← Chapters

မြေအောက်ကမ္ဘာတွင် ဇောက်ထိုးချိတ်ဆွဲခံထားရခြင်း(4)

Vol. 38 Ch. 376

မြေအောက်ကမ္ဘာတွင် ဇောက်ထိုးချိတ်ဆွဲခံထားရခြင်း(4)

Vol. 38 Ch. 376

ကုကျစ်စုန့်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် သူမနှင့်လိုက်ပါလာသည့် အဖွဲ့သားလည်း အနည်းငယ် သဘောပေါက်သွားသည်။

“ဒီနေ့ ယင်နဲ့ ယန်ပြောင်းပြန်ဖြစ်မယ့်အချိန်၊ ဖွဲ့စည်းပုံထဲက ယင်စွမ်းအင် အားအနည်းဆုံးဖြစ်မယ့်အချိန်မှာ ကျွန်မ အထဲကိုဝင်ပြီးတော့မှ ပျောက်နေတဲ့လူတွေကို ရှာခဲ့မယ်”

အဖွဲ့ဝင်များက အနည်းငယ် စိတ်ပူသွားမိသည်။

“ကုတောက်ကျန့် တစ်ယောက်တည်း ဝင်သွားလို့ ဘယ်ဖြစ်မှာတုန်း? အရမ်းအန္တရာယ်များလွန်းတယ်!”

“သက်ရှိလူတစ်ယောက် မြေအောက်ကမ္ဘာကို ရောက်သွားတဲ့အချိန်တိုင်း ခန္ဓာကိုယ်ထဲက ယန်စွမ်းအင်တွေကို ဆုံးရှုံးရတတ်တယ်.. ကျွန်မတို့တွေ နှောင့်နှေးနေလို့မရဘူး”

သူမသည်က ချန်ချင်းဂိုဏ်းမှ အဘိုးကြီး သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ စိတ်မဝင်စားပါချေ။

သို့သော် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့မှ အခြားအဖွဲ့ဝင်များ၊ အထူးသဖြင့် မမျှော်လင့်ထားသည့် ကပ်ဆိုးတစ်ခုကို ဖြတ်သန်းခဲ့ရသည့် ယန်ချန်သည်လည်း ထိုရွာထဲ၌ ရှိနေခဲ့သည်။

ယင်စွမ်းအင်ဖြင့် ပြည့်နှက်နေသော ထျန်ယွင်ကျေးရွာထဲတွင် ထိုလူများက ကြာကြာနေနိုင်ရန် ခက်ခဲမည်ကို သူမ စိုးရိမ်မိသည်။

သူမနှင့်အတူ လိုက်ပါလာသည့် အဖွဲ့ဝင်က စိုးရိမ်မှုမပြယ်သေးသည်ကို သတိထားမိလိုက်သောကြောင့် ကုကျစ်စုန့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ကျွန်မတစ်ယောက်တည်း ဝင်သွားတာက ပိုပြီးတော့ ထိရောက်ပါလိမ့်မယ်.. တခြားလူတွေကို ကျွန်မနဲ့အတူ ခေါ်သွားရင် ပိုပြီးနှောင့်နှေးစေမှာပဲ

အရေးအကြောင်း ဖြစ်လာခဲ့ရင် ကျွန်မအနေနဲ့ အထဲက လူတွေကို ကယ်ထုတ်လာဖို့တင်မကဘူး.. အတူပါလာတဲ့သူကို ကာကွယ်ဖို့အတွက်ပါဖြစ်လာရင် ခက်ခဲမှာ အသေအချာပဲ”

“ပြီးတော့ ဒီနေရာမှာ ဖန်တီးထားတဲ့အတားအဆီး၊ ရွာထဲက မကောင်းဆိုးဝါးတွေကို ကျွန်မတောင် မဖြေရှင်းနိုင်ဘူးဆိုရင် သေချာတာတော့ ရှင်တို့လည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး”

