ဝိဥာဥ်စွမ်းအင်ကိုပြန်ယူခြင်း (3)
Vol. 37 Ch. 369
သူမ၏ တီးတိုးရေရွတ်သံကို ကြားရပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’လည်း မျက်ရည်ကျလာမိသည်။
“အစ်မ! အစ်မပြန်ရောက်လာပြီလား! သွားကြမယ်.. အခုပဲ သူတို့ဆီကိုသွားပြီး ချက်ချင်းကွာရှင်းကြရအောင်!”
မစ်စ်ကျင်းလည်း မျက်လုံးမှ မျက်ရည်များကို သုတ်လိုက်ပြီးနောက် စကားစသည်။
“သေချာပေါက်ပေါ့ ငါတို့ ကွာရှင်းမှရမယ်.. ဒီလိုကောင်မျိုးနဲ့ ငါလုံးဝ ဆက်မပေါင်းနိုင်တော့ဘူး”
“ကုတောက်ကျန့် ကျွန်မ တစ်ခုလောက်မေးချင်ပါတယ်.. ကျွန်မရဲ့ သားလေး.. သူ အခုရော အဆင်ပြေရဲ့လားဟင်?
ကလေးလေးကို သေသေချာချာမကာကွယ်ပေးနိုင်၊ ဂရုမစိုက်ပေးနိုင်တဲ့ ဒီအသုံးမကျတဲ့ အမေရဲ့ အပြစ်ပါ.. ကျွန်မရဲ့ သားလေး.. သားလေးကို စဉ်းစားမိရင် ကျွန်မ ရင်တွေနာလို့ပါ”
ကုကျစ်စုန့်လည်း မစ်စ်ကျင်း၏ မျက်နှာကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
“ပြောရရင် ရှင် အရမ်းကြီး အပြစ်ရှိတယ်လို့ ခံစားမနေပါနဲ့.. ကလေးလေးက ရှင် သူ့ကို တမင်သက်သက် ဖျက်ချပြီး စွန့်ပစ်ခဲ့တာ မဟုတ်မှန်း သိတယ်
သူ့ကို ပြန်ဝင်စားမယ့်လမ်းကြောင်းကနေ အတင်းဆွဲထုတ်ခဲ့ပြီး အစားထိုးခဲ့တာက အဲဒီသရဲနှစ်ကောင်ဆိုတာလည်း သူခံစားမိတယ်လေ.. ဒီတော့ ရှင့်ကလေးက ရှင့်ကို အပြစ်မတင်ပါဘူး”
“အဲဒီကလေးလေးက ဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူး.. တစ်ချိန်လုံး ရှင့်အနားမှာပဲ ရှိနေခဲ့တာ”
“ဘယ်လို!?”
မစ်စ်ကျင်း ရုတ်တရက် မယုံကြည်နိုင်စွာ ခေါင်းမော့ကြည့်လိုက်သည်။
ကုကျစ်စုန့်: “ဝိဉာဉ်အတင်းဆွဲထုတ်ခံလိုက်ရပြီးတဲ့နောက်မှာ အဲဒီကလေးလေးက ပြန်ဝင်စားနိုင်ဖို့အတွက် မြေအောက်ကမ္ဘာကိုမသွားခဲ့ဘူးလေ.. သူက ရှင့်အနားမှာပဲရှိနေပြီး ရှင့်ကိုကာကွယ်ပေးဖို့ အားနည်းတဲ့ သရဲလေးတစ်ကောင်ဖြစ်လာခဲ့တယ်”
မမွေးဖွားရသေးသည့် ကလေးသရဲငယ်များအတွက် မိခင်သည်သာ သူတို့နှင့် အနီးစပ်ဆုံးလူဖြစ်သည်။
မိခင်အား ကာကွယ်ပေးခြင်းသည်လည်း ကလေးသရဲငယ်လေးအများစု မြေကမ္ဘာတွင် နေထိုင်တတ်ကြသည့် အကြောင်းရင်းပင်။
မိခင်ဖြစ်သူကို စောင့်ကြည့်နေသည့် သရဲတစ်ကောင်ရှိသည်ကို ခံစားရပြီးနောက်တွင် ကလေးငယ်လေးက ထွက်မသွားခဲ့ဘဲ သူ၏ အားနည်းသော စွမ်းအင်လေးဖြင့် မစ်စ်ကျင်းအား တတ်နိုင်သလောက် ကာကွယ်ပေးနေခဲ့ရှာသည်။
