ပုံသဏ္ဍာန်နှစ်မျိုးမူလအနှစ်သာရ နှင့် မဟာနတ်ဆိုးကြီးတို့၏တိုက်ပွဲ
Vol. 14 Ch. 132
“အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းအဆင့် မဟာနတ်ဆိုးကြီး တစ်ကောင်ပဲ... မင်းတို့နှစ်ယောက်လုံး သတိထားကြ”
တာအိုဆရာ ချွင်းယန် သည် ကိုယ်တွင်းအမြုတေကိုလှည့်ပတ်ပြီး ရင်ဘတ်ရှေ့တွင် ဓားလက်ဟန် ပြုလုပ်လိုက်သည်။သူ၏ အပြာရောင် တာအိုဝတ်ရုံသည် လေမတိုက်ဘဲ တဖျပ်ဖျပ်လှုပ်ခတ်နေပြီး ခန္ဓာကိုယ်မှကြီးမားသော စွမ်းအားများ ထွက်ပေါ်လာသော်လည်း အပြင်သို့ ပျံ့နှံ့မသွားပေ။
ထိုအစား သူ့ရှေ့တွင် စုစည်းသွားပြီး လူတစ်ရပ်ခန့် မြင့်ကာ လက်ဝါးနှစ်ဖက်စာ ကျယ်သော ရှေးဟောင်းတာအိုဓားအရိပ်တစ်ခု ဖြည်းညှင်းစွာ ပေါ်လာ၏။
ဓားကိုယ်ထည်ပေါ်တွင် ယင်ယန်ငါးပုံစံသည် ဖြည်းညှင်းစွာ လည်ပတ်နေပြီး ဟန်ချက်ညီမှုနှင့် သဟဇာတဖြစ်မှုကို ဖော်ပြနေပါသည်။
ပုံသဏ္ဍာန်နှစ်မျိုး မူလအနှစ်သာရ
တိမ်ဖြူကျောင်းတော်၏ သင်္ကေတသိုင်းပညာအဖြစ် ချင်ကျိုးနယ်မြေ တစ်ခုလုံးတွင် ကျော်ကြားသည်။
သူတို့သည် တကယ့်ဓားအစစ်များကို ကိုင်ဆောင်ထားခြင်း မဟုတ်သော်လည်း ဤ ပုံသဏ္ဍာန်နှစ်မျိုး ဓားမူလအနှစ်သာရ သည် ချင်းဖုန်းတောင်မှ ဓားများထက်ပင် ပိုမို ထက်ရှလေ၏။
“ဒီတစ်ခါတော့ မင်း ငါတို့ကိုတကယ်ဒုက္ခရောက်အောင် လုပ်လိုက်ပြီပဲ” ဟု တာအိုဆရာ ချင်းကျင့် က သက်ပြင်းချရင်း တာအိုဆရာ ချွင်းယန်ကို လှမ်းကြည့်လိုက်သည်။
ကျောင်းအုပ်သည် သိုင်းပညာပြန်လည်ယူဆောင်လာရန် သူတို့နှစ်ဦးအား တောင်ပေါ်မှ စေလွှတ်လိုက်ခြင်း ဖြစ်သော်လည်း ယန်ရှင်းခုံး နှင့် မတွေ့ရသေးခင်မှာပင် မဟာနတ်ဆိုးကြီးတစ်ကောင်နှင့် ရင်ဆိုင်လိုက်ရပြီဖြစ်ပေသည်။
“ဒီတာအိုဆရာ ဆွဲခေါ်လာတာ မဟုတ်ပါဘူးကွာ”
ဟု တာအိုဆရာ ချွင်းယန်က မျက်လုံးလှန်ကြည့်ရင်း ပြောလိုက်သည်။
“ဟုတ်ပါပြီလေ”
တာအိုဆရာ ချင်းကျင့်က ပေါ့ပါးစွာ ပြုံးလိုက်ပြီး သူလည်း သူ့ရှေ့တွင် ပုံသဏ္ဍာန်နှစ်မျိုး ဓားမူလအနှစ်သာရ ကို စုစည်းလိုက်လေ၏။
ဤအခြေအနေထိ ရောက်လာပြီးမှတော့ တုံ့ဆိုင်းနေစရာ အကြောင်းမရှိတော့ပေ။
နတ်ဆိုးတစ်ကောင်ကို တွေ့ပါလျက်နှင့် မသတ်ဖြတ်ဘဲ နေမည်ဆိုလျှင် တောင်ပေါ်မှ ဆင်းလာခြင်းက ဘာအဓိပ္ပာယ် ရှိဦးမည်နည်း။
“...”
