ပျော်ရွှင်ဝမ်းမြောက်နေသော တစ္ဆေနှင့် ဝမ်းနည်းပူဆွေးနေသော တစ္ဆေ (1)
Vol. 38 Ch. 380
သူတို့နှစ်ဦး ခြံဝင်းထဲမှ ထွက်လာခဲ့ပြီးနောက် ရွာလမ်းအတိုင်း ခပ်သွက်သွက် လျှောက်လာခဲ့ကြသည်။
ကုကျစ်စုန့်က အနီရောင်မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသည့် ယန်ချန်ကို လက်တစ်ဖက်မှဆွဲ၍ ကျန်တစ်ဖက်တွင် မက်မွန်သား ဓားရှည်ကို ကိုင်ဆောင်ထားခဲ့လေ၏။
အလာတုန်းကကဲ့သို့ပင် မိုးကြိုးအစီအရင်အား အသုံးပြု၍ ယင်စွမ်းအင်များကို ဖယ်ထုတ်ကာ အတားအဆီးအား အားပျော့အောင် ပြုလုပ်နိုင်ရန် ပြင်ဆင်နေခဲ့သည်။
သို့သော် သူမ အတားအဆီး၏ အားပျော့သော နေရာအား ရှာမတွေ့နိုင်မီမှာပင် ပတ်ဝန်းကျင်လေထုက ရုတ်တရက် အေးစက်သွားခဲ့သည်။
အပူချိန်ကချက်ချင်းလျော့ကျသွားပြီးနောက် လေထုထဲတွင် ရေခဲအလွှာတစ်ခု ဖြစ်ပေါ်လာသည့်အလား ခံစားလိုက်ရသည်။
မှောင်မည်း၍ တိတ်ဆိတ်နေသော ရွာလယ်လမ်းမကြီးပေါ်တွင် သူမ ရုတ်တရပ် ရပ်တန့်လိုက်ပြီးနောက် မက်မွန်သားဓားရှည်အား ကိုင်ဆောင်ထားသည့် လက်သည်လည်း ပို၍ တင်းကြပ်သွားသည်။
ကုကျစ်စုန့်က လမ်းသွားနေရင်း ရုတ်တရပ် ရပ်တန့်သွားသည်ကို သတိထားမိလိုက်သည့် ယန်ချန်လည်း လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
ကုကျစ်စုန့်၏ အသံမှာ ရေခဲအလား အေးစက်လွန်းနေခဲ့သည်။
“အဲဒါ ရောက်လာပြီ.. ကျွန်မတို့ ထွက်တာ နည်းနည်းနောက်ကျသွားတယ်”
သူမ ဖုန်းကို ထုတ်ကာ အချိန်ကိုမကြည့်မိသော်ငြား ပတ်ပတ်လည်မှ ရုတ်တရက် အေးစက်သွားပြီး ကြက်သီးမွေးညင်း ဖြန်းဖြန်းထစေသည့် လေထုကြောင့် အချိန်က ညဉ့်သန်းခေါင်ကျော်လွန်သွားပြီဖြစ်ကြောင်းကို သဘောပေါက်လိုက်သည်။
နေ့သစ်တစ်နေ့ ကူးပြောင်းခဲ့လေပြီ။
သရဲမ၏ ၇ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
သရဲမက ယန်ချန်ကိုလည်း လက်မလွှတ်ချင်သကဲ့သို့ ကုကျစ်စုန့်ကိုလည်း အလွတ်မပေးချင်ပေ။
၇ရက်မြောက်နေ့သို့ ရောက်ရှိသည်နှင့်တပြိုင်နက် ချက်ချင်း အပြေးရောက်လာခဲ့ပြီး ကုကျစ်စုန့်တို့နှစ်ဦးအား ပိတ်ထားရန် ကြံစည်နေခြင်းပင်။
အနီးအနားမှ ယင်စွမ်းအင်သည်က အားကောင်းလွန်းသောကြောင့် ရုတ်တရက် အပူချိန်ကျဆင်းသွားခဲ့ပြီး တိုက်ခတ်လာသည့် လေကြောင့် ယန်ချန်၏ မျက်နှာနှင့် အရည်ပြားများပင် ထုံကျဉ်လာခဲ့သည်။
သူ၏ ခန္ဓာဖွဲ့စည်းပုံမှာ မကောင်းဆိုးဝါးစွမ်းအင်များကို ဆွဲဆောင်နိုင်စွမ်းရှိပြီး အေးစက်နေသော ယင်စွမ်းအင်ဖြင့် ပေါင်းစပ်လိုက်ချိန်တွင်တော့ အာရုံခံနိုင်စွမ်းများကိုပါ ထိခိုက်လာခဲ့ရသည်။
အနီးအနားတွင် ခွေးတစ်ကောင်၊ကြောင်တမြီးမျှပင် မရှိသော်ငြား အဝေးမှ လွင့်ပျံလာသော ဝမ်းနည်းပူဆွေးဖွယ် နှဲသံသဲ့သဲ့ကိုလည်း သူကြားနေရသည်။
“စုန့်စုန့် ၊ မင်း ကြားရလား..?”
“ကြားရတယ်.. ကျွန်မနဲ့ ခြေလှမ်းသုံးလှမ်းထက် ပိုပြီး မဝေးသွားပါစေနဲ့၊ လုံးဝအမှီမလိုက်နိုင်တော့ဘူးဆိုရင် ကျွန်မရဲ့ အင်္ကျီစကို လှမ်းဆွဲထားလိုက်”
သူမ၏ မီးငှက်မျက်လုံးများက အဝေးတစ်နေရာသို့ စူးစိုက်ကြည့်နေခဲ့သောကြောင့် ယန်ချန်လည်း ထိုနေရာကို လှမ်းကြည့်လိုက်မိသည်။
ဗလာနတ္ထိဖြစ်နေသည့် ရွာလမ်းမကြီးပေါ်တွင် အဖြူရောင်အရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။
ပထမတွင်တော့ အဖြူရောင်အစက်အပြောက်လေးသာ ဖြစ်သော်ငြား ထိုအရိပ်ငယ်နီးစပ်လာချိန်တွင် ထိုအရာသည် လူအရိပ်အယောင်မဟုတ်ကြောင်းကို ယန်ချန်မြင်လိုက်ရသည်။
ထိုသည်က ညအမှောင်တွင် တလူလူလွင့်ပျံနေသော အဖြူရောင်အလံစလေးများသာ ဖြစ်သည်။
အထီးကျန်၍ ကြက်သီးထဖွယ်ရာ အသုဘနှဲသံမှာလည်း တဖြည်းဖြည်း နီးကပ်လာခဲ့လေ၏။
ထိုအရာက သရဲဆယ်ကောင်ခန့်ရှိသော သရဲအဖွဲ့တစ်ဖွဲ့ပင်ဖြစ်ပေသည်။
ခြေသံများက ပေါ့ပါးသွက်လက်နေပြီး သူတို့နှစ်ဦးကို မမြင်တွေ့သည့်အလား ဆက်လျှောက်လာခဲ့ကြသည်။
ပို၍ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ သရဲတစ်ကောင်ချင်းစီ၏ မျက်နှာများအား ပိတ်စဖြူများဖြင့် ဖုံးအုပ်ထားသည်။
ထိုပိတ်စဖြူလွှလွှထက်တွင်မူ ပါးပြင်တစ်ဖက်တစ်ချက်စီ၌ သွေးခဲများဖြင့် ရေးခြယ်ထားသော ငိုကြွေးနေသော မျက်လုံး၊ ပြုံးရယ်နေသော နှုတ်ခမ်းများဖြင့် မျက်နှာများ ရှိနေခဲ့သည်။
အရှေ့မှ သရဲလေးကောင်က ခုန်ပေါက်၍ လေပေါ်တွင် ပျံဝဲနေပြီး ပုခုံးထက်တွင်လည်း ရှည်လျားသော သစ်သားချောင်း လေးချောင်းအား ထမ်းပိုးထားသည်။
ထိုသစ်ချောင်းများ၏ အထက်တွင် အမည်းရောင်အခေါင်းတလားတစ်ခုရှိနေလေသည်။
ကုကျစ်စုန့် : “ရေသရဲတွေက အခေါင်းကို သယ်လာတယ်”
သူမ စကားဆုံးသည်နှင့် ဆန့်ကျင်ဘက်နေရာမှ မြူးမြူးကြွကြွ ဗုံသံတစ်ခုက အမှောင်ထုတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ထိုဗုံသံကြောင့် ယန်ချန်လည်း ရုတ်တရက် ထိတ်လန့်သွားပြီး အသံကြားရာနေရာသို့ လှည့်ကြည့်လိုက်ချိန်တွင် သူ၏ မျက်ဝန်းအစုံတို့က ပြူးကျယ်သွားခဲ့လေသည်။
ရွာလမ်းမကြီး၏ တခြားတစ်ဖက်တွင် သွေးကဲ့သို့နီရဲသော အရိပ်တစ်ခု ပေါ်လာခဲ့ခြင်းပင်။
ဆယ်ယောက်အောက်လျော့သော အနီရောင်မင်္ဂလာဝတ်စုံဝတ်ဆင်ထားသည့် သရဲငယ်လေးများက ဆေးနီရောင်သုတ်ခြယ်ထားသည့် မင်္ဂလာဝေါယာဉ်ခုံတစ်ခုံအား သယ်ဆောင်ထားကြသည်။
ထို့နောက် ဗုံများ တီးခတ်၍ သူတို့နှစ်ဦးထံသို့ တဖြည်းဖြည်းလျှောက်လာခဲ့ကြသည်။အသွင်ကွဲပြားသော သရဲအဖွဲ့နှစ်ဖွဲ့မှာ ညအမှောင်အတွင်း ရုတ်တရက်ပေါ်လာပြီးနောက် ယန်ချန်နှင့် ကုကျစ်စုန့်တို့အား အလယ်တွင် ညှပ်၍ ထိပ်တိုက်လျှောက်လာနေကြခြင်းပင်။
“သရဲတွေက သတို့သမီးကို လာပြီးကြိုဆိုနေတာပဲ”
ကုကျစ်စုန့်၏ လေသံက အေးစက်နေပြီး ဓားကို မြှောက်လိုက်လေ၏။
“ဒါက အနီရောင်နဲ့ အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်တွေ ထိပ်တိုက်တွေ့ဆုံခြင်းပဲ”
အနီရောင်နဲ့ အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်များ ထိပ်တိုက်တွေ့ဆုံခြင်းသည် မောင့်ရှန်း၏ တားမြစ်ခံထားရသော နည်းလမ်းတစ်ခုဖြစ်သည်။
ဤနည်းလမ်းအား လုပ်ဆောင်နိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် သရဲတစ္ဆေက တောက်ဓမ္မပညာတွင် အင်မတန် ထူးချွန်ပြောင်မြောက်သူဖြစ်ပေလိမ့်မည်။
‘အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်’ဆိုသည်မှာ ရေသရဲများ၏ အသုဘအခမ်းအနားစီစဉ်ခြင်းအား ခေါ်ဝေါ်ခြင်းဖြစ်ပေသည်။
ရေနစ်၍ သေဆုံးရသော ရေသရဲအများစုမှာ ‘မကောင်းဆိုးဝါးဝိဉာဉ်’ဟု မခေါ်နိုင်ပေ။
တောက်ဓမ္မစွမ်းအင်မြင့်သည့် ရေသရဲများ ဆောင်ရွက်စီမံသော အသုဘအခမ်းအနားကိုသာလျှင် ‘အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်များ’ဟု ခေါ်ဆိုနိုင်သည်။
ယေဘုယျပြောရပါလျှင် ရေသရဲများ တည်ရှိရာနေရာသည်က မသေဆုံးမီအချိန်တွင် ရေနစ်မြုပ်ခဲ့ရသော မြစ်၊ချောင်း၊ ရေကန်များအတွင်းသာ ဖြစ်သည်။
‘အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်များ’ ဖြစ်ပေါ်လာပါက ထိုရေသရဲများမှ စွမ်းအင်များ စုဝေး၍ ထိုစွမ်းအင်များအား ရေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။ သူတို့သွားရာနေရာတိုင်းတွင် မိုးရွာနေတတ်ပြီး ကုန်းမြေပေါ်တွင် ရေကူးနေရသကဲ့သို့ ဖြစ်သောကြောင့် စွမ်းအင်များကိုလည်း ထိန်းသိမ်းထားနိုင်သည်။
တချို့ရေသရဲများက ဝိဉာဉ်လက်နက်များကိုပင် ပြုပြင်ဖန်တီးနိုင်စွမ်းရှိကြသည်။ ဝိဉာဉ်လက်နက်များ၏ ပုံစံအများစုမှာ မိုးရေမှကာကွယ်ပေးနိုင်ရန် အသုံးချသည့် ဦးထုပ်များ၊ မိုးကာများဖြင့် အသွင်တူသည်။
‘အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်များ’သည် ဝိဉာဉ်လက်နက်များအတွင်း၌ မြစ်၊ချောင်း၊ကန်ရေတို့အား သိုလှောင်ထားနိုင်ပြီး ကုန်းမြေပေါ်တွင် လှည့်လည်သွားလာနိုင်ကြသည်။
‘အနီရောင်မကောင်းဆိုးဝါးဝိဉာဉ်’ဆိုသည်မှာကား မင်္ဂလာဆောင်နေ့တွင် မမျှော်လင့်ဘဲ သေဆုံးခဲ့ရသော သတို့သမီးအား ဆိုလိုခြင်းဖြစ်ပေ၏။
ရှေးယခင်မင်္ဂလာဆောင်အခမ်းအနားများတွင် သတို့သမီးများမှာ တစ်ကိုယ်လုံး အနီရောင်ဝတ်စုံကို ဆင်မြန်း၍ အနီရောင်ခြုံလွှာဖြင့် ဖုံးအုပ်ထားတတ်ကြသည်။
အခန်းတစ်ခန်းလုံးသည်လည်း အနီရောင်ဖယောင်းတိုင်များ၊ အနီရောင်ခန်းဆီးများဖြင့် ပြည့်နေပြီး ပွဲလာရောက်သူ ပရိတ်သတ်များမှ ဗုံ၊မောင်းတီးမှုတ်၍ ဂုဏ်ပြုတတ်ကြသည်။
ထိုအချိန်သည်က ကြင်နာသူဖြင့် လက်ထပ်ရမည်ဖြစ်သော မိန်းမငယ်လေးများအတွက် အပျော်ရွှင်ရဆုံးအချိန်တစ်ခုလည်း ဖြစ်ပေ၏။
သူတို့ဘဝအတွက် အခန်းသစ်တစ်ခု ဖွင့်လှစ်ရမည့် အချိန်ဖြစ်သော်လည်း မမျှော်လင့်စွာ သေဆုံးခဲ့ရသည်။
မင်္ဂလာထိမ်းမြားလက်ဆက်သည့် နေ့မျိုးတွင် သေဆုံးခဲ့ရသကဲ့သို့ မမျှော်လင့်ထားသည့် သေဆုံးမှုဖြစ်သောကြောင့် အနီရောင်မကောင်းဆိုးဝါးဝိဉာဉ်အား ‘ပျော်စရာအသုဘပွဲ၏ တစ္ဆေ’ဟုလည်း ခေါ်တတ်ကြသည်။
ထိုသို့ တစ္ဆေများတွင် အားကောင်းသော အငြိုးအတေးစွမ်းအင်များ ရှိတတ်ပြီး ထိပ်တိုက်ရင်ဆိုင်ရပါက အင်မတန် ရက်စက်ကြမ်းကြုတ်ကြသည်။
ထိုအရာများမှာ အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်များဖြင့် ယှဉ်ပါက ပို၍ အန္တရာယ်များသည့် ဝိဉာဉ်အမျိုးအစားလည်း ဖြစ်သည်။
ထိုမကောင်းဆိုးဝါးဝိဉာဉ်နှစ်ခု ဆုံတွေ့ပါက လမ်းကို အရင်ရှောင်ပေးရမည်မှာ အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်သာ ဖြစ်ချေသည်။
ထို့အပြင် မကောင်းဆိုးဝါးဝိဉာဉ် နှစ်မျိုးလုံးသည် အသက်ရှင်စဉ်အချိန်က တရားမျှတမှုမရှိစွာ သေဆုံးခဲ့ရပုံခြင်း တူညီကြသော်လည်း ပေါ်ပေါက်လာရသည့် နည်းလမ်းမှာတော့ အင်မတန်ကွဲပြားခြားနားသည်။
ရေသရဲအများစုက မတော်တဆ ရေနစ်ခြင်း၊ အသတ်ခံရခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သို့သော် ‘ပျော်ရွှင်ဖွယ်ရာ အသုဘပွဲ၏ တစ္ဆေ’မှာမူ ကောင်းကင်ဘုံမှ ရုတ်တရက် ကပ်ဆိုက်ခြင်း၊ သဘာဝအလျောက် သေဆုံးရခြင်းတို့အပြင် ပို၍ ရက်စက်ကြမ်းကြုတ်ပြီး အနီရောင်မကောင်းဆိုးဝါးဝိဉာဉ်အား ဖန်တီးနိုင်သည့် လူလုပ်နည်းလမ်းတစ်ခုလည်း ရှိသည်။
မောင့်ရှန်းကျမ်းစာအရ ရှေးယခင်အချိန်များတွင် တချို့သော ထူးခြားဆန်းကြယ်ပညာရှင်များသည် အင်ပါယာများ၊ စစ်သူကြီးများနှင့် အရာရှိများအား ရွှေ၊ငွေ၊ရတနာများ ရှာဖွေရန် အကြံပြုတတ်ကြသည်။
သူတို့ အသက်ရှိစဉ်အချိန်တွင် ဖုန်းရွှေပစ္စည်းများကို ဝယ်ယူပြီး သေဆုံးပြီးချိန်၌ မြှုပ်နှံမည့် သင်္ချိုင်းဂူများအား ဆောက်လုပ်ထားကြသည်။
ထိုအထဲတွင် ‘သင်္ချိုင်းစောင့်ကြပ်ခြင်းပညာ’က အလျှို့ဝှက်ဆုံး ပညာရပ်တစ်ခုပင် ဖြစ်ပေသည်။
စစ်သူကြီးများ၊ မှူးမတ်များ၏ သင်္ချိုင်းဂူအား အစောင့်ထားရန်၊ သင်္ချိုင်းဂူများ ဖောက်ထွင်းခံရပြီး ရတနာများအား ယူဆောင်သွားခြင်း၊ ရုပ်အလောင်းအား ဖျက်ဆီးခံရခြင်းတို့မှ ကာကွယ်နိုင်ရန်ဆိုသော ဆန္ဒအား လိုက်လျောနိုင်ရန်အတွက် ဖွဲ့စည်းပုံအဆင့်ဆင့် ဖန်တီးခြင်း၊ မီးဖြင့် မှုတ်၍ အထပ်ထပ်အလွှာလွှာ ပိတ်ဆို့ခြင်း စသည့် နည်းလမ်းများသည် ‘သင်္ချိုင်းစောင့်ကြပ်ခြင်းပညာ’၏ အားပျော့သော အဆင့်မျှသာ ဖြစ်သည်။ပို၍ ရက်စက်ယုတ်မာသော နည်းလမ်းမှာ ‘မကောင်းဆိုးဝါးဝိဉာဉ်များ’အား အသုံးပြု၍ သင်္ချိုင်းဂူအား ထိန်းသိမ်းခြင်းဖြစ်သည်။
‘ပျော်ရွှင်ဖွယ်ရာ အသုဘပွဲ၏ တစ္ဆေ’မှာ မောင့်ရှန်းကျမ်းစာ၌ မှတ်တမ်းတင်ထားသော ရှေးယခင်ခေတ်များတွင် မှူးကြီးမတ်ရာများ၏ သင်္ချိုင်းစောင့်အဖြစ် အသုံးပြုကြသည့် မကောင်းဆိုးဝါးဝိဉာဉ်များမှ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး တစ္ဆေဖြစ်ပေသည်။
ထိုအစီအရင်ကို ပြင်ဆင်မည့် ထူးခြားပညာရှင်က အနီးအနားရှိ အခြေခံမိသားစုတစ်စုအား ကြိုတင်၍ ရွေးချယ်ထားလေ့ရှိသည်။
ရွေးချယ်ရာတွင် ပထမဆုံးလိုအပ်ချက်မှာ ထိုမိသားစုအတွင်း အိမ်ထောင်ပြုရန် အသက်ပြည့်ပြီဖြစ်ကာ လက်တွဲဖော်အား စောင့်ဆိုင်းနေသည့် သမီးပျိုတစ်ဦးရှိရပေလိမ့်မည်။
*