ထိုကလေးငယ်၏ သန့်စင်သောစွမ်းအားဖြင့် ကာကွယ်ထားခြင်းသာမရှိပါလျှင် မစ်စ်ကျင်းသည်က လွန်ခဲ့သော တစ်နှစ်၊နှစ်နှစ်ခန့်ကတည်းကပင် အမျိုးသမီးသရဲ၏ ဝါးမျိုခြင်းခံလိုက်ရပေလိမ့်မည်။
ယခုအချိန်ထိ တောင့်ခံထားနိုင်မည်မဟုတ်။
သို့သော် ဖြစ်တည်ကာစ သရဲငယ်လေးတစ်ကောင်၏ စွမ်းအင်က လုံလောက်မှုမရှိခဲ့ပေ။
နှစ်ကြာသည်နှင့်အမျှ အမျိုးသမီးသရဲ၏ လွှမ်းမိုးမှုကြောင့် ထိုသရဲငယ်လေးမှာ အားလျော့သထက် လျော့လာခဲ့ပြီး မစ်စ်ကျင်းအပေါ်မှ သူ၏ အကာအကွယ်သည်လည်း စွမ်းအင်မဲ့စပြုလာခဲ့သည်။
ထိုစကားကိုကြားရပြီးနောက် မစ်စ်ကျင်းလည်း ရင်ထဲတွင်ဆို့နစ်သွားခဲ့ရသည်။ ထို့နောက် မျက်ရည်များကို ထိန်းထားရင်း မေးလိုက်မိသည်။
“ဒါဆိုရင် ကျွန်မ ကလေးလေးရဲ့ ခန္ဓာကိုယ်ကိုရော ပြန်ယူလို့ရမယ့်နည်းလမ်းများ ရှိနိုင်မလား?”
ကုကျစ်စုန့် ဖြည်းညင်းစွာ ခေါင်းရမ်းလိုက်သည်။
“မလုပ်တာက အကောင်းဆုံးပါပဲ အဲဒီဝိဉာဉ်လေးက ရှင့်ကို မကောင်းဆိုးဝါးလက်ကနေ ကာကွယ်ပေးနေရင်း အရမ်းကို အားနည်းနေပြီလေ
သူ့ကို အတင်းအားသုံးပြီးတော့ ဒီခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစည်းလိုက်မယ်ဆိုရင် သေချာပေါက် ရောဂါထူပြောလိမ့်မယ်”
ဤကမ္ဘာကြီးတွင် ပြီးပြည့်စုံသော အရာဟူ၍ မရှိနိုင်ပေ။ နောင်တများ၊ နာကျင်ခံစားရမှုများ ဖြစ်ပျက်ကြစမြဲပင်။
အမှန်တရားက လယ်ကွင်းပြင်တွင်သွားနေသော ဆင်တစ်ကောင်ကဲ့သို့ ထင်ရှားစွာ ပေါ်လာခဲ့သော်ငြား ဆုံးရှုံးခဲ့ရသည့်အရာများကိုတော့ ပြန်မရနိုင်တော့။
ဤကလေးငယ်သည် သာဓကပင်။
မိခင်၏ ဝမ်းဗိုက်တွင်း၌ အပြည့်အဝမဖွံ့ဖြိုးသေးမှီ ဆွဲထုတ်ခံလိုက်ရသည်။ သာမန်ဝိဉာဉ်ငယ်ဘဝတွင်လည်း မစ်စ်ကျင်းကိုယ်ပေါ်မှ မကောင်းဆိုးဝါးဝိဉာဉ်၏ အမုန်းတရားများကြောင့် နေ့နေ့ညည ဝေဒနာခံစားခဲ့ရသည်။
အကယ်၍ ယခုအချိန်တွင် သူ၏ မူလခန္ဓာကိုယ်ဖြင့် အားသုံး၍ ပေါင်းစည်းလိုက်ပါမည်ဆိုပါက ဝိဉာဉ်စွမ်းအင် အားနည်းနေသော ဤကလေးငယ်က အသက်ရှင်ရန်ပင် ခက်ခဲမည်ဖြစ်သည်။
မစ်စ်ကျင်းအား သားဖြစ်သူနှင့် နောက်တစ်ကြိမ်သေကွဲ,ကွဲရသော ခံစားချက်ကို ခံစားစေမည့်အစား မျှော်လင့်ချက်မီးစာကို ကြိုတင်၍ ညှိမ်းသတ်ထားသည်မှာ အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။
