လေဟုန်စီး၍ လွတ်လပ်စွာ ပျံသန်းခြင်း၊နာမ်ခီ အင်မော်တယ်ပြောင်းလဲခြင်း
Vol. 14 Ch. 136
(ဒီအပိုင်းမှာတော့ အစပိုင်းကနာမည်တွေရှည်လို့ အမြုတေအဆင့် တွေကို စတင်ပြောင်းလဲထားပါတယ်ခင်ဗျာ အဲ့ဒီအဆင့်တွေက ကနဦးအမြုတေအဆင့်၊အမြုတေဖြစ်တည်ခြင်းအဆင့်၊အမြုတေပြီးပြည့်စုံခြင်းအဆင့်၊အမြုတေစွမ်းအင်စုစည်းခြင်းအဆင့်)
【အမြုတေပြီးပြည့်စုံခြင်းအဆင့် ဒေါင်းနတ်ဆိုးကို သတ်ဖြတ်ခြင်း၊ စုစုပေါင်း သက်တမ်း ၆၁၀၀နှစ်၊ ကျန်ရှိသက်တမ်း ၁၇၂၆ နှစ်၊ စုပ်ယူခြင်းပြီး】
【အမြုတေဖြစ်တည်ခြင်းအဆင့် ဒေါင်းနတ်ဆိုးကို သတ်ဖြတ်ခြင်း၊ စုစုပေါင်း သက်တမ်း ၅၂၀၀ နှစ်၊ လက်ကျန်သက်တမ်း ၈၀၇ နှစ်၊ စုပ်ယူခြင်းပြီး】
【ကနဦးအမြုတေအဆင့် ဒေါင်းနတ်ဆိုးကို သတ်ဖြတ်ခြင်း၊ စုစုပေါင်း သက်တမ်း ၄၂၀၀ နှစ်၊ လက်ကျန်သက်တမ်း ၂၈၂၂ နှစ်၊ စုပ်ယူခြင်းပြီး】
【ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၅၈၃၇ နှစ်】
တောင်ကြားထဲတွင် အခြားသူများ အလုပ်ရှုပ်နေကြ၏။ ရှန်းယီသည် ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာဖွေကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ဘောင် ကို ဖွင့်ကာ ယခင် အကြောင်းကြားစာများကို ပြန်လည် စစ်ဆေးလေသည်။
ဤဒေါင်းနတ်ဆိုးများသည် သာမန်သတ္တဝါများ မဟုတ်ကြဘဲ ၎င်းတို့၏သက်တမ်းမှာ တူညီသောအဆင့်ရှိ အခြားနတ်ဆိုးများထက် သိသိသာသာ ပို၍ ရှည်လျားပေ၏။
ရှန်းယီသည် သူ၏ရှေ့တွင် စာအုပ်ငယ်တစ်အုပ်ကို ဖြန့်လိုက်ပြီး နောက်ဆုံးစာမျက်နှာသို့ လှန်လိုက်ချေ၏။
နတ်ဆိုးသက်တမ်းနှင့် နတ်ဆိုးအမြုတေများအပြင် သိုင်းပညာကဏ္ဍတွင်လည်း အပြောင်းအလဲအချို့ ရှိနေသည်။
【အမြုတေဖြစ်တည်ခြင်းအဆင့် လွတ်ငြိမ်းလေစီးနင်းခြင်းပညာ - မစတင်ရသေး】
【အမြုတေဖြစ်တည်ခြင်းအဆင့် သဏ္ဍာန်နှစ်မျိုး မူလအနှစ်သာရ - မစတင်ရသေး】
ယခင်တစ်ခုမှာ ယန်ရှင်းခုံးကို ချင်ပြည်နယ်တွင် လွှမ်းမိုးနိုင်စေခဲ့သော ကျင့်စဉ်ဖြစ်ပြီး နောက်တစ်ခုမှာမူ အစောပိုင်းက တစ်ချက်ကြည့်ရုံဖြင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ထိုတာအိုဆရာ အဘိုးကြီးနှစ်ဦးမှာ မဆိုးလှပေ။ အနည်းဆုံးတော့ သူတို့ တိုက်ခိုက်ချိန်တွင် တွန့်ဆုတ်နေခြင်း မရှိခဲ့ချေ။
