← Chapters

ငါ့ကို နာကျင်စေချင်တာလား

Vol. 14 Ch. 139

ငါ့ကို နာကျင်စေချင်တာလား

Vol. 14 Ch. 139

ထင်ယန်မြို့၊ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးစံအိမ်

ရင်းနှီးသော မျက်နှာတစ်ခုကို မြင်လိုက်ရသဖြင့် ဂိတ်စောင့် အနည်းငယ်သည် သူတို့၏ တင်းမာသော အမူအရာများကို အနည်းငယ် လျှော့ချလိုက်ပြီး ဟန်လုပ်ပြုံးလိုက်ကြသည်။

“အစ်ကိုယန်၊ ဘာလို့ ရုတ်တရက်ကြီး ပြန်ရောက်လာတာလဲ”

“ဖယ်ကြ၊ လမ်းဖယ်ပေးကြ” ယန်ကွေ သည် လက်ဝှေ့ယမ်းလိုက်ပြီး ပေါ့ဆရဲခြင်း မရှိပေ။ သူသည် မြင်းရထားကို ရပ်လိုက်ပြီး ဘေးတွင် ရပ်စောင့်နေလိုက်သည်။

သူ့နောက်တွင် လူအများအပြား မြင်းရထားပေါ်မှ ဆက်တိုက် ဆင်းလာကြသည်။ သူတို့ မြင်တွေ့လိုက်ရသော မျက်နှာတစ်ခုစီတိုင်းနှင့်အတူ အစောင့်များ၏ အမူအရာသည် အနည်းငယ် ပို၍ လေးနက်လာ၏။

တာအိုဆရာ အဘိုးကြီးနှစ်ဦးသည် သူတို့၏ ပုံမှန် ခံ့ညားထည်ဝါသော ပုံစံနှင့် လုံးဝ ကွဲပြားစွာ ပြုံးရွှင်နေကြသော်လည်း သူတို့၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်ကြသည်။

သူတို့သည် တိမ်ဖြူကျောင်းတော်မှ အကြီးအကဲ ချွန်းယန် နှင့် သက်ကြီး ချင်းကျင့်တို့ပင်။ အကယ်၍ စစ်သူကြီးယိုသာ အိမ်တော်တွင် ရှိနေပါက သူတို့သည် ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုမှုကိုပင် ခံယူထိုက်သူများ ဖြစ်ကြပေသည်။

နောက်ထပ် ထွက်လာသူများမှာ သခင်မရှောင်နှင့် ယခင်က ချောမောသော လူငယ်လေးတို့ ဖြစ်ကြသည်။

သူတို့ကို နားမလည်နိုင် ဖြစ်စေသည့် တစ်ခုတည်းသော အရာမှာ ဤကျော်ကြားသော အကြီးအကဲ နှစ်ဦးက အဘယ်ကြောင့် ထိုလူငယ်လေးကို ဤမျှ လေးစားမှု ပြသနေရသနည်း ဆိုသည်ပင်။

“အခန်းအနည်းငယ် ပြင်ဆင်ထားပေးပါ။ ပြီးတော့ ဒီစာကို ချင်ပြည်နယ် နတ်ဆိုးနှိမ်နင်းရေးဌာနကို ပို့ဖို့ လူတစ်ယောက် စီစဉ်လိုက်ပါ၊ နောက်ထပ်တစ်ယောက်က ကောင်းကင်နေခွင်းလေးကို ပြန်လည် ရရှိပြီဖြစ်ကြောင်း စစ်သူကြီးယိုဆီ သတင်းပို့ပေးပါ”

ရှောင်ချမ်ဝေက သူတို့၏ အတွေးများကို ဖြတ်တောက်လိုက်၏။ စာသည် ယန်ရှင်းခုံး အကြောင်း ဖြစ်သည်။ ဖျင်ရှာတောင်ကြားကို အဆုံးသတ်တွင် မည်သို့ ကိုင်တွယ်မည် ဆိုသည်မှာ ယာယီစစ်သူကြီးချုပ် ဖြစ်သူ အဘွားချမ်၏ စိတ်အခြေအနေအပေါ် မူတည်ပေလိမ့်မည်။

