ပျောက်ဆုံးနေသောရွာ (1)
Vol. 37 Ch. 370
တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ကင်မရာကို ပိတ်လိုက်ပြီးနောက် ကုကျစ်စုန့် ခေတ္တမျှ အတွေးနယ်ချဲ့နေခဲ့သည်။
ထို့နောက် သူမ ထိုင်နေရာမှပင် ‘ပြန်လည်ဝင်စားခြင်းဖွဲ့စည်းပုံတစ်ခု’အား ဖန်တီးလိုက်သည်။
မကြာလိုက်။ ဖွဲ့စည်းပုံထဲတွင် အရိပ်ငယ်လေးတစ်ခုပေါ်လာခဲ့လေသည်။ ထိုအရိပ်လေးသည်က ကလေးငယ်လေးတစ်ဦးဖြင့် အသွင်တူသည်။
ထိုအရိပ်လေးမှာ အထီးကျန်သရဲငယ်လေးအဖြစ် ပြောင်းလဲသွားသော မစ်စ်ကျင်း၏ကလေးငယ်ပင်။
ကုကျစ်စုန့်: “သွားရအောင်၊ ငါမင်းကို ပြန်ဝင်စားလို့ရအောင် လိုက်ပို့ပေးမယ်”
ဝိဉာဉ်ငယ်လေး မလှုပ်ပါချေ။ ကုကျစ်စုန့် ချက်ချင်း ထိုဝိဉာဉ်ငယ်လေး၏ ဆိုလိုရင်းကို သဘောပေါက်လိုက်သည်။
ဤကလေးငယ်မှာ မစ်စ်ကျင်းအား အင်မတန်ချစ်မြတ်နိုးပြီး သူမကို ကာကွယ်ပေးချင်သေးသည်။ ထို့ကြောင့် ပြန်ဝင်စားရန်အတွက် မလိုလားပေ။
သို့မဟုတ်ပါက မစ်စ်ကျင်း ထပ်မံကိုယ်ဝန်ဆောင်မည့်အချိန်ကို စောင့်ဆိုင်း၍ သူမ၏ ကလေးငယ်အဖြစ် ပြန်လည်မွေးဖွားလိုခြင်းပင်ဖြစ်ပေ၏။
ကုကျစ်စုန့် ခေတ္တစဉ်းစားလိုက်ပြီးနောက် စကားစလိုက်သည်။
“မင်း နောက်ထပ် ၈နှစ်လောက် မစောင့်နိုင်တော့ဘူးလေ.. မစောင့်နိုင်ဘူးဆိုရင် အတင်းမလုပ်တာအကောင်းဆုံးပဲ.. မင်းနဲ့ သူနဲ့က အမေနဲ့ သားဖြစ်ဖို့အတွက် ကံမပါလာဘူးလို့ပဲ ပြောရမှာပဲ..”
သူမ တိုက်ရိုက်ထုတ်လွှင့်ခန်းကို မပိတ်ခင်အချိန်တွင် မစ်စ်ကျင်းမှာ ယခုတစ်ကြိမ်ကွာရှင်းပြီးနောက် သူမ၏ အချစ်စစ်အား နောင်နှစ်အနည်းငယ်အတွင်း တွေ့ဆုံရမည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ထိုအချစ်စစ်သည်လည်း ယခုခင်ပွန်းကဲ့သို့မဟုတ်ဘဲ လူကောင်းတစ်ယောက်ဖြစ်လေသည်။
သို့သော် မစ်စ်ကျင်းက ဤအိမ်ထောင်ရေးကြောင့် စိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့သည်။
သူမသည်က ပင်ကိုယ်ကပင် အိမ်ထောင်ပြုရန် စိတ်ကူးမရှိသောကြောင့် ယခုကိစ္စဖြစ်ပြီးချိန်တွင် အိမ်ထောင်ပြုရမည်ကို ခါးခါးသီးသီး ကြောက်လန့်သွားခဲ့သည်။
အချစ်စစ်နှင့် နောင်နှစ်အနည်းငယ်တွင် တွေ့ဆုံခဲ့ပါသော်လည်း သူမ၏ စိတ်ပိုင်းဆိုင်ရာ နာကျင်မှု မပျောက်ဆုံးသေးပါက၊ သို့မဟုတ် လုံးဝ အိမ်ထောင်မပြုရန် ဆုံးဖြတ်ချက်ချထားခဲ့ပါက သူမသည် နောက်တစ်ကြိမ်အိမ်ထောင်ပြုမည် မဟုတ်တော့။
ကလေးမွေးရန်ဆိုသည်မှာ မသေချာ၊မရေရာသည့် ကိစ္စတစ်ခုပင်။
