ပြောင်းလဲသွားသော အစ်မ (1)
Vol. 37 Ch. 361
သူမက တံခါးကို ဖွင့်ပြီး ဝင်လာခဲ့ကာ မိဘများ၏ အံ့ဩနေသော မျက်နှာများကို မြင်လိုက်ရချိန်တွင် စနောက်နေခဲ့သေးသည်။
‘ဘာလဲ? သမီးအိမ်ပြန်လာတာကို ဒီလောက်အံ့ဩသွားတာလား?’
မိခင်ဖြစ်သူမှာ ဝမ်းလည်းသာ၊ ဒေါသလည်း ထွက်ခဲ့ရသည်။
ယမန်နေ့မှ ဖုန်းခေါ်ဆိုမှုအကြောင်း ပြောပြချိန်တွင် အစ်မဖြစ်သူကအတော်လေး အံ့အားသင့်သွားပုံပေါ်သည်။ သူမသည်က ထိုဖုန်းကို မဖြေခဲ့ဖူးသကဲ့သို့ မိခင်ဖြစ်သူကိုလည်း ဘယ်သောအခါမျှ ထိုသို့ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုမည်မဟုတ်ကြောင်း ပြောလာခဲ့သည်။
သို့သော် ဖုန်းထဲမှ မှတ်တမ်းများကို ပြန်ကြည့်လိုက်ချိန်တွင် အမှန်တကယ်လည်း တစ်မိနစ်ကျော်ကြာသည့် ဖုန်းခေါ်ဆိုမှုတစ်ခု ရှိနေခဲ့သည်။
ထိုအချိန်ထိ မိသားစုဝင်များ၏ စိတ်ထဲတွင် ထူးဆန်းသည်ဟု မထင်မိကြသေးပေ။
မိဘများသည်က သမီးဖြစ်သူအား ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် သမီးအား မမြင်ရသည်မှာ တစ်လ၊နှစ်လခန့် ရှိပြီဖြစ်သောကြောင့် စိတ်မကောင်းဖြစ်နေခဲ့ကြသည်။
အစ်မဖြစ်သူသည် ပို၍ပင် ပိန်ချုံးလာခဲ့ပြီး သူမမျက်နှာပေါ်တွင်လည်း ပင်ပန်းမှုများ အတိုင်းသားပင်။
ညစာစားပွဲတွင် အစ်မဖြစ်သူက ရုတ်တရက် အသံတိတ်သွားခဲ့ပြီးနောက် အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့ပြန်သည်။
အစ်မဖြစ်သူအနေဖြင့် ငယ်စဉ်ဘဝကတည်းက ဝက်ခြေထောက်အား အင်မတန်နှစ်သက်သူဖြစ်သည်။
သူမ ပြန်လာမည်ဟု ကြိုသိမထားသော်လည်း မိခင်ဖြစ်သူက သမီးအကြိုက်ဟင်းလျာများ ချက်ပြုတ်ထားခဲ့သည်။
ယခင်ထက် ပို၍ပင် ပိန်ပါးနေသော သမီးအား မြင်ရချိန်၌ ခင်ပွန်းသည်၏ မိသားစုတွင် နေထိုင်ရသည်မှာ အဆင်မပြေကြောင်းကို သိကာ ပို၍ပင်စိတ်မကောင်းဖြစ်လာရသည်။
ထို့အပြင် ကလေးများက ညစာစားပွဲတွင် အင်မတန် ဆူညံနေကြသည်။
အစားကို ကောင်းကောင်းမစားသည့်အပြင် အစ်မဖြစ်သူ ခွံ့ကျွေးနေသော ဆန်ပြုတ်ကိုလည်း သူမပေါ်သို့ ပြန်အန်ထုတ်ခဲ့သည်။
သမီးဖြစ်သူ၏ စိတ်ဓာတ်ကျနေသော မျက်နှာအား မြင်ရပြီးနောက် မိဘနှစ်ပါးလည်း ဤဆိုးသွမ်းလှသော မြေးဖြစ်သူအား အနည်းငယ်စိတ်ဆိုးမိကြသည်။
သူတို့က မြေးဖြစ်သူအား အနည်းငယ်ဆူလိုက်ပြီးနောက် အစ်မဖြစ်သူကိုလည်း အေးဆေး စားသောက်ရန် ပြောလိုက်သည်။
သို့ရာတွင် မိဘနှစ်ပါးက သမီးဖြစ်သူ၏ ပန်းကန်တွင်းသို့ ဝက်ခြေထောက်ထည့်ပေးလိုက်ချိန်တွင် အစ်မဖြစ်သူက ဒေါသတကြီးဖြင့် ထိုပန်းကန်အား မှောက်ချပစ်လိုက်မည်ဟု တစ်မိသားစုလုံး ထင်မထားခဲ့ကြပေ။
သူမက သုန်မှုန်နေသော မျက်နှာဖြင့် မိဘနှစ်ပါးကို စူးစိုက်ကြည့်လိုက်ပြီးနောက် သူမ ဝက်ခြေထောက်စားရသည်ကို မနှစ်မျို့ကြောင်း အော်ဟစ်ပြောဆိုခဲ့သည်။
“ဘာကိစ္စ အန်းအန်းကို ဆူရတာလဲ? ရှင်တို့တွေက ဘာကိစ္စနဲ့ ကျွန်မသားကို ဆူနေရတာလဲ?”