သို့သော် မစ်စ်ကျင်း လက်မခံနိုင်ပေ။
သို့သော် ကုကျစ်စုန့် ဆက်ပြောသည့် စကားကို ကြားလိုက်ရသည်။
“ဒါပေမယ့် ကလေးကို မူလခန္ဓာကိုယ်နဲ့ ပြန်မပြောင်းလိုက်ရင်လည်း ရှင့်အတွက် တရားမျှတမှုဆိုတာ ဘယ်မှာရှိတော့မှာလဲ? ရှင်က သူများချနင်းခံရတဲ့ ပန်းတစ်ပွင့်ဖြစ်သွားမှာပဲ
ရှောင်ရှိုးလေးရဲ့ ခန္ဓာကိုယ်ရဲ့ အမေအရင်းက ရှင်ပဲ.. ဒီတော့ ရှင်လက်စားချေချင်တယ်ဆိုရင် ရှင့်သားရဲ့ ခန္ဓာကိုယ်ထဲကို ဝင်နေတဲ့ ဝိဉာဉ်ကိုတော့ နှင်ထုတ်ပစ်လို့ရတယ်”
“ဝိဉာဉ်ကို နှင်မထုတ်ချင်ဘူးဆိုရင်တောင် ကျွန်မ သင်ပေးတယ့် ဂါထာကို သုံးပြီး အဲဒီခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို ပြန်ယူလို့ရတယ်”ထိုခန္ဓာကိုယ်၏ စွမ်းအင်ဖြင့်ဆိုပါလျှင် လျှောက်သွားနေရသော ကလေးသရဲလေး၏ အားနည်းနေသည့် ဝိဉာဉ်မှာလည်း ပြန်လည်အားပြည့်လာမည်ဖြစ်သည်။
ထိုမှသာလျှင် ကလေးငယ်က ပို၍ အဆင်ပြေပြေဖြင့် ပြန်လည်ဝင်စားနိုင်ပေမည်။ သို့သော် ခန္ဓာကိုယ်အား ကာကွယ်ပေးထားသည့် စွမ်းအင်ကိုဆုံးရှုံးလိုက်ရသည့် ရှောင်ရှိုးသည်လည်း တစ်နေ့တစ်ခြား အားနည်းလာလိမ့်မည်။
ကုကျစ်စုန့်၏ စကားဆုံးသည်နှင့် မစ်စ်ကျင်းတစ်ယောက် ရင်ထဲတွင် အောင့်သွားသည်ကို ခံစားမိလိုက်သည်။ ထိုခံစားချက်သည်က သူမ၏နှလုံးသားအတွင်း ပုန်းကွယ်နေသော သရဲမ၏ ခံစားချက်သာဖြစ်သည်။
သူမ၏ အဖိုးတန်သားကို တိုက်ခိုက်ကြတော့မည်ဆိုသော စကားအား ကြားရပြီးနောက် ဂနာမငြိမ်ဖြစ်နေခြင်းပင်။
အကြာကြီး တိတ်ဆိတ်နေပြီးနောက် မစ်စ်ကျင်းက နှလုံးသားထဲမှ နာကျင်မှုအား လျစ်လျှူရှု၍ ကုကျစ်စုန့်၏မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကုတောက်ကျန့်၊ ကျွန်မကို ခန္ဓာရဲ့ စွမ်းအင်ကို ဘယ်လိုပြန်ယူရမလဲဆိုတဲ့ နည်းလမ်း သင်ပေးပါ”
ရှောင်ရှိုးသည်က ဆိုးရွားသောကလေးဖြစ်သော်လည်း မစ်စ်ကျင်းမှာတော့ နှလုံးသားထဲမှလာသည့် ချစ်ခြင်း၊ မိခင်စိတ်အပြည့်တို့ဖြင့် ထိုကလေးငယ်အား ပြုစုစောင့်ရှောက်ပေးခဲ့သည်။
ရှောင်ရှိုး၏ ဘဝမှန်၊ အဖြစ်မှန်ကို ကြားလိုက်ရချိန်တွင် သူမ၏ တစ်ကိုယ်လုံးက အားယုတ်၍ တစ်ကမ္ဘာလုံးလည်း ချာချာလည်သွားသကဲ့သို့ ခံစားခဲ့ရသည်။