ထိုစကားသည်က မာနထောင်လွှားနေသည့်စကားဟု ထင်ရသော်လည်း အမှန်တရားသာဖြစ်သည်။

ထိုနေ့ညက ထျန်ယွင်ကျေးရွာထဲတွင် သရဲတစ္ဆေပေါင်း ထောင်ပေါင်းများစွာ ရှိနေနိုင်ကြောင်း ပထမဆုံးသိလိုက်ရပြီးနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များမှာ ဇောချွေး၊ကြောက်ချွေးများပြန်၍ အင်မတန် စိတ်လှုပ်ရှားနေခဲ့ကြသည်။

ကုကျစ်စုန့်၏ အစီအစဉ်အရ ထျန်ယွင်ကျေးရွာ၏ ပတ်လည်တွင် အကာအကွယ်ဖွဲ့စည်းပုံများ၊ သရဲနှင်သည့် ဖွဲ့စည်းပုံများ အထပ်ထပ် ကာရန်ထားခဲ့ကြသည်။

ကုကျစ်စုန့်သည်လည်း ထျန်ယွင်ကျေးရွာသို့ ဝင်ရောက်၍ ပျောက်ဆုံးနေသော အဖွဲ့ဝင်များအား ရှာဖွေနိုင်ရန် ပြင်ဆင်နေခဲ့သည်။

ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ဖန်းချန်းမြို့တစ်ခုလုံးက တိတ်ဆိတ်၍ အမှောင်လွှမ်းနေခဲ့သည်။

ကုကျစ်စုန့်မှ အဖွဲ့ဝင်အားလုံးကို မီတာတစ်ထောင်ခန့်ထိ နောက်ဆုတ်စေခဲ့ပြီး ဖုန်းဆိုးမြေတွင် သူမတစ်ကိုယ်တည်း တောက်ဓမ္မအစီအရင်တစ်ခုကို ကိုင်ဆောင်ကာ ရပ်နေခဲ့သည်။

သူမက ‘မိုးကြိုးကျမ်းစာ’ဂါထာမန္တာန်အား ရွတ်ဆိုလိုက်ရင်း သူမ၏ လက်ချောင်းများကို ပူးယှက်ပြီးလက်ထိပ်ကို ဓားတစ်ချောင်းဟန် ပြင်ဆင်ထားလိုက်သည်။

ထို့နောက်တွင် ဓားတစ်ချောင်းကဲ့သို့ပင် လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး အဝါရောင်ကျမ်းစာရွက်လေးသည်လည်း လေမတိုက်ပါဘဲနှင့် ကတ်ထူစက္ကူအလား လေထဲသို့ ပြေးဝင်သွားခဲ့လေ၏။

ပြီးနောက် မိုးကြိုးသွားသဏ္ဍာန်ဖြင့် အောက်ခြေမှ အထက်သို့ ပေါက်ကွဲသွားခဲ့သည်။ ဤအရာသည်က မကောင်းမှုအား သန့်စင်ပေးသည့် မိုးကြိုးလက်နက်ပင်ဖြစ်သည်။

ကုကျစ်စုန့်၏ ရှေ့တွင် မိုးကြိုးအလင်းတန်း တောက်ပသွားခဲ့ပြီး လေထုတွင်းမှ ယင်စွမ်းအင်များ လျော့ပါးသွားသည်ကိုလည်း ခံစားလိုက်ရသည်။

သို့သော် တစ်ချိန်တည်းမှာပင် ညှို့မှိုင်းနေသော မျက်လုံးပေါင်းထောင်ချီ၏ အကြည့်များသည်လည်း သူမထံသို့ ရောက်လာသည်ကို ခံစားမိလိုက်ရသည်။

သူမကတော့ ပုံမှန်အတိုင်းသာ ညမြူခိုးအတွင်းမှ ဝိုးတဝါးပေါ်လာသည့် ရွာ၏ အဝင်ဆိုင်းဘုတ်အား စိုက်ကြည့်နေခဲ့သည်။

