော့ ကိုယ် မင်းကို ရှာတွေ့သွားပြီ"
ရှောင်းလန်ရှင်းကတော့ ယဲ့လွီချွမ်းကို မှတ်မိနေခဲ့သည်။ သူမ၏မျက်လုံးများထဲ၌ နာကျင်ရိပ်များ ဖြတ်ပြေးသွားသည်။
နေ့ရောညပါ ညှဉ်းပန်းနှိပ်စက်မှုတွေက သူမကို စိတ်ရော လူပါ ပင်ပန်းနွမ်းနယ်စေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ကို မတွေ့ရတဲ့အချိန်တွေမှာ သူမ သူ့ကို လွမ်းနေပြန်တယ်။ အခု သူ့ကို မြင်လိုက်ပြန်တော့ နာကြည်းမှုကိုပဲ ခံစားခဲ့ရတော့တယ်။
ရှောင်းလန်ရှင်းက သူ့ကို ထပ်မကြည့်ချင်တော့ဘဲ သူမ၏မျက်လုံးများကို မှိတ်ချလိုက်သည်။ ထိုနောက် သူမက သူ့ကို ပစ်ပစ်ခါခါ လှမ်းပြောလိုက်သည်။
"ရှင် ဒီကို ဘာလာလုပ်တာလဲ? ကျွန်မ ရှင့်ကို မတွေ့ချင်တော့ဘူး"
"ရှောင်ယင်၊ ကိုယ် ဘာအမှားလုပ်မိလို့လဲ? မင်းက ဘာလို့ ကိုယ့်ကို ချန်ထားခဲ့ချင်တာလဲ?"
ယခုအချိန်တွင် ယဲ့လွီချွမ်းထံ၌ မင်းသားတစ်ဦး၏ ဂုဏ်သိက္ခာနှင့်ဟန်ပန်လည်း မရှိတော့ပေ။ သူက သာမန်လူတစ်ဦးကဲ့သို့ ၀တ်ဆင်ထားပြီး ဇနီးသည်ကို ရှာဖွေရန် စိတ်စောနေသည့် လူတစ်ယောက်ကဲ့သို့ ပြုမူနေသည်။
သူက တခြားလူများကို မေ့သွားခဲ့ပြီး နေ့တိုင်းနေ့တိုင်း ခေါင်းကိုက်ဝေဒနာကိုသာ ခံစားနေရသည်။ သူ့ဦးခေါင်းတစ်ခုလုံး နာကျင်လာသည့်အခါတိုင်း ရှောင်းလန်ရှင်း၏မျက်နှာက သူ့ရှေ့၌ ပေါ်လာတတ်ပြီး သူမ၏ပုံရိပ်ကို မြင်လိုက်ရသည်နှင့် သူ ခေါင်းကိုက် သက်သာသွားတတ်သည်။
ယခုအချိန်တွင် သူက သူနှင့် ရှောင်းလန်ရှင်း အတူရှိခဲ့သည့် အချိန်ကောင်းများကိုသာ မှတ်မိနေပြီး သူ သူမကို သစ္စာဖောက်ခဲ့သည့် မှတ်ဉာဏ်များ မရှိတော့ပေ။
"ရှင် ဘာမှားလို့လဲ ဟုတ်လား? ရှင်က ရှင့်ကိုယ်ရှင် မှားတယ်လို့တောင် မသတ်မှတ်ဘူးပေါ့လေ"
ရှောင်းလန်ရှင်းက သူက စိတ်ပျက်လက်ပျက် လှည့်ကြည့်လိုက်ပြီး ဝမ်းနည်းပက်လက်ဖြစ်သွားပုံရသည်။ ထို့နောက် သူမက ဒေါသတကြီး မျက်နှာလွှဲသွားပြီး သူမ၏မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။