ရုံးလုပ်ငန်းကိစ္စများနှင့် ပတ်သက်သောကြောင့် အစောင့်များ လျင်မြန်စွာ သဘောတူလိုက်ကြ၏။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက် လူတစ်ဦးသည် ရှန်းယီကို သီးသန့်ဝင်းတစ်ခုထဲသို့ ခေါ်ဆောင်သွားလေသည်။

“တကယ်လို့ သခင် တစ်ခုခု လိုအပ်ရင် ကျွန်တော်မျိုးကို ပြောပါ” အစောင့်သည် သူ့ရှေ့မှ လူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သေချာ မခန့်မှန်းနိုင်သော်လည်း အခြားသူများ၏ စောစောက သဘောထားကိုသတိရပြီးနောက် သူ့စကားများတွင် လေးစားမှု အရိပ်အယောင်များ မလွဲမသွေ ပါဝင်နေခဲ့၏။

“ကျေးဇူးတင်ပါတယ်” ရှန်းယီ အခန်းထဲသို့ ဝင်လိုက်သည်။

တစ်ဖက်လူ ထွက်သွားပြီးနောက် သူ တံခါးပိတ်လိုက်ပြီး ခုတင်စွန်းတွင် ထိုင်ကာ ကိုယ့်ကို ဆင်ခြင်သုံးသပ်ခြင်းထဲနှစ်မြုတ်ကာ သူ၏ချီပင်လယ် အတွင်းရှိ ကောင်းကင်နတ်ဆိုးအမြုတေ ကို လေ့လာလိုက်သည်။

ဤတစ်ကြိမ် ဒေါင်းနတ်ဆိုးကြီးကို ကိုင်တွယ်ရာတွင် ကောင်းကင်နေခွင်းလေးကိုသာ အားကိုးခဲ့ရသဖြင့် ၎င်းထဲမှစွမ်းအင်များမှာ ပြောင်းလဲခြင်း မရှိပေ။

ယခုအချိန်မှာ ငွေခေါင်းလောင်းထဲ နတ်ဆိုးအမြုတေ သုံးခု ကျန်ရှိနေသေးသည်။ ပြီးခဲ့သည့်အကြိမ်က ကျန်ရစ်သော ကျားအမြုတေ နှင့် အခြား ဒေါင်းနှစ်ကောင်၏ ကိုယ်တွင်းအမြုတေများ ဖြစ်ကြလေ၏။

နေမင်းလောင်ကျွမ်းခြင်းရတနာမီးပြင်းဖို သည် ပိုမိုများပြားသော စွမ်းအင်များကို ဖိနှိပ်ထားနိုင်စေရန် ရှန်းယီသည် ကျားအမြုတေဖြင့် ဦးစွာ စမ်းသပ်ရန် သတိထား ရွေးချယ်လိုက်သည်။ ၎င်းတွင် ကျန်ရှိသော ကျင့်ကြံခြင်းစွမ်းအင်များများစားစား မပါဝင်သဖြင့် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပေါ်စေသင့်ပေ။

ကောင်းကင်နတ်ဆိုး အမြုတေကို ထုတ်ယူလိုက်သည်နှင့် လွှမ်းမိုးထားသော စုပ်ယူအား ပြန်လည် ပေါ်ပေါက်လာ၏။

ရှန်းယီ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

အခြားသူများ နတ်ဆိုးအမြုတေများကို ရရှိသောအခါ သူတို့သည် ဦးစွာ ဝိညာဉ်ဆေးပင်များဖြင့် ဆေးလုံးအဖြစ် သန့်စင်ရပြီး၊ ထို့နောက် ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် အဖိုးတန် ဆေးဝါးများကို အသုံးပြုကာ ကြိုးစားပမ်းစား ကျင့်ကြံကြရသည်။

