← Chapters

အခေါင်းပေါက်ဖြစ်နေသော ရွှေများ(3)

Vol. 37 Ch. 366

အခေါင်းပေါက်ဖြစ်နေသော ရွှေများ(3)

Vol. 37 Ch. 366

ကုကျစ်စုန့်၏ အသံက အေးစက်တည်ငြိမ်နေခဲ့လေ၏။

“ဘာလို့လဲဆိုတော့ ရှင်ရော ရှင့်ရဲ့ဗိုက်ထဲက ကလေးကပါ အခွံသက်သက်ပဲဖြစ်နေလို့ပဲ. သူတို့က ရှင့်ရဲ့ ခန္ဓာကိုယ်၊ ရှင့်ရဲ့ ဝမ်းဗိုက်ကို ငှားပြီးတော့မှ အဲဒီသားအမိကို ပြန်ပြီး အသက်သွင်းချင်နေခဲ့တာ”

“ရှင့်ရဲ့သား ရှောင်ရှိုးက ကလေးဘဝထဲက ဘာလို့ ရှင့်ကို မချစ်ဘဲ မုန်းတီးနေရတာလဲဆိုတော့.. သူက ရှင့်ရဲ့ကလေးမဟုတ်လို့ပဲ၊

ရှင့်ရဲ့ဗိုက်ထဲက သန္ဓေလောင်းလေး ပုံပေါ်စအချိန်တုန်းက ကလေးရဲ့ဝိဉာဉ်က အသက်ဝင်စအချိန်ဖြစ်ပြီး အင်မတန်မှ နူးညံ့နေသေးတယ်.. ရှင်ဝတ်ထားတဲ့ ရွှေနဲ့ ကျောက်စိမ်းလည်ဆွဲထဲမှာရှိနေတဲ့ သေသွားတဲ့ ကလေးရဲ့ဝိဥာဥ်က အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ ရှင့်ဗိုက်ထဲက သန္ဓေသားရဲ့ ခန္ဓာကိုယ်ထဲကို ဝင်၊ နေရာယူလိုက်ပြီး….”

ထို့ကြောင့် ရှောင်ရှိုး၏ ခန္ဓာကိုယ်သည်က မစ်စ်ကျင်း၏ အသွေးအသားဖြင့် မွေးဖွားလာခြင်းဖြစ်သော်လည်း သူ၏ ဝိဉာဉ်ကတော့ တိတ်တဆိတ် အစားထိုးခံလိုက်ရသည်။

ထိုကလေးက သေဆုံးချိန်တွင် အသက် ၄နှစ်ခန့်သာ ရှိဦးမည်။

ထို့အပြင် အချိန်မတိုင်ခင် သေဆုံးရပြီးနောက် ဒေါသများအပြည့်ဖြင့် ဤကမ္ဘာထဲတွင် လှည့်ပတ်သွားလာနေခဲ့ရသည်။

သူ့မျက်လုံးထဲတွင်တော့ မစ်စ်ကျင်းမှာ လူဆိုးမကြီးဖြစ်သည်။

သူမက သူ၏ ဖခင်၊ အဘိုးအဘွားတို့အား လုယူသွားပြီး သူနှင့် သူ၏ မိခင်တို့အား သေစေခဲ့သည့် ဗီလိန်မကြီးပင်။

ထို့ကြောင့် ရှောင်ရှိုး၏ ဝိဉာဉ်က မစ်စ်ကျင်း၏ ဝမ်းဗိုက်ထဲမှ သန္ဓေသားကိုယ်ထဲသို့ အတင်းဝင်ရောက်၍ အသစ်တဖန် ပြန်လည်မွေးဖွားလာခဲ့သော်လည်း ယခင်ဘဝမှ မှတ်ဉာဏ်များ ပါလာခဲ့သည်။

သူက အပြင်ဘက်တွင် သာမန်ကလေးငယ်တစ်ဦးသာ ဖြစ်သည်။

သို့သော် သာမန်ဝိဉာဉ်များကဲ့သို့ မြေအောက်ကမ္ဘာသို့ မသွားရောက်ခဲ့သကဲ့သို့ မန်ပိုစွပ်ပြုတ်ကိုလည်း မသောက်သုံးခဲ့ပေ။

ယခင်ဘဝ၏ စိတ်ခံစားချက် ၇ပါး၊ တပ်မက်မှု၆ပါးကိုလည်း ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိပါချေ။