ထိုအချိန်တွင် သူမ၏ မျက်လုံးများက မိဘဆွေမျိုးများကို ကြည့်နေသည့်အကြည့်မဟုတ်။ ရန်သူအား ကြည့်နေသကဲ့သို့ မုန်းတီးမှုအပြည့်ဖြင့် မျက်ဝန်းများဖြစ်သည်။
ထိုအချိန်တွင် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’နှင့် မိဘနှစ်ပါးလုံး သမီးဖြစ်သူတွင် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။
အချိန်မကြာလိုက်၊ အစ်မဖြစ်သူက ထမင်းစားပွဲမှ ရုတ်တရက်လန့်နိုးလာသကဲ့သို့ဖြစ်ကာ သူမ ဘာတွေပြောခဲ့သည်၊ ဘာတွေလုပ်ခဲ့မိသည်ကို လုံးဝမမှတ်မိတော့ချေ။
မိဘများအပေါ် ရိုင်းပြစွာ ဆက်ဆံမိကြောင်း သိလိုက်ရချိန်တွင် သူမ ငိုယို၍ ဆက်တိုက်တောင်းပန်နေခဲ့ရှာသည်။
ယခုအချိန်တွင် အင်မတန်ဖိအားများနေကြောင်း၊ ကျန်းမာရေးမှာလည်း ချူချာ၍ ညဆိုလျှင်လည်း ကောင်းစွာ မအိပ်စက်နိုင်ကြောင်း ဝန်ခံလာခဲ့သည်။
သေချာဂရုတစိုက် မေးမြန်းပြီးချိန်တွင် မိဘနှစ်ပါးက သမီးဖြစ်သူမှာ ယခုရက်ပိုင်းအတွင်း အိပ်မက်ဆိုးများ မက်နေခဲ့ကြောင်း၊ တစ်ခါတစ်ရံတွင် တစ်ညလုံးမှ သုံး၊လေးနာရီခန့်သာ အိပ်ပျော်သည်ဆိုသော အကြောင်းများကိုသိခဲ့ရသည်။
ထို့အပြင် သူမ၏ အိပ်မက်ထဲတွင် ဒေါသတကြီးမျက်နှာဖြင့် ဒွါရကိုးပေါက်လုံးမှ သွေးများ စီးကျနေသော အမျိုးသမီးတစ်ဦးအား မြင်တွေ့နေရသည်။ ထိုမိန်းမက သူမအား အိပ်မက်ထဲတွင် စိုက်ကြည့်နေခဲ့ပြီး ထိုပုံရိပ်သည်လည်း တနေ့တခြား ထင်ရှားလာခဲ့သည်။
အစ်မဖြစ်သူအနေဖြင့် သူမက မကောင်းသော အရာတစ်ခုခုနှင့် ကြုံခဲ့ရသည်ဟုပင်ထင်မြင်မိနေခဲ့သည်။
သို့သော်လည်း သူမကိုယ် သူမလည်း မသေချာခဲ့ပေ။ ထို့အပြင် ယောက္ခမဖြစ်သူတွင် အကြားအမြင်ဟောပြောနိုင်သော ဆွေမျိုးရှိသောကြောင့် စစ်ဆေးကြည့်ရာတွင်လည်း ပြဿနာမရှိကြောင်းသာ ဆိုလာခဲ့သည်။