ထိုကဲ့သို့သော နတ်ဆိုးကြီးများအတွက် နတ်ဆိုးအမြုတေများအပြင် အခြားသော တန်ဖိုးရှိသည့် ပစ္စည်းများလည်း ရှိနေပေဦးမည်။ သူသည် အဖိုးအခအနေဖြင့် အချို့ကိုသာ ယူထားမည်ဖြစ်ရာ သူတို့ပစ္စည်းကို အလကားယူသလိုမျိုး ဖြစ်နေတော့မည် မဟုတ်ပေ။
ရှန်းယီသည် အမြုတေပြီးပြည့်စုံခြင်းအဆင့် ဒေါင်းနတ်ဆိုးအမြုတေကို ပါးစပ်ထဲ ထည့်လိုက်ရာ နတ်ဆိုးသက်တမ်းများစွာ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာတော့သည်။
【 ၁ နှစ် - သင်သည် သေခြင်းတရား၏ အသိစိတ်ကို လှုံ့ဆော်ပြီး ဖားပြုတ်သခင်ကြီး၏ အသိစိတ်ဆီသို့ ဖိနှိပ်လိုက်၏...】
ဤလုပ်ငန်းစဉ်သည် အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ပြီးဖြစ်ရာ မည်သည့် အံ့သြစရာမျှ မရှိတော့ဘဲ နတ်ဆိုးသက်တမ်း မည်မျှ ကုန်ဆုံးမည်ဆိုသည်မှာသာ အဓိက ဖြစ်ပေသည်။
ရှန်းယီသည် သူ၏ အကြည့်ကို လွှဲလိုက်ပြီး ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို ဂရုတစိုက် အာရုံခံလိုက်၏။
【 ၂၀၃ နှစ် - ဖားပြုတ်သခင်ကြီး၏ အသိစိတ် ပျောက်ကွယ်သွားပြီး သင်သည် အင်မော်တယ်နတ်ဆိုးခန္ဓာပြောင်းလဲခြင်း စတုတ္ထအသွင်ကို စတင် ကြိုးပမ်းလေသည်】
ထို့နောက်တွင် ပါးစပ်ထဲမှ နတ်ဆိုးအမြုတေသည် တဖြည်းဖြည်း အရည်ပျော်သွားပြီး ခွန်အားသစ်များ ခန္ဓာကိုယ်ထဲတွင် စုစည်းလာပေသည်။
နှစ်ပေါင်း ၇၀၀... ၁၄၀၀... ၂၀၀၀... စိတ်ထဲတွင် စူးရှသော ငှက်အော်သံတစ်ခု ပဲ့တင်ထပ်သွားပြီး ဤစွမ်းအားကို နောက်ဆုံးတွင် ခန္ဓာကိုယ်အတွင်း၌ ဖမ်းဆုပ်နိုင်ခဲ့ချေ၏။
【၂၄၃၀ နှစ် - အခြားသော ကြောက်မက်ဖွယ် နတ်ဆိုးတစ်ကောင် သင့်ခန္ဓာကိုယ်ထဲတွင် ပေါ်လာသည်၊ ၎င်းသည် ယခင်တစ်ခုထက် ပို၍ ကြမ်းတမ်းပေသည်】
【နာမ်ခီ အင်မော်တယ်ပြောင်းလဲခြင်း - နတ်ငှက်များသည် ကျောက်စိမ်းစင်မြင့်ပေါ်သို့ ဆင်းသက်လာကြသည်၊အပြာရောင် အမွေးအတောင်များသည် တောင်တန်းနှင့် မြစ်များကို ခွဲခြမ်းနိုင်ပြီး အနီရောင်အမွေးတောင်များသည် အသားနှင့် အရိုးများကို ပြန်လည်ကုသစေနိုင်၏။ သတ်ဖြတ်ခြင်းဆန္ဒ တစ်ချက်ဖြင့် သက်ရှိများ တုန်လှုပ်ကုန်ကြပြီး၊ ကရုဏာစိတ် တစ်ချက်ဖြင့် အရာခပ်သိမ်းအားပြန်လည်သက်ကြွစေသည်】
