← Chapters

ပျောက်ဆုံးနေသော ရွာ( 2)

Vol. 38 Ch. 371

ပျောက်ဆုံးနေသော ရွာ( 2)

Vol. 38 Ch. 371

တစ်ဖက်လူက နားမလည်နိုင် ဖြစ်နေခဲ့သည်။

“မိန်းမ မင်းလာနောက်နေတာလား? ဘာလို့ ရုတ်တရက်ကြီး ကွာရှင်းချင်ရတာလဲ?”

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ ကတော့ ဟန်မဆောင်နိုင်တော့ဘဲ ဒေါသဖြင့် ပြောလိုက်မိသည်။

“အပိုတွေလုပ်မနေစမ်းပါနဲ့.. ခင်ဗျားတို့မိသားစုတွေ ကျုပ်အစ်မကို ဘယ်လိုဆက်ဆံခဲ့ကြတာလဲ? ကျုပ်တို့မသိဘူးလို့ ထင်နေတာလား?”

တစ်ဖက်လူက အနည်းငယ်စိတ်ပူသွားချိန်တွင်ပင် ရုတ်တရက် မိခင်ထံမှ ဖုန်းဝင်လာခဲ့သည်။

တစ်ဖက်မှ အဘွားအိုကြီးက ငိုယို၍ ပြောလာခဲ့သည်။ သူမ အိမ်အပြင်သို့ထွက်လိုက်ချိန်တွင် အိမ်နီးနားချင်းများ၏ ဝိုင်းဝန်းဆဲဆိုအပြစ်တင်မှုများ ခံခဲ့ရသည်ဟူ၏။

ချွေးမဖြစ်သူသည်က သဘာဝလွန်ပညာနှင့် ပတ်သတ်သည့် အစီအစဉ်တစ်ခုတွင် ပါဝင်နေကြောင်း၊ သူတို့မိသားစုမှ ရွှေ၊ငွေ လက်ဝတ်ရတနာများထဲတွင် အရိုးပြာများ ဝှက်ထားသည့် အကြောင်းကိုလည်း တစ်နိုင်ငံလုံးသိသွားပြီဖြစ်ကြောင်း ပြောလာခဲ့သည်။

ချွေးမဖြစ်သူက အစီအစဉ်အတွင်း၌ ရှောင်ရှိုး၏ ခန္ဓာစွမ်းအင်အား ပြန်လည်နုတ်ယူကာ ရှောင်ရှိုးအား ကျန်းမာရေးချူချာသည့် ကလေးငယ်ဖြစ်အောင် လုပ်မည်ဟု ပြောခဲ့ကြောင်းလည်း သားဖြစ်သူကို ပြောခဲ့သည်။

သားဖြစ်သူအနေဖြင့် မည်သည့်နည်းလမ်းကိုဖြစ်စေ သုံး၍ ချွေးမကို တားမြစ်ရန်လိုအပ်ကြောင်း၊ ရှောင်ရှိုးလေး၏အနီးသို့ အကပ်မခံသင့်ကြောင်း ပြောဆိုခဲ့သည်။

ဖုန်းနားထောင်ပြီးနောက် ထိုအမျိုးသား၏ မျက်နှာတစ်ခုလုံးလည်း သွေးဆုတ်သွားခဲ့ရလေသည်။

“မင်း.. မင်းအကုန်သိသွားပြီလား?”

ဇနီးသည်၏ အေးစက်တည်ငြိမ်သော မျက်နှာကိုကြည့်ရင်း သူတစ်ခုခုကို သဘောပေါက်သွားခဲ့သည်။

“မင်း ခုနက ရှောင်ရှိုးရဲ့ ခေါင်းကို ကိုင်ပြီးဘာလုပ်လိုက်တာလဲ? သူ့ကို တစ်သက်လုံး မကျန်းမမာနဲ့ နေသွားစေချင်တာလား!?”

မစ်စ်ကျင်း တစ်ဖက်လူကို နောက်ကျောပေး၍ ထွက်သွားရန်ပြင်လိုက်သည်။

“ကျွန်မ ရှေ့နေဆီကနေ ကွာရှင်းစာချုပ်ပို့လိုက်မယ်.. ရှင့်ရဲ့မျက်နှာကိုရော၊ ရှင်တို့မိသားစုကိုရော တစ်စက္ကန့်တောင် ပိုမကြည့်ချင်အောင် ရွံနေပြီ!”