ဤခန္ဓာကိုယ်၏ စွမ်းအင်ကို ပြန်ယူလိုက်ပါက ရှောင်ရှိုးတစ်ယောက် တစ်ချိန်လုံး ချူချာသွားမည်ဟု ကြားရပြီးနောက်တွင် သူမ ပို၍ တွေဝေသွားခဲ့သည်။
သို့သော် အမှန်တကယ်အပြစ်ကင်းသော နောက်ထပ်ကလေးငယ်တစ်ယောက်ကို သူမ သတိရလိုက်မိလေသည်။ သူမ၏ ရင်မှဖြစ်တည်လာခဲ့သော ကလေးငယ်မှာ အထီးကျန်သရဲလေးဖြစ်နေခဲ့ကာ ချစ်ခင်ဖေးမပေးမည့်သူ တစ်ဦးမျှမရှိရှာခဲ့ပေ။
သူမကို ကာကွယ်ပေးရန်အတွက်နှင့် နှစ်များစွာ နာကျင်ခံစားခဲ့ရသော ကလေးငယ်လေးကို သတိရလိုက်ချိန်တွင်တော့ သူမ၏ တွေဝေစိတ်အား ပြန်လည်ထိန်းချုပ်လိုက်သည်။
ကုကျစ်စုန့်နှင့်အတူ ဂါထာကို ထပ်ခါ၊ထပ်ခါ ရွတ်ဆိုပြီးနောက် သူမ၏ စိတ်လည်း ပို၍ ကြည်လင်လာခဲ့သည်။
“ကျွန်မ အကုန်မှတ်မိပါပြီ”
ရှောင်ရှိုးနှင့် နောက်တစ်ကြိမ် တွေ့ဆုံချိန်တွင် သူမ၏ သားလေးပိုင်ဆိုင်ရမည့် ကိုယ်ခန္ဓာမှ စွမ်းအင်ကို ပြန်ယူပေလိမ့်မည်။
သားဖြစ်သူ၏ ကိုယ်အား အပိုင်စီး၍ နေရာယူထားသော ဤကလေးငယ်ကို မသေစေချင်ခဲ့ခြင်းကသာ သူမဘဝ၏ အကြီးမားဆုံးသော စေတနာထားခြင်း၊ သည်းခံခြင်း ဖွစ်လာလိမ့်မည်။
ဤမျှ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံရပြီးချိန်တွင်တော့ မစ်စ်ကျင်း၏ စိတ်ဖိစီးမှု၊ ဖိအားများကို ခံနိုင်ရည်စွမ်းမှာလည်း အဆမတန် တိုးတက်လာခဲ့ပြီဖြစ်သည်။
ရင်ထဲမှ ဆို့တက်လာသည့် ရှိုက်သံကို ထိန်းကာ အက်ကွဲသော အသံဖြင့် သူမ ပြောလိုက်သည်။
“ကျွန်မ ပြန်ရောက်ရင် ကွာရှင်းဖို့အတွက် သက်သေရှာမယ်.. ဒီလိုသဘာဝလွန်ကိစ္စတွေအတွက်နဲ့ ရဲခေါ်လို့ အသုံးဝင်၊ မဝင်ဆိုတာ မသိပေမယ့် ကျွန်မ အဲဒီမိသားစုကို တရားစွဲမယ်”
“အသုံးဝင်ပါတယ်.. နယ်မြေခံဝိဉာဉ်ဆိုင်ရာ အထူးဌာနကို သွားပြီး ဒီအခြေအနေကို သေချာရှင်းပြလိုက်ပါ.. သူတို့က ရှင့်ရဲ့စကားတွေကို လက်ခံပေးပါလိမ့်မယ်
ပြီးရင် အဲဒီမှာရှိနေတဲ့ တစ်ယောက်ယောက်က ရှင့်ကိုယ်ထဲက သရဲကို နှင်ပေးလိမ့်မယ်.. ဒါတောင်မှ ရှင့်ကို အန္တရာယ်ပေးချင်သေးနေတယ်ဆိုရင်တော့ သူ့ရဲ့ဝိဉာဉ်က ပြိုကွဲသွားမှာပဲ”
“ရှင့်အပေါ်မှာ အကွက်ချကြံစည်ခဲ့တဲ့ သားအမိအတွက်ကတော့ သူတို့တွေက အသက်ရှိလူတစ်ယောက်ကို သေသူရဲ့ အရိုးပြာတွေပေးခဲ့တယ်
အဲဒီလိုမကောင်းတဲ့အမှုတွေ သေချာပေါက် ဖော်ထုတ်ရမယ်.. လူတိုင်းက သူ့ကို ရှုံ့ချရုံတင်ခံရမှာမကဘူး..