အခုံးသဏ္ဍာန်ရှိသော ဂိတ်တံခါးဝတွင် ‘ထျန်ယွင်ကျေးရွာ’ဆိုသော စာလုံးများ ချိတ်ဆွဲထားသည်။

ဂိတ်တံခါးဝမှ ထွက်ပေါ်လာသည် လမ်းမသည်က အတိမှောင်မည်းနေခဲ့ပြီး အဝေးတစ်နေရာတွင် လွင့်မျောနေသော အဖြူရောင်အရိပ်ငယ်တစ်ခုကိုလည်း မြင်တွေ့နေရသည်။

ကုကျစ်စုန့်၏ ခြေလှမ်းများက ထိုဂိတ်တံခါးဝတွင်းသို့ ဦးတည်သွားခဲ့လေသည်။

ရှေးဆိုရိုးစကား ရှိခဲ့ဖူးသည်။

‘ညဉ့်နက်ချိန်တွင် ညစောင့်သမား အုန်းမောင်းခေါက်သည်နှင့် သရဲရာချီ ညခရီးနှင်၏”

ယခုအချိန်သည်က ညဉ့်နက်အစပျိုးချိန်၊ နေ့သစ်တစ်ခု စတင်ချိန်သာဖြစ်ပြီး ယင်စွမ်းအင် အားအကောင်းဆုံးအချိန်လည်း ဖြစ်သည်။

ယေဘုယျအားဖြင့် ဆိုရပါလျှင် ဤအချိန်အခါသည်က သရဲဂိတ်တံခါးဝဖွင့်သည့် အချိန်ဖြစ်ပြီး မကောင်းဆိုးဝါးများဖြင့် တွေ့ဆုံနိုင်ချေအများဆုံးအချိန်လည်းဖြစ်ပေသည်။

ယန်စွမ်းအင် အားနည်းသူဖြစ်ပါက တောက်ကျန့်များမှ ထိုလူများကို ဤအချိန်အခါမျိုးတွင် ခရီးမသွားရန် အကြံပြုတတ်ကြသည်။

ထျန်ယွင်ကျေးရွာ တည်ရှိသည့်နေရာသည် ယင်နှင့်ယန် ပြောင်းပြန်ဖြစ်နေပြီး မြေအောက်ကမ္ဘာလည်း ပြောင်းပြန်ဖြစ်နေသော နေရာတစ်ခုဖြစ်သည်။ပုံမှန်တွင် ယင်စွမ်းအင် အားအကောင်းဆုံးဖြစ်သည့် ညဉ့်နက်သန်းခေါင်ချိန်က ထျန်ယွင်ကျေးရွာထဲတွင်တော့ ယင်စွမ်းအင် အားအနည်းဆုံးအချိန်၊ သရဲတစ္ဆေများ နည်းပါး၍ အားလျော့နေသော အချိန်ပင်ဖြစ်သည်။

အချိန်ကိုကြည့်လိုက်ပြီးနောက် ကုကျစ်စုန့်က ဝန်းရံနေသည့် ယင်ဝိဉာဉ်များအား ထိုးဖောက်၍ ဝင်ရောက်လိုက်ပြီး ယင်စွမ်းအင်များ ဖုံးလွှမ်းနေသော ထျန်ယွင်ကျေးရွာတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

သူမက ယင်စွမ်းအင် ပြည့်နှက်နေသော ရွာလမ်းမကြီးအတိုင်း လျှောက်လာခဲ့ပြီးနောက် မူလဖုန်းဆိုးမြေပြင်ကြီးနေရာတွင် အဆောက်အအုံငယ်လေးများအား တွေ့လိုက်ရသည်။

ရွာကြီးသည်က ပျောက်ကွယ်သွားသည်မဟုတ်။ ဤနေရာတွင်သာ ရှိနေစမြဲပင်။

ရွာသားများ၏ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော အဆောက်အအုံများကိုလည်း မြင်တွေ့နိုင်သည်။