“မင်း ထွက်သွားလို့မရဘူးလေ! စကားကို သေချာပြောစမ်း.. အခုချက်ချင်း ရှောင်ရှိုးကို ကျန်းမာအောင် ပြန်လုပ်ပေး!”

ခင်ပွန်းဖြစ်သူက စိတ်ပူပန်စွာ အော်ဟစ်လိုက်ပြီး မစ်စ်ကျင်းကို လှမ်းဆွဲရန် ပြင်လိုက်သည်။

‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ လည်း ဒေါသကို မထိန်းနိုင်တော့ပါချေ။ သူက တစ်ဖက်လူ၏မျက်နှာကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်ကာ အစ်မဖြစ်သူ၏ရှေ့မှ ကာကွယ်ပေးထားလိုက်သည်။

“ခင်များ သောက်ကျိုးနည်းလောက်အောင် အရှက်မရှိတာပဲ! ခင်ဗျားက ကျုပ်ရဲ့အစ်မနားကို ကပ်ချင်သေးတယ်ပေါ့

ပြီးတော့ အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့.. ကျုပ်တို့ကပဲ ခင်များသားရဲ့ ကျန်းမာရေးကို လုယူရတယ်ရှိသေးတယ်!

သူကမှ ကောက်ကျစ်တဲ့ မျက်လုံးဖြူဝံပုလွေမျိုးလေး! သူကမှ ကျုပ်ရဲ့တူကို သတ်ပြီးတော့ သူ့ရဲ့နေရာလိုဝင်ယူထားတာလေ!”

“ခင်များတို့ မိသားစုတွေက အတော်လေးကို ရက်စက်လွန်းပြီး ကျုပ်အစ်မရဲ့ ဘဝကိုတောင် လုယူချင်ကြသေးတယ်

ကျုပ်တို့က ကိုယ်ပိုင်တဲ့အရာကို ပြန်ယူရုံသက်သက်ပဲ”

အမျိုုးသားဖြစ်သူမှာ အသက်၄၀အရွယ်ဖြစ်ကာ တစ်နှစ်ပတ်လုံး ရုံးခန်းထဲတွင် အမြဲထိုင်နေရသူဖြစ်သည်။

သူ၏ ခန္ဓာကိုယ်သည်က ‘အထိန်းအချုပ်နံရံများမှ ဖောက်ထွက်ခြင်း’ကဲ့သို့ ငယ်ရွယ်သွက်လက်မှုမရှိတော့။

တစ်ဖက်လူကို အကြမ်းဖက်၍ မရနိုင်ကြောင်း သဘောပေါက်သွားချိန်တွင် သူက စိတ်ပျော့လာစေရန် လေသံပျော့ဖြင့် ဖျောင်းဖြရန် ကြံစည်ပြန်သည်။

“မိန်းမ ကိုယ်တကယ်တောင်းပန်ပါတယ်..အဲဒီလိုမှ မလုပ်ရင် သရဲက ငါတို့အကုန်လုံးကို သတ်ပစ်တော့မှာမို့လို့ပါ!”

“ဒီမှာ ကြည့်ပါဦး.. ရှောင်ရှိုးလေးက မင်းရဲ့ သွေးရင်းသားရင်းပါ ၊ သူက မင်းကို ဒီလောက်နှစ်တွေအများကြီး အမေလို့ ခေါ်လာတာလေကွာ.. ဒီကလေးကိုတော့ ဒုက္ခမပေးပါနဲ့ သူ့မှာ အပြစ်မရှိပါဘူးကွာ”

မစ်စ်ကျင်း၏ နှလုံးသားကတော့ အဆုံးထိ ပျော့ညံ့မသွားခဲ့ပေ။

သူမ ထွက်လာခဲ့ချိန်တွင် အမျိုုးသားဖြစ်သူက ခွေးသားရေကဲ့သို့ပင် ကပ်တွယ်၍ နှောင့်ယှက်ချင်နေသေးသည်။ မောင်ဖြစ်သူသာ အတူပါမလာခဲ့ပါက သူမ ယနေ့ ဤနေရာမှ ထွက်သွားနိုင်မည်မဟုတ်။

ဇနီးဖြစ်သူ၏ တည်ငြိမ်၍ စိတ်ခံစားချက်တစ်စုံတစ်ရာမရှိသော မျက်နှာကို ကြည့်ကာ ခင်ပွန်းဖြစ်သူက ဒေါသ၊ အမုန်းတရားများဖြင့် အော်ဟစ်စွပ်စွဲလိုက်သည်။

“မင်းဆိုတဲ့ မိန်းမက အပြစ်မရှိတဲ့ ကလေးတစ်ယောက်ကိုတောင် ဒုက္ခပေးချင်တဲ့ထိ ယုတ်မာနေတာပဲ! မင်းတို့တွေ သေချာပေါက် အပြစ်ပေးခံရမှာ!”