ပြောရရင်သူတို့က မြေအောက်ကမ္ဘာရဲ့ လုပ်ထုံးစဉ်တမ်းတွေကိုလည်း ချိုးဖောက်ခဲ့တာပဲ.. ဒီတော့သေချာပေါက် ထိထိရောက်ရောက် အပြစ်ပေးခံရမှာပါ”
မောင်နှမနှစ်ယောက်လုံး သူမအား ဆက်တိုက်ကျေးဇူးတင်စကားဆိုပြီးချိန်တွင် ကင်မရာကို ပိတ်သွားခဲ့ကြသည်။
ကုကျစ်စုန့်လည်း အချိန်ကိုတစ်ချက်ကြည့်လိုက်ပြီးန မှတ်ချက်ဧရိယာအား သေသေချာချာမြင်နိုင်ရန် အနားသို့ကပ်ကြည့်လိုက်ပြီးနောက် စကားပြောလိုက်သည်။
“မှတ်ချက်ဧရိယာထဲက လူတွေအားလုံးလည်း ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အိမ်ထောင်မယူခင် အရင်သေချာ စဉ်းစားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်
ပျော်ရွှင်ရမဲ့ အိမ်ထောင်ရေးတစ်ခုက ထုံထိုင်းလာပြီး ပျော်ရွှင်မှုတွေ ပျောက်သွားပြီဆိုရင် မင်္ဂလာထိမ်းမြားခြင်းဆိုတဲ့ စကားက အဓိပ္ပာယ်မရှိတော့ဘူးလေ”
“ပြီးတော့ လူကြီးတွေဆိုရင်လည်း လူငယ်တွေရဲ့ ဆန္ဒကို တန်ဖိုးထားပြီး သူတို့နေရာကနေ သူတို့ရဲ့ အတွေ့အကြုံ၊ ခံစားချက်ကို ဝေမျှနားလည်ပေးဖို့ မျှော်လင့်ပါတယ်”
[အခုရွှေလက်ဝတ်ရတနာထဲမှာ အရိုးပြာတွေထည့်ထားတဲ့ အဖြစ်အပျက်ကို မြင်ပြီးနောက် ငါတော့ ဒီလက်ဝတ်ရတနာအဆင်လိုက်ကို နည်းနည်းကြောက်မိသွားသလိုပဲ.. လက်ထပ်ဖို့တောင် နည်းနည်း ဟိုလိုလို ဒီလိုလို….]
[အကူအညီတောင်းတဲ့သူရဲ့ မိသားစုဝင်တွေအချက်အလက်၊ သူ့အစ်မနဲ့ ယောက်ဖရဲ့ အချက်အလက်တွေပါ အကုန်ဖော်လိုက်ကြပြီဟေ့..သူတို့ရဲ့အနားတစ်ဝိုက်က အတွင်းလူတွေရဲ့ စကားအရဆိုရင်တော့ ဒီလူရဲ့ သူငယ်ချင်းတွေတော်တော်များများက အဲဒီလူမှာ ကလေးနဲ့ ရည်းစားရှိထားတာကို သူတို့တွေ သတ်သေမသွားခင်ကတည်းက သိထားပြီးသားဆိုပဲ
ဒါတောင်မှ မင်္ဂလာဆောင်ပြီးတဲ့ထိ သတို့သမီးကိုဘယ်သူမှ မပြောကြဘူး!]
[ငါကတော့ ဒီမိသားစုဆိုရင် ဝေးဝေးရှောင်လို့ပြောချင်တယ်.. မကောင်းတဲ့လူတွေ အပြစ်ပေးခံရပါစေလို့ပဲ ဆုတောင်းတယ်!]
ကုကျစ်စုန့်: “ကောင်းပါပြီ ဒီနေ့အတွက် အထူးအစီအစဉ်ကတော့ ဒီမှာပဲ ပြီးသွားပြီနော်”