← Chapters

မမျှော်လင့်ထားသော သတို့သမီး (2)

Vol. 38 Ch. 378

မမျှော်လင့်ထားသော သတို့သမီး (2)

Vol. 38 Ch. 378

ကုကျစ်စုန့်တစ်ယောက် လူငယ်လေး၏ ပုခုံးအား သူမ၏လက်ဖြင့် ထိလိုက်မိချိန်တွင် နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်မိသည်။

ထို့နောက် အခြေအနေအား အခွင့်ရေးယူ၍ ယန်ချန်၏ လက်တစ်ဖက်ကိုဆွဲယူကာ သူမနှင့် လက်ဖဝါးချင်းကပ်ထားလိုက်သည်။

အသားချင်းထိတွေ့လိုက်သည်နှင့်တပြိုင်နက် ယန်ချန်၏ သွေးကြောများထဲအထိ ဝင်ရောက်ကာ ပိတ်မိနေကြသည့် မကောင်းဆိုးဝါးစွမ်းအင်များသည်လည်း ထွက်ပေါက်ကိုရှာတွေ့သွားခဲ့ပြီးနောက် ကုကျစ်စုန့်ကိုယ်ထဲသို့ ပြောင်းလဲစီးဝင်လာခဲ့ကြပြီး ချက်ချင်းချေမှုန်းခံလိုက်ရသည်။

ထိုမကောင်းဆိုးဝါးစွမ်းအင်များတွင် ရောနှောနေသော မိုးကြိုးနှင့် မီးစွမ်းအင်တို့သည်လည်း ကုကျစ်စုန့်၏ အရိုးများထဲထိ ဝင်ရောက်လာကြပြီး သူမအား စွမ်းအားဖြည့်ပေးနေသကဲ့သို့ပင်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ယန်ချန်၏ ကိုယ်တွင်းမှ အထိန်းအချုပ်လွတ်လုနီးနီးဖြစ်နေသည့် မကောင်းဆိုးဝါးစွမ်းအင်သည်လည်း လျော့ပါးသွားခဲ့သည်။

သူ၏ ဖြူဖျော့ပါးလျသော နှုတ်ခမ်းများသည်လည်း သွေးရောင်လွှမ်းလာခဲ့လေ၏။

သူ ဝတ်ဆင်ထားသည့် အနီရောင်ဝတ်စုံမှာလည်း မီးတောက်အလား နီရဲတောက်ပနေခဲ့သည်။

ကျောက်စိမ်းရုပ်ထု ထုဆစ်ထားသကဲ့သို့ ချောမောပြေပြစ်သည့် မျက်နှာ၊ နှာတံမြင့်မြင့်တို့ဖြင့် ယန်ချန်သည်က ငရဲမှ တိုးထွက်လာသည့် သရဲချောလေးတစ်ကောင်နှင့်ပင် ဆင်တူလှသည်။

အနီးကပ်ကြည့်ရှုပြီး သူနှင့်ထိတွေ့ပြီးနောက်တွင် ကုကျစ်စုန့်လည်း အနီရောင်ခြုံလွှာဖြင့် ဖုံးလွှမ်းထားသော ‘သတို့သမီး’၏ ပြဿနာကို သဘောပေါက်သွားခဲ့သည်။

ယန်ချန်သည်က သွယ်လျသော ခန္ဓာကိုယ်ရှိသော်လည်း အရပ်မှာ ၁၉၀ စင်တီမီတာခန့်ရှိသူဖြစ်ပေသည်။

သူ ထိုင်နေသည့်အချိန်၌ ပို၍ပင် အရပ်ရှည်သည်ဟု ထင်ရသည်။

ဝတ်ဆင်ထားသည့်အဝတ်အစားအရ ပိန်ပါးလွန်းသည်ဟု ထင်ရသော်လည်း ပင်ပန်းနေသည့် သူ၏ ခန္ဓာကိုယ်ကို ကုကျစ်စုန့် ထိန်းထားပေးလိုက်ချိန်တွင်မူ ထိုလူငယ်လေး၏ ဝတ်စုံအောက်တွင် ပုခုံးကျယ်ကျယ်နှင့်၊ သေးသွယ်သော ခါးတို့ရှိကြောင်း သတိထားလိုက်မိသည်။