မစ်စ်ကျင်း၏ လက်ထဲတွင် ချီပိုးခံရတိုင်း ရှောင်ရှိုး၏စိတ်ထဲတွင် ရွံရှာစက်ဆုပ်မှုကိုသာ ခံစားရပြီး သူမနှင့်လည်း အဆင်မပြေချင်သောကြောင့် အော်ဟစ်ငိုကြွေးတတ်ခဲ့သည်။

“ ရှင့်သားရဲ့ ချက်နားမှာ မွေးရာပါအမှတ်ရှိတယ်လို့ ရှင်မပြောခဲ့ဘူးလား.. အဲဒါက ဝိဉာဉ်အတင်းဝင်ရောက်ခဲ့တုန်းက ကျန်ခဲ့တဲ့ အမာရွတ်ပဲ

ချက်နေရာက မိခင်ရဲ့ကိုယ်တွင်းမှာ တုန်းက ချက်ကြိုးနဲ့အတူ ဆက်သွယ်နေတဲ့နေရာလည်းဟုတ်တယ် အဲဒီနေရာက နူးညံ့အားနည်းပြီးတော့ သန္ဓေလောင်းရဲ့ ကိုယ်ထဲကို ဝင်ဖို့အတွက်အကောင်းဆုံးနေရာလည်း ဖြစ်နေသေးတယ်

ဒီတော့ အဲဒီနေရာကဖျက်ဆီးခံလိုက်ရတဲ့အတွက် သေချာပေါက် အမာရွတ်ကျန်ခဲ့တာပဲ”

မစ်စ်ကျင်း ယူကြုံးမရနိုင်စွာ မေးလိုက်မိသည်။

“ကျွန်မရဲ့ကလေးလေးကရော? ဒါဆို ကျွန်မကလေးလေးက ဘယ်ကို ရောက်သွားတာလဲ!?”

ကုကျစ်စုန့် မျက်လွှာချ၍ သက်ပြင်းချလိုက်မိသည်။

“ပြောရမှာ ရက်စက်လွန်းပေမဲ့ ဒါက အမှန်တရားပဲလေ . လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက သူ့ရဲ့ ဝိဉာဉ်ကို ဆွဲထုတ်ခံလိုက်ရပြီးတော့ အဲဒီကလေးလေးရဲ့ ဝိဉာဉ်က အထီးကျန်သရဲလေး ဖြစ်သွားခဲ့တယ်”

မစ်စ်ကျင်းအတွက် အရက်စက်ဆုံးက သူမ၏ ခင်ပွန်းသည်ဖြစ်သည်။

ခင်ပွန်းဖြစ်သူက အစမှ အဆုံးထိ အရာအားလုံးကို သိနေခဲ့သော်လည်း သူမ တစ်ယောက်တည်းသာ တစ်ချိန်လုံး အလိမ်ခံခဲ့ရသည်။

သူမအတွက် လက်ထပ်ထိမ်းမြားခြင်းမင်္ဂလာဟု တွေးခဲ့မိသည့်အရာတစ်ခုက တစ်ဖက်မိသားစု၏ မျက်လုံးထဲတွင်တော့ ခန္ဓာကိုယ်အခွံတစ်ခုသာလျှင် ဖြစ်ပေ၏။

ကုကျစ်စုန့်၏ စကားဆုံးချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှု့သူများ ပွက်လောရိုက်သွားခဲ့သည်။

[မိုက်ရိုင်းလိုက်တဲ့ တိရိစ္ဆာန်ကောင်ပဲ! နင့်ရဲ့ ရည်းစားဦးကို အဲဒီလောက်ချစ်နေရင် ဘာလို့ လက်မထပ်လဲ? သူ့သားရဲ့ အိမ်ထောင်စုစာရင်းထဲတောင် ထည့်မထားဘဲနဲ့!

ရည်းစားဦးသေသွားမှ အပြစ်မရှိတဲ့ မိန်းကလေးတစ်ယောက်ကို လိမ်ပြီး ယုတ်မာတယ်! မုန်းစရာအရမ်းကောင်တာပဲ အစ်မကျင်းလွယ်ထားရတဲ့ ကလေးလေးမှာရော ဘာအပြစ်များရှိလို့လဲ!]