ရွာလမ်းမကြီးအနီးမှ ကုန်စုံဆိုင်လေး၏ တံခါးများ ဖွင့်ထားပြီး မီးထိန်ထိန်လင်းနေခဲ့သော်ငြား လူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ပေ။

ရွာကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်မှာ သူမကိုယ်တိုင်၏ အသက်ရှူသံကိုပင် ပြန်ကြားနေရသည်။

ဤနေရာသည်က ဗလာနတ္တိရွာကြီးတစ်ခုသာ ဖြစ်သည်။

သက်ရှိလူသား တစ်ဦးမျှပင်မရှိနေခဲ့ပါချေ။

ကုကျစ်စုန့် လှည့်ပတ်ကြည့်ရှုလိုက်မိချိန်တွင် အိမ်တိုင်းအိမ်တိုင်း၏ အဝင်တံခါးဝတွင် အနီရောင်မင်္ဂလာဆောင်စက္ကူများ၊ အနီရောင် ခြေသုတ်ခင်းများ ရှိနေကြပြီး အိမ်ပေါက်ဝတွင်လည်း အနီရောင်မီးအိမ်များ ချိတ်ဆွဲထားကြောင်းကို မြင်တွေ့လိုက်ရသည်။

ထျန်ယွင် ကျေးရွာတစ်ခုလုံးတွင် ထူးခြားသည့် ပွဲတော်ကြီးတစ်ခုရှိနေသည့်အလား ခံစားနေခဲ့ရသည်။

အနီရောင်စက္ကူများက မြေပြင်အနှံ့တွင် ပျံ့ကြဲနေခဲ့လေ၏။

ကုကျစ်စုန့် ရွာအတွင်းပိုင်းသို့ တဖြည်းဖြည်း ရောက်လာခဲ့ပြီး အိမ်ငယ်လေးတစ်အိမ်ရှေ့တွင် သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်မိသည်။

ထိုအိမ်ငယ်လေး၏ နံရံ၊ အဝင်တံခါးဝများတွင် “囍” စာလုံးအား အနီရောင်ဆေးဖြင့် ကြီးမားစွာ ရေးသားထားခဲ့ပြီး ဂိတ်တံခါးဝတွင် ချိတ်ဆွဲထားသော အနီရောင်မီးပုံးငယ်များသည်လည်း လေအလာတွင် လှုပ်ရမ်းနေခဲ့သည်။

ကုကျစ်စု့န် လက်ကိုဆန့်တန်း၍ ဂိတ်တံခါးကို ဖွင့်လိုက်ချိန်တွင် ပတ္တာမြည်သံနှင့်အတူ တံခါးဝက ဖြည်းညင်းစွာ ပွင့်သွားခဲ့ပြီး ခြံဝင်းအတွင်းမှ မြင်ကွင်းသည်လည်း သူမ၏မျက်ဝန်းရှေ့တွင် ပေါ်လာခဲ့သည်။

ဂိတ်တံခါးပွင့်လာသည်နှင့်တပြိုင်နက် အေးစက်သည့် ညလေထုနှင့်အတူ ရက်စက်ကြမ်းကြုတ်သည့် စွမ်းအင်တစ်ခုလည်း ဝင်ရောက်လာခဲ့သည်။

တစ်ချိန်လုံး ပြင်ဆင်ထားသည့် ကုကျစ်စုန့်က သူမ၏ကျောပေါ်တွင် လွယ်ထားသော မက်မွန်သားဓားရှည်ကို ဆွဲထုတ်၍ ခန္ဓာကိုဘ်အား နောက်ပြန်တစ်ပတ်လှည့်လိုက်ပြီးနောက် ထိုသစ်သားဓားငယ်ဖြင့် သူမ၏ရှေ့မှ လေဟာပြင်အား ထိုးစိုက်လိုက်သည်။