"ကိုယ် ဘာအမှားလုပ်မိလို့လဲ? ကိုယ် ပြုပြင်ပါ့မယ်။ ကိုယ့်ကို ထားမသွားပါနဲ့"
ယဲ့လွီချွမ်းက ရှောင်းလန်ရှင်းဆီသို့ လျှောက်လာသော်လည်း ရှောင်းကျဲယွိက သူ့ကို တားရန် ဓားနှင့် လှံရှည်များကို သုံးခိုင်းပြီး သူ့ကို ပိတ်ဆို့ထားရန် အမိန့်ပေးလိုက်သည်။ သူတို့ကြားတွင်လည်း အတိတ်ကကဲ့သို့ ညီအစ်ကိုသံယောဇဥ် မရှိတော့ဘဲ အေးစက်စက် လှမ်းပြောလိုက်သည်။
"အခု ပြန်ထွက်သွားစမ်း၊ ရှောင်ယင်ကို မင်းနဲ့အတူ ပြန်လိုက်ခွင့် မပေးနိုင်တော့ဘူး"
သူ သူ့ညီမလေးနဲ့ တူလေးကို ခက်ခက်ခဲခဲ တွေ့ခွင့်ရခဲ့တာ။ သူ့ညီမလေးကို တာ့ထန်ပြည်ထောင်ဆီ ပြန်မထည့်ချင်တော့ဘူး။ အဲ့နေရာက သူ့ညီမလေးအတွက် ရင်းနှီးကျွမ်းဝင်တဲ့နေရာ မဟုတ်ဘူး။ တခုခုဖြစ်လာတာနဲ့ သူ့ညီမလေးက သူစိမ်းတွေရဲ့နယ်မြေမှာ လုံးဝ အကူအညီမဲ့ ဖြစ်နေခဲ့ရတယ်။ သူ ဧကရာဇ်တစ်ပါး ဖြစ်နေတာတောင် အဝေးမှာ ရှိနေတဲ့ သူမကို မကာကွယ်ပေးနိုင်ခဲ့ဘူး။
"မင်းက ဘယ်သူလဲ? ဘာလို့ ငါတို့ကို ခွဲချင်နေရတာလဲ?"
ယဲ့လွီချွမ်းက ထောငချောက်ထဲ၌ ပိတ်မိနေသည့် သားရဲတစ်ကောင်နှင့်တူနေပြီး ရှောင်းကျဲယွိကို ပြန်အော်လိုက်သည်။ ထိုအချိန်မှသာ ရှောင်းကျဲယွိက ယဲ့လွီချွမ်း၏အခြေအနေ တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားခဲ့သည်။
ဒီလူက သူ့ကိုတောင် မမှတ်မိတော့ဘူးလား? ဒါမှမဟုတ် ဟန်ဆောင်နေတာလား?
ရှောင်းလန်ရှင်းကလည်း ယဲ့လွီချွမ်း တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို နားလည်သွားခဲ့သည်။
သူက ဘာလို့ အစ်ကိုကြီးကိုတောင် မမှတ်မိတော့တာလဲ?
"ငါ့ကိုတောင် မသိဘဲ ဘာလို့ ဒီနေရာကို ရောက်လာတာလဲ?"
ရှောင်းကျဲယွိက သူ့မျက်လုံးများကို မှေးကျဥ်းထားပြီး ယဲ့လွီချွမ်းကို အကဲခတ်နေသည်။
ဒီလူယုတ်မာက ရှောင်ယင်ကို ပြန်ခေါ်သွားဖို့ အရူးလို ဟန်ဆောင်နေတာလား? တာ့ထန်နဲ့ မော့ချန်က အဝေးကြီးလေ။ သူ ရူးနေတယ်ဆိုရင် ဒီနေရာကို ဘယ်လို ရောက်လာနိုင်ပါ့မလဲ?