ဘေးမှ တခြားကျောင်းသားမိဘများလည်း ဗီဒီယိုများကို ရိုက်နေခဲ့ကြသည်။

မစ်စ်ကျင်းနှင့် မောင်ဖြစ်သူတို့အား မှတ်မိသည့် မိဘများမှာတော့ တစ်ဦးနှင့်တစ်ဦး တီးတိုးပြောဆိုနေခဲ့ကြသည်။

မစ်စ်ကျင်း ဒေါသကြောင့် မျက်နှာမဲ့သွားခဲ့ပြီးနောက် ပြန်ပြောလိုက်သည်။

“ကျွန်မ အပြစ်ပေးခံရတယ်ဆိုရင်တောင်မှ ရှင်တို့တစ်မိသားစုလုံးက အရင်ဆုံး မိုးကြိုးပစ်ခံရမှာ! ရှင်တို့ကိုယ်ရှင်တို့ အပြစ်ကင်းတယ်လို့ထင်နေရင်လည်း ရတယ်လေရဲစခန်းကိုသွားပြီး အမှုဖွင့်လိုက်.. ရှင်တို့ကိုယ် ရှင်တို့ အပြစ်မရှိဘူးလို့ ပြောနိုင်တယ်ဆိုရင် သေသွားတဲ့ ကျွန်မကလေးလေးကို ပြန်ရှင်အောင် လုပ်ပေးစမ်းပါ!”

အနီးအနားရှိ မိဘများ ရိုက်ကူးထားသော ဗီဒီယိုက အင်တာနက်ပေါ်၌ ပျံ့နှံ့သွားခဲ့ပြီး အဖြစ်အပျက်မှာ နာမည်ကြီးသွားခဲ့သည်။

[ကလေးလေးက အမှန်တကယ်လည်း အပြစ်မရှိဘူးလေ.. ဆွဲကြိုးတွေထဲကို ပြာတွေထည့်တာက သူ့အဖေရင်းနဲ့ အဘွားပဲ သူက အဲဒီတုန်းက သိမှမသိတာ

ဒီကလေးကို တစ်သက်လုံး ကျန်းမာရေးချူချာသွားအောင် လုပ်တာကတော့ ရက်စက်လွန်းရာမကျဘူးလား?]

[ဟားဟား၊ ဒီအဖြစ်အပျက်က တော်တော်လေး ဆိုးဝါးလွန်းတယ်ဆိုပေမဲ့ ငါတော့ နည်းနည်း စိတ်သက်သာရာ ရသွားပြီ

ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂နှစ်လုံးလုံး အိမ်က လူတွေ ငါ့ကို ဇွတ်အတင်း လက်ထပ်ခိုင်းနေကြတာလေ..

အခု ဒါက ထိပ်တန်းရှာဖွေမှုဖြစ်သွားတာနဲ့ ငါက ချက်ချင်း အမေ့ကို ပြလိုက်တာ၊ အမေလည်း ဒါကို ကြည့်နေတာ တစ်နာရီလောက်ကြာတယ် ပြီးလည်းပြီးရော ထိတ်လန့်ပြီး ငါ့ကို ဇွတ်အတင်း အိမ်ထောင်ပြုဖို့ မပြောကြတော့ဘူး!]

[မှတ်ချက်တွေထဲမှာ ဇွတ်အတင်းတွေ ကြင်နာပြမနေကြပါနဲ့.. ဒီကလေးက အပြစ်ကင်းတယ်ဟုတ်စ?

ဒါဆိုရင် ခန္ဓာကိုယ်အလုခံလိုက်ရပြီး အဖြစ်ဆိုးကြုံရပြီးတော့ ပြန်မဝင်စားလိုက်နိုင်တဲ့ ကလေးလေးကရော အပြစ်မကင်းဘူးလား?

ဒီကလေးက မစ်စ်ကျင်းရဲ့ ကလေးအစစ်လည်း မဟုတ်ဘူး.. သူက ဘာလို့ သူများကလေးကို ပြုစုပြီး မွေးထားပေးရမှာလဲ?!]