ဤတိုးတက်မှုသည် ရှန်းယီအတွက် ယခင်အကြိမ်များလောက် တုန်လှုပ်စရာ မကောင်းသော်လည်း သူသည် ထိုအတားအဆီးကို အမှန်တကယ် ကျော်ဖြတ်နိုင်ခဲ့ပြီဟု ခံစားလိုက်ရပေ၏။
၎င်းသည် အင်မော်တယ်နတ်ဆိုးခန္ဓာပြောင်းလဲခြင်းစတုတ္ထအသွင်သာ ရှိသေးသော်လည်း သူ၏ ခန္ဓာကိုယ်ကို အမြုတေပြီးပြည့်စုံခြင်းအဆင့် နတ်ဆိုးနှင့် အမှန်တကယ် နှိုင်းယှဉ်နိုင်စေခဲ့သည်။
ရှန်းယီသည် မျက်လုံးကို အနည်းငယ် မှိတ်ထားပြီး လက်ဖဝါးများကို ဒူးပေါ်တွင် တင်ထား၏။
ညာဘက်လက်ဖဝါးတွင် အပြာရောင်အလင်းများ စီးဆင်းနေပြီး ဘယ်ဘက်လက်ဖဝါးတွင်မူ အနီရောင်အလင်းများ တောက်ပနေချေ၏။
လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော အင်အားစုနှစ်ခုသည် သူ၏ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသည်။ အနီရောင်အလင်းကို သူ လှုံ့ဆော်လိုက်ရာ လေးဆွဲခြင်းကြောင့် နာကျင်နေသော လက်မောင်းမှာ ချက်ချင်း ပြန်လည် ကောင်းမွန်သွားပြီး ရက်ပေါင်းများစွာ ခရီးသွားခဲ့ရသည့် ပင်ပန်းမှုများလည်း ပျောက်ကွယ်သွားပေသည်။
သူသည် သက်ပြင်းအေးအေးလေး တစ်ချက် မုတ်ထုတ်လိုက်၏။ လက်ချောင်းထိပ်များတွင် စူးရှသော အပြာရောင်အလင်းများ ကခုန်နေပြီး ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရုံဖြင့် ရှေ့မှ အရာခပ်သိမ်းကို ချက်ချင်း ခွဲထုတ်ပစ်နိုင်မည်။
【ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၃၄၀၇ နှစ်】
ရှန်းယီ မျက်လုံးဖွင့်လိုက်ပြီး လေဟုန်စီးနင်းခြင်းပညာ ဆီသို့ အာရုံရောက်သွားသည်။
【 ၁ နှစ် - သင်သည် လေဟုန်စီးနင်းခြင်းပညာကို ဖွင့်လိုက်သည်။ ယင်းပေါ်ရှိ နားမလည်နိုင်သော စာသားများကို ကြည့်ပြီး သင်သည် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း သင်၏ မျက်လုံးများထဲတွင်တော့ နားမလည်နိုင်မှုများ ဖြတ်ပြေးနေ၏】
ရှန်းယီသည် သွားကို တင်းတင်းစေ့ထားမိ၏။ ဤအကျွမ်းတဝင်ရှိသော ခံစားချက်မျိုးကို မတွေ့ရသည်မှာ ကြာခဲ့ပြီ မဟုတ်ပေလော။
