ပြောင်းလဲသွားသောအစ်မ (2)
Vol. 37 Ch. 362
“ရှင့်အစ်မရဲ့ ရွှေ့ပြောင်းခြင်းနန်းတော်အရ အဲဒီနေရာက ပွင့်လင်းတောက်ပပြီးတော့ အနှောင့်အယှက်လည်း ကင်းတယ်..
အဓိပ္ပာယ်က ရှင့်ရဲ့ အစ်မက စိတ်သဘောထားကြီးတယ်၊ ဆုံးဖြတ်ချက်ခိုင်မာတယ်.. တစ်ချိန်တည်းမှာပဲ သူ့ရဲ့ နှာခေါင်းက ဖြောင့်စင်းနေပြီး မျက်ခုံးတွေကလည်း စတိုင်ကျပြီး ရှင်းလင်းနေတယ်
ဆိုလိုတာက သူက စိတ်ဓာတ်ခိုင်မာတယ်၊ ယုံကြည်မှုရော၊ ရည်မှန်းချက်ရော ခိုင်မာတယ်.. သူက အလုပ်အကိုင်ကောင်းကောင်းရချင်ပြီး ကိုယ့်ကိုကိုယ်လည်း စည်းကမ်းရှိတယ်
အတိုပြောရရင် ဒီအမျိုးသမီးက အလုပ်အကိုင်ကို ဂရုစိုက်တဲ့ လူမျိုးပဲ”
ရုပ်လက္ခဏာဗေဒတွင် ‘ရှင်းလင်းသော မျက်ခုံးများ’ဆိုသည့် အဆိုလည်းရှိသည်။
အဓိပ္ပာယ်မှာ မျက်ခုံးမွှေးသည်က နည်းပါး၍ ကျဲနေသည်မဟုတ်၊ ထူထဲသော်လည်း ရှုပ်ပွမနေခြင်းကို ဆိုလို၍ မျက်ခုံးတစ်ခုချင်းစီမှာလည်း ထင်ရှားသည်။
ထိုကဲ့သို့သော အမျိုးသမီးများမှာ အလုပ်အကိုင်တွင် ထူးချွန်အောင်မြင်တတ်ကြသည်။
“ကျွန်မသာ မမှားဘူးဆိုရင် ရှင့်အစ်မက သင်ယူလေ့လာနိုင်စွမ်းလည်း အားကောင်းတယ်.. သူက ငယ်ငယ်လေးကတည်းက ကျောင်းမှာဆိုလည်း ထိပ်တန်းကျောင်းသားစာရင်းဝင်ပြီး ပညာရေးနဲ့ ဆိုင်ရာ ဆုတွေလည်း ရထားခဲ့တယ်.. အခုလည်း သူက သူ့အရည်အချင်းနဲ့သူ ကုမ္ပဏီတစ်ခုမှာ စီနီယာအမှုဆောင်ရာထူး ရထားတာပဲ”
“သူ့ရဲ့ နဖူးပေါ်က မိဘနန်းတော်က နည်းနည်းပိတ်နေတယ်.. ဆိုလိုတာက မိဘတွေက စည်းကမ်းကြပ်တယ်၊ အတွေးအခေါ်က နည်းနည်းရှေးဆန်တယ်
သူတို့ကြားမှာ အတွေးအခေါ်မတူလို့ တော်တော်ကြာ ကတောက်ကဆ ဖြစ်ခဲ့ဖူးတာပဲ အိမ်ထောင်ရေးနဲ့ ကလေးယူတာတို့နဲ့ ပတ်သတ်တာကြောင့် ဖြစ်လိမ့်မယ်”
ထို့အပြင် ကုကျစ်စုန့်အနေဖြင့် ထိုအမျိုးသမီးနှင့် ခင်ပွန်းသည်တို့ကြားမှ အိမ်ထောင်ရေးလမ်းကြောင်းကိုလည်း မြင်တွေ့နေခဲ့ရသည်။
သူမ၏ ထိမ်းမြားခြင်းနန်းတော်သည် စတုတ္ထမြောက်အိမ်သို့ ဝင်ရောက်သွားသောကြောင့် ဤအိမ်ထောင်ရေးက တစ်ဖက်မှ အရင်မိတ်ဆက်လာခြင်းဖြစ်ကြောင်း သိနိုင်သည်။
လက်ရှိခင်ပွန်းနှင့် တွေ့ဆုံပြီး နှစ်ဝက်ပင် မပြည့်သေးခင်အချိန်တွင် လက်ထပ်ထိမ်းမြားခဲ့ခြင်းဖြစ်သည်။
သို့သော် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ အစ်မဖြစ်သူသည် အိမ်ထောင်ရေးအဆင်မပြေခဲ့ပေ။ ခင်ပွန်းဖြစ်သူနှင့်လည်း အသေးအမွှားကိစ္စများဖြင့် မကြာခဏ စကားများခဲ့ရသည်။
ထိုစကားကြားရပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’လည်း အံ့ဩတကြီး ခေါင်းငြိမ့်သည်။ ကုကျစ်စုန့်၏ တွက်ချက်မှုများသည် အစ်မဖြစ်သူ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များနှင့် တစ်ထပ်တည်းပင်။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ခေါင်းကုတ်ရင်း ပြောလိုက်သည်။
“အစ်မက တကယ်တော့ အရမ်းကို တော်တာပါ.. သူက တက္ကသိုလ်ကောင်းတစ်ခုကနေ ဒေါက်တာဘွဲ့ပါ ရထားတာလေ..