သို့သော် ကောင်းကင်နတ်ဆိုး အမြုတေသည် အခြားနတ်ဆိုးများ၏ကျင့်ကြံခြင်းကို ချက်ချင်းပင် အတင်းအဓမ္မ သိမ်းယူပြီး ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်၏။ ဤမျှ ကြမ်းတမ်းသော နည်းလမ်းသည် ဘေးထွက်ဆိုးကျိုး အချို့ရှိသည်မှာ ပုံမှန်ဖြစ်သည်ဟု ထင်ရစေသည်။

ကျားအမြုတေ လုံးဝ ကုန်ခမ်းသွားသည်နှင့် ပြင်ပအမြုတေတွင်းမှ ကျင့်ကြံခြင်းစွမ်းအင်သည် ခြောက်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။

ရှန်းယီသည် ၎င်းကို သူ၏ချီပင်လယ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး နေမင်းလောင်ကျွမ်းခြင်းရတနာမီးပြင်းဖိုတွင် မည်သည့် တုံ့ပြန်မှုမျှ မပြသည်ကို တွေ့ရှိရသဖြင့် ချက်ချင်းပင် ယုံကြည်မှု ရရှိသွားသည်။

ထို့နောက် သူသည် ခုံကျင်း ၏ နတ်ဆိုးအမြုတေ ကို ထုတ်ယူလိုက်သည်။ သို့သော် ဆယ်ရာခိုင်နှုန်း တိုးလာတိုင်း သူသည် ခံစားကြည့်ရန်အတွက် ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်သေး၏။

ဤနတ်ဆိုးအမြုတေလည်း ကုန်ခမ်းသွားပြီး ပြင်ပအမြုတေတွင်းမှ စွမ်းအင် ရှစ်ဆယ့်ငါးရာခိုင်နှုန်းသို့ ရောက်ရှိသွားသည့် အချိန်အထိပင်။

နေမင်းလောင်ကျွမ်းခြင်းရတနာမီးပြင်းဖို၏ အနက်ရောင်သွေးကြောများသည် နောက်ဆုံးတွင် တုန်ခါသွားပြီး ဝန်ပိမှုအရိပ်အယောင် အနည်းငယ် ပြသလာ၏။

“ဒါက ကန့်သတ်ချက် ဖြစ်လောက်တယ်”

ရှန်းယီ အသက်ရှူနှုန်းကို ညှိယူလိုက်သည်။ နောက်ထပ် အနည်းငယ်သာ ဆိုလျှင် သူသည် ကောင်းကင်နတ်ဆိုး အမြုတေကို ပြီးပြည့်စုံသည်အထိဖြည့်ဆည်းနိုင်ပြီး အမြုတေပြီးပြည့်စုံခြင်းအဆင့်၏နတ်ဆိုးစွမ်းအင်ကျင့်ကြံခြင်းကို အမှန်တကယ် ပိုင်ဆိုင်နိုင်တော့မည်။

ထို့အပြင် သူသည် နတ်ဆိုးအမြုတေများဖြင့် အချိန်မရွေး ပြန်လည် ဖြည့်တင်းနိုင်လေ၏။

ဤမျှ သိသာထင်ရှားသော တိုးတက်မှုဖြင့် တောသခင် ကို သတ်ဖြတ်ရန် လုံလောက်သည်ထက် ပိုနေသင့်သည်။ (တောဘုရင်ကို တောသခင်လို့ပြောင်းမယ်နော် )

ထိုအကြောင်းကို တွေးမိရင်း ရှန်းယီသည် ငွေရောင်ခေါင်းလောင်းထဲမှ ရွှေရောင် အငွေ့အသက် တစ်မျှင်ကို ထုတ်ယူကာ ခေတ္တမျှ သေချာ စစ်ဆေးပြီးနောက် တောတောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဒေါက်..ဒေါက်