ယဲ့လွီချွမ်း၏အသံက အနည်းငယ် အက်ရှနေသည်။ သူ ခေါင်းကိုက်လွန်း သောကြောင့် အော်ဟစ်မိရာမှ ထိုသို့ ဖြစ်သွားခဲ့ခြင်းပင်။ သူက ရှောင်းလန်ရှင်း၏နာမည်ကိုလည်း အော်ခေါ်နေလေ့ရှိသည်။ ယဲ့လွီချွမ်းက တာတာလူမျိုးများ၏ဝတ်စုံဝတ်ထားသည့် အခြားလူလတ်ပိုင်းတစ်ဦးကို ညွှန်ပြရင်း ရှောင်းကျဲယွိ၏မေးခွန်းကို ပြန်ဖြေလိုက်သည်။
“သူက ငါ့ကို ခေါ်လာတာ။ သူက ရှောင်ယင် ဒီမှာ ရှိတယ်လို့ ပြောတယ်”
"ဝမ်ဖေး၊ ဝမ်ရယ်က အခု ဝမ်ဖေးကိုပဲ မှတ်မိတော့တယ်၊ ဝမ်ရယ်က သူ့ကိုယ်သူလည်း မသိတော့ဘူး၊ ဧကရာဇ်နဲ့ ကြင်ယာတော်ကိုလည်း မမှတ်မိတော့ဘူး၊ ဝမ်ဖေး၊ ကျေးဇူးပြုပြီး ဝမ်ရယ်ဆီကို ပြန်လာပေးပါ”
ယဲ့လွီချွမ်း၏သစ္စာရှိ ကျေးကျွန် အာ့လူက မျက်ရည်များ ဝဲနေရင်း ရှောင်းလန်ရှင်း၏ရှေ့၌ ဒူးထောက်ကာ တောင်းပန်နေသည်။
ဝမ်ရယ် ဒုက္ခခံစားနေရတာကို သူ မကြည့်ရက်လို့ ဝမ်ဖေးကို ရှာဖို့ သူ ဝမ်ရယ်ကို တိတ်တိတ်လေး ခေါ်လာခဲ့တာပါ။
ဝမ်ဖေး ဝမ်ရယ်ရဲ့ဘေးကို ပြန်လာဖို့ ဆန္ဒရှိနေသရွေ့ ဝမ်ရယ်ရဲ့ ခေါင်းကိုက်ဝေဒနာလည်း သက်သာပျောက်ကင်းသွားလိမ့်မယ်။ အဲ့လိုဆိုရင် ဝမ်ရယ်က သူ့ကိုယ်သူ တာ့ထန်ပြည်ထောင်ရဲ့ ဘုရင်ခံမင်းသားဆိုတာ ပြန်မှတ်မိသွားလိမ့်မယ်။
ရှောင်းလန်ရှင်းကလည်း အာ့လူ၏စကားကြောင့် အံ့အားသင့်နေခဲ့သည်။
သူက ဘယ်သူ့ကိုမှ မသိတော့ဘူးလား?
တစ်ချိန်က အရပ်ရှည်ရှည်နှင့် ခန့်ညားသော မင်းသားက ယခု ညစ်ပတ်ပေရေနေပြီး အရူးတစ်ယောက်လို ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ရှောင်းလန်ရှင်းက သူမ၏နှလုံးသားကို ဓားတစ်ချောင်းဖြင့် ထိုးမွှေသလို ခံစားလိုက်ရပြန်သည်။ သူမ၏အမုန်းတရားများအားလုံး ပျောက်ဆုံးသွားပြီး သူမ၏နှလုံးသားထဲသို့ နာကျင်မှုများ အစားထိုးဝင်ရောက်လာပြန်သည်။
သူ့ရဲ့အကြင်နာကင်းမဲ့မှုကြောင့် သူမ သူ့ကို မုန်းပေမယ့် သူ ဒီလိုဖြစ်နေတာကိုတော့ မကြည့်ရက်ဘူး။
"သူ့ကို မြန်မြန်ပြန်ခေါ်သွားတော့"
ရှောင်းလန်ရှင်းက သူမ စိတ်ပျော့သွားမည်ကို စိုးရိမ်နေပြီး ချက်ချင်း နောက်ပြန်လှည့်လိုက်သည်။ ယဲ့လွီချွမ်းက မီးကဲ့သို့ ပူပြင်းသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်။ သူက အရူးတစ်ယောက်လို ပြုံးနေပြီး သူ့မျက်လုံးများထဲတွင် ကြယ်ရောင်များ တောက်ပနေသည်။