【၂၂ နှစ် - သင်သည် မတ်တတ်ရပ်လိုက်သည်။ သင်၏ ခြေထောက်များမှာ မလှုပ်ရှားပေ။ သင်သည် မျက်လုံးကို အနည်းငယ် မှိတ်လိုက်ပြီး သင့်ခန္ဓာကိုယ်ကို လေပြေညှင်းကလေးက ပွတ်သပ်သွားသည်ကို အာရုံခံလိုက်သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သင်သည် သုံးကျန်း ခန့် အကွာသို့ ရောက်ရှိနေချေ၏။ သင်၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများ ဖြတ်ပြေးသွားသည်။ ဤအရာသည် ကိုယ်ဖော့ပညာ မဟုတ်ဘဲ တည်နေရာရွှေ့ပြောင်းခြင်း နည်းစနစ်ဖြစ်နေပေသည်】
【၄၇ နှစ် - သင်၏ စိတ်မရှည်မှုများသည် နှစ်ပေါင်းများစွာ ကြိုးစားပြီးနောက် ငြိမ်သက်သွား၏။ သင်သည် အိမ်ပြန်ရန် လှည့်ထွက်ကာ ခြေတစ်လှမ်း လှမ်းလိုက်ရာ သင်၏ ပုံရိပ်သည် လေညှင်းလေးများအဖြစ် ပြောင်းလဲသွားပြီး ဆယ်ကျန်း အကွာသို့ ရောက်ရှိသွားသည်】
【လေဟုန်စီးနင်းခြင်းပညာ - သေးငယ်သောအောင်မြင်မှု】
ရှန်းယီသည် နားထဲတွင် လေတိုးသံများကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားသလို ခံစားရပြီး ပေါ့ပါးလာချေ၏။
အတွေးတစ်ချက်ဖြင့်ပင် သူသည် လေကိုစီးနင်းကာ ပျံတက်သွားနိုင်တော့မည် မဟုတ်ပါလော။
နတ်ဆိုးသက်တမ်းမှာ ဆက်လက် ကုန်ဆုံးနေသည်။ တိုးတက်မှုမှာ ယခင်ကကဲ့သို့ပင် နှေးကွေးနေဆဲပင်။
ဤအမြုတေအဆင့် လှုပ်ရှားမှုပညာမှာ သာမန်နယ်ပယ်ထက် ကျော်လွန်နေ၏။ ယန်ရှင်းခုံးသည် ခြေတစ်ဖက်တည်းနှင့် အဘယ်ကြောင့် ဤမျှ မြန်မြန် ပြေးနိုင်ခဲ့သည်ကို အံ့သြစရာ မရှိတော့ချေ။
ရုတ်တရက် နားထဲမှ လေတိုးသံများ အားလုံး ပျောက်ကွယ်သွားသည်။ ရှန်းယီသည် ဘောင်ပေါ်ရှိ နောက်ဆုံး အကြောင်းကြားစာကိုကြည့်လိုက်၏။
【၇၃၂ နှစ် - သင်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီး မကြာမီ ပြန်လည် ပေါ်ပေါက်လာသည်။ သင်၏ ခြေလှမ်းများသည် တစ်လက်မမျှ မရွေ့လျားခဲ့သော်လည်း သင် အလိုရှိပါကတစ်၁၀၀ကျန်း အကွာအဝေးသို့ ချက်ချင်း ရောက်ရှိနိုင်ကြောင်း သိနေသည်။ သင်သည် လေအဟုန်ကို ထိန်းချုပ်နေခြင်း မဟုတ်တော့ဘဲ သင်ကိုယ်တိုင်ကပင် လွတ်လပ်သောလေညှင်း ဖြစ်လာခဲ့ချေပြီ】
【လေဟုန်စီးနင်းခြင်းပညာ - ပြီးပြည့်စုံခြင်း】
【ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၂၆၇၅ နှစ်】
သူ၏ အားနည်းချက်ဖြစ်သော ကိုယ်ဖော့ပညာကို ယခုအခါ ပြည့်စုံစွာ ဖြည့်ဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။