မမျှော်လင့်ထားသော သတို့သမီး (1)
Vol. 38 Ch. 377
ကုကျစ်စုန့် ထျန်ယွင်ကျေးရွာအတွင်းသို့ ဝင်လာပြီးသည်နှင့်တပြိုင်နက် ဤခြံဝင်းအတွင်းသို့ မည်သို့သော ညွှန်ပြချက်မျှ မရှိပါပဲနှင့် တန်းတန်းမတ်မတ် ဝင်ရောက်လာခဲ့သည်။
အကြောင်းရင်းမှာ သူမ၏ ဝိဉာဉ်စွမ်းအင်များကို ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်ဝန်းအစုံတွင် ဤနေရာသည်က တစ်ရွာလုံး၌ ယင်စွမ်းအင် အထူထပ်ဆုံး၊ အသိပ်သည်းဆုံးနေရာဖြစ်သောကြောင့်ပင်။
ထျန်ယွင်ကျေးရွာသည်က ပြောင်းပြန်ဖြစ်နေသော မြေအောက်ကမ္ဘာဆိုပါက ဤခြံဝင်းတည်ရှိရာနေရာသည် ယင်နှင့်ယန် ဆုံတွေ့ရာ၊ ပထဝီမြေကြီးတွင် ကျင်းပေါက်ဖြစ်နေသည့်နေရာပင်ဖြစ်သည်။
ဤနေရာသည် မီးခိုးရင့်ရောင်မြူခိုးလွှမ်းနေပြီဖြစ်သော ရွာတစ်ခုမှာပင် ယင်စွမ်းအင်အများဆုံးစုဝေးရာ နေရာဖြစ်သည်။
အဝေးမှပင် ယင်စွမ်းအင်ဖြင့် အထပ်ထပ်ကာရံထားသော ပိုးမျှင်များကဲ့သို့ပင် ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။
သူမ၏ တွေ့ရှိချက်သည် အမှန်တကယ်လည်း မှားယွင်းမှုမရှိပေ။ ဤခြံဝင်းဖြင့် နီးကပ်လာလေလေ၊ ယင်စွမ်းအင်ကို မှီခို၍ ပုန်းဝှက်နေသော မကောင်းဆိုးဝါးဝိဉာဉ်အရေအတွက် များလာလေလေဖြစ်သည်။
နောက်ဆုံးတွင်တော့ ယင်စွမ်းအင်အများစုတည်ရှိရာ၊ တဖြည်းဖြည်းချင်း အပြင်သို့ စီးဆင်းလာသည့်နေရာသည်က ဤအိပ်ခန်းပင်ဖြစ်နေခဲ့သည်။
ကုကျစ်စုန့် အိပ်ခန်းတံခါးကို ကန်ဖွင့်လိုက်ချိန်တွင် သူမက အတွင်းဘက်၌ နေရာယူထားသော မကောင်းဆိုးဝါးဝိဉာဉ်ဖြင့် အပြင်းအထန် တိုက်ပွဲဝင်ရန် စိတ်ကို အသင့်ပြင်ထားခဲ့သည်။
သူမ တံခါးအား အရှိန်ပြင်းပြင်းဖြင့် ကန်ဖွင့်လိုက်ချိန်တွင် အခန်းတွင်းမှ အဝါရောင်ဖျော့ဖျော့ မီးရောင်သည်လည်း အခန်းပြင်သို့ လျှံထွက်လာပြီး မှောင်မိုက်နေသော အိမ်ထဲသို့ အလင်းရောင်ဖျော့ဖျော့ လင်းလာခဲ့သည်။
အိပ်ခန်းထဲတွင် ထူးခြားသော အပြင်အဆင်ဖြင့် ပြင်ဆင်ထားသည်။
တစ်ခန်းလုံးမှ နံရံများ၊ ပြတင်းပေါက်များတွင် ပြောင်းပြန်ရေးဆွဲထားသည့် “囍” စာလုံးများဖြင့် ပြည့်နှက်နေခဲ့ပြီး အရည်အသွေးညံ့သော အနီရောင်ဖယောင်းတိုင်များလည်း ထွန်းညှိထားသည်။
အတွင်းခန်းမှ ခုတင်ထက်တွင်တော့ အနီရောင်မင်္ဂလာဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ဦးက ခပ်မတ်မတ် ထိုင်နေခဲ့သည်။