ဤအချက်ကြောင့်ပင် ကုကျစ်စုန့်က မစ်စ်ကျင်းအား ကလေးငယ်လေး သူမကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းကို မပြောပြခဲ့ခြင်းပင်ဖြစ်ပေ၏။
သူမသာ မစ်စ်ကျင်းကို ပြောပြခဲ့ပါလျှင် မစ်စ်ကျင်းမှ သားဖြစ်သူအတွက် အားနာစိတ်ဖြင့် နောက်တစ်ကြိမ်လက်ထပ်ပြီး ကလေးငယ်အား ပြန်လည်ဝင်စားစေနိုင်ရန် ကြိုးစားမည်မှာ အသေချာပင်။
ထိုအရာသည်က မစ်စ်ကျင်းကိုယ်တိုင် လိုချင်သည့်အရာမဟုတ်ပေ။
နောင်ရှစ်နှစ်ဆိုသည်မှာ မစ်စ်ကျင်း၏ အချစ်စစ်ဖြင့် တွေ့ဆုံရမည့်အချိန်ပင်ဖြစ်သည်။
သူတို့နှစ်ယောက် နောင်အနာဂတ်၌ မိခင်နှင့် ကလေးပြန်ဖြစ်လာနိုင်၊ မဖြစ်လာနိုင်ဆိုသည်မှာ မစ်စ်ကျင်း၏ ကိုယ်ပိုင်ရွေးချယ်မှု၊ သူတို့နှစ်ဦးကြားက ကံကြမ္မာဖြင့်သာ သက်ဆိုင်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုပြီးဆုံးချိန်တွင် ကြည့်ရှုသူများက မှတ်ချက်ထဲ၌ ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ အစ်မဖြစ်သူနှင့် ဝိဉာဉ်ဆွဲထုတ်ခံလိုက်ရသည့် ကလေးငယ်တို့၏ အနာဂတ်အကြောင်း မေးခွန်းထုတ်ခဲ့ကြသည်။
ကုကျစ်စုန့်က ဤသို့ပြန်ဖြေခဲ့လေ၏။
“အကူအညီတောင်းသူရဲ့အစ်မက ခေါင်းကို အေးအေးထားပြီးတော့ ကလေးလေးပိုင်ဆိုင်ရမဲ့ ခန္ဓာစွမ်းအင်ကိုသာ ပြန်ယူနိုင်ခဲ့မယ်ဆိုရင် သူ့ဘာသာသူ မြေအောက်ကမ္ဘာကို ပြန်သွားသည်ဖြစ်စေ၊ နောက်တစ်ကြိမ် ပြန်ဝင်စားသည်ဖြစ်စေ သူ့ရဲ့ အနာဂတ်က ဆိုးမှာမဟုတ်တော့ဘူး”
“ကောင်းပြီ.. ဒီကိစ္စလည်း ပြီးသွားပြီ.. နောက်ထပ်မေးခွန်းမေးချင်တာရှိသေးရင်၊ ဖုန်းရွှေနဲ့ပတ်သတ်တာဖြစ်ဖြစ်၊ သဘာဝလွန်ပညာနဲ့ ပတ်သတ်တာဖြစ်ဖြစ် ဆက်မေးလို့ရပါပြီ”
မကြာမှီမှာပင် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်း၌ ပရိတ်သတ်များ၏ မေးခွန်းပေါင်းစုံဖြင့် ပြည့်နှက်သွားခဲ့သည်။
သူမ စိတ်ရှည်ရှည်ဖြင့် ပြန်လည်ဖြေဆိုပေးခဲ့ပြီးနောက် အထူးသီးသန့်တိုက်ရိုက်ထုတ်လွှင့်မှုအား နာရီဝက်အကြာခန့်တွင် အပြီးသတ်ခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အရိုးပြာအဖြစ်အပျက်နှင့် ပတ်သတ်၍ ထိပ်တန်းရှာဖွေမှုများ ပေါ်လာခဲ့ပြီးဖြစ်သည်။
လူအများ၏ ရှုံ့ချခြင်းကိုခံရပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ ယောက်ဖဖြစ်သူ၏ အချက်အလက်များ ပေါ်ပေါက်လာခဲ့သည်။