ရှောင်ချမ်ဝေသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ရှန်းယီ၏ ပုံရိပ်ကို မတွေ့ရသလို အနီးအနားတွင် တိုက်ခိုက်ထားသော လက္ခဏာများကိုလည်း မတွေ့ရပေ။
ယခုအချိန်အထိ ထိုလူငယ်အပေါ် အလွန် ယုံကြည်မှု ရှိသော်လည်း သူမ၏ရင်ထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ စတင်ပေါ်ပေါက်လာခဲ့၏။
အမှန်တော့ နတ်ဆိုးများသည် လူသားများနှင့် မခြားနားပေ။ အများစုမှာ တောရိုင်းနတ်ဆိုးများ ဖြစ်ကြသော်လည်း ဂုဏ်သရေရှိ မိသားစုများ သို့မဟုတ် ဂိုဏ်းများကဲ့သို့ ခိုင်မာသော အခြေခံအုတ်မြစ် ရှိသူများလည်း ရှိကြပေသည်။
ဥပမာအားဖြင့် အစောပိုင်း တောင်အကာအကွယ် အစီအရင်သည် အငွေ့အသက်ဖုံးကွယ်ခြင်းနှင့် လူများကို လှည့်စားရန် ပဉ္စလက်အနည်းငယ်သာ သုံးထားပုံရပြီး မည်သူမဆို အလွယ်တကူ ဝင်ရောက်နိုင်ခဲ့၏။
သို့သော် ထိုအချက်ကြောင့်ပင် တစ်ဖက်လူ၏ စွမ်းအားကြီးမားမှုကို ပေါ်လွင်စေသည်။
အဘယ်ကြောင့်ဆိုသော် မည်သူမျှ ထိုကဲ့သို့ အပေါ်ယံဟန်ပြများအတွက် အရင်းအမြစ်များကို ဖြုန်းတီးမည် မဟုတ်သောကြောင့်ပင်။
ရှန်းယီသည် ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာရှင်တစ်ဦး၏စွမ်းအားကို သူမအား ပြသခဲ့ဖူးသည်မှာ မှန်သော်လည်း ကျင့်ကြံခြင်းကိစ္စရပ်များတွင် အတွေ့အကြုံ နည်းပါးကြောင်းကိုလည်း ဖုံးကွယ်မထားခဲ့ပေ။
တစ်ဖက်လူသည် နတ်ဆိုးများ၏ခန့်မှန်းရခက်သော နည်းလမ်းများကို မဆိုထားနှင့် ပုံသဏ္ဍာန်နှစ်မျိုး မူလအနှစ်သာရ ဆိုသည်မှာမည်သည့်အရာမှန်းပင် သိမည်မဟုတ်ပေ။
သူ မတော်တဆ ထောင်ချောက်ထဲ ကျသွားသည်ဆိုလျှင်လည်း နားလည်ပေးလို့ ရပေသည်။
“သခင်မရှောင်... ကျုပ်တို့ ရှေ့က နတ်ဆိုးကို အရင် ဖြေရှင်းပြီးမှ တခြားကိစ္စတွေ စဉ်းစားကြတာပေါ့”
တာအိုဆရာ ချင်းကျင့်က အမျိုးသမီးကို လိမ္မာပါးနပ်စွာ သတိပေးလိုက်ရင်း ရင်ထဲတွင် သံသယအနည်းငယ် ဖြစ်ပေါ်လာခဲ့၏။
သူ မမှားဘူးဆိုလျှင် သူမသည်အတွေ့အကြုံရှိသော ငွေခေါင်းလောင်းအဆင့် နတ်ဆိုးဖမ်းစီးသူ တစ်ဦး ဖြစ်သင့်ပေသည်။
တိုက်ပွဲအတွင်း သူမ၏တည်ငြိမ်မှုသည် သူတို့လို တသီးတခြားနေထိုင်သော တာအိုဆရာ နှစ်ပါးထက် ပိုအားကောင်းသင့်လေ၏။ အဘယ်ကြောင့် ဤမျှထိ ပြာယာခတ်နေရသနည်း။
“ကျွန်မ သိပါတယ်”
ရှောင်ချမ်ဝေ အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ကာ ရှေ့မှမှောင်မည်းနေသော တောင်ကြားကို ပြန်ကြည့်လိုက်သည်။ သူမ၏ကျဉ်းမြောင်းသော မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာ၏။