အမေကဆို အမြဲပြောတယ် အိမ်မှာ ထိပ်တန်းကျောင်းသားတစ်ယောက်နဲ့ အောက်ခြေကျောင်းသားတစ်ယောက် ရှိတယ်ဆိုပြီး အမြဲဂုဏ်ယူနေတတ်တာ
အစ်မက အလုပ်အကိုင်မှာရော၊ ပညာရေးမှာရော ထိပ်ဆုံးမှာပဲ.. ဒါပေမဲ့ အချစ်ရေးက ကံမကောင်းရှာဘူး
သူနဲ့ အကြာကြီးတွဲလာတဲ့ ချစ်သူက ဖောက်ပြန်နေတာကို မိလိုက်တယ်.. အစ်မဘက်ကနေ အရင်လမ်းခွဲလိုက်ပြီး နောက်တော့ အချစ်ကိုလည်း မယုံတော့ဘူး
နောက်ထပ် ရည်းစားလည်းမထား၊ အိမ်ထောင်ပြုဖို့လည်း စကားကို မစတော့တာ အသက် ၂၉နှစ်ထိပဲ”
“အစ်မက အဲလိုမျိုး အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိတာသိတော့ မိဘတွေက စိတ်ပူကြတယ်လေ”
“အဖေနဲ့ အမေက အခုထိ ရှေးရိုးဆန်ဆန်ပဲ တွေးကြတုန်းပဲ.. အစ်မက single အနေနဲ့ပဲ နေပြီး ကလေးယူဖို့ စိတ်ကူးမရှိတော့ဘူးဆိုတာလည်း သိရော ခါးခါးသီးသီး ငြင်းတော့တာပဲ
လူတစ်ယောက်က မိသားစုမရှိ၊ ကလေးမရှိတာ မဖြစ်သင့်ဘူးတို့ ဘာတို့ပေါ့”
“အစ်မက အသက် ၃၀တောင် ပြည့်တော့မယ်.. ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် ရွေးချယ်စရာလူရှိမှာမဟုတ်ဘူး တစ်သက်လုံး အထီးကျန်သွားရမှာဆိုပြီး သူတို့တွေးနေခဲ့ကြတာ”
“ဒါနဲ့ပဲ မိဘတွေက အောင်သွယ်တော်တွေ၊ သူတို့သိတဲ့ သူငယ်ချင်းတွေကို မေးမြန်းပြီး အခုလက်ရှိ ယောက်ဖနဲ့ ဆုံတွေ့တာပါပဲ.. နောက်တော့ ယောက်ဖတို့ရဲ့မိသားစုနဲ့ အတူညှိနှိုင်းပြီး လူငယ်ချင်း အရင်တွေ့ကြည့်ခိုင်းခဲ့တာ”
တိုက်ဆိုင်စွာပင် သူ ယောက်ဖနှင့် အစ်မဖြစ်သူတို့သည် အသက်ချင်းလည်း နိးစပ်ကာ အခြေအနေချင်းလည်း တူညီကြသည်။
နှစ်ဦးလုံးသည်က အသက် ၃၀ပြည့်ခါနီးဖြစ်၍ အောင်မြင်သော အလုပ်အကိုင်ရှိကြသော်လည်း အိမ်ထောင်မပြုကြသေးပေ။
မိသားစုနှစ်ခုလုံးကလည်း ပညာရေးအဆင့်တူ၊ အလုပ်အကိုင်အဆင့်တူသောကြောင့် ‘လိုက်ဖက်သည့် စုံတွဲ’ဟု သတ်မှတ်ခဲ့ကြသည်။
မိဘများကလည်း အင်မတန်သဘောကျသောကြောင့် သူတို့နှစ်ဦးအား အမြန်ဆုံးလက်ထပ်ရန် တိုက်တွန်းခဲ့ကြသည်။
စတွေ့ချိန်မှ အိမ်ထောင်ကျသည့်အချိန်ထိ အစ်မနှင့် ယောက်ဖတို့ တစ်ဦးနှင့်တစ်ဦး သိသည်မှာ နှစ်ဝက်ပင် မပြည့်ခဲ့ပါချေ။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ မျက်လုံးထဲတွင်တော့ နှစ်ဝက်ခန့်သာ တွေ့ဆုံပြီး အိမ်ထောင်ကျခြင်းသည်က အလျင်လိုလွန်းသည်ဟု တွေးမိသည်။