စူးရှကျယ်လောင်သော အော်သံကြီးတစ်ခုသည်လည်း မက်မွန်သားဓားသွား၏ လှုပ်ရှားမှုနှင့်အတူ ပေါ်ပေါက်လာခဲ့လေ၏။

ကုကျစ်စုန့်တစ်ယောကင ခြံဝင်းထဲ၌ ပုန်းအောင်း၍ သူမကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် မကောင်းဆိုးဝါးဝိဉာဉ်အား သုတ်သင်လိုက်နိုင်သည်။

ထိုဝိဉာဉ်ထံမှ ကျန်ရစ်သော အေးစက်သည့် ဝိဉာဉ်စွမ်းအင်တချို့လည်း လေထဲသို့ မြူမှုန်များအလား ပျံ့လွင့်သွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် ခြံဝင်းထဲတွင် ပုန်းအောင်းနေကြသည့် တခြားမကောင်းဆိုးဝါးဝိဉာဉ်များမှာ ထိတ်လန့်ကာ ကြက်သေ,သေသွားကြရသည်။

အတားအဆီးတွင်းသို့ ဝင်ရောက်လာသည့် လူသစ်သည်က ဤမျှသွက်လက်၍ စွမ်းအားကြီးလိမ့်မည်ဟု ထင်မထားသောကြောင့် သူတို့ တစ်ဦး၏ မျက်နှာတစ်ဦး ကြည့်လိုက်မိကြသည်။

မကောင်းဆိုးဝါးဝိဉာဉ်များမှာ ဆက်လက်တိုက်ခိုက်ရမည်လော၊ ပြန်ဆုတ်ရမည်လော မဆုံးဖြတ်နိုင်ခင်မှာပင် ကုကျစ်စုန့်က မက်မွန်ဓားရှည်ဖြင့် မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုကို စတင်ခုတ်ပိုင်းလာခဲ့သည်။

သူ့တွင် တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ တစစီ ဖြစ်သွားခဲ့ရသည်။

ထိုမြင်ကွင်းအား မြင်ရပြီးနောက် အင်အားကြီးသည့် သရဲများထံမှ ဖမ်းဆီးခြင်းခံထားရသည့် မကောင်းဆိုးဝါးဝိဉာဉ်ငယ်အချို့ ထွက်ပြေးသွားကြတော့သည်။

ခြံဝင်းအတွင်း စုဝေးနေသော သရဲတစ္ဆေများက အလျှိုလျှိုထွက်ပြေးသွားကြသောကြောင့် ထိုနေရာမှ ယင်စွမ်းအင်သည်လည်း လျော့ပါးသွားသည်။

ထျန်ယွင် ကျေးရွာတွင်းသို့ ဝင်ရောက်လာစဉ်က မြင်တွေ့ခဲ့ရသည့် ပုံရိပ်ယောင်များလည်း ပျောက်ကွယ်သွားခဲ့လေသည်။

ကုကျစ်စု့န်‌က မြေအောက်ကမ္ဘာထဲသို့ ရောက်ရှိနေသော ခြံဝင်းကို လှည့်ပတ်ကြည့်ရှုလိုက်ချိန်တွင် မြင်တွေ့ရသည့် မြင်ကွင်းမှာ ယခင်ကထက်ပင် ပို၍ ရက်စက်လှပေသည်။

ဧည့်သည်များအား ကြိုဆိုရန် ခင်းကျင်းထားသည့် မင်္ဂလာကော်ဇော်မှာလည်း တောင့်တင်း၍ သွေးညှီနံ့ထွက်နေခဲ့သည်။

ခြံဝင်း၏ အရှေ့တွင် အနီရောင်ဆေးဖြင့် ရေးသားထားသော “囍” စာလုံးမှာလည်း ဇောက်ထိုးပြောင်းပြန်ဖြစ်နေခဲ့ပြီး စာလုံးတိုင်း၊ စာလုံးတိုင်းသည်က အတည့်အမှန်မဟုတ်ပေ။