တာအိုဆရာ နှစ်ပါးသည် ချင်ကျိုးနယ်မြေ၏ အားကောင်းသော မျိုးဆက်ဟောင်းများ ဖြစ်ကြပြီး ကျန်းချန်ယွင် နှင့် မတိမ်းမယိမ်းရှိသော ပညာရှင်များဖြစ်ပေသည်။
သူတို့၏အကူအညီဖြင့် အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းအဆင့် နတ်ဆိုးကို မနိုင်လျှင်ပင် ရုပမပျက်ဆင်းပျက်တော့ ရှုံးနိမ့်မည်မဟုတ်ပေ။
နောက်တစ်ခဏတွင် သူတို့သုံးဦးစလုံးသည် ကျောက်စိမ်းရောင်ရေကန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။
ထိုအချိန်မှာပင် စူးရှသော ငှက်အော်သံတစ်သံသည် မှောင်မည်းနေသော တောင်ကြားအတွင်း ပဲ့တင်ထပ်သွားပြီး ကောင်းကင်ကို ဖုံးအုပ်ထားသော စိမ်းပြာရောင်အတောင်ပံကြီးတစ်ခု သူတို့၏ မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာပေသည်။
ဧရာမ အရိပ်ကြီးသည် သူတို့၏ ခန္ဓာကိုယ်များကို လွှမ်းခြုံသွား၏။
အတောင်ပံကြီးသည် ကောင်းကင်ကို ခွဲဖြတ်သော ဓားတစင်းပမာ ရက်စက်စွာ ကန့်လန့်ဖြတ် ရိုက်ခတ်လာပါသည်။
ထိုမျှအံ့အားသင့်ဖွယ် အရှိန်အဟုန်ကို မြင်လိုက်ရသောအခါ တာအိုဆရာ နှစ်ပါးသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ခြေဖြားများဖြင့် မြေကြီးကို ဖွဖွလေးတို့လိုက်ပြီ အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လေပေါ်သို့ ခုန်တက်ကာ ရှောင်တိမ်းလိုက်ကြလေ၏။
ထို့နောက် ဓားလက်ဟန်ဖြင့် တည့်တည့် ထိုးလိုက်ကြသည်။
အမိန့်ပေးလိုက်သကဲ့သို့ပင် ကြီးမားသော တာအိုဓား အရိပ်နှစ်ခုသည် ရုတ်တရက် ပျံထွက်သွားပြီး ပတ်ဝန်းကျင်ကိုပင် ပုံပျက်သွားစေလောက်အောင် လျင်မြန်လှပေ၏။
ဧရာမ အတောင်ပံကြီးသည် လေထုကို ဖြတ်သန်းကာ ကြီးမားသောအန္တရာယ်အငွေ့အသက်ဖြင့် ကျောက်နံရံကို တို့ဖူးပမာ လှီးဖြတ်သွားပါသည်။
ဝုန်း
ပေပေါင်း ဒါဇင်များစွာ မြင့်မားသော ချောက်ကမ်းပါးပေါ်တွင် ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး အပေါ်ပိုင်းတစ်ခုလုံး ရုတ်တရက် ပြိုကျလာသည်။ တစ်ခဏမျှ တောင်ကြားတစ်ခုလုံး တုန်ခါသွားလေ၏။
ထိုအချိန်တွင် တာအိုဓား အရိပ်နှစ်ခုသည် စိမ်းပြာရောင် အတောင်ပံထဲသို့ ပြင်းထန်စွာ ထိုးစိုက်ဝင်ရောက်သွားခဲ့၏။ အမွှေးတောင်များ နေရာအနှံ့ လွင့်ပျံသွားပြီး စူးရှသော သတ္တုချင်းရိုက်ခတ်သံ ထွက်ပေါ်လာပါသည်။