ပုခုံးနှင့် လက်မောင်းတို့တွင် ကြွက်သားများရှိသော်လည်း အဆမတန်ကြီးမားနေသည်မဟုတ်။ ခါးနှင့်ဝမ်းဗိုက်မှ ကြွက်သားများသည်လည်း ကျစ်လျစ်နေသည်။

သူ့တွင် တခြားလူတစ်ယောက်၏အစား ဝင်ရောက်လက်ထပ်ပေးရသည့် အမျိုးသမီးတစ်ဦးဖြင့် တူညီမှုတစ်ချက်မျှပင် မရှိနေခဲ့ပေ။

“စုန့်စုန့်…”

ယန်ချန်အနေဖြင့် ရေမသောက်ရသည်မှာ ကြာပြီဖြစ်သောကြောင့် သူ၏ အသံသည်လည်း ပုံမှန်ထက် တိုး၍ အက်ကွဲနေသည်။

သူက သတိမဲ့စွာဖြင့် ကုကျစ်စုန့်ကို ခေါ်လိုက်မိချိန်တွင် နှစ်ယောက်လုံး ကြက်သေ,သေသွားကြသည်။

သူတို့နှစ်ဦး ယခင်က တွေ့ဆုံဖူးသည့် နှစ်ကြိမ်လုံးတွင် ယန်ချန်သည်က တိုင်းတာ၍ ချုပ်ထားသော တန်ဖိုးကြီးဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်သည့် မျက်ဝန်းအစုံရှိကာ သူမကိုလည်း လုပ်ငန်းသဘောဆန်စွာ လေးစားမှုဖြင့် ‘ကုတောက်ကျန့်’ဟုသာ ခေါ်ဝေါ်ခဲ့သည်။

ကံကောင်းစွာပင် ကုကျစ်စုန့်က အချိန်ခဏသာ အံ့ဩမိသွားပြီးနောက် အချိန်အကြာကြီး တွေးတောနေခြင်းမရှိပါချေ။

သူမက ချက်ချင်းပင် တုံ့ပြန်ကာ မေးလိုက်သည်။

“ရှင် ဘယ်လိုလုပ်ပြီး အခုလို…”

အဘယ်ကြောင့် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကာ အနီရောင်ခြုံလွှာလွှမ်းထားခံရပါသနည်း?

အဘယ်ကြောင့် ဤအခန်းလွတ်ထဲတွင် နှုတ်ပိတ်ခံရကာ ချုပ်နှောင်ထားခံရပါသနည်း?

ကုကျစ်စုန့်၏ မပြီးဆုံးသော မေးခွန်းအား ယန်ချန် သဘောပေါက်လိုက်သည်။

သူ့အနေဖြင့် သူ၏ ပျော့ညံ့ကာ ရှက်စရာကောင်းလှသည့် မြင်ကွင်းအား သူ သဘောကျရသည့် လူမှ မြင်တွေ့ခံလိုက်ရသည်။

ထိုသို့သောအကြောင်းများကြောင့် ယန်ချန်ကဲ့သို့ အရှက်အကြောက်ကြီးကာ လေးနက်တည်ကြည်စွာနေတတ်သည့် လူငယ်လေးတစ်ဦးအတွက် လက်ခံနိုင်ရန် ခက်ခဲလွန်းလှသည်။

သူ့နားရွက်ထိပ်များက နီမြန်းနေခြင်းမှာ လျော့မသွားသည့်အပြင် ပို၍ပင် ဆိုးလာသည်။

ကုကျစ်စုန့်လည်း သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မမြင်ချင်ယောင်ဆောင်ကာ ဆက်မေးလိုက်သည်။

“ရှင့်ကို တောက်ဓမ္မဂိုဏ်းကလူတွေ ခေါ်လာတာမဟုတ်ဘူးလား? သူတို့ဘယ်ရောက်သွားလဲ?”