လေထုမှာလည်း သွေးညှီနံ့ထောင်းထောင်းထနေခဲ့သည်။

ရွာကြီးက လူသူကင်းမဲ့၍ တိတ်ဆိတ်နေဆဲဖြစ်သော်ငြား မြေပေါ်တွင် ပျံ့ကြဲနေသော သွေးစွန်းကာ တွန့်ကြေနေသည့် ငွေစက္ကူများကိုတော့ သာမန်မျက်လုံးဖြင့်ပင် မြင်တွေ့နိုင်နေခဲ့သည်။ထိုအချင်းအရာကို မြင်တွေ့ရပြီးနောက် ကုကျစ်စုန့် မျက်လွှာချလိုက်မိသည်။ သူမ၏ နှလုံးသားထဲတွင်လည်း ဤရွာမှလူများက အန္တရာယ်ကြုံတွေ့နေရပြီဖြစ်ကြောင်း အတပ်သိလိုက်ဘေသည်။

ထိုအချိန်တွင် သူမ၏ နားထဲတွင် အသံသဲ့သဲ့ကိုကြားလိုက်ရသောကြောင့် ခြံဝင်းထဲမှ အဆောက်အအုံကို လှမ်းကြည့်လိုက်မိသည်။

ထို့နောက် သူမက လက်ထဲတွင် ဓားကို တင်းကြပ်စွာ ကိုင်ဆောင်ကာ ပိတ်ထားသော တံခါးရွက်ကို ခြေဖြင့်ကန်ဖွင့်လိုက်သည်။

ဧည့်ခန်းတစ်ခုလုံးက မှောင်မိုက်၍ ထိုင်းမှိုင်းနေပြီး အတွင်းဘက်အကျဆုံး အိပ်ခန်းတစ်ခုသာလျှင် အနည်းငယ်ဖွင့်လှပ်ထားသည့် တံခါးဝကြားမှ မီးအလင်းရောင်ဖျော့ဖျော့ကို မြင်တွေ့နိုင်သည်။

ကုကျစ်စုန့် အတွင်းဘက်သို့ လျှောက်သွားခဲ့ပြီးနောက် တဖြည်းဖြည်းပို၍ ထူထဲလာသော ယင်စွမ်းအင်ကို အာရုံခံစားမိလိုက်သောကြောင့် လက်ထဲမှ မက်မွန်ဓားရှည်ကို ခပ်တင်းတင်းဆုတ်ကိုင်ထားမိသည်။

သူမက အိပ်ခန်းတံခါးဝအား ခြေထောက်ဖြင့် နောက်တစ်ကြိမ် ကန်ဖွင့်လိုက်ပြီးနောက် အခန်းတွင်းမှ မြင်ကွင်းကြောင့် သူမ၏အကြည့်များက ရပ်တန့်သွားခဲ့လေသည်။

အိပ်ခန်းအတွင်းမှ ခုတင်ပေါ်တွင် မင်္ဂလာဆောင် အဝတ်အစားများ ဝတ်ဆင်ထားပြီး အနီရောင်ခြုံလွှာဖြင့် မျက်နှာကို ဖုံးအုပ်ထားသော သတို့သမီးတစ်ယောက်၏ပုံရိပ် ရှိနေခဲ့သည်။

*

T/n :囍 ဆိုတာက “ပျော်ရွှင်မှု” ဆိုတဲ့ စကားလုံးနှစ်လုံးကို ပေါင်းစပ်ပြီးရေးထားတာပါ

ပျော်ရွှင်မှု၊ ကံကြမ္မာကောင်း၊ ကောင်းချီးမင်္ဂလာလို့ အဓိပ္ပါယ်ရပါတယ်။ အထူးသဖြင့် လက်ထပ် မင်္ဂလာပွဲတွေမှာ အသုံးပြုတာပါ။

All Chapters