တာအိုဆရာ ချွင်းယန်သည် ညာဘက် ဓားလက်ဟန်ကို ရင်ဘတ်ရှေ့တွင်ထားပြီး ဘယ်လက်ဖဝါးဖြင့် ညာဘက် လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားပေသည်။ သူ့ဝတ်ရုံလက်စများ တဖျပ်ဖျပ်လှုပ်ခတ်နေပြီး လက်မောင်းနှစ်ဖက်လုံး အနည်းငယ် တုန်ယင်နေခဲ့၏။
“သန်မာလိုက်တဲ့ နတ်ဆိုးခန္ဓာကိုယ်ပါလား”
“ဒီတာအိုဆရာအတွက် ဝင်ခုတ်ပေးစမ်း”
တာအိုဆရာ ချင်းကျင့်သည်လည်း ယခင်က ဖော်ရွေသော အမူအရာပျောက်ဆုံးသွားပြီး ဆံပင်ဖြူနှင့် လူငယ်မျက်နှာပေါ်တွင် ရက်စက်သော အမူအရာ ပေါ်လာပါသည်။
စူးရှသော အသံနှင့်အတူ တာအိုဓား အရိပ်နှစ်ခုသည် နောက်ဆုံးတွင် အတောင်ပံကို ဖောက်ထွက်သွားပြီး နှစ်ပေခန့် မြင့်သော သွေးစီးကြောင်းများ ပန်းထွက်လာကာ ကျောက်စိမ်းရောင် ရေကန်ကို အနီရောင် မြူခိုးများဖြင့် ဖုံးလွှမ်းသွားစေသည်။
“ဂစ်အ်..ဂစ်အ်..ဂစ်အ်” (ဤအသံအား လက်ညိုးတစ်ချောင်းလုံးလည်ချောင်းထဲသွင်းပြီး အသံပြုစမ်းလုပ်ကြည့်နိုင်သည် ^.^)
နာကျင်မှုကြောင့် စူးရှသော ငှက်အော်သံ ထပ်မံ ထွက်ပေါ်လာ၏။
ထိုအချိန်တွင် ဝတ်ရုံရှည်နှင့် ပုံရိပ်တစ်ခုသည် သစ်သားအိမ်ဘေးသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ရှောင်ချမ်ဝေ၏မျက်လုံးများ အေးစက်နေပြီး မြေပြင်ပေါ်ရှိ ဝတ်ရုံဖြူနှင့် အဘိုးအိုကို လေပေါ်မှ တိုက်ခိုက်လိုက်သည်။ ဧရာမ အတောင်ပံကြီးသည် သူ့ညာလက်မောင်းမှ ပြောင်းလဲထားခြင်းပင်။
ပြင်းထန်သော စွမ်းအားများပါဝင်နေသည့် သူမ၏ လက်ဖဝါးများသည် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဘုန်း
အဘွားအိုသည် သူမ၏အစ်ကိုရှေ့တွင် ဝင်ပိတ်လိုက်ပြီး လက်ဖဝါးရိုက်ချက်ကို အပြည့်အဝ ခံယူလိုက်ရာ ကုန်းကွနေသော ခန္ဓာကိုယ် နောက်သို့ ဆက်တိုက် ဆုတ်သွားရပေသည်။
မနည်း ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် သူမ၏ မျက်နှာသည် အလွန် သုန်မှုန်နေလေ၏။
“အကူအညီတွေ ဒီလောက် အများကြီး ခေါ်လာနိုင်တယ်ဆိုတော့ အဲဒီ သူခိုးခေါင်းဆောင်မှာ အဆက်အသွယ် ကောင်းကောင်း ရှိပုံရတယ်... ဒီကိုလာပြီး သေပေးဖို့ မင်းတို့ကို သူဘယ်လောက် ပေးထားလဲ မသိဘူး”
“ချစ်စရာကောင်းလိုက်တဲ့ မိန်းကလေးပဲ”
ခုံကျင်း၏ အပြုံးက ပိုကျယ်ပြန့်လာသည်။ သူသည် လက်မောင်းမှ ခြောက်သွေ့နေသော သွေးများကို သူ့အမွှေးအတောင် ဝတ်ရုံဖြင့် သုတ်လိုက်ပြီးနောက် အမျိုးသမီး၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ရှေ့တက်လိုက်၏။
“...”