တံခါးကို ဖွဖွ ခေါက်သံနှင့်အတူ အမျိုးသမီးတစ်ဦး၏ မေးမြန်းသံ ထွက်ပေါ်လာ၏။

“ကျွန်မ ဝင်လာလို့ ရမလား”

ရှန်းယီ၏ တုံ့ပြန်မှုကို ရရှိပြီးနောက် ရှောင်ချမခဝေသည် အသစ်စက်စက် အနီရောင် ဝတ်စုံနှင့်အတူ တံခါးကို တွန်းဖွင့်ဝင်လာသည်။ ဤထင်းနေသော အရောင်သည် သူမနှင့် မလိုက်ဖက်ဘဲ မနေပေ။

“ကျွန်မတို့ ပြန်လာရခဲတယ်နော်။ ရှင် မြို့ထဲ သွားချင်လား...”

သူမသည် မျှော်လင့်ချက် အရိပ်အယောင်ဖြင့် မော့ကြည့်လိုက်ရာ လူငယ်လေး၏ လက်ချောင်းထိပ်များပေါ်ရှိ တောသခင်၏ အငွေ့အသက်ကို မြင်လိုက်ရပြီး အံ့သြမှု အရိပ်အယောင်တစ်ခု သူမ၏ လှပသော မျက်နှာပေါ်တွင် ဖြတ်ပြေးသွားခဲ့၏။

ရှန်းယီက သူမ၏ ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

“နောက်တစ်ခေါက်မှပေါ့။ ကျွန်တော် နည်းနည်းလောက် အနားယူချင်တယ်။ မနက်ဖြန် ထင်ယန်မြို့ကနေ ထွက်ခွာတော့မယ်”

စစ်သူကြီးယို၏ စကားများသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။ ဤဖရိုဖရဲ ကမ္ဘာကြီးတွင် မိမိကိုယ်ကို ကာကွယ်ရန်အတွက် စိတ်အေးလက်အေး ရှိလောက်အောင် လုံလောက်သော အင်အားကို မပိုင်ဆိုင်မီအထိ သူ့တွင် အခြား အတွေးများ ယာယီ ဖယ်ရှားထားရမည်။

“ရှင် တောသခင် နောက်ကို လိုက်ဖို့ စီစဉ်နေတာလား”

ရှောင်ချမ်ဝေသည် တစ်ဖက်လူ အဘယ်ကြောင့် ဤမျှ အလုပ်ရှုပ်နေသည်ကို လုံးဝ နားမလည်နိုင် ဖြစ်နေ၏။

သူမ သူ့ကို စတင်တွေ့ရှိချိန်မှ ယခုအထိ ရှန်းယီ တစ်ရက်လေးတောင် အနားယူသည်ကို မတွေ့ဖူးပေ။ သူသည် နတ်ဆိုးသတ်နေလျှင် သတ်၊ သို့မဟုတ် နတ်ဆိုးသတ်ရန် သွားနေခြင်းသာရှိသည်။

ချင်ပြည်နယ်တွင် စစ်သူကြီးချုပ်တစ်ဦး၊ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ၁၂ ဦးနှင့် ရွှေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းဆီးသူများ ရှိနေဆဲပင်။

မည်သို့ပင်ဖြစ်စေ ထိုကပ်ဘေးသည် ဤမျှ ငယ်ရွယ်ပြီး ထူးချွန်သော ပါရမီရှင်တစ်ဦးအပေါ် ဦးစွာ ကျရောက်လာစရာ အကြောင်းမရှိပေ။

“သူ ကျွန်တော့်ကို တိုက်ခိုက်ဖို့ ကြံစည်နေသလို ကျွန်တော် အမြဲ ခံစားနေရတယ်”