ဒါက သူမတို့ လက်ထပ်ပြီးခါစက သူ့အကြည့်တွေနဲ့ လုံးဝတထပ်တည်းပဲ။ အဲ့အချိန်တုန်းက သူက သူမကလွဲရင် အခြားဘယ်အရာမှ မရှိတော့သလို ကြည့်ခဲ့တာလေ။ အခုလည်း အဲ့လိုမျိုး ကြည့်နေပြန်ပြီ။
ရှောင်းလန်ရှင်က သူမ၏ရင်ဘတ်ဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူမ၏ ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။
သူမ ဒါတွေကို ထပ်မတွေးချင်တော့ဘူး။
ထိုအချိန်တွင် ယဲ့လွီချွမ်းက ရှောင်းလန်ရှင်း၏အမည်ကို ထပ်ခါ ထပ်ခါ ခေါ်နေပြန်သည်။ သူ့အသံက ပျော်ရွှင်နေရာမှ ဝမ်းနည်းလာသလို ဖြစ်လာပြီး အစွန့်ပစ်ခံလိုက်ရသည့်လူတစ်ယောက်၏ နာကျင်နေသောအသံမျိူး ဖြစ်လာခဲ့သည်။
ရှောင်းလန်ရှင်းက သူမ၏နားရွက်များကို သူမ၏လက်များဖြင့် အုပ်ကာ ခေါင်းယမ်းလိုက်သည်။
မဟုတ်ဘူး၊ ငါ နားမထောင်ချင်တော့ဘူး။ ငါ စိတ်ပျော့သွားလို့ မဖြစ်ဘူး။
သို့သော်လည်း သူမ၏ မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာပြန်သည်။ သူမ သူကို ကျောပေးထားသော်လည်း သူ၏ချစ်စနိုးအကြည့်များကိုသာ မြင်ယောင်နေမိသည်။ ရှောင်းလန်ရှင်းက ထိုညှဉ်းပန်းနှိပ်စက်မှုကို သည်းမခံနိုင်ဖြစ်နေခဲ့သည်။
“စစ်သည်တို့၊ တတိယမင်းသား အနားယူဖို့ တည်းခိုဆောင်ကို ခေါ်သွားပေးလိုက်။ ပြီးတော့ မနက်ဖြန်မနက်ရောက်တာနဲ့ သူ့ကို တာ့ထန် ပြန်ပို့ဖို့ စီစဥ်ပေးလိုက်"
သူ့ညီမလေး နာကျင်ခံစားနေရသည်ကို မြင်လိုက်သောကြောင့် ရှောင်းကျဲယွိက ယဲ့လွီချွမ်းအား ခေါ်သွားရန် သူ့လူများကို အမိန့်ပေးလိုက်သည်။
သို့သော်လည်း ယဲ့လွီချွမ်းက တောင်ပေါ်မှ ဆင်းသက်လာသော ကျားတစ်ကောင်နှင့်တူနေပြီး သက်တော်စောင့်များက သူ့ကို မတားနိုင်ကြပေ။ သူက ရုန်းကန်ရင်း ရှောင်းလန်ရှင်းကို လှမ်းအော်နေပြန်သည်။
"ရှောင်ယင်၊ ကိုယ်က ယဲ့လွီချွမ်းပါ၊ ကိုယ့်ကို ကြည့်ပါဦး၊ ကိုယ်က ယဲ့လွီချွမ်းပါ"
ထိုအသံက ရှောင်းလန်ရှင်းအတွက် မခံမရပ်နိုင်ဖြစ်စေပြီး သူမ၏နှလုံးသားကို နာကျင်စေသည်။ ရှောင်းလန်ရှင်းက သူမ၏မျက်လုံးများကို မှိတ်ထားကာ သူမ၏နားများကို ပိတ်ထားပြီး ထိုအသံအား မကြားရစေရန် ကြိုးစားနေသော်လည်း သူ၏ အော်ဟစ်သံများက အရာအားလုံး တိတ်ဆိတ်သွားလောက်အောင် ပြင်းထန်လွန်းလှသည်။