ရှောင်ချမ်ဝေသည် အသက်ရှူနှုန်းကို ထိန်းညှိလိုက်လေ၏။ ပတ်တီးစည်းထားသော လက်ကောက်ဝတ်ဒဏ်ရာသည် ပြန်ပွင့်မည့် လက္ခဏာပြနေသော်လည်း သူမ၏လက်ဖဝါးတွင် စွမ်းအားများ ရှိနေဆဲပင်။
ထင်ယန်စီရင်စုရှိ အခြားအင်အားစုများသာ ဤစကားများကို ကြားလျှင် အခြေအနေကို ရှင်းပြပြီး နားလည်မှုလွဲမှားခြင်းကို ဖြေရှင်းကြပေလိမ့်မည်။
သို့သော် နတ်ဆိုးနှိမ်နင်းရေးဌာနနှင့် တိမ်ဖြူကျောင်းတော်တို့တော့ နတ်ဆိုးများကို ရှင်းပြလေ့ မရှိကြပေ။
သူမသည် ရှေ့မှ ပုံရိပ်သုံးခုကို ကြည့်ပြီး ချက်ချင်း အကဲဖြတ်လိုက်လေ၏။
အမြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းအဆင့် တစ်ကောင်၊ အမြုတေဖွဲ့စည်းခြင်းအဆင့် တစ်ကောင်နဲ့ ပိုငယ်သော တစ်ကောင်မှာ ကနဦးအမြုတေဖွဲ့စည်းခြင်းအဆင့် ဖြစ်နိုင်တယ်။
အကယ်၍ ဤနတ်ဆိုးသုံးကောင်သာ ချင်ကျိုးနယ်မြေတွင် ပေါ်လာပါက ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် လိုအပ်လိမ့်မည်။
ထိုအချက်ကို တွေးမိသောအခါ ရှောင်ချမ်ဝေသည် ပြိုင်ဘက်ကို အသက်ရှူချိန် ထပ်မပေးရဲတော့ဘဲ လက်ဖဝါးဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။
သို့သော် သူမ မမျှော်လင့်ထားသည်မှာ အစောပိုင်းက ဓားမူလအနှစ်သာရ အရိပ်နှစ်ခုကြောင့် ဒေါသထွက်သွားပုံရပြီး အဘိုးအို၏ကန့်လန့်ဖြတ် ရိုက်ခတ်လာသော ဧရာမ အတောင်ပံကြီးပေါ်တွင် ထင်ရှားလှသော အစိမ်းရောင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာခြင်းပင်။
၎င်းသည် အခြား အမွှေးတောင်များကြားတွင် ဝှက်ထားသော အစိမ်းရောင် အမွှေးတောင် တစ်ချောင်းပင်။
၎င်း လင်းလက်လာသည့် ခဏတွင် မမြင်ရသော လှိုင်းတစ်ခုလေထုထဲသို့ ပျံ့နှံ့သွားသကဲ့သို့ ဖြစ်သွား၏။ လှိုင်းသည် တာအိုဓား အရိပ်ကို ထိသောအခါ အသံမထွက်ဘဲ တာအိုဓားသည် လျှင်မြန်စွာကွဲကြေသွားပြီး စွမ်းအားအဖြစ် ပြန်ပြောင်းကာ ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားပေသည်။
အဘွားအိုက ညာလက်မောင်းကို ဆန့်ထုတ်လိုက်ရာ အနီရောင် အမွှေးတောင် တစ်ချောင်း ပေါ်လာလေ၏။
နူးညံ့သော အနီရောင်အလင်းတန်း ထွက်ပေါ်လာသည်နှင့် တာအိုဓား ထိုးဖောက်ခဲ့သော အဘိုးအို၏ အတောင်ပံပေါ်ရှိ ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးသည် မျက်စိတစ်မှိတ်အတွင်း မူလအခြေအနေအတိုင်း ပြန်လည် ကောင်းမွန်သွားသည်။
ရှောင်ချမ်ဝေနှင့် နှိုင်းယှဉ်လျှင် တာအိုဆရာ နှစ်ဦး၏တုံ့ပြန်မှုက ပိုမို သိသာထင်ရှားသည်။ သူတို့သည် ပုံသဏ္ဍာန်နှစ်မျိုး ဓားမူလအနှစ်သာရ ကွဲကြေသွားသည်ကို မျက်လုံးပြူးကြည့်နေကြပြီး အသက်ရှူ မြန်လာခဲ့၏။
ထို့အပြင် ခက်ခက်ခဲခဲတိုက်ခိုက်ထားသော ထိုးဖောက်ရာကြီး ပြန်ကောင်းသွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ဓားလက်ဟန်များပင် တုန်ယင်သွားတော့သည်။
“သောက်ကျိုးနည်း... မျိုးရိုးနဲ့ မဟာနတ်ဆိုးကြီးပဲ...”
“ဟားဟားဟား”
ခုံကျင်းက ဤခံစားချက်ကို အလွန် နှစ်သက်ပုံရသည်။ သူ ရုတ်တရက် လက်လှမ်းလိုက်ရာ သူ့လက်မောင်းတစ်ဖက်စီတွင် အမွှေးအတောင်များ လင်းလက်လာလေ၏။ တစ်ဖက်က အစိမ်းရောင်၊ တစ်ဖက်က အနီရောင် ဖြစ်ပြီး တဖျပ်ဖျပ် တောက်ပနေသည်။
“ကျင်းအာ နောက်ဆုတ်”
သူ ရယ်မော၍ မဆုံးခင်မှာပင် အဘိုးအိုက ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်လေ၏။
သူ့စကားဆုံးသည်နှင့် ကောင်းကင်ကို ခွဲဖြတ်နိုင်လောက်သော ထက်ရှသည့် အရှိန်အဝါတစ်ခုသည် ဤနေရာကို ချိန်ရွယ်ထားပြီး ဖြစ်ရာ လူတိုင်း၏ အကြည့်ကို ဆွဲဆောင်သွားပေသည်။
တခြားတစ်ဖက်ရှိ တောင်ကြား ချောက်ကမ်းပါး အစွန်းတွင်၊ ဆံပင်စုတ်ဖွားနှင့် လူသည် မတ်မတ် ရပ်နေပါသည်။ သူ့မျက်နှာသည် ပိန်လှီနေပြီး လက်ထဲတွင် တောက်ပသော နတ်ဘုရားလေးကို ကိုင်ဆောင်ထားခဲ့၏။ အခြားလက်တစ်ဖက်ဖြင့် လေးကြိုးကို ဖြည်းညှင်းစွာ ဆွဲတင်လိုက်သည်။
သေးသွယ်သော လေးကြိုးသည် တောင်တစ်လုံးပမာ လေးလံနေပုံရပေသည်။
ယန်ရှင်းခုံးသည် ခုံကျင်းကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး သူ့အရှိန်အဝါ တစ်ခုလုံး ပြင်းထန်စွာ ထွက်ပေါ်နေသည်။ သူ့လက်မောင်းများပေါ်တွင် သွေးကြောများ ဖောင်းကြွလာပြီး အရေပြားများ စုတ်ပြဲကာ ပန်းထွက်လာသော သွေးများက သူ့အဝတ်အစားများကို ချက်ချင်း စိုရွှဲသွားစေ၏။
လေးကို လေးပုံတစ်ပုံနှင့် တစ်ဝက်ခန့် ဆွဲတင်လိုက်သည်။
မူလက လေးကိုင်းကို ခြေထောက်ဖြင့် ကန်ထားရန် ရည်ရွယ်ခဲ့သော်လည်း ကံဆိုးစွာဖြင့် သူ့ညာဘက်ခြေထောက်သည် ခံစားနိုင်စွမ်းလုံးဝ မရှိတော့ပေ။(ရှန်းယီ အကြောပိတ်ထား)
သူသည် လေးကြိုးကို လက်ဖဝါးဖြင့် ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်သည်။ မျက်နှာထား ပိုမို ရှုံ့မဲ့လာပြီး နောက်ဆုံးတွင် လေးကြိုးကို အနည်းငယ် ထပ်မံ ဆွဲတင်လိုက်လေ၏။
သူ့ဆံပင်များ လေထဲတွင် ဝဲပျံနေပြီး လေးသည် လခြမ်းပုံစံ ဖြစ်သွားခဲ့သည်။
တောက်ပသော အဖြူရောင်အလင်းသည် လေးရှည်ကြီးပေါ်တွင် စုစည်းလာသည်။ သူသည် ခုံကျင်းကို စိုက်ကြည့်နေသော်လည်း မြားဦးသည် အဘိုးအိုထံ တွန့်ဆုတ်ခြင်းမရှိဘဲ ချိန်ရွယ်ထားလိုက်လေ၏။