[အသက်ရှူတွေတောင် ကြပ်တယ်.. ဒီအစ်မက လက်ထပ်လိုက်မိလို့ ဘာတွေများ ရလိုက်လဲ? ငါမြင်ရတာတော့ နာကျင်မှုနဲ့ မျက်ရည်တွေပဲ]

[စုန့်စုန့်ရဲ့စကားအရဆိုရင် ဒီအချစ်ဦးနဲ့ ကလေးသေရတာလည်း အဲမိသားစုနဲ့ သက်ဆိုင်တယ်ဆို? သေချာပေါက် ဒီကိစ္စမှာ ပိုပြီးရွံစရာကောင်းတဲ့ အတွင်းရေးတွေရှိဦးမှာပဲ

အဲလိုသာဆိုရင်တော့ ဒီယောင်္ကျားရော၊ သူတို့မိသားစုရော တစ်သက်လုံးကံဆိုးပြီး ဝဋ်လည်သွားပါစေလို့ ဆုတောင်းတယ်!]

မစ်စ်ကျင်းတစ်ယောက် မျက်ရည်မဆည်နိုင်ဖြစ်နေခဲ့ရှာသည်။ ငိုကြွေးရလွန်း၍ သူမ စကားပင် မပြောနိုင်တော့။

သူမ၏ မောင်ဖြစ်သူ ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’လည်း အမှန်တရားကို ကြားရချိန်ကာ အစ်မဖြစ်သူ နာကျင်ခံစားနေရမှုများကို မြင်တွေ့ရပြီးနောက် ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေခဲ့သည်။

သို့သော် အစ်မဖြစ်သူက အနည်းငယ်ထူးဆန်းနေကြောင်းကို သတိပြုလိုက်မိသည်။

သူမ၏ ငိုသံမှာ ရင်ကွဲစရာကောင်းလှသော်လည်း ထိုမျက်ရည်ရွှဲနေသည့် မျက်နှာပေါ်တွင် တောင့်တင်းကာ ကောက်ကျစ်သော အပြုံးကိုလည်း တစ်ချက်တစ်ချက် မြင်တွေ့နေရသည်။အစ်မဖြစ်သူ၏ ကိုယ်တွင်း၌ သူမ၏ ဝမ်းနည်းမှု၊ နာကျင်မှုတို့ကြောင့် ပျော်ရွှင်နေသည့် ‘အရာ’တစ်ခု ရှိနေသကဲ့သို့ပင်။

ထိုထူးဆန်းမှုအား သတိပြုလိုက်မိသည့် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ လက်ဖျားများ အေးစက်လာခဲ့သည်။

သူ့အနေဖြင့် မည်သို့လုပ်ရမည်ကို မသိသော်လည်း အစ်မဖြစ်သူကို ထိန်းထားသည့် လက်ကိုလည်း မလွှတ်ချင်ခဲ့ပေ။ ဖုန်းမျက်နှာပြင်ပေါ်မှ ကုကျစ်စုန့်ကိုသာ ကြောက်လန့်သော မျက်လုံးများဖြင့် အသံတိတ်ကြည့်နေခဲ့မိသည်။

ကုကျစ်စုန့်သည်လည်း မစ်စ်ကျင်း၏ မျက်နှာပေါ်မှ ထူးခြားမှုကို မြင်တွေ့နေရသည်။

ထိုအရာသည်က သူမ၏ အဓိကရည်ရွယ်ချက်ပင်။

ကုကျစ်စုန့် အေးစက်စွာပြောလိုက်သည်။

“မစ်စ်ကျင်း အရမ်းကြီး ဝမ်းမနည်းပါနဲ့.. ရှောင်ရှိုးရဲ့ ခန္ဓာကိုယ်ကို ဝင်စီးထားတဲ့ကလေး၊ အဲဒီကလေးကို သတ်ပစ်လိုက်လို့ ရတယ်လေ”

“သူ့ဝိဉာဉ်ကိုသာ အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်လိုက်ရင် ရှင့်ရဲ့သားလေးကို ပြန်ခေါ်လို့ရတယ်”

သူမ စကားပင်မဆုံးလိုက်ပါချေ။ မစ်စ်ကျင်း၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာခဲ့သည်။

သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်သည်လည်း တွန့်လိမ်နေခဲ့ပြီး နာကျင်စွာ အော်ဟစ်လိုက်သော အသံနက်တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

“နင်ကများ ငါ့သားကို ထိရဲတယ်ပေါ့!?”

“ငါ့ရဲ့ အန်းအန်းလေးကို ဘယ်သူမှ ထိခိုက်အောင် လုပ်လို့မရဘူး!”