ထို့ကြောင့်လည်း အိပ်ရေးပျက်သောကြောင့် ကယောင်ခြောက်ခြားဖြစ်သည်ဟုသာ ထင်ခဲ့မိသည်။
သို့သော် မိခင်နှင့် သားသမီးတို့သည်က သွေးချင်းဆက်နေသည်။ သမီးဖြစ်သူ၏ စကားကို နားထောင်ပြီးနောက် မကောင်းသည့်အရာတစ်ခုခု၏ ဖမ်းစားခြင်းခံနေရပြီး စိတ်အခြေအနေ အပြောင်းအလဲမြန်နေရသည်ဟုသာ မိခင်ဖြစ်သူ ယုံကြည်ခဲ့သည်။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ မှာ ဝိဉာဉ်ရေးရာအစီအစဉ်၏ အကြီးစားပရိတ်သတ်တစ်ဦးဖြစ်ပေသည်။
အစ်မဖြစ်သူတွင် ထိုကဲ့သို့ ကိစ္စမျိုး ကြုံနေရကြောင်း သိလိုက်ရသည်နှင့် သူ၏ ပထမဆုံးအတွေးမှာ ပရိုဂရမ်အဖွဲ့ထံ အကူအညီတောင်းရန်ဖြစ်သည်။သတ္ထမမြောက်တိုက်ရိုက်ထုတ်လွှင့်ခြင်းစတင်သည့် နေ့တွင်လည်း သူ စာပို့ခဲ့သည်။ သို့သော် ထိုအချိန်က မှတ်ချက်များ များပြားလွန်းသောကြောင့် ကုကျစ်စုန့် သူ၏ မှတ်ချက်အား မမြင်တွေ့နိုင်ခဲ့သောကြောင့် အရွေးချယ်မခံခဲ့ရပါချေ။
သူ အနည်းငယ်စိတ်ညစ်သွားသော်လည်း အစီအစဉ်၏ သီးသန့်ပရိုဂရမ်တွင် ရွေးချယ်ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ ရှင်းပြချက်အား နားထောင်ပြီးနောက် ကုကျစ်စုန့်မေးလိုက်သည်။
“အဲဒီအစ်မရဲ့ အခုတလောရိုက်ထားတဲ့ ဓာတ်ပုံရှိလား? သူ့ရဲ့ မွေးနေ့လည်း ပြောပေးပါ”
“ရှိပါတယ်!”
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’မှ ကုကျစ်စုန့်ထံသို့ ဓာတ်ပုံတစ်ပုံနှင့် အစ်မဖြစ်သူ၏ မွေးနေ့ကိုပါ ပို့လာခဲ့သည်။
တစ်ဖက်လူ၏ ဓာတ်ပုံကို ကြည့်ပြီးနောက် ကုကျစ်စုန့် ပထမဆုံးသတိထားမိသည်မှာ ထိုအမျိုးသမီးသည် အင်မတန်ပိန်ပါးလှသည်။
ဓာတ်ပုံသည်က အဖွဲ့လိုက်ပုံဖြစ်သည်။
အမျိုးသမီးသည် ကလေးငယ်အား ချီပိုးထား၍ ဓာတ်ပုံထဲတွင် ချောင်ကျနေသော ပါးပြင်၊ ချိုင့်ခွက်နေသော မျက်လုံးတို့ပြင် အားလျော့စွာ ပြုံးနေခဲ့သည်။