ထိုအနီရောင်မင်္ဂလာဝတ်စုံဖြင့် လူကို တွေ့လိုက်ရသည်နှင့် ကုကျစ်စုန့်၏ ဓားကိုင်ထားသော လက်မှာလည်း ပို၍ပင် တင်းကြပ်သွားခဲ့ပြီးနောက် မကောင်းဆိုးဝါးဝိဉာဉ်အား အချိန်မရွေး သုတ်သင်နိုင်ရန် အသင့်ပြင်ထားခဲ့သည်။
သူမ၏ စူးရှသော မီးငှက်မျက်ဝန်းအစုံတွင် မြင်တွေ့နေရသည်မှာ ထိုမင်္ဂလာဝတ်စုံတွင် သေဆုံးသွားသော ဆွေမျိုးသားချင်းများ၏ အမည်များကို ရေးထိုးထားပြီး ပုတ်သိုးနေပြီဖြစ်သော သွေးနံ့များ လှိုင်လှိုင်ထွက်နေခဲ့သည်။
ထိုသတို့သမီးထိုင်နေသည့် ခုတင်သည်လည်း အခေါင်းတလားတွင် အသုံးပြုသည့် သစ်သားပြားများဖြင့် ပြုလုပ်ထားပြီး ထိုခုတင်ပေါ်တွင် ဖုံးလွှမ်းထားသော ‘အိပ်ရာခင်း’မှာလည်း အနီရောင်ပိတ်စများအား ဖြန့်ခင်းထားခြင်းသာ ဖြစ်သည်။
အဝေးမှ ကြည့်ရုံဖြင့် သဲလွန်စ၊အချက်အလက်များကို သေသေချာချာမမြင်တွေ့နိုင်သော်လည်း ဤအိမ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ပုံရိပ်ယောင်များက ပျောက်ကွယ်သွားပြီဖြစ်သည်။
သူမ အနားသို့ ကပ်သွားချိန်တွင် ဤအခန်းတွင်းမှ မင်္ဂလာခုတင်၊ အပြင်အဆင်များနှင့် အခြားအသုံးအဆောင်များသည်က အမှန်တကယ်ဒြပ်ဝတ္တုပစ္စည်းများမဟုတ်ဘဲ စက္ကူဖြင့် ပြုလုပ်ထားသော ပစ္စည်းအတုအယောင်များသာ ဖြစ်နေကြောင်းကို မြင်တွေ့လိုက်ရသည်။
အရေးကြီးဆုံးသောအချက်မှာ ဤအနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သတို့သမီးသည်က မကောင်းဆိုးဝါးဝိဉာဉ်များဖြင့် ပြည့်နှက်နေပြီး ကုကျစ်စုန့်၏ အာရုံကို ဖမ်းစားလိုက်နိုင်သော ယင်စွမ်းအင်ပြည့်နေသည့် လေထုအား ဖြစ်ပေါ်စေခဲ့သူလည်း ဖြစ်နေခဲ့သည်။
သရဲတစ္ဆေတစ်ကောင်ထံမှ ဤမျှ အားကောင်းသည့် စွမ်းအင်ကို သူမ ခံစားခဲ့ဖူးချိန်မှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ကျော်ခန့်က ရေခဲငရဲခန်းမှ ထွက်ပြေးလာသော တစ္ဆေဘုရင်အဆင့်ရှိ သရဲတစ်ကောင်အား ဖမ်းဆီးချုပ်နှောင်ခဲ့စဉ်ကသာ ဖြစ်သည်။
ဤအနီရောင် ဝတ်ဆင်ထားသော ‘သတို့သမီး’တွင် မကောင်းဆိုးဝါးအငွေ့အသက်များဖြင့် ပြည့်နှက်နေသည့်အပြင် အခန်းတွင်းမှ စက္ကူခုတင်များ၊ အနီရောင်ဖယောင်းတိုင်များဖြင့် တွဲဖက်လိုက်ချိန်၌ သေသေချာချာမကြည့်ပါက သူ့အား ထျန်ယွင်ကျေးရွာအတွင်းမှ ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါအဖြစ် အထင်မှားစေနိုင်သည်။
သို့သော် စက္ကန့်အနည်းငယ်မျှ သတိကြီးကြီးထား၍ စောင့်ကြည့်လိုက်ချိန်တွင် ခုတင်ပေါ်၌ ထိုင်နေသော ထိုအနီရောင် ‘သတို့သမီး’သည်က အင်မတန်တိတ်ဆိတ်၍ တုံ့ပြန်မှုတစုံတရာမရှိပါချေ။
သူမ မဖိတ်ခေါ်ထားဘဲရောက်လာသော ‘ဧည့်သည်’ကိုလည်း အလျင်အမြန် တိုက်ခိုက်ခြင်းမရှိခဲ့ပေ။
ကုကျစ်စုန့်လည်း ထူးဆန်းသော ဖြစ်ရပ်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက်တွင် ဤအခန်းထဲ၌ အငြိုးတရားစွမ်းအင်လည်း များစွာမရှိကြောင်း သတိပြုမိလိုက်သည်။
အခြေအနေများသည်က တည်ငြိမ်လွန်းနေသောကြောင့် သူမ တစ်စုံတစ်ခုကိုပင် သတိရသွားမိသည်။
ဤကဲ့သို့သော မကောင်းဆိုးဝါးစွမ်းအင်ကို သူမ မကြာသေးခင်က တွေ့ဆုံခဲ့ဖူးသည်။သို့သော် ထိုစွမ်းအင်သည်က အထိန်းအချုပ်လွတ်၍ ပေါက်ကွဲကာ သေဆုံးလုနီးနီးဖြစ်နေသော ယန်မိသားစု၏ သားကြီးဖြစ်သူ ယန်ချန်ထံမှ ဖြစ်ပေသည်။
ထိုအချက်ကို သတိရလိုက်ပြီးနောက် ကုကျစ်စုန့်၏စိတ်ထဲတွင် မဖြစ်နိုင်သည့်အရာတစ်ခုအား တွေးမိပြန်၏ ။
ခုတင်ပေါ်တွင် ငြိမ်သက်စွာထိုင်နေသော ‘သတို့သမီး’သည် ယန်ချန်များ ဖြစ်နေမည်လား?
ထိုအဓိပ္ပာယ်မရှိသော အတွေးကြောင့် သူမ ပြုံးလိုက်မိသော်လည်း သတိကိုတော့ မလျှော့ခဲ့ပါချေ။
သူမက မက်မွန်သားဓားရှည်ကို ကိုင်ဆောင်ထားသည့် လက်အားမြှောက်လိုက်ပြီးနောက် ဓား၏ ထိပ်ချွန်ဖြင့် သူမ၏ ဘေးမှ စားပွဲပေါ်ရှိ အိုးငယ်တစ်လုံးကို ကောက်ယူလိုက်သည်။
ထိုကြွေအိုးငယ်အား အားပြင်းပြင်းဖြင့် ခုတင်ပေါ်တွင် ထိုင်နေသော သတို့သမီးထံ လွှဲ၍ပစ်လိုက်လေသည်။
ကုကျစ်စုန့်၏ ချိန်ဆမှုက တိကျလွန်းသောကြောင့် ကြွေအိုးငယ်သည် ‘သတို့သမီး’၏ မျက်နှာကို ဖုံးအုပ်ထားသော အဝတ်အနီးမှ ဖြတ်သွားခဲ့ပြီး လေအရှိန်ကြောင့်ပင် အနီရောင်အဝတ်စငယ်သည်လည်း လွင့်စင်သွားခဲ့ပြီး ‘သတို့သမီး’၏ နားရွက်တွင် ချိတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြွေအိုးငယ်သည်က မင်္ဂလာခုတင်ဖြစ်သည့် အခေါင်းတလားဖြင့် ရိုက်မိကာ တစစီ ကွဲကြေသွားခဲ့သည်။
ကြွေအိုးအတွင်းမှ လေချွန်သံကဲ့သို့ အသံတစ်ခုထွက်လာခဲ့ပြီး အသံနှင့်အတူ မီးခိုးရောင်မြုခိုးလုံးတစ်လုံးလည်း ထွက်ပေါ်လာခဲ့သည်။
ထိုမြူခိုးလုံးက ချက်ချင်းပင် အပေါ်ပိုင်းလူ့ခန္ဓာကိုယ်ဖြင့် အောက်ပိုင်းမှာ မြူခိုးများဖြစ်နေသော သရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
ထိုအရာကို မြင်ရပြီးနောက် ကုကျစ်စုန့်ကိုယ်တိုင်ပင် အနည်းငယ်အံ့ဩသွားခဲ့သည်။
ထိုကြွေအိုးထဲတွင် သရဲတစ်ကောင် ပုန်းနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
ထိုအရာသည်က ထျန်ယွင်ကျေးရွာ ကမ္ဘာမြေပေါ်ရှိ ‘ငရဲ’ဖြစ်လာပြီးနောက် ယင်ကမ္ဘာနှင့် ယန်ကမ္ဘာတို့ ပြောင်းလဲချိန်တွင် ငရဲဂိတ်တံခါးဝမှာ ထွက်ပြေးလာသော ‘အိုးသရဲ’တစ်ကောင်သာဖြစ်နေခဲ့သည်။
ထိုကဲ့သို့သော သရဲတစ္ဆေများမှာ ကရားအိုးများထဲတွင် နေထိုင်ကြပြီး စွမ်းအားကြီးသော တစ္ဆေများမဟုတ်ပါချေ။
သူမ သုတ်သင်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် တစ္ဆေကဲ့သို့ပင် သူတို့အားလုံးသည်လည်း နောက်လိုက်များသာ ဖြစ်ပြီး ဤခြံဝင်းအား စောင့်ကြပ်နေကြခြင်းပင်ဖြစ်သည်။
ထိုသရဲမှာ မတိုင်ခင်က အိုးအတွင်း၌ အိပ်ပျော်နေဟန်ပေါ်သည်
ပြင်ပမှ ဆူညံသံများကိုပင် သူ မကြားခဲ့ချေ။ သူ ပုန်းဝှက်နေသည့် အိုးငယ် ရိုက်ခွဲခံလိုက်ရမှသာလျှင် လန့်နိုးလာခဲ့သည်။
သရဲသည်လည်း ဒေါသထွက်သွားပုံပေါ်ပြီး အစွယ်ကိုဖြဲကာ လက်သည်းကို ထုတ်၍ ကုကျစ်စုန့်ထံသို့ ပြေးလာဟန်ပြုလိုက်သော်လည်း တကယ်တမ်းတွင်တော့ ဟန်ဆောင်နေခြင်းသာဖြစ်ပေသည်။
‘အိုးသရဲ’သည်က နှေးကွေးသော်လည်း တုံးအသူမဟုတ်ပါချေ။
ဤအိပ်ခန်းတွင်းသို့ အားကောင်းသည့် အရှိန်အဝါဖြင့် ကုကျစ်စုန့် တစ်ယောက်တည်းသာ ဝင်လာပြီးနောက် သူမကို တားဆီးမည့် သရဲတစ္ဆေများလည်း တစ်ကောင်တစ်မြီးမျှပင် မရှိကြောင်း သတိထားလိုက်မိပြီးနောက်တွင် သူ့ရှေ့မှ အမျိုးသမီးသည်င စွမ်းအားကြီးသူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူက နှစ်ကြိမ်ခန့် မာန်ဖီခြိမ်းခြောက်လိုက်ပြီးနောက် အိပ်ခန်းထဲမှ ထွက်ကာ အပြင်ဘက်အမှောင်ထုတွင်းသို့ လျှင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
‘ဘော့စ်!! သက်ရှိကမ္ဘာက သက်ရှိလူတစ်ယောက်က သတို့သမီးကို ခိုးဖို့ ရောက်လာတယ်ဗျို့!’
ကုကျစ်စုန့်: “......”
သူမ မတုံ့ပြန်နိုင်ခင်မှပင် ‘သတို့သမီး’၏ နားရွက်အနီးတွင် တွဲလွဲခိုနေခဲ့သော အနီရောင်အဝတ်စငယ်သည်လည်း သရဲထွက်ပြေးသွားသည့်အရှိန်ဖြင့် အလုံးစုံပြုတ်ကျသွားကာ ‘သတို့သမီး’၏ ခြေအစုံပေါ်သို့ ကျသွားခဲ့သည်။
ခြုံလွှာအောက်မှ နူးညံ့သော သတို့သမီးလေး၏မျက်နှာနုနုမှာ ရှင်းလင်းပြတ်သားစွာဖြင့်အတိုင်းသား ပေါ်လာခဲ့သည်။
အနီရောင်မင်္ဂလာဝတ်စုံဝတ်ဆင်ထားသူ၏ မျက်နှာကို မြင်လိုက်ရပြီးနောက် ကုကျစ်စုန့်၏ မျက်ဝန်းအစုံက အံ့ဩမှုကြောင့် ပြူးကျယ်သွားခဲ့ရလေ၏။
“ယန်ချန်?!”
မင်္ဂလာခုတင်ပေါ်မှ တောင့်တင်းသော ကိုယ်ခန္ဓာ၊ သွေးစွန်းသော အဝတ်များအား ဝတ်ဆင်ထားသူမှာ ချန်ချင်းဂိုဏ်း၏ ဒုတိယခေါင်းဆောင် ပြန်ပေးဆွဲသွားခဲ့ပြီး ထျန်ယွင်ကျေးရွာ၌ ပျောက်ဆုံးသွားခဲ့သော ယန်ချန်ဖြစ်နေခဲ့သည်။
သူတို့ မျက်လုံးချင်း ဆုံလိုက်ရချိန်တွင် ဖြူဖျော့နေသော မျက်နှာဖြင့် လူငယ်မှာလည်း အခန်းတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူသည်က ကုကျစ်စုန့်ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ကြောင်း တွေ့မြင်နိုင်ခဲ့သည်။
သူက သူ၏ လက်ရှိအခြေအနေကို သတိရလိုက်ချိန်တွင် လက်ဖဝါးကို မြှောက်ကာ ဤရှက်စရာကောင်းလှသည့် သူ၏ ပုံစံကို ဖွက်ထားချင်မိသည်။
သို့သော် သူ၏ ခြေလက်များက အလွန်ပင် လေးလံနေခဲ့ပြီး လုံးဝလှုပ်ရှားမှုမပြုနိုင်ပေ။
ကုကျစ်စုန့်မှ သူ့အား စိုက်ကြည့်နေသည်ကို ထိုင်ကြည့်နေရုံမှတပါး မည်သည်ကိုမှ မတတ်နိုင်ခဲ့ပေ။
မကြာလိုက်ပါချေ။ အချိန်ကြာမြင့်စွာ နှိပ်စက်ခံရခြင်းနှင့် နာကျင်မှုဝေဒနာအား ခံစားရခြင်းတို့ကြောင့် သွေးဆုတ်၍ ဖြူဖျော့နေသော လူငယ်လေး၏ မျက်နှာက တဖြည်းဖြည်းနှင့် အနီရောင် သန်းလာခဲ့ပြီး မျက်လုံးအစွန်များမှာပင် နီမြန်းလာခဲ့သည်။ယန်ချန်အနေဖြင့် မလှုပ်ရှားနိုင်သကဲ့သို့ စကားလည်း မပြောနိုင်ကြောင်းကို သတိထားလိုက်မိသောကြောင့် ကုကျစ်စုန့် အရှေ့သို့ တိုးသွားခဲ့သည်။
သူမ အနားသို့ကပ်လာချိန်တွင် ယန်ချန်၏ကိုယ်ပေါ်မှ အားကောင်းသော မကောင်းဆိုးဝါးဝိဉာဉ်စွမ်းအင်များကို ခံစားလိုက်ရလေသည်။
ကုကျစ်စုန့်က သူမ၏ရှေ့တွင် ထိုင်နေသော လူငယ်လေးကို ကြည့်လိုက်လေ၏။ တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် သွေးကြောအမှတ်များအားလုံးကို ဖွင့်ထားခဲ့သည်။
ထိုအကြောင်းကြောင့် အရပ်လေးမျက်နှာသို့ ပျံ့နှံ့နေသော မကောင်းမှုစွမ်းအင်များသည်လည်း သူ့ထံသို့ ဆက်တိုက်စုဝေးလာခဲ့ကြသည်။
သူ့၏ကိုယ်တွင်းမှ သွေးကြော၊ ကြွက်သား၊ အသွေးအသားများအား မကောင်းဆိုးဝါးဝိဉာဉ်များ၏ တိုက်စားမှုကြောင့် နာကျင်ခံစားရမှုများမှာ တစ်သက်လုံး ထိုဝေဒနာဖြင့် ကျင့်သားရနေပြီဖြစ်သော ယန်ချန်ကိုပင် ချွေးစေးပြန်စေသည်။
ချုပ်နှောင်မှုအစီအရင်နှင့် နှုတ်ပိတ်ခြင်းအစီအရင်တို့အား ဖယ်ရှားပေးလိုက်ပြီးနောက် အားလျော့နေသည့် လူငယ်လေးလည်း အရှေ့သို့ ငိုက်ကျလာခဲ့လေသည်။
မျက်စိလျင်၍ သွက်လက်သော ကုကျစ်စုန့်က ပျော့ခွေနေသော ယန်ချန်ကို လှမ်း၍ ထိန်းထားပေးလိုက်သည်။
“ရှင် အဆင်ပြေရဲ့လား?”