မစ်စ်ကျင်း၏ မျက်လုံးများက တစ်ဝက်သာ ပွင့်နေခဲ့ပြီး မျက်ဖြူဆိုက်နေခဲ့သောကြောင့် ကြောက်မက်ဖွယ်ကောင်းလွန်းပေ၏။

သူမ၏ နှုတ်ဖျားမှ ထွက်လာသည့် စကားသံမှာလည်း အမျိုးသမီးအသံဖြစ်သော်ငြား မစ်စ်ကျင်းအသံနှင့်မတူပါချေ။ လေသံက အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။

ထိုကဲ့သို့ အစ်မဖြစ်သူအား မြင်တွေ့လိုက်ရချိန်တွင် ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’၏ ရင်ထဲတွင် အေးစက်သွားခဲ့ပြီး နောက်သို့ ခြေတလှမ်းဆုတ်လိုက်မိသည်။

ကုကျစ်စုန့် မစ်စ်ကျင်းအား ကြည့်လိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်မိသည်။

“ရှင်က သေသွားတဲ့ အမျိုးသမီးပဲ”

မစ်စ်ကျင်း၏ ခန္ဓာကိုယ်အား ယခု ထိန်းချုပ်နေသူသည်က သူမကိုယ်ထဲတွင် ပုန်းကွယ်နေခဲ့သော သရဲပင်ဖြစ်သည်။

ထိုသရဲက မစ်စ်ကျင်း ခင်ပွန်းသည်၏ သေဆုံးသွားသော အချစ်ဦးလည်းပေဖြစ်သည်။

သူမက မစ်စ်ကျင်း၏နောက်သို့ လိုက်၍ တစ်ချိန်လုံးနှောင့်ယှက်နေခဲ့ခြင်းပင်။

“ရှင်က သူမရဲ့ခန္ဓာကိုယ်ကို အပိုင်သိမ်းချင်နေတယ်.. သူများကို ဒုက္ခပေးမိရင် ဘုရားက အပြစ်ပေးမှာကို မကြောက်ဘူးလား?”

ထိုအချိန်တွင် သရဲမက ကုကျစ်စုန့်မှ သူမအား တမင်မျှားထုတ်လိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သို့သော်လည်း သူမ ဂရုမစိုက်ချေ။

ကုကျစ်စုန့်၏ စကားကို ကြားရပြီးနောက် အချစ်ဦးသရဲ၏ အသံမှာ ပို၍ အားကောင်းသော အမုန်းတရားများဖြင့် မာကြောသွားခဲ့သည်။

“သူက ငါ့ရည်းစားကို လုယူပြီး ငါတို့သားအမိကို မတရားသေရအောင် လုပ်ခဲ့တာလေ.. သူကသာ သူများတွေရဲ့ အချစ်ရေးမှာ ဝင်နှောင့်ယှက်တာ သေသင့်တဲ့ မိန်းမပဲ”

ကုကျစ်စုန့် မျက်ဝန်းများက မစ်စ်ကျင်း၏ မျက်နှာမှ မခွာပါချေ။

အဘယ်ကြောင့်ဆိုသော မစ်စ်ကျင်း၏ ကိုယ်ထဲတွင် ပုန်းကွယ်နေသော တစ္ဆေပေါ်လာပြီး သူမကိုယ်နှင့် ခေတ္တပေါင်းစည်းသွားသောကြောင့် မစ်စ်ကျင်း၏ မျက်နှာမှာလည်း ပြောင်းလဲသွားခဲ့သည်။

မျက်နှာပြောင်းလဲသွားခြင်းကြောင့် ထိုခန္ဓာကိုယ်၏ ကံကြမ္မာ၊ ဘဝအဖြစ်အပျက်တို့လည်း ပြောင်းလဲသွားသည်။

မစ်စ်ကျင်း၏ မျက်နှာကို ကြည့်ပြီးနောက် သေဆုံးသွားသည့် အချစ်ဦးအမျိုးသမီး၏ ကံကြမ္မာ၊ ဘဝဖြစ်စဉ်တို့အား သူမ ခွဲခြမ်းစိတ်ဖြာ၍ မြင်နိုင်ခဲ့သည်။

ထိုသရဲ၏ စွပ်စွဲချက်ကို ကြားရပြီးနောက် ကုကျစ်စုန့် ဒေါသဖြင့် ပြန်ပြောလိုက်သည်။

“ရှင့်ဘာသာရှင် ကလေးနဲ့အတူ သတ်သေလိုက်တာမဟုတ်ဘူးလား? ဒါက မစ်စ်ကျင်းနဲ့ ဘာများဆိုင်လို့လဲ?”

သရဲမ၏ ချုပ်ထိန်းခြင်းခံထားရသော မစ်စ်ကျင်း၏ မျက်နှာ ရုတ်တရက်တည်တန့်သွားခဲ့ပြီးနောက် မုန်းတီးရွံရှာစွာ ပြောလိုက်သည်။

“သူသာ ငါတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ဝင်ပြီး မနှောင့်ယှက်ခဲ့ဘူးဆိုရင် အန်းအန်းနဲ့ ငါနဲ့လည်း သတ်သေစရာ အကြောင်းရှိပါ့မလား?”

ကုကျစ်စုန့်: “???”

“ရှင် နားကန်းနေတာလား? ဒါမှမဟုတ် ကိုယ့်ကိုကိုယ် လိမ်နေတာလား? ကျွန်မ အခုပဲ ပြောလိုက်တယ်မလား.. ရှင် ရှင့်ရဲ့ကလေးနဲ့ သတ်သေသွားတဲ့အချိန်တုန်းက ဒီအကူအညီတောင်းသူရဲ့ အစ်မက တစ်ကိုယ်တည်းပဲ ရှိသေးတာ.. အဲဒီ လူနဲ့တောင် မတွေ့ရသေးဘူး”

သရဲမကတော့ မုန်းတီးနေဆဲဖြစ်ကာ ကုကျစ်စုန့်၏စကားကိုလည်း မယုံကြည်ချင်ခဲ့ပေ။

“နင်က ဒီမောင်နှမရဲ့ဘက်တော်သားပဲလေ! ဖြစ်ခဲ့သမျှတွေကို နင့်ပါးစပ်ထဲ ရှိသလို ပြောလို့ ရမှာပေါ့!”

သရဲမ၏ စကားများကြောင့် ကုကျစ်စုန့် မျက်ခုံးပင့်လိုက်မိသည်။

သူမ၏ လုပ်ပုံကိုင်ပုံကို မကြိုက်၍ ဖြစ်စေ၊ သူမကို လူတစ်ယောက်အနေဖြင့် မုန်းတီးနေပါစေ ဂရုမစိုက်ပါချေ။ သို့သော် သူမ၏ စွမ်းရည်နှင့် တိကျမှုကို မေးခွန်းထုတ်လာလျှင်တော့ သူမ ငြိမ်မခံနိုင်ပေ။ထို့ကြောင့် သူမက အနည်းငယ်ပြောင်းလဲသွားသော မျက်နှာအား မော်ကြည့်၍ သေချာတိတိကျကျ စိုက်ကြည့်လိုက်သည်။ ထိုမျက်နှာသည်က မစ်စ်ကျင်း၏ မျက်နှာပင် ဖြစ်သော်လည်း သူမ၏ မျက်နှာကျပုံစံဖြင့် အနည်းငယ်ကွဲပြားနေသည်။

တစ်ချိန်တည်းမှာပင် သူမက ဟောပြောရာတွင် အသုံးပြုသည့် ရှေးဟောင်းအကြွေစေ့များကို ထုတ်လိုက်သည်။

အကြွေစေ့သုံးစေ့အား လေပေါ်သို့ ပစ်မြှောက်လိုက်ပြီးနောက် သူမလက်ဖဝါးပေါ်သို့ ပြန်ကျလာခဲ့ချိန်တွင် တစ်ချက်လောက် စစ်ဆေးလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ပြောလိုက်သည်။

“မဒမ် .. ရှင်က ၁၉၈၆ခုနှစ်မှာ မွေးဖွားပြီး လွန်ခဲ့တဲ့ ၆နှစ်တုန်းက ကိုယ့်ကိုကိုယ် သတ်သေခဲ့တယ်..သေဆုံးချိန်မှာ အသက် ၃၀ပြည့်ပြီးနေပြီ”

“အဲဒီတုန်းက ရှင့်မှာ လေးနှစ်အရွယ်သားတစ်ယောက်လည်း ရှိတယ်.. ရှင်နဲ့အတူ တစ်ချိန်တည်းမှာ သေဆုံးခဲ့တာပဲ.. ရှင့်ရဲ့ ကံကြမ္မာနဲ့ နန်းတော်၁၂ခုအရ ရှင်တို့နှစ်ယောက်လုံး သေဆုံးခြင်းက ဆိုးရွားတဲ့သေဆုံးခြင်းတော့ မဟုတ်ဘူး

ဆေးသောက်သေတာဖြစ်ဖြစ်၊ အိမ်မှာ အိပ်ရာမဝင်ခင် ဂတ်စ်ကို ဖွင့်ထားပြီးတော့ပဲဖြစ်ဖြစ် အိပ်မက်ထဲမှာ သေဆုံးခဲ့ကြတာပဲ”

All Chapters