သူမဘေးမှ လူများနှင့် ယှဉ်ပါက သူမသည် သိသိသာသာပင် ပိန်လှီလွန်းလှပေသည်။
ပို၍ ထူးဆန်းသည်မှာ ဓာတ်ပုံထဲမှ အမျိုးသမီးအား မည်မျှကြာကြာ စိုက်ကြည့်ပါစေ ထိုအမျိုးသမီး၏ မျက်နှာအား လုံးဝ မမှတ်မိနိုင်ပေ။
သူမ၏ မျက်နှာပေါ်မှ မျက်နှာကျပုံစံများ၊ အရေးအကြောင်းများဖြစ်စေ၊ အသွင်အပြင်ဖြစ်စေ သူမတွင် မှတ်သားထားနိုင်လောက်သည့် နေရာတစ်ခုမျှ မရှိခြင်းပင်။
ကုကျစ်စုန့် သေချာစဉ်းစားနေခဲ့ပြီးနောက် ကင်မရာသို့ ကြည့်ကာ ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ကို မေးလိုက်သည်။
“ရှင့်မှာ အဲ့ဒီအစ်မရဲ့ အရင်တုန်းက ဓာတ်ပုံရောရှိလား? လတ်တလောရိုက်ထားတာမျိုး မဟုတ်ရင် ပိုကောင်းတယ်”
ခေတ္တမျှ စဉ်းစားပြီးနောက် သူမ ထပ်ဖြည့်ပြောလိုက်သည်။
“အဲဒီအစ်မ အိမ်ထောင်မကျသေးခင်က ပုံရှိရင် ပို့ပေးပါ”
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’လည်း အနည်းငယ်အံ့ဩသွားသည်။
“ရှိပါတယ်.. ဒါပေမဲ့ အဲဒါက အယ်ဘမ်အဟောင်းတွေထဲမှာဆိုတော့ ရှာတော့ ရှာရဦးမယ်.. ခဏလောက် စောင့်ပေးပါဦး”
ထို့နောက် လူငယ်လေးက ထ၍ အိမ်အတွင်း လှည့်ပတ်ရှာဖွေနေခဲ့သည်။
အဆုံးတွင်တော့ ဧည့်ခန်းတွင်းမှ ဘီရိုတစ်ခုထဲတွင် အယ်လ်ဘမ်အဟောင်းတစ်ခုအား ရှာတွေ့နိုင်ခဲ့သည်။
ထိုသို့ ဖွင့်ကြည့်လိုက်ချိန်တွင် အစ်မဖြစ်သူ အိမ်ထောင်မကျမှီက ပုံများအား မြင်လိုက်ရသောကြောင့် ဓာတ်ပုံရိုက်၍ ကုကျစ်စုန့်ထံသို့ ပို့ပေးခဲ့သည်။
ဓာတ်ပုံအသစ်များကို လက်ခံရပြီးနောက် ကုကျစ်စုန့် တစ်ချက်ကြည့်ရုံမျှဖြင့် မျက်ခုံးများ တွန့်ချိုးသွားသည်။
“ရှင်ရော၊ မိဘတွေရော သူမ ဒီနှစ်တွေထဲမှာ တော်တော်လေးကို ရုပ်ပြောင်းသွားတာ သတိမထားမိကြဘူးလား?”