နောက်ပိုင်းတွင် ယဲ့လွီချွမ်းက အရူးတစ်ယောက်ကဲ့သို့ သက်တော်စောင့်များကို စတင်တိုက်ခိုက်လာသည်။ ရှောင်းကျဲယွိက သူ့ကို မထိခိုက်စေရန် အမိန့်ပေးလိုက်ပြီး လက်နက်များ မသုံးခိုင်းတော့ပေ။ ယဲ့လွီချွမ်းကလည်း သိုင်းပညာ အလွန်ကျွမ်းကျင်သူ ဖြစ်ပြီး လောလောဆယ်တွင် သူ စိတ်လွတ်နေသော်လည်း သူ၏သိုင်းစွမ်းရည်ကတော့ အနည်းငယ်မျှ မလျော့ကျသွားသေးပေ။
သူ့ရှေ့မှ လူများက ရှောင်းလန်ရှင်းအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သူ ထင်နေပြီး ရှောင်းလန်ရှင်းကို ကယ်တင်ရန် ခွန်အားရှိသမျှ တိုက်ခိုက်နေသည်။ သက်တော်စောင့်များအနေဖြင့် အကြိမ်ကြိမ် နောက်ဆုတ်နေရသော်လည်း နောက်ဆုံးတွင် အရေအတွက် ကွာခြားမှုကြောင့် သူ့ကို မြေကြီးပေါ်သို့ ဖိနှိပ်ထားနိုင်ခဲ့သည်။
"ရှောင်ယင်၊ ရှောင်ယင်၊ ကိုယ် မင်းကို ရအောင် ကယ်မယ်"
မြေကြီးပေါ်သို့ အဖိခံထားရသော်လည်း ယဲ့လွီချွမ်းက ကျားတစ်ကောင်ကဲ့သို့ အပြင်းအထန် ရုန်းကန်နေသေးသည်။ သူက ဆံပင်ဖရိုဖရဲဖြင့် ရှောင်းလန်ရှင်းကို မော့ကြည့်ကာ အကျယ်ကြီး အော်ပြောနေပြန်သည်။
ရှောင်းလန်ရှင်း နောက်သို့ လှည့်ကြည့်လိုက်ရာ သက်တော်စောင့်တစ်ဒါဇင်ကျော်က ယဲ့လွီချွမ်းအား ဝိုင်းဝန်းချုပ်နှောင်ထားပြီး မြေကြီးပေါ်၌ ဖိနှိပ်ထားသည်ကို သူမ တွေ့လိုက်ရသည်။ သူမက မျက်မှောင်ကြုတ်ကာ မျက်နှာလွှဲသွားပြန်သည်။
"ရှင် ထွက်သွားတော့။ ကျွန်မ ရှင့်ကို ထပ်မတွေ့ချင်တော့ဘူး"
"ဘာလို့လဲ? ကိုယ် ဘာမှားခဲ့လို့လဲ? မှားခဲ့တယ်ဆိုရင်တောင် ကိုယ့်ကို ပြင်ဆင်ခွင့် ပေးလို့ မရဘူးလား? ကိုယ် ချက်ချင်း ပြုပြင်ပါ့မယ်၊ ဟုတ်ပြီလား? ရှောင်ယင်၊ ကိုယ် မင်း မရှိရင် မနေနိုင်ဘူး၊ ကိုယ် ထီးနန်းကိုလည်း မလိုချင်တော့ဘူး။ စည်းစိမ်ဥစ္စာနဲ့ ဘုန်းကျက်အသရေကိုလည်း မမက်မောတော့ဘူး။ ကိုယ် မင်းနဲ့အတူ အသက်ကြီးတဲ့အထိ တစ်သက်လုံး အတူတူနေသွားချင်တယ်။ ကိုယ် တသက်လုံး မင်းတစ်ယောက်တည်းကို ချစ်ပါ့မယ်။ ကိုယ် စိတ်ပြောင်းသွားမှာ မဟုတ်ဘူး”
ယဲ့လွီချွမ်းက ရှောင်းလန်ရှင်း၏စကားကြောင့် ထိတ်လန့်သွားပြီး သူမ၏ အချစ်ကို ပြန်ရရန် သူ သစ္စာရှိမည့်အကြောင်း ကျယ်ကျယ်လောင်လောင် ကတိပေးနေပြန်သည်။
ရှောင်းလန်ရှင်းကလည်း သူ့စကားကြောင့် ဒေါသဖြစ်သွားပြီး သူမ၏ နှလုံးသားမှ နာကျင်မှုနှင့် နူးညံ့သိမ်မွေ့မှုအားလုံး ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။ သူမက ဝမ်နည်းဒေါသထွက်နေသည့် အမူအရာဖြင့် သူ့ဘက်သို့ ခေါင်းပြန်လှည့်ကာ စကားတစ်လုံးချင်း တုံ့ပြန်လိုက်သည်။