ရွှမ်းမင်ဂိုဏ်းအကြောင်းကို ကြားလိုက်ရချိန်တွင် တည်ငြိမ်နေသည့် ယန်ချန်၏ မျက်နှာတွင်‌ ဒေါသရိပ်သန်းသွားခဲ့သည်။

“ကျွန်တော်တို့တွေ အတူဝင်လာကြတာ.. အဲဒီတောက်ဓမ္မဂိုဏ်းက စီနီယာလူကြီးက ဒီထဲမှာရှိတဲ့ သရဲ၊တစ္ဆေတွေက ကြောက်စရာမလိုပါဘူးလို့ တစ်လမ်းလုံးဆက်တိုက်ပြောလာပြီး တကယ်လည်း ထိပ်တိုက်ဆုံကြရော ဘယ်လောက်မှတောင် တောင့်မခံလိုက်နိုင်ကြဘူး”

ယန်ချန်၏ စကားအရ သူ ပြန်ပေးဆွဲခံရချိန်မှာ နေအိမ်၌ ကုမ္ပဏီနှင့်ပတ်သတ်သော အလုပ်များ လုပ်ကိုင်နေခဲ့ချိန်ဖြစ်သည်။

အိမ်တစ်ခုလုံးအား လွှမ်းခြုံထားသည့် ဖွဲ့စည်းပုံထံမှ အချက်ပေးသံထွက်လာသောကြောင့် သူမော့ကြည့်လိုက်မိချိန်တွင် ရှည်လျားသော မျက်ခုံးမွှေးများဖြင့် လူအိုကြီးတစ်ဦးက သူ့ရှေ့တွင် ရပ်နေခဲ့သည်။

ထိုလူသည်က သူ့ကိုယ်သူလည်း ဂုဏ်ယူနေဟန်ပေါ်ကာ မပြောမဆိုဖြင့် ယန်ချန်အား ခေါ်ဆောင်သွားခဲ့သည်။ထိုလူများက ခရီးလမ်းတစ်လျှောက်လုံးတွင်လည်း သူ့အား ကောင်းကောင်းဆက်ဆံခြင်းမရှိပါချေ။ သို့သော်လည်း ယန်ချန်သည်က ငယ်စဉ်ကတည်းကပင် တောက်ဓမ္မဂိုဏ်းသားများမှ သူ့အား အမှိုက်ကဲ့သို့ ဆက်ဆံသည်ကို ကျင့်သားရနေပြီးဖြစ်သည်။

မည်သူထင်ထားခဲ့မည်နည်း?

ဤနေရာသို့ ရောက်သည်နှင့် တောက်ဓမ္မဂိုဏ်းမှ အဘိုးကြီးက သူ့အား ဖွဲ့စည်းပုံ၏ အလယ်ဗဟိုတွင် နေရာချ၍ ရွာအပြင်မှ ယင်စွမ်းအင်များကို စုပ်ယူစေခဲ့သည်။

ထိုအချက်ကြောင့်ပင် သူ့အား ကာကွယ်ပေးနေသော ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ အဖွဲ့သားများနှင့် ရွှမ်းမင်ဂိုဏ်းသားများ ထိပ်တိုက်တွေ့ခဲ့ကြသည်။

သို့သော် အဘိုးကြီးသည်က စကားတစ်ခွန်းကိုမျှ လက်မခံ၊ နားမထောင်ခဲ့ပေ။

သူက ခေါင်းမာစွာပင် ဤလူစုအား ထျန်ယွင်ရွာထဲသို့ ခေါင်းဆောင်၍ ခေါ်လာခဲ့သည်။

ရွာထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် မကောင်းဆိုးဝါးဝိဉာဉ် ရာပေါင်းများစွာ၏ ဝန်းရံခြင်းခံလိုက်ရသည်။

ထိုအချိန်တွင် ယန်ချန်၏ ခန္ဓာကိုယ်မှာလည်း သွေးကြောအမှတ်များ ဖွင့်ထားခံရပြီး မကောင်းဆိုးဝါးဝိဉာဉ်များအား ဆက်တိုက်စုပ်ယူနေဆဲပင်ဖြစ်သည်။

သူ့အား ဤသို့ ပြုလုပ်ထားသည့် အဘိုးကြီးသည်လည်း နေရာအနှံ့မှ ဝင်ရောက်လာသော မကောင်းဆိုးဝါးဝိဉာဉ်များကို တိုက်ခိုက်နေဆဲဖြစ်ကာ ယန်ချန်၏ သွေးကြောအမှတ်များကို ပြန်ပိတ်ပေးရန် အစီအစဉ်ရှိဟန်မပေါ်ပေ။