သို့သော် နှစ်ဖက်မိဘဆွေမျိုးများကတော့ အင်မတန် ကျေနပ်အားရနေကြသော်ကြောင့် အစ်မဖြစ်သူထံတွင် ငြင်းဆိုပိုင်ခွင့်ပင် မရှိခဲ့ပေ။လူငယ်တစ်ဦးသာဖြစ်သော ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ စကားမှာလည်း အရေးပါခြင်းမရှိ။ အဆုံးတွင် မင်္ဂလာပွဲဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
လက်ထပ်ပြီးချိန်တွင်လည်း ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’က ယောက်ဖဖြစ်သူ၏ နေအိမ်သို့ မကြာခဏ ရောက်ခဲ့သည်။
ယောက်ဖ၏ မိသားစုဝင်များ၊ လူကြီးများက ခင်မင်ရင်းနှီးရန် ခက်ခဲလှသည်ဟုလည်း အမြဲတွေးမိခဲ့သည်။
အစ်မဖြစ်သူ၏ အလုပ်အကိုင်၊ ဝတ်ပုံစားပုံ၊ တူဖြစ်သူအတွက် အစီအစဉ်ချပုံ မည်သို့ပင် ဖြစ်ပါစေ ယောက္ခမများသည် နေရာတကာ ဝင်ပါလေ့ရှိပြီး အမြဲလိုလို စကားများရသည်။
ထို့အပြင် အစ်မဖြစ်သူ မွေးဖွားလာသော ကလေးငယ်မှာလည်း ဆိုးသွမ်းလွန်းလှသည်။ ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ မြင်ဖူးသမျှ ကလေးများထဲတွင် ဤမျှ စိတ်ဆတ်၍ ရိုင်းစိုင်းဆိုးသွမ်းလှသော ကလေးငယ်မရှိပါချေ။
ကံမကောင်းစွာပင် ယောက်ဖဖြစ်သူ၏ မိသားစုက ထိုမြေးအား အင်မတန် အလိုလိုက်ထားခဲ့သည်။
အစ်မဖြစ်သူမှ ကလေးငယ်အား ဆုံးမရန် ပြင်လိုက်သည်နှင့် ခင်ပွန်းသည်၊ ယောက္ခမတို့သည် သူမအား ကဲ့ရဲ့ အပြစ်တင်ကြသည်။ ထိုကိစ္စများကြောင့်ပင် သူမ ပို၍ ပင်ပန်းရသည်။
ထိုစကားကိုကြားရပြီးနောက် ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်သည်။
“ပင်ပန်းတာ မထူးဆန်းပါဘူး.. ရှင့်အစ်မရဲ့ ခင်ပွန်းသည်က သူမရဲ့ အချစ်စစ်မှ မဟုတ်တာ”
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ နားမလည်နိုင်သော အကြည့်ကြောင့် သူမ စကားဆက်ပြောလိုက်သည်။
“ရှင်လည်း သေသေချာချာသိတာပဲ.. ရှင့်အစ်မ လက်ထပ်ဖို့ သဘောတူလိုက်ရတဲ့ အကြောင်းရင်းက ဘာလို့လဲဆိုတော့ မိဘတွေက အတင်းဖိအားပေးလို့လေ
သူမသာ လက်ထပ်ဖို့ သဘောမတူခဲ့ဘူးဆိုရင် မိဘနှစ်ပါးက သေချာပေါက် ပြဿနာရှာမှာမဟုတ်လား?”