[……]

တချို့လူများမှာ ကလေးငယ်က အပြစ်ကင်းသည်ဟု ယုံကြည်ကြသော်လည်း အင်တာနက်အသုံးပြုအများစုမှာတော့ မစ်စ်ကျင်း၏ အပြုအမူအား သဘောပေါက်နားလည်ကြသည်။

သက်ရှိလူများအနီးသို့ လူသေ၏ ပြာများထည့်ထားသည့် ပစ္စည်းများ ထားသည့်အပြစ်မှာပင် ကြီးလေးလှပြီဖြစ်သည်။

ကြည့်ရှုသူအများစုက မစ်စ်ကျင်း ထိုမိသားစုထံမှ အမြန်ဆုံးထွက်ခွာနိုင်ရန်၊ ထိခိုက်ထားသော သူမ၏ ခန္ဓာကိုယ်အား ဂရုစိုက်ရန်သာ မျှော်လင့်ခဲ့ကြသည်။

ယခုအဖြစ်အပျက်မှာတစ်ဆင့် ‘အတင်းသဘောတူလက်ထပ်ပေးခြင်း’ အကြောင်းအရာဖြင့် ပတ်သတ်သည့် ငြင်းခုန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။



ကုကျစ်စုန့် တိုက်ရိုက်ထုတ်လွှင့်မှုအား ပိတ်လိုက်ပြီးနောက် လက်ထောက်ရှောင်ကျိုးအား နောက်နေ့တွင် ယုံချန်သို့ ပြန်ရန် အထုတ်အပိုးများ ပြင်ဆင်ပေးရန်အတွက် အကူအညီတောင်းခဲ့သည်။

ကျန်းရူယွီ ယမန်နေ့မှ ပို့ထားသော တင်ပြချက်များကိုလည်း သူမ မဖတ်ရသေးပေ။

ကိုယ်ဝန်သည်အမှုတွင် မြေအောက်ကမ္ဘာသို့ ပို့ဆောင်လိုက်ပြီဖြစ်သော ကိုယ်ဝန်ဆောင်ဝိဉာဉ်ထံမှ ကျန်ရစ်ခဲ့သည့် သရဲသန္ဓေသားလောင်းအကြောင်းသာ ဖြစ်ချေမည်။

ထိုအရာသည်က လူလည်းမဟုတ်၊ သရဲလည်းမဟုတ်ပေ။ စိတ်ဝိဉာဉ်နှင့် ခန္ဓာရှိသော သတ်ဖြတ်ကောင်တစ်ကောင်သာ ဖြစ်သည်။

ထိုသန္ဓေသားအား ဝိဉာဉ်ဆိုင်ရာဌာနချုပ်၏ ရုံးချုပ်တွင် ထိန်းသိမ်းထားပြီး မည်သို့ပြုလုပ်ရမည်ဆိုသော အဆုံးအဖြတ်ကိုသာ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ထို့အပြင် ယခုအချိန်ကာလအတွင်း နိုင်ငံတွင်းမှ သဘာဝလွန်ပြစ်မှုခင်းများသည်လည်း ပိုမို၍ များပြားလာခဲ့ပြီး တချို့အမှုအခင်းများမှာ အခြေအနေဆိုးဝါးနေပြီဖြစ်သည်။

‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ တိုက်ရိုက်ထုတ်လွှင့်မှု၊ ကုကျစ်စုန့်၏ ပြစ်မှုများ ဖြေရှင်းခြင်းတို့ကြောင့်လည်း ထိုသဘာဝလွန်ပြစ်မှုများက လူအများ၏ အာရုံစူးစိုက်မှုခံခဲ့ရသည်။

အလားတူပြစ်မှုခင်းများနှင့်တူညီသော ဖြစ်ရပ်များအား ပြည်သူများ သတိပြု၊ သတိထားနိုင်ပြီး ပြစ်မှုကျုးလွန်သူများကို ဖော်ထုတ်နိုင်ရန်အတွက် ရှားနိုင်ငံတော်၏ အရာရှိများသည်လည်း သဘာဝလွန်ပညာ၏ ဖြစ်တည်မှုအား ပြည်သူများထံသို့ အချိန်မှန်၊ စနစ်ကျကျ မိတ်ဆက်ပေးရန် စဉ်းစားနေခဲ့ကြသည်။