နှစ်နာရီခန့် ကြာပြီးနောက်တွင်တော့ သူနှင့်အတူ ရွာထဲသို့ ဝင်ရောက်လာသည့် ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များ၊ တောက်ဓမ္မဂိုဏ်းသားများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

မကောင်းဆိုးဝါးစွမ်းအင်များကို ဆက်တိုက်စုပ်ယူနေဆဲဖြစ်သည့် ယန်ချန်တစ်ဦးတည်းသာလျှင် ထိုနေရာ၌ ကျန်ရစ်ခဲ့လေသည်။

သူ့အနီးတွင်လည်း မျက်နှာပေါင်းစုံ၊ သေနည်းပေါင်းစုံဖြင့် သေဆုံးခဲ့ရသော သရဲ၊တစ္ဆေများ ဝန်းရံနေခဲ့သည်။

ထိုသရဲတစ္ဆေများက သူ့အား အထပ်ထပ် ဝန်းရံထားကြပြီးနောက် တိရိစ္ဆာန်ရုံတွင် အလှပြထားသည့် တိရိစ္ဆာန်တစ်ကောင်အလား စူးစမ်းကြည့်ရှုနေခဲ့ကြသည်။

ယန်ချန်းတစ်ယေ်က် ထိုအဖြစ်အား ပြန်ပြောင်းပြောဆိုချိန်တွင် ကူကယ်ရာမဲ့နေသော ခံစားချက်အား ပြန်လည်သတိရသွားဟန်ပေါ်သည်။

“ ဘယ်လိုလဲဆိုတော့ တောက်ဓမ္မဂိုဏ်းက အဘိုးကြီးက ကျွန်တော့်ရဲ့ သွေးကြောမှတ်တွေကို အကုန်ဖွင့်ပြီး ယင်စွမ်းအင်ကို အတိုင်းအဆမရှိ စုပ်ယူလို့ရအောင် လုပ်ထားတာဆိုတော့ အဲဒီသရဲတွေက ကျွန်တော့်အနားကို မကပ်ရဲဘူးလေ”

“ပြောရရင် အဆိုးထဲက အကောင်းလို့ပြောရမှာပဲ.. အဲဒီစွမ်းအင်ကို အဆမတန်စုပ်ယူနေတာကပဲ ကျွန်တော့်ကို ကာကွယ်ပေးသလို ဖြစ်သွားတာ”

အဘယ်ကြောင့်ဆိုသော သရဲတစ္ဆေများ၏ ဝိဉာဉ်တွင်လည်း ယင်စွမ်းအင်နှင့် ဝိဉာဉ်စွမ်းအင်များ ရောယှက်နေသောကြောင့်ဖြစ်သည်။

ယင်စွမ်းအင် နည်းပါးသော သရဲတစ္ဆေများ ယန်ချန်အနီးသို့ ကပ်လာပါက ထိုသရဲတစ္ဆေ၏ စွမ်းအင်တို့က စုပ်ယူခံလိုက်ရပေလိမ့်မည်။

ထိုအခြေအနေကို သတိထားမိသွားသော သရဲတစ္ဆေများသည်လည်း မဆင်မခြင်မပြုရဲကြတော့။ သို့သော် တစ်ချိန်တည်းမှာပင် ထူးဆန်းလှသော လူသားဖြစ်သည့် ယန်ချန်ကို စိတ်ဝင်စားစွာ လှည့်ပတ်ကြည့်ရှုနေခဲ့ကြသည်။

ထိုနေ့သည်က ယန်ချန်၏ ဘဝတစ်လျှောက်လုံးတွင် သရဲအများဆုံးမြင်ဖူးသည့်နေ့ပင် ဖြစ်လာပေလိမ့်မည်။

“ကျွန်တော်ကြားရသလောက်တော့ အဲဒီသရဲတွေက ကျွန်တော့်ကို အင်မတန်စွမ်းအားကောင်းတဲ့အရာတစ်ခုလို့ ထင်နေကြတာ..

ကျွန်တော်က တစ္ဆေဘုရင်ဝင်စားတယ်ဆိုတာမျိုး ပြောနေတာကို ကြားလိုက်ရတယ်..”

ကုကျစ်စုန့် သဘောပေါက်သည်။

ယန်ချန်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည်က ထူးခြားလွန်း၍ သူ၏ ကိုယ်ထဲတွင်လည်း မကောင်းဆိုးဝါးစွမ်းအင်များစွာ စုဝေးနေသောကြောင့်ပင်ဖြစ်သည်။

တောက်ဓမ္မဂိုဏ်းဝင်များပင် သူ့အား မွေးစအချိန်မှပင် မကောင်းဆိုးဝါးတစ်ကောင်ဝင်စားသည်ဟု သတ်မှတ်ထားကြသောကြောင့် မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများသည်လည်း ထိုနည်းလည်းကောင်း တွေးမိကြခြင်းပင်။

သူတို့၏ စွမ်းအင်များအား ယန်ချန်သိမ်းပိုက်သွားမည်ကို ကြောက်ရွံ့နေကြပြီး အကယ်၍ ယန်ချန်သေဆုံးသွားပြီးနောက် စွမ်းအားကြီးသရဲတစ္ဆေတစ်ကောင်ဖြစ်သွားခဲ့လျှင်လည်း သူတို့ကို ရန်ပြုမည်အား ထိတ်လန့်ကြပြန်သည်။

ထို့ကြောင့် ယန်ချန်အား အန္တရာယ်မပြုဝံ့ကြပေ။

“နောက်ရော? ဘယ်ကနေဘယ်လို အခုလိုမျိုး ဖြစ်သွားတာလဲ?”

ယန်ချန် သူ၏နှုတ်ခမ်းများကို စေ့ထားလိုက်မိသည်။ ခေတ္တကြာမှ ပြန်ဖြေသည်။

“နောက်ကျတော့ သရဲမတစ်ယောက် ပေါ်လာတာပါပဲ.. သူမ ပေါ်လာတာနဲ့ ဘေးနားက သရဲတွေအကုန်လုံးကလည်း သူမကို ကြောက်နေကြပုံပဲ

ပြီးတော့ အဲဒီသရဲမကို ဆက်ဆံတာလည်း အတော်လေး ရိုးကျိုးတယ်..”

ဆက်ဖြစ်သည့်ကိစ္စများကို သူဆက်မပြောတော့သော်ငြား ကုကျစ်စုန့် ခန့်မှန်းလိုက်မိသည်။

သရဲမထွက်ပေါ်လာချိန်တွင် သူမက ယန်ချန်ကို ကြည့်လိုက်ပြီးနောက် သဘောကျမိသွား၍ သူနှင့် လက်ထပ်ရန် ကြံစည်လိုက်ခြင်းဖြစ်မည်။ ထို့နောက် သရဲငယ်လေးများအား ခိုင်းစေ၍ ယန်ချန်ကို ဤခြံဝင်းထဲသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်။ယန်ချန် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူ့တွင် ရုန်းဆန်နိုင်စွမ်းမရှိ။ အနီရောင်မင်္ဂလာဝတ်စုံကို ဆင်မြန်းခံရပြီးနောက် အရုပ်တစ်ရုပ်ကဲ့သို့ အနီရောင်ခြုံလွှာဖြင့် ဖုံးအုပ်ခံလိုက်ရပြီး ဤခြံဝင်းထဲတွင် ထိန်းသိမ်းထားခံရခြင်း ဖြစ်ပေသည်။

ထိုစကားကို ကြားရပြီးနောက် ကုကျစ်စုန့် စိတ်ထဲတွင် ခန့်မှန်းချက်များစွာ ပေါ်လာပြီးဖြစ်သည်။

“ရုတ်တရက်ပေါ်လာတဲ့ အမျိုးသမီးတစ္ဆေက ဒီရွာကြီးတစ်ခုလုံး မြေကမ္ဘာပေါ်က ‘ငရဲ’ဖြစ်လာတဲ့ အဓိကသော့ချက်ပဲ ဖြစ်ရမယ်.. ရှင် သူ့ကို မှတ်မိသေးလား?”

All Chapters