ထိုလူ၏ မိသားစုသည်က ဒေသခံပညာရေးဌာနဖြင့် အဆက်အသွယ်ရှိသည်။ ကုကျစ်စုန့်၏ စကားများ၊ တိုက်ရိုက်ထုတ်လွှင့်မှုများ စကားများ ပေါင်းစပ်ပြီးချိန်တွင် ထိုလူ၏ အတန်းဖော်ဟောင်းတစ်ယောက်မှ သတင်းဖြန့်လိုက်ခြင်းဖြစ်သည်။
အင်တာနက်သုံးစွဲသူများမှာလည်း ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ယောက်ဖဖြစ်သူရထားသော မာစတာဘွဲ့သည်က အစစ်အမှန် ဟုတ်၊ မဟုတ် သံသယရှိသောကြောင့် သေသေချာချာစုံစမ်းနေကြပြီဖြစ်သည်။
ထိုလူနှင့် သူ၏ ရည်းစားဟောင်းအကြောင်းကို သိကြသည့်အတွင်းလူများမှာလည်း သူသည်က ကောလိပ်ကျောင်းတက်စဉ်က အမှန်တကယ် ချစ်သူတစ်ဦးရှိကြောင်း ဓာတ်ပုံသက်သေနှင့်တကွ ဖော်ထုတ်လာကြသည်။‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ အစ်မလည်း ခပ်မြန်မြန်ပင်လှုပ်ရှားခဲ့သည်။
သူမက မောင်ငယ်၏ အိမ်မှ ထွက်လာခဲ့ပြီးနောက် သားဖြစ်သူ၏ မူကြိုသို့ တန်းသွားခဲ့သည်။
အစ်မဖြစ်သူ၏ စိတ်အခြေအနေ မတည်ငြိမ်ကြောင်း သိထားသည့် မောင်ဖြစ်သူကလည်း နောက်မှ လိုက်ပါလာခဲ့သည်။
ဘေးခုံတွင် ထိုင်နေရင်းဖြင့် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’မှ မိဘများထံသို့ ဖုန်းခေါ်ဆို၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၊ အစ်မဖြစ်သူ ခံစားခဲ့ရသမျှအားလုံးကို ပြောပြလိုက်သည်။
“အမေတို့မယုံရင် အင်တာနက်ပေါ်မှာ ကြည့်ကြည့်လိုက်.. အစ်မရဲ့ လက်ဝတ်ရတနာတွေကို ဖြတ်လိုက်တော့ အဲဒီထဲက ပြာတွေထွက်လာတာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ကင်မရာမှာ အကုန်ရိုက်မိထားတယ်!”
“စုန့်စုန့် .. အဲဒီ‘ဝိဉာဉ်ရေးရာ’က ကုတောက်ကျန့်က အစ်မကို ပြလိုက်တာလေ.. အမေတို့တွေ သူ့ကို အယုံကြည်ဆုံးမဟုတ်ဘူးလား?
အခု သူကိုယ်တိုင်ပြောတာ ! ယောက်ဖက တော်တော်လေးကို ယုတ်မာပုတ်သိုးနေတဲ့လူတဲ့! ဒါတောင် မယုံသေးဘူးလား?”
ဖုန်းချခါနီးတွင် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ သက်ပြင်းချ၍ ပြောလိုက်သည်။
“အမေ ငိုမနေပါနဲ့တော့.. အခုက အမေတို့တွေ အစ်မကို သေချာပြန်တောင်းပန်ဖို့တော့ စဉ်းစားထားကြပါဦး.. အမေတို့အဖေတို့ကို သားမပြောဘူးလား?
အစ်မကို ဇွတ်ဖိအားမပေးပါနဲ့လို့.. အမေတို့က အစ်မယောကျ်ားမရရင် ဘဝပျက်သွားမှာကျနေတာပဲ အဲ့တုန်းက သားစကားကို နားမထောင်ပဲ ဆူပဲ ဆူခဲ့ကြတာလေ..”
“ကျွန်တော် အစ်မနဲ့အတူ လိုက်သွားပြီး အဲဒီမိသားစုဆီက ဖြေရှင်းချက်အခုသွားတောင်းမယ်!”