လက်ရှိသက်ဆိုင်ရာ ဥပဒေများကိုလည်း သဘာဝလွန်ပြစ်မှုများ ကျုးလွန်ပါက အပြစ်ဒဏ်ထိထိရောက်ရောက် ချမှတ်နိုင်ရန်၊ အပြစ်ဒဏ်ချမှတ်သည့် စနစ်ကိုလည်း ညှိနှိုင်းဆောင်ရွက်မှုပြုနိုင်ရန်ဆိုသော အချက်များမှာလည်း အရေးကြီးလှသည်။

နှုတ်ဖြင့် ပြောရန် လွယ်ကူသော်ငြား ထိုသက်ဆိုင်ရာဥပဒေများအား ချမှတ်ခြင်း၊ အတည်ပြုခြင်းတို့သည် အချိန်ကြာမြင့်၍ ခက်ခဲသော အလုပ်တစ်ခုပင်ဖြစ်သည်။

ထို့ကြောင့်ပင် ဝိဉာဉ်ဆိုင်ရာအထူးဌာန၏ အရာရှိများက ကုကျစ်စုန့်အား ပြစ်ဒဏ်ချမှတ်သည့်ဖွဲ့စည်းပုံ၌ ပါဝင်စေလိုကြခြင်းပင်။

သူမထံမှ လိုအပ်သည့် အထောက်အထားများ၊ ဆွေးနွေးညှိနှိုင်းမှုများ ရယူလိုကြလေ၏။ သူမလုပ်ဆောင်ရမည်မှာ သဘာဝလွန်ပညာရပ်၏ အကြံပေးအရာရှိတစ်ဦးကဲ့သို့သာဖြစ်သည်။

သို့သော် ကုကျစ်စုန့်အနေဖြကာ့ ကြုံတွေ့လာရမည့် ပြဿနာများအား စိုးရိမ်မိသောကြောင့် ကမ်းလှမ်းချက်ကို သဘောမတူညီမှု မရှိသေးပေ။

သူမက အနားယူနေသည့် ဟိုတယ်တွင် ဝိဉာဉ်ဆိုင်ရာဌာန၏ အပ်ပလီကေးရှင်းကို ဖွင့်ကာ လွန်ခဲ့သည့်နှစ်ရက်အတွင်း တင်ထားသည့် ‘လုပ်ငန်း’များကို ကြည့်လိုက်မိသည်။

ပရိုဂရမ်အား ဖွင့်လိုက်သည်နှင့်တပြိုင်နက် ထိပ်ဆုံးနေရာတွင် ရှိသည့် အနီရောင်မစ်ရှင်တစ်ခု သူမမျက်လုံးထဲသို့ ဝင်လာခဲ့သည်။

“’ရွှမ်အဆင့်’နှင့်အထက် ပညာရှင်များအား ‘ထျန်ယွင်စုံစမ်းစစ်ဆေးရေးအဖွဲ့’ဖြင့် ပူးပေါင်းရန် အရေးပေါ်ခေါ်ယူ”မစ်ရှင်၏ အသေးစိတ်ကို ရေးသားဖော်ပြထားခြင်းမရှိသော်လည်း ထိုစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်သော အဆင့်မှာ ‘ရွှမ်အဆင့်’ဖြစ်သည်။

ထိုလုပ်ငန်း၏ အန္တရာယ်အဆင့်မှာလည်း မေးခွန်းသုံးဆင့်မြောက်ဖြစ်လေ၏။ အဓိပ္ပာယ်မှာ ထိုမစ်ရှင်သည်က လက်ရှိဝိဉာဉ်ဆိုင်ရာအဖွဲ့မှ ခန့်မှန်းနိုင်သည့် အန္တရာယ်အဆင့်ထက် ကျော်လွန်နေခဲ့ခြင်းသာဖြစ်သည်။

ထိုမစ်ရှင်၏ အသေးစိတ်ကို ဝင်ရောက်ဖတ်ရှုလိုက်ချိန်တွင် ဤစုံစမ်းစစ်ဆေးရေးအဖွဲ့လက်အောက်တွင် အမှုနှစ်ခုရှိနေကြောင်း သိလိုက်ရသည်။

“၁. ထျန်ယွင်ကျေးရွာပျောက်ဆုံးခြင်းအမှု (တောက်ကျန့်များအား အကူအညီတောင်း၍ စုံစမ်းစစ်ဆေးခြင်း)”

“၂. သေဆုံးခြင်းကာတွန်းစာအုပ် အမှု”

All Chapters