“တသက်လုံး တစ်ယောက်တည်း ချစ်မယ်ဆိုတဲ့ စကားကို မပြောနဲ့၊ အဲ့စကားက ရှင်နဲ့ မထိုက်တန်ဘူး"
ထိုစကားကို ပြောပြီးနောက် ရှောင်းလန်ရှင်းက နောက်ပြန်လှည့်မကြည့်တော့ဘဲ ထွက်ပြေးသွားသည်။
"ရှောင်ယင်၊ ရှောင်ယင်"
ယဲ့လွီချွမ်းက သူမကို အနောက်မှ လှမ်းအော်နေပြန်သည်။ ထိုအလောတကြီးခေါ်နေသံက အလွန်တန်ဖိုးရှိသည့်အရာတစ်ခု ဆုံးရှုံးသွားမှန်း သိသာနေသည့်အသံမျိူးဖြစ်သည်။
"သူ့ကို တည်းခိုဆောင် ပို့ပေးပြီး အနားယူခိုင်းလိုက်၊ ပြီးတော့ သူ့ကို ဂရုစိုက်ပေးဖို့ လူတွေလည်း လွှတ်ပေးလိုက်ပါ"
ရှောင်းကျဲယွိက မျက်မှောင်ကြုတ်နေရင်း အမိန့်ပေးလိုက်သည်။
ရိုးရိုးသားသား ပြောရရင် ယဲ့လွီချွမ်းရဲ့စကားတွေက သူ့ကို နည်းနည်းလေး စိတ်လှုပ်ရှားသွားစေခဲ့တယ်။ ဒါပေမယ့် သူ စိတ်ပျော့သွားတဲ့အထိတော့ မလှုံဆော်ပေးနိုင်သေးဘူး။ သူ သူ့ညီမလေးရဲ့ ဒီအိမ်ထောင်ရေးကို ရက်ရက်စက်စက် ဖြတ်တောက်မှ ဖြစ်မယ်။ တိုင်းတပါးနဲ့ ချစ်ကြည်ရေးဆိုတာကက အပြောင်းအလဲတွေ များလွန်းတယ်။ သူ ယဲ့လွီချွမ်းကို တစ်ကြိမ် ယုံကြည်ပေးခဲ့ပေမယ့် သူ့ညီမလေးကို ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရတယ်။
သူတို့က သွေးသောက်ညီအစ်ကိုတွေ ဖြစ်နေရင်တောင် ဒီတစ်ခါ်တော့ သူ စိတ်ပျော့သွားမှာ မဟုတ်ဘူး။
“မင်းက လူဆိုးပဲ၊ ရှောင်ယင်ကို ငါ့ဆီ ပြန်ပေး"
သက်တော်စောင့်များက ယဲ့လွီချွမ်းက ထမ်းခေါ်သွားကြပြီး ယဲ့လွီချွမ်းကတော့ ရှောင်းကျဲယွိအား အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေရင်း ရုန်းကန်နေသည်။ ယဲ့လွီချွမ်း၏သစ္စာရှိ လူယုံ အာ့လူက ရှောင်းကျဲယွိ၏ရှေ့၌ ဒူးထောက်လိုက်ပြန်သည်။
"အရှင်မင်းမြတ်၊ ကျေးဇူးပြုပြီး ဝမ်ဖေးကို ကျွန်တော်မျိုးတို့နဲ့အတူ ပြန်ခွင့်ပြုပါ။ ကျွန်တော်မျိူးတို့ရဲ့ ဝမ်ရယ်က ဝမ်ဖေးကို နေ့ရောညပါ တမ်းတနေတာပါ။ ဝမ်ရယ်က လူတိုင်းကို မေ့သွားတာတောင် ဝမ်ဖေးကိုတော့ မှတ်မိနေပါသေးတယ်"
“အဲ့ဒါတွေ ပြောနေဖို့ မလိုတော့ဘူး”
ရှောင်းကျဲယွိက အာ့လူကိုလည်း ခေါ်သွားရန် အမိန့်ထပ်ပေးလိုက်သည်။
သူ စိတ်အနှောက်အယှက် ဖြစ်စရာစကားတွေ မကြားချင်တော့ဘူး။
ထိုအချိန်တွင် ရုတ်တရက် အပြင်ဘက်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"မကောင်းတော့ဘူး! သူ့ကို မြန်မြန် ကယ်ကြ”