ရှန်းယီ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူသည် ထိုနတ်ဆိုးကို မျိုးဆက်ပြတ်သွားအောင် အဓိက လုပ်ဆောင်ခဲ့လေ၏။ သူ့နေရာတွင်သာ ရှန်းယီ ဝင်ကြည့်မည်ဆိုလျှင် သူသည် သေချာပေါက် အမှောင်ထဲတွင် ပုန်းအောင်းနေပြီး ရန်သူ အိပ်ပျော်နေချိန်တွင် နှလုံးသားကို ဓားနှင့် ထိုးစိုက်ပေလိမ့်မည်။

ထိုအချိန်တွင် အားနာသော အကြည့်တစ်ခု ရှောင်ချမ်ဝေ၏ မျက်လုံးများတွင် ပေါ်လာခဲ့၏။

“ကျွန်မ... ကျွန်မ တကယ်တော့ အဲဒီတုန်းက အမှန်အတိုင်း မပြောခဲ့ဘူး။ ဒီအငွေ့အသက် တစ်မျှင်က ရှင့်အတွက် ဆုလာဘ် သက်သက်ပါပဲ။ တောသခင်ကို သတ်ဖြတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်တဲ့ အလုပ်တစ်ခုပါ”

သူမသည် စကားပြောရင်း မော့ကြည့်လိုက်ရာ ရှန်းယီ၏ ဒေါသကို အနည်းငယ် ကြောက်ရွံ့နေပုံရလေ၏။

သူ့အမူအရာ တည်ငြိမ်နေသည်ကို မြင်ပြီးနောက် သူမ၏ စိတ်နှလုံး အနည်းငယ် လေးလံသွားသည်။

“သူ အခုလောက်ဆို လင်းကျန်းစီရင်စုအပြင်ဘက်က နတ်ဆိုးနယ်မြေဆီ ထွက်ပြေးသွားလောက်ပြီ”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ”

ရှန်းယီ သူမကို တည်ငြိမ်စွာ ကြည့်လိုက်သော်လည်း သူ၏ စိတ်နှလုံးထဲတွင် အနည်းငယ် ရယ်ချင်စိတ် ဖြစ်ပေါ်လာခဲ့၏။

ယခင်က ယုံအန်းမြို့တွင် ရှိစဉ်က ဤအမျိုးသမီးသည် သိသိသာသာ အလွန် မောက်မာခဲ့သော်လည်း ယခုအခါ ဤကဲ့သို့ ကြောက်ရွံ့သော အမူအရာ ပြသနေခြင်းက သူ့ကို အမှန်တကယ် အံ့သြစေပါသည်။

နတ်ဆိုးနယ်မြေဆီ သွားရမည့် ကိစ္စအတွက်မူ သူသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသား ဖြစ်သည်။ အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် နတ်ဆိုးအရှင်သခင် နှင့် မတွေ့သရွေ့... တွေ့ခဲ့လျှင်ပင် အမြုတေပြီးပြည့်စုံခြင်း လေဟုန်စီးနင်းခြင်းပညာ ရှိနေသဖြင့် လွတ်မြောက်ရန် အခွင့်အရေး ရှိနေသေး၏။

“ဘာလို့လဲဆိုတော့ လင်းကျန်းစီရင်စု အပြင်ဘက်က သမင်ဖြူရဲ့ နယ်မြေ ဖြစ်နေလို့ပဲ။ တောသခင် ထွက်သွားတုန်းက သူက အဲဒီဆီမှာ ခိုလှုံမယ်လို့ ပြောခဲ့တယ်။ သမင်ဖြူ နတ်ဆိုးအရှင်သခင်က သူ့ရဲ့ သွေးသောက်ညီအစ်ကိုဖြစ်ပြီး ရှင် သူ့ကို သတ်တာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး”

ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ရှောင်ချမ်ဝေ၏ လေးနက်သော အမူအရာတွင် ပေါ်လာ၏။