ဖုန်းချလိုက်ပြီးနောက် တစ်လမ်းလုံး အသံတိတ်လာသည့် မစ်စ်ကျင်းက ကားရပ်နားရန်နေရာတွင် ရပ်တန့်လိုက်သည်။
ယခုအချိန်ခဏလေးအတွင်းမှာပင် သူမ၏ နှလုံးသားက အင်မတန်နာကျင်နေခဲ့သည်။ ထိုနာကျင်မှုမှာ သူမ၏ ကိုယ်တွင်းမှ သရဲမက သူမအား တားမြစ်နိုင်ရန်အတွက် နှောင့်ယှက်နေခြင်းပင်။
ထိုသရဲမ၏ စူးစူးဝါးဝါးအော်ဟစ်သံများ၊ ဆဲဆိုသံများကိုလည်း သူမ ကြားနေခဲ့ရသည်။
မစ်စ်ကျင်းက ကုကျစ်စုန့်သင်ပေးထားသည့် ဂါထာကို ဆက်တိုက်ရွတ်ဆိုနေခဲ့ပြီး ကိုယ်တွင်းမှ သရဲမကို ဖိနှိပ်ထားခဲ့သည်။
သူမ ရောက်ရှိလာချိန်တွင် မူကြိုကျောင်းဆင်းသည့်အချိန်ဖြစ်သည်။
သူမက ခင်ပွန်းဖြစ်သူထံသို့ မက်ဆေ့ချ်ပို့၍ ကလေးကြိုခဲ့ရန် ပြောခဲ့ချိန်တွင် ခင်ပွန်းသည်က အနည်းငယ်စိတ်မကြည်မလင်ဖြစ်သွားခဲ့လေသည်။
မူကြိုကျောင်း၏ အဝင်ဝတွင် ကလေးငယ်များကို အလျှိုလျှိုလာကြိုသည့် မိဘများ၊ မိသားစုဝင်များ ပြည့်နှက်နေခဲ့သည်။
သူတို့မောင်နှမနှစ်ဦး ဂိတ်တံခါးဝသို့ လျှောက်လာချိန်တွင် ကလေးကိုကြို၍ ထွက်လာသည့် ခင်ပွန်းသည်ဖြင့် ဆုံလိုက်ရသည်။
ထိုတိရစ္ဆာန်ကောင်ကို မြင်လိုက်ရပြီးနောက် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ဒေါသတကြီးဖြင့် ထ,ထိုးရန် ပြင်လိုက်သော်လည်း မစ်စ်ကျင်း မောင်ဖြစ်သူအား တားထားလိုက်သည်။
ဇနီးဖြစ်သူနှင့် ယောက်ဖတို့အား မြင်လိုက်ရသောကြောင့် ခင်ပွန်းသည်လည်း အနည်းငယ်အံ့ဩသွားပြီး ရှောင်ရှိုးကို ချီထားရင်း လျှောက်လာခဲ့သည်။
“မင်းဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ? သူနေမကောင်းလို့ဆို.. ဆေးရုံကိုမသွားကြဘူးလား?”
သူမနှင့်အတူ အိပ်ရာတစ်ခုတည်းတွင် ၆နှစ်ကြာ အတူအိပ်ခဲ့သော ခင်ပွန်းသည်၊ လက်ထဲမှ သူမသွေးဖြင့် မွေးထားရသော သူမတပါး၏ ကလေးငယ်တို့အား ကြည့်ရင်း မစ်စ်ကျင်း မုန်းတီးမှု၊ ဒေါသနှင့်အတူ စိတ်သက်သာရာရမှုတစ်ချို့ကိုလည်း ခံစားလိုက်ရသည်။
သူမ ခေါင်းကို ဖြည်းညင်းစွာ ရမ်းလိုက်သည်။
“မောင်လေးက နေကောင်းပါတယ်”
ခင်ပွန်းဖြစ်သူလည်း ဇနီးသည်၏ အေးစက်သော မျက်နှာကို ကြည့်လိုက်ရင်း စိတ်ထဲတွင် သူမသည် ယနေ့ ပို၍ သွေးအေးနေသည်ဟု ခံစားလိုက်ရသည်။
သို့သော် အများကြီးတွေးမနေတော့ဘဲ လက်ထဲမှ ကလေးငယ်အား အသာလှုပ်လိုက်သည်။
“ရှောင်ရှိုး၊ မေမေနဲ့ ဦးလေးက သားကို လာကြိုနေတယ်.. နှုတ်ဆက်လိုက်ဦးလေ”
ရှောင်ရှိုးမှာ ယနေ့နံနက်ခင်းတွင် ကျောင်းသို့မသွားမီက မနက်စာ ကောင်းကောင်းမစားသောကြောင့် မစ်စ်ကျင်းထံမှ ဆူပူခြင်းခံထားရသည့်အတွက် စိတ်ဆိုးနေဆဲဖြစ်သည်။