“ရှင့်ရဲ့ ယောက်ဖနဲ့ တွေ့ပြီးတဲ့အချိန်မှာ အစ်မဖြစ်သူက သူ့ကို လူကောင်းလို့တော့ တွေးခဲ့မိမှာပဲ.. ဒါကြောင့်ပဲ လက်ထပ်ခဲ့တာပေါ့”
“ရှင့်မိဘတွေအတွက်နဲ့ သူမက အခွင့်အရေးပေးပြီး လက်ထပ်ခဲ့တာလေ.. ဒါပေမယ့် ကျားခံတွင်းဝထဲ ရောက်သွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ မေးလိုက်မိသည်။
“စုန့်စုန့် ဒါကက ဘာကို ဆိုလိုတာလဲ? အစ်မရဲ့ယောကျ်ားက လူကောင်းမဟုတ်ဘူးလို့ ပြောတာလား?”
ကုကျစ်စုန့် မေးခွန်းကို တိုက်ရိုက်မဖြေ၊ စကားလမ်းကြောင်းလွှဲလိုက်သည်။
“ရှင့်ရဲ့ အစ်မက မကောင်းဆိုးဝါးဝိဉာဉ်ဝင်ပူးတာ ခံထားရတာအမှန်ပဲ.. သူမက ညစ်ညမ်းတဲ့အရာတွေရဲ့ ဖမ်းစားတာ ခံနေရတာ”
ဓာတ်ပုံကို ကြည့်လိုက်သည်နှင့် ထိုပုံထဲမှ အမျိုးသမီးက အင်မတန်ပိန်ချုံးနေရုံသာမက မျက်နှာပေါ်တွင်လည်း သာမန်မျက်လုံးဖြင့် မမြင်နိုင်သော အနက်ရောက်အခိုးအငွေ့များ ဖုံးလွှမ်းနေခဲ့သည်။
သူမခန္ဓာကိုယ်သည်လည်း ယင်၊ယန်စွမ်းအင် ဒွန်တွဲနေထိုင်ခြင်း၏ အဆုံးစွန်ကို ရောက်၍ ယင်စွမ်းအင်မှ လွှမ်းမိုးစပြုနေပြီဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။
ကင်မရာသို့ ကြည့်နေသော အမျိုးသမီး၏ မျက်နှာက နူးညံ့သော်လည်း သူမ၏ မျက်လုံးများသည် သုန်မှုန်၍ စိတ်ခံစားချက် ကင်းမဲ့နေသည်။
ထိုမျှ ထူးခြားလှသော ဖြစ်ရပ်မျိုးတွင်: လူတစ်ယောက်တည်း၏ ကိုယ်ခန္ဓာ၊ မျက်နှာပေါ်တွင် မြင်တွေ့နေရရခြင်းမှာ ထိုခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော အခြားဝိဉာဉ်တစ်ခုရှိနေနိုင်သည့် သင်္ကေတပင်။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ အစ်မသည်က သရဲတစ္ဆေတစ်ကောင်၏ ခြောက်လှန့်ပူးကပ်ခြင်းကိုခံနေရသည်။
ကုကျစ်စုန့်၏ ခန့်မှန်းချက်ကို ပို၍သေချာသွားစေသည်မှာ အမျိုးသမီး၏ ယခင်မှ ဓာတ်ပုံများကို ကြည့်ပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ကို ပြန်လည်စစ်ဆေးကြည့်ရန် ပြောဆိုလိုက်ချိန်တွင် ဖြစ်သည်။
သူမ၏ မျက်နှာက ပလတ်စတစ်ဆာဂျရီပြုလုပ်လိုက်သည့်အလား ပြောင်းလဲသွားသော်လည်း ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ မျက်လုံးများ၊ မိဘများ၊ ဆွေမျိုးများနှင့် မကြာခဏတွေ့ဆုံသော သူငယ်ချင်းများအားလုံး မည်သူမျှ သတိမထားမိကြပေ။