“သမင်ဖြူက စစ်မှန်တဲ့ အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် နတ်ဆိုးအရှင်သခင် တစ်ကောင်ပါ။ သူက ချင်ပြည်နယ်မှာ မရေမတွက်နိုင်တဲ့ မကောင်းမှုတွေ ကျူးလွန်ခဲ့ပြီး ဒီနေ့အထိ အသက်ရှင်နေသေးတယ် ဆိုတဲ့အချက်က သူဟာ ကျွန်မတို့ ကိုင်တွယ်နိုင်တဲ့သူ လုံးဝ မဟုတ်ဘူး ဆိုတာကို ပြနေတာပဲ”

လူငယ်လေးသည် မောက်မာမှု အရိပ်အယောင် မရှိဘဲ သူမ၏ စကားများကို ဂရုတစိုက် နားထောင်နေသည်ကို သူမ သတိပြုမိလိုက်သည်။ သို့သော် သူ့လက်ချောင်းများကြားတွင် ကိုင်ထားသော အငွေ့အသက်ကိုမူ ပြန်လည် သိမ်းဆည်းရန် ရည်ရွယ်ချက် မရှိပေ။

“ကျွန်တော် မှတ်မိတာ မမှားဘူးဆိုရင်...”

ရှန်းယီ တံခါးအပြင်ဘက်သို့ ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေ၏။

“လင်းကျန်းစီရင်စုက ဟိုဘက်အရပ်မှာ ရှိပုံရတယ်”

သူသည် လက်ထဲမှ အငွေ့အသက်ကို ကမ်းပေးလိုက်သည်။ ရှောင်ချမ်ဝေ အနည်းငယ် တုန်လှုပ်သွားပြီး သူ့ဆိုလိုရင်းကို နားလည်သကဲ့သို့ အငွေ့အသက်ကို ယူကာ သေချာ စစ်ဆေးလိုက်ပေသည်။

ထို့နောက် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု သူမ၏ ဖြူဝင်းသော မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး တိုးတိုးလေး ရေရွတ်လိုက်၏။

“ကျွန်မ တော်တော် တုံးတာပဲ၊ နတ်ဆိုးရဲ့ခြိမ်းခြောက်မှုတွေကို ယုံမိ‌ရတယ်”

အငွေ့အသက် ညွှန်ပြနေသော အရပ်မျက်နှာသည် ထင်ယန်စီရင်စု အပြင်ဘက်၊ တိတိကျကျ ပြောရလျှင် ရှီးထိုက်တောင်ရှိရာ အရပ်မျက်နှာသို့ ဖြစ်နေခဲ့၏။

“မလိုအပ်ပါဘူး”

ရှန်းယီကမူ ခေါင်းခါလိုက်ပြီး သူမကို ဖြတ်ပြောလိုက်သည်။ သားဖြစ်သူ သေဆုံးသွားသော ဤတောသခင်သည် အံ့သြစရာကောင်းလောက်အောင် ၎င်း၏ ကျောထောက်နောက်ခံထံသို့ မသွားဘဲ သူ့ထံသို့လည်း ရောက်မလာခဲ့ပေ။

စစ်သူကြီးယိုသည် လက်ရှိတွင် အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် နတ်ဆိုးအရှင်သခင်တစ်ကောင်၏ဟန့်တားမှု ခံထားရပြီး ထင်ယန်မြို့တွင် ရှိမနေပေ။

ဒါဆို သူ ဘာကို စောင့်နေတာလဲ။

ရှန်းယီသည် နတ်ဆိုးတစ်ကောင်၏ အတွေးများကို ခန့်မှန်းရန် စိတ်မပါပေ။ မည်သို့ပင်ဖြစ်စေ သူ စဉ်းစားလို့ မရလျှင် ၎င်းက သူ့ကို လုပ်ကြံရန် ကြံစည်နေသည်ဟုသာ ယူဆလိုက်မည်။

ထို့ကြောင့် သူဘက်မှ သေချာပေါက်ဦးအောင် တိုက်ခိုက်ရပေတော့မည်။

All Chapters