သူက ဒေါသဖြင့် နှုတ်ခမ်းဆူ၍ ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ မျက်နှာဝှက်ထားလိုက်ပြီး မစ်စ်ကျင်းနှင့်၊ ဦးလေးဖြစ်သူကို နှုတ်ဆက်ရန်မဆိုနှင့်၊ ကြည့်ပင် မကြည့်ခဲ့ပေ။
ယခင်ကဆိုပါလျှင် မစ်စ်ကျင်း ဝမ်းနည်းမိမည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူမ သာမန်အတိုင်းပင် ရှောင်ရှိုး၏ မျက်နှာအား ကြည့်နေခဲ့မိသည်။
ကုတောက်ကျန့်ဆိုခဲ့သည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် မျက်နှာတို့သည်က ကိုယ်တွင်းမှ ဝိဉာဉ်အပေါ် မူတည်၍ ပြောင်းလဲတတ်သည်ဟုပင်။
လူတိုင်းက သူမ၏ သားဖြစ်သူ ရှောင်ရှိုးမှာ ဖခင်ဖြင့်သာ တူပြီး သူမနှင့် နည်းနည်းမျှ မတူဟု ဆိုတတ်ကြသည်။
သို့သော် သေချာကြည့်ပါလျှင် ကလေးငယ်၏ မျက်လုံး၊ မျက်ခုံးများသည် ပါးပါးရှည်ရှည်ဖြစ်ပြီး သူမနှင့် ခင်ပွန်းဖြစ်သူ နှစ်ဦးလုံးတွင်တော့ မျက်လုံးကြီးကြီး၊ မျက်ရစ်နှစ်ထပ်ဖြင့် ဖြစ်သည်။
ယခုတွင်တော့ ထိုမျက်လုံးသွယ်သွယ်များက တခြားမိန်းမတစ်ယောက်၏ မျက်လုံးများဖြစ်နေကြောင်း သူမ သိခဲ့ရသည်။မစ်စ်ကျင်း သေသေချာချာကြည့်လေလေ သူမ၏ စိတ်အခြေအနေက ပို၍ တည်ငြိမ်လာလေဖြစ်သည်။
ရုတ်တရက် သူမ၏လက်ကို ဆန့်ထုတ်၍ ရှောင်ရှိုး၏ ခေါင်းကို ထိထားကာ ကုကျစ်စုန့် သင်ပေးထားသော ဂါထာအား ရွတ်ဆိုနေခဲ့သည်။
ရှောင်ရှိုး၏ ငယ်ထိပ်မှ သူမကိုယ်ထဲသို့ လက်ဖဝါးမှ တစ်ဆင့် စီးဝင်လာနေသည့် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီးနောက် မစ်စ်ကျင်း၏ ခန္ဓာကိုယ်က ပို၍ ပေါ့ပါးသွားခဲ့ပြီး တစ်ချိန်လုံးလေးလံနေခဲ့သော ဝမ်းဗိုက်အောက်နားသည်လည်း သက်တောင့်သက်သာဖြစ်လာခဲ့သည်။
ကိုးလလွယ်၊ ဆယ်လဖွားခဲ့သော သူမ၏ မီးတွင်းကာလက အင်မတန် ခက်ခဲခဲ့ပြီး ဤကလေးကို မွေးဖွားပြီးချိန်၌ ဆေးရုံတွင် အသက်ဆုံးရှုံးရလုနီးနီး ဖြစ်ခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့်လည်း သူမသည် အမျိုးသမီးရောဂါအချို့ ခံစားခဲ့ရသည်။
ကလေးငယ်၏ စွမ်းအင်ပြန်လည်ရောက်ရှိလာပြီးနောက် သူမ၏ ထိခိုက်ခဲ့ရသော ကိုယ်ခန္ဓာလည်း အနည်းငယ် သက်သာလာခဲ့ရသောကြောင့် အံ့ဩရပြန်သည်။
ရှောင်ရှိုး၏ လျစ်လျှူရှုခံရသော်လည်း မစ်စ်ကျင်း ဒေါသမထွက်တော့ချေ။ သူမက ခင်ပွန်းဖြစ်သူအား မုန်းတီးရွံရှာစွာကြည့်၍ ပြောလိုက်သည်။
“ကွာရှင်းကြရအောင်.. အခုချက်ချင်းသွားမယ်”
ခင်ပွန်းသည်: “???”
*