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ထပ်ပို့လိုက်သည့် ဓာတ်ပုံများထဲမှ မိန်းကလေးက တောက်ပစွာ ပြုံးနေခဲ့သည်။ ဝိုင်းစက်နေသော မျက်ဝန်းအစုံ၊ ဖောင်းပြည့်၍ သွေးရောင်လွှမ်းနေသော ပါးမို့မို့များသည် ကလေးချီထားသော မျက်နှာတစ်ခုလုံးချောင်ကျနေသည့် အမျိုးသမီးဖြင့် လားလားမျှ မသက်ဆိုင်ပေ။
စခရင်ပေါ်မှ ကောင်လေးကတော့ ဓာတ်ပုံများကို အကြိမ်ကြိမ်ယှဉ်ကြည့်လိုက်သော်လည်း ပိန်ချုံးသွားသည်မှအပ ထူးခြားမှုကို မတွေ့နိုင်ခဲ့ပေ။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ ခွင့်ပြုချက်ရပြီးနောက် ကုကျစ်စုန့် အစ်မဖြစ်သူ၏ ဓာတ်ပုံနှစ်ပုံအား ပရိတ်သတ်များ မြင်တွေ့နိုင်ရန် ချပြခဲ့သည်။
ထိုပုံနှစ်ပုံကို မြင်ရပြီးချိန်တွင် ကြည့်ရှုသူများကလူတစ်ယောက်တည်း မဖြစ်နိုင်ကြောင်း ကောက်ချက်ချကြသည်။
[ဒီညီမလေးက မကြာသေးခင်ကမှ ဘဲဥပုံမျက်နှာဝိုင်းဝိုင်းနဲ့လေ.. အခုကျတော့ ပါးတွေလည်း ချောင်ကျနေပြီး မျက်လုံးကလည်း နည်းနည်း ရှည်ရှည်သွယ်သွယ်ပုံစံဖြစ်သွားတယ်
မသိရင် ပလတ်စတစ်ဆာဂျရီလုပ်လိုက်သလိုပဲ ဒါက တစ်ယောက်တည်းလို့သာ ကြိုမပြောထားရင် ငါတော့ မှတ်တောင် မှတ်မိမှာမဟုတ်ဘူး]
[ပြောင်းလဲချက်က လွန်လွန်းပါတယ်.. ဒါက မတူတဲ့နှစ်ယောက်မဟုတ်ဘူးလား? ပြီးတော့ စိတ်နေစိတ်ထားလည်း တူမယ်မထင်ဘူးနော်]
ကြည့်ရှုသူများ၏ မှတ်ချက်ကို မြင်ရပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’လည်း အစ်မဖြစ်သူ၏ ဓာတ်ပုံအား ထပ်ခါထပ်ခါ ကြည့်လိုက်ပြန်သည်။
သေသေချာချာယှဉ်ကြည့်လိုက်ပြီးနောက် အမှန်ပင် အစ်မ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားကြောင်း သတိထားမိလိုက်သည်။
ဤမျှ သိသိသာသာ ပြောင်းလဲသွားသည်ကို သူရော၊ မိဘများပါ တစ်ကြိမ်မျှ သတိမထားမိခဲ့ကြပါချေ။
မည်သို့ပင် ကြည့်ပါစေ ဤအရာက အလွန်ပင်ထူးခြားလွန်းလှသည်။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ မျက်လုံးကို ပွတ်၍ ဓာတ်ပုံတစ်ပုံချင်းစီကို ပြန်ကြည့်လိုက်သော်လည်း နောက်ဆုံးမိသားစုနှင့် ရိုက်ထားသည့် ဓာတ်ပုံမှ အမျိုးသမီးက သူ့အစ်မမဖြစ်နိုင်ဟုသာ ခံစားမိနေသည်။
သူ စိတ်ပူပန်စွာဖြင့် မေးလိုက်မိသည်။
“စုန့်စုန့် ဘာတွေဖြစ်နေတာလဲဟင်? ကျွန်တော် ဘာလို့ ကိုယ့်အစ်မကိုတောင် မမှတ်မိသလိုဖြစ်နေရတာလဲ?”
“ရှင့်အစ်မရဲ့ မျက်နှာကို အရင်ကြည့်လိုက်ရအောင်”သူမ ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ အစ်မဖြစ်သူမျက်နှာအား ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လေသည်။ ခေတ္တမျှ ကြာပြီးနောက် ကုကျစ်စုန့် စကားပြန်စသည်။
“ရှင့်ရဲ့ အစ်မက ဒီနှစ်ဆိုရင် ၃၅နှစ်ရှိပြီ.. ရှင့်ထက် ၁၁နှစ်ကြီးတယ်.. သူက အိမ်ထောင်ကျတာ ၆နှစ်လောက် ရှိပြီ ခင်ပွန်းနဲ့ ၄နှစ်အရွယ် သားတစ်ယောက်ရှိတယ်”
“ရှင်တို့နှစ်ယောက်ရဲ့ မျက်နှာအရဆိုရင် မိသားစုက စီးပွားရေးအဆင်ပြေတယ်.. ကျိကျိတက်ချမ်းသာတာမျိုး မဟုတ်ပေမဲ့ ငယ်ငယ်ကတည်းက အစားအသောက်၊ အဝတ်အစားအတွက် စိတ်ပူပန်ရတာမျိုး မရှိခဲ့ဘူး”