ဤမျက်နှာကိုပင် သူမ၏ မျက်နှာအမှန်ဟု ထင်နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ အစ်မကိုယ်တွင်း၌ ပုန်းကွယ်နေသော တစ္ဆေသည်က သူမခန္ဓာကိုယ်ဖြင့် စတင်ပေါင်းစည်းနေသောကြောင့် သူမ၏ ခန္ဓာကိုယ်တွင် တစ္ဆေမသေဆုံးခင်က မျက်နှာ အနည်းငယ် ထင်ဟပ်နေခြင်းကြောင့်ပင်။
ထိုပြောင်းလဲမှုများမှာ အမျိုးသမီးကိုယ်တွင်းမှ တစ္ဆေ၏ စွမ်းအားကြောင့်ဖြစ်သည်။ ဆွေမျိုးများနှင့် သူငယ်ချင်းများသည်က မကောင်းမှုဝိဉာဉ်၏ တိုက်ခိုက်ခံရသော်လည်း ‘ခြေရာလက်ရာဖျောက်ထားနိုင်သော’စွမ်းအားတစ်ခုကြောင့် သတိမထားမိကြပေ။
ဆန့်ကျင်ဘက်အားဖြင့် ထိုအမျိုးသမီးနှင့် တစ်ခါမျှ မဆုံဖူးသည့် ကြည့်ရှုသူများ၏မျက်လုံးထဲတွင်တော့ ပြောင်းလဲမှုက ထင်ရှားလွန်းလှသည်။
ကုကျစ်စုန့်၏ ရှင်းပြချက်အား နားထောင်ပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ပို၍ပင် စိတ်ပူပန်သွားကာ အစ်မဖြစ်သူအား အဘယ်ကြောင့် တိုက်ခိုက်ခံရပါသနည်းဟု မေးလာခဲ့သည်။
ကုကျစ်စုန့် ခေါင်းကို အသာရမ်းလိုက်သည်။“ဓာတ်ပုံလောက်နဲ့ကျတော့ အကြမ်းဖျင်းသဘောလောက်ပဲ မြင်နိုင်မှာ.. အများကြီး မမြင်နိုင်ဘူး.. ဒီကိစ္စရဲ့ အရင်းအမြစ်ထိ လိုက်ပြီး ဖယ်ရှားချင်တယ်ဆိုရင်တော့ ကိုယ်တိုင်ခံစားနေရတဲ့သူကို မြင်မှပဲ အဆင်ပြေလိမ့်မယ်”
ထိုစကားကိုကြားရပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ သေချာစဉ်းစားနေခဲ့ပြီး ခေါင်းငြိမ့်သည်။
“ကောက်းပြီ.. ကျွန်တော် အစ်မကို လိမ်ပြီး ဒီကိုခေါ်လိုက်မယ်”
သူ မိုဘိုင်းလ်ဖုန်းကိုထုတ်၍ အစ်မဖြစ်သူထံသို့ ဖုန်းခေါ်လိုက်သည်။
တစ်ဖက်မှ ဖုန်းဖြေလာချိန်တွင် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ နေမကောင်းချင်ယောင်ဆောင်၍ ပြောနေခဲ့သည်။
မောင်ဖြစ်သူက ရုတ်တရက် နေမကောင်းဖြစ်နေခဲ့ပြီး အိမ်တွင်လည်း မည်သူမျှ မရှိကြောင်း သိလိုက်ရချိန်တွင် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ အစ်မဖြစ်သူမှာ အလွန်ပင် စိတ်ပူသွားခဲ့သည်။
အလုပ်ဆင်းချိန်လည်း နီးပြီဖြစ်သောကြောင့် သူမက ခင်ပွန်းဖြစ်သူထံသို့ ဖုန်းဆက်၍ သားဖြစ်သူအား မူကြိုမှ ကြိုပေးရန် ပြောခဲ့သည်။
ထို့နောက် မိဘများနေအိမ်သို့ ရောက်လာခဲ့လေသည်။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’သည် အစ်မဖြစ်သူအား အိမ်လာရန် လိမ်ခေါ်ခဲ့ပေသည်။
‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ဖုန်းခေါ်ပြီး ဆယ်မိနစ်ခန့်မှာပင် အစ်မဖြစ်သူ အိမ်သို့ ရောက်၍ တံခါးဖွင့်